တိမ်ခိုးငယ်မှဝေဝေ အိုင်ချင်း

From Wikisource
Jump to navigation Jump to search
တိမ်ခိုးငယ်မှဝေဝေ အိုင်ချင်း
by အမည်မသိ ရှေးစာဆို
သုံးထောင့်အိုင် အမျိုးအစား ဖြစ်သည်။

(၁) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့လေ။
တိမ်ခိုးငယ်မှဝေဝေ၊ နှောပင်ကြီး၊ နှောသီးကြွေ၊ လေပွေတိုက်လို့ ဝဲတတ်တယ်။ ။ ဥသျှစ်သီး၊ မြေကြီးမှာမြှုပ်၊ ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်ရင်၊ သီးဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ တက်တက်စင်၊ မီးကင်သည့်နှယ်ကွဲတတ်တယ်။ စနေဂြိုလ်စား၊ ကြိမ်ခိုက်များမှာ၊ ချရားသစ်ပင်၊ အိမ်လှေကားတွင်၊ စိုက်ထားလျှင်မူ၊ အင်ခွင်ဥစ္စာ နည်းတတ်တယ်။ တံစက်ရေနှင့်၊ တွင်းရေမတူ၊ ရေခမိုး၊ ရေးချိုးသူ၊ ညှင်းဖြူးပြိုးပြောက် စွဲတတ်တယ်။ ပဝါပြောက်၊ အထောက်ကယ်မှမတန်၊ မျက်နှာသစ်လို့၊ အညစ်ခံ၊ ဝက်ခြံမှည့်လို့ မည်းတတ်တယ်။ သနပ်ခါး၊ ကျောက်ပြားပေါ်တွင်၊ သောက်ရေဧနှင့် ရောသွေးလာလျှင်၊ နံ့သာအပေါ်ကျဲတတ်တယ်။ မိုးချုပ်ကယ်မှနေဝင်၊ စားဖိုထဲ အမဲကင်၊ စုန်းမှင်နတ်တို့ ရဲတတ်တယ်။ ပန်းနီနီ မပန်လေနှင့်၊ အမယ်မှာ နတ်ပန်းပွင့်တဲ့။ အတင့်ငယ်မှရဲချင်၊ ပျော်လိုအားနှင့် ခေါင်းဖျားတင်၊ အလျင်လူနှင့် လွဲတတ်တယ်။

မိဘဘိုးဘွား၊ ဆိုစကားကို၊ နားမျှမဝင်၊ ထီမထင်ဘဲ၊ ကြို့ပင်ကြီးမြောက်၊ ပိတောက်ပင်တောင်၊ ညောင်ပင်ကြီးရင်း၊ ကောက်စိုက်ကယ်ပြန်၊ ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်၊ နေမလှန်းတဲ့ ပန်းလွင်လွင်ကို၊ ရွှင်လိုမြူးလို၊ ကစားလို၍၊ ဝါဆိုဦးက ပန်ဖူးတယ်။ အမယ်မင်းဖြစ်ရလေခြင်း။ ရင်းမာရယ်ပေါ်၊ တော်သလင်းနှင့်၊ မိုးတွင်ဝါဝင်၊ ထိုဆောင်းဦးသို့၊ မကူးခင်က၊ အလျင်လူနှင့် ကွဲရတယ်ရှင်။ အပျိုစင်ငယ်က ကျွမ်းပါတဲ့၊ လွမ်းတုံ့တင်လေး။

(၂) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့တော်။
မဲလည်ပင်နှင့် ဒန်းပင်နွဲ့နောင်း၊ ယှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်တွင်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို စုန်မယ့်ရက်၊ ဆက်ဆက်စုန်၊ တီးသည့်စောင့်နှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားတဲ့သလားတော်။ ဆီကိုဆယ့်လေး၊ ဆေးကိုဆယ့်ငါး၊ ကုန်စျေးငယ်နာ၊ ကြာသနှင့်တော်။ ပဲခူးသို့အဝင်၊ သန်လျင်သို့အဆိုက်၊ ပျို့မောင်ရင် ခြင်ပုန်းကိုက်လို့၊ ခြင်ထောင်မပါ၊ လေမလာ၊ မယ်သာဖျတ်ဖျတ်၊ တရုတ်ယပ်နှင့်၊ ဖျတ်ဖျတ်လူးအောင် မရိုက်ပါရ။ မောင်ကလေးအောက်သို့စုန် ရွှေဂုန်ကျွန်း ဝေးလွန်းလှတော်။

(၃) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့ရှင်။
မိကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ ဖကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေပါလို။ သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ် နှမမှာလ ကြုံရတယ်ရှင်။


မှတ်ချက်

  • မွန်ဘုရင်ရာဇာဓိရာဇ် မင်းသားအဖြစ်က ဒဂုန်သို့ စုန်တော်မူသည့်အခါက ရေးသားသော အိုင်ချင်းဖြစ်ကြောင်းနှင့် အမှတ်အသားရှိသည်ဟု မန္တလေးမြို့နေ မောင်လှတင်က အစီရင်ခံချက်အရ ဤအိုင်သီချင်းကို ပထမတွဲမှာ ထည့်ထားလိုက်သည်။ ရာဇာဓိရာဇ်သည် ခမည်းတော်ကို ပုန်ကန်ရန် ဒဂုန်သို့ မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်မှာ စုန်သည်။ သို့ရာတွင် မောင်လှတင်တွေ့သော မှတ်သားချက်သည် မှန်မမှန် သံသယရှိဖွယ်ဖြစ်သည်မှာ ရာဇာဓိရာဇ် အမည်ရသော မွန်အမတ်တစ်ယောက်သည် အင်းဝပျက်ပြီးသည်နောက် အလောင်းမင်းတရားကြီးနှင့် တိုက်ရာ ရှုံး၍ လက်နက်ချ၍ ဝင်သည်။ မြန်မာသက္ကရာဇ် ၁၁၁၇ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဟံသာဝတီသို့ ချီတော်မူသောအခါ ထိုရာဇာဓိရာဇ်ပါရသည်။ ထိုနှစ် နယုန်လတွင် တောင်နှင်မလစ်အရပ်မှာ မွန်တို့တပ်ကို ရာဇာဓိရာဇ်ကို ဗိုလ်မှူးခန့်၍ တိုက်စေရာ ထိုစစ်နိမ့်၍ ထွက်ပြေးလာသောကြောင့် အလောင်းမင်းတရားကြီးက ရာဇာဓိရာဇ်ကို ကွပ်တော်မူသည်။ သို့ဖြစ်၍ ဤသီချင်းသည် ထိုရာဇာဓိရာဇ်ထံရေးသော သီချင်းများဖြစ်လေတော့သလောဟု တွေးတောရန်ရှိသည်။ သို့သော်လည်း မောင်လှတင်တွေ့သော အမှတ်အသားသည် မှားသည်ဟု အတပ်ဆိုနိုင်လောက်အောင် သက်သေခံမရှိ။ ဤအိုင်ကို သုံးထောင်အိုင်ဟု ခေါ်သည်။ မြန်မာသက္ကရာဇ် ၁၁၀၀ ပြည့်နှစ်လောက်မှာ ပေါ်သောအိုင်ကို ရာပြည့်အိုင်ဟု ခေါ်သည်။ ထိုအိုင်ကို ဤစာအုပ် ဒုတိယတွဲ၊ အခန်း ၉ မှာ ထည့်ထားသည့်။ နှိုင်းယှဉ်ကြည့်ပါ။
(မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ။ နှာ- ၆- ၇- ၈။ ပိုဒ်- ၉။)
  • အမှတ် (၂) နှင့် (၃) ကို ရာဇာဓိရာဇ်ကတော်ရေးသည်ဟု မှတ်တမ်းအဆိုရှိသည်။
(နန္ဒမာလိနီ။ စာမျက်နှာ-၃၂၈)
PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.