တောဆင်ဖမ်းဖွဲ့

From Wikisource
Jump to navigation Jump to search
တောဆင်ဖမ်းဖွဲ့
by ဝန်ကြီး ပဒေသရာဇာ

(၁)
ဝသန်ကာလ၊ ဝါလကျွတ်ခါ။
အောက်မားတို့တမ်း၊ ရွှင်ဝမ်း ဓမ္မတာ။
ဆင်ပေါင်းများစွာ၊ ညီညာ ဆော်နှိုး။
မှူးကဲစီမံ၊ ရိပ်ခြည်သံ၊
မြဲမြံရွှင်အား ကြိုး-ပါလို့လေး။ … ။

တိမ်ညင်ငယ်တင့်နိုး၊ ကျင့်ရိုးငယ် စုံစီ။
တရော် ကင်ပွန်း၊ ပျံ့မွှန်းမွှေးလှိုင်ညီ။
ဗြဟ္မာငယ် သံချီ၊ အောင်ပြီလေ ဆော်ကြွေး။
ကိုးတွင်း ကိုးကန်၊ ရေသန့်ပြွန်၊
မန္တန် မန်းမှုတ် ဆေး-ပါလို့လေး။ … ။

နတ်စာ ပြုရေး၊ သန္တေးငယ် ဂြိုဟ်စာ။
အုန်း ကြံ ငှက်ပျော၊ မုံ့ရော ပျားသကာ။
ကြက် ဝက်ကယ် ဟင်းလျာ၊ သေစာ ဖိုမ။
ပရမေ သူရိန်၊ နတ်ဥတိန်၊
တင်ချိန် ပူဇော် သ-ပါလို့လေး။ … ။

ကြပ်မကြီးသူ။
တောင်ဝင်စခန်း၊ ဆော်မြန်းနှုတ်သံကြူ၊
မြင်းတော်သည်လူ၊ အတူငယ်မခြား။
တသင်းစေ့ကာ၊ တယောက်ကယ်ပါ၊
မှန်စွာ အပ်ကာထား-ပါလို့လေး။ … ။

စုံပြားရဂုံတွင်၊
ဝင်ချိန်နီးတော့သည်။
ဆောင်ဆုမြွက်ကာပန်၊
အောင်သံခြီးတော့သည်။

(၂)
တောဝင်ပါမြဲ၊ ချွန်းစွဲငယ် ထား လှံ။
ဘယားအိတ်ဗူး၊ မီးကူးမှို့ ဆေးတံ။
နှစ်ဦးငယ် တောယံ၊ စိတ်ကြံ ပယ်ခင်း။
ဟိုင်းဆင် တည်ဆင်၊ တွေ့ပြန်လျှင်၊
ရှောင်အင်လွတ်ရာ ကွင်းရလေး။ … ။

စွယ်မုန်ဟန်ခင်း၊ လျှံဝင်း မာတင်။
တွေ့လျှင် ဆွတ်မူး၊ ပျံ့ပျူးစိတ်ရွှင်။
မယားငယ် အိမ်ရှင်၊ ဆံပင်ဖားလျား။
မချအပ်စွာ၊ မင်္ဂလာ၊
ရှောင်ရာ လက်ထပ်များ-ကိုတည့်လေး။ … ။

ပုန်းရည်တောင်းစား၊ သွားလားအိမ်ရာ။
လော်လည်တခန်း၊ ကူးသန်းမကျင့်ရာ။
ဆွေရင်းငယ်သူငါ၊ ဘာသာလက်ဆွဲ။
ကျွမ်းဝင်ကျီစယ်၊ ပြုရာဘွယ်၊
ပစ်ပယ် ရှောင်ကြဉ်မြဲ-ကိုတည့်လေး။ … ။

ထား လှံ ကိုင်စွဲ၊ ထီးလဲ ဆောင်းကာ။
မြင်း ဆင် စီးနင်း၊ ရွာတွင်း မဝင်ရာ။
မင်းစေ ငင်ကာ၊ ပူဆာလောင်ပြင်း။
ကြွေးမြီအပ်နှံ၊ မတောင်းခံ၊
ရှောင်ရန် အခင်း-ကိုတည့်လေး။ … ။

ကြောင်းချင်း သိသာအောင်၊
ပုံဆောင်ခင်းတော့သည်။
ဘေးပေါင်း အန္တရာယ်၊
ပယ်ရှောင် ကွင်းတော့သည်။

(၃)
ဆိုရာ ဆိုမျှ၊ ကြောင်းစကုန်စင်။
လင်္ကာတထူး၊ ပျံ့ပျူးဆွဲကာစင်။
မှူးကဲစီရင်၊ ရှောင်အင် ပြစ်ကင်း။
ကျားကိုက်ကယ်သာ၊ မစားရာ၊
ဆူးပါ ကင်ပိမ့်ဟင်း-ကိုတည့်လေး။ … ။

စုံခြေမြိုင်တွင်း၊ ကြိုင်သင်းဘွယ်သာ။
ထွက်ဝင်ရှာသွား၊ ညာဖျား တောကန္တာ။
ရှေ့သွားနောက်သာ၊ ခြေရာမှတ်ထား။
သစ်ခက်ကယ်ချဟန်၊ ပြမြဲမှန်၊
စိတ်သန်လွန်ကြိုးစား-သည်နှင့်လေး။ … ။

လှည့်ပတ်ကယ် သွားလား၊ တွေ့ညားသာကြည်။
မှုကဲထံရင်း၊ မကြွင်းပြန်ရာသည်။
မေးမြန်းဖွေနှည်၊ တည်တည်အောက်မား။
နံနက်ကယ် လင်းရောင်၊
သန်မိုက်ကယ်လှောင်၊
ချည်နှောင်တွဲခံ-ပါလို့လေး။

ဆင်စိမ်းပြောငြား၊ တောပြားစုံခွင်။
ပဟိုရ်သံ-မှီး၊ ရိုက်တီး သုံးချက်တွင်။
ရွာနီးငယ်တပြင်၊ တင်ရန် မုံ့ငါး။
ပွဲနှီး နတ်ရကာ၊ စုံစွာ ပေးရငြား-သည်နှင့်လေး။

မမှားပ-သကာ၊
ဣန္ဒာကိုးတော့သည်။
အောင်ဆု တိုင်လျှောက်ပုံ၊
ရှိစုံမိုးတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse