တိတ္တိရဇာတ် -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၁၇။ တိတ္တိရဇာတ်

ဧကကနိပါတ်-ဟံစိဝဂ်

၇။ တိတ္တိရဇာတ်

မိမိစကားကိုမှီ၍ မိမိပင်ပျက်စီးသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အစ္စုဂ္ဂတာတိဗလတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို ကြောင်းပြု၍ ဟောတော်မူ၏။ (ထိုကောကာလိက ဝတ္ထုကား တေရသကနိပါတ်တက္ကာရိယဇာတ်၌ ထင်စွာပြလတ္တံ့) အထူးကား သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ကောကာလိကသည် ယခုအခါ ၌သာလျှင် မိမိစကားကိုမှီ၍ ပျက်စီးသည် မ ဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ ကာမတို့ကို ပယ်၍ ရသေ့ရဟန်း ပြု၍ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဟိမဝန္တာ၌ ခပ်သိမ်းသောရသေ့အပေါင်းသည် စည်းဝေး၍ ဘုရားလောင်းကို ဆုံးမတတ်သောဆရာပြု၍ ခြံရံ၏။ ဘုရားလောင်းသည် ရသေ့ငါးရာတို့၏ ဩဝါဒဆရာဖြစ်၍ ဈာန်ကစားခြင်းကို ကစားလျက် ဟိမ ဝန္တာ၌နေ၏။ ထိုအခါ ဖျော့တော့သောရောဂါစွဲသော တယောက်သောရသေ့သည် ပုဆိန်ကိုယူ၍ ထင်းကို ခဲ့၏။

ထိုအခါ နှုတ်ကြမ်းသော တယောက်သောရသေ့သည် ထင်းခွဲသောရသေ့၏အထံ၌နေ၍ ဤ၌ပေါက်လော၊ ဤ၌ပေါက်လောဟုဆိုသည်ရှိသော် ထင်းခွဲရသေ့သည် အမျက်ထွက်၍ ယခု သင်သည် ငါ၏ ထင်းပေါက်ခြင်းကိုသင်တတ်သော ဆရာတည်းဟု ထက်သောပုဆိန်ကိုမိုး၍ ထိုရသေ့ကို တချက်တည်းဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ဘုရားလောင်းသည် ထိုရသေ့၏ အလောင်းကို သင်္ဂြိုဟ်စေ၏။

ထိုအခါ ရသေ့တို့၏ကျောင်းမှ အနီးဖြစ်သော တောင်ပို့ခြေရင်း၌ တခုသောခါသည် နေ၏။ ထိုအခါ နံနက်တိုင်း တောင်ပို့ထိပ်၌ရပ်၍ ကျယ်စွာသောအသံဖြင့် တွန်၏။ ထိုအသံကိုကြား၍ တယောက်မုဆိုးသည် ခါဖြစ်ရာ၏ဟု ကြံ၍ အသံအမှတ်ဖြင့် ထိုအရပ်သို့သွား၍ ထိုခါကိုသတ်၍ ဆောင်ယူ၍ သွား၏။ ဘုရားလောင်းသည် ထိုခါ၏အသံကို မကြားလတ်သော် ဤမည်သောအရပ်၌ ခါသည်နေ၏။ ထိုခါ၏အသံကို ယခုအဘယ်ကြောင့် မကြားသနည်းဟု ရသေ့တို့ကို မေး၏။ ရသေ့တို့သည်လည်း ဘုရားလောင်းအား ထိုအကြောင်းကိုကြားလျှောက်၏။ ဘုရားလောင်းသည် နှစ်ပါးကုန်သော ထိုအကြောင်းတို့ကိုလည်း နှီးနှော၍ ရသေ့အပေါင်း၏ အလယ်၌-

၁၁၇။ အဇ္ဇုဂ္ဂတာတိဗလတာ၊ အတိဝေလံ ပဘာသိတာ။
ဝါစာ ဟနတိ ဒုမ္မေဓံ၊ တိတ္တိရံ ဝါတိဝဿိတံ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၇။ ဘော တာပသာ၊ အို ရသေ့တို့။ တိတ္တိရံ၊ ခါကို။ အတိဝဿိတံ၊ လွန်၍တွန်ခြင်းသည်။ ဟနတိ ဣဝ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဒုမ္မေဓံ၊ ပညာမရှိသောသူကို။ အဇ္ဈုဂ္ဂတာ၊ အလွန်တက်၍ ဆိုအပ်သော။ အတိဗလတာ၊ အဖန်ဖန်လျှင် အလွန်ဆိုအပ်သော သဘောရှိသော။ အတိဝေလံ၊ အခါပမာဏထက် လွန်စွာ။ ပဘာသိတာ၊ ဆိုအပ်သော။ ဝါစာ၊ စကားသည်။ ဟနတိ၊ သတ်၏။

ဤသို့ ဘုရားလောင်းသည် ရသေ့အပေါင်းအား အဆုံးအမကိုပေး၍ ဗြဟ္မဝိဟာရ တရားလေးပါးကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကသည် ယခုအခါ၌သာလျှင် မိမိစကားကိုမှီ၍ ပျက်စီးသည် မဟုတ်သေး၊ ရှေး၌လည်း ပျက်စီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောကာလိကသည် ထိုအခါ ဆိုနိုင်ခက်သော ရသေ့ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ရသေ့အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့အပေါင်းတို့၏ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အလွန်ပြောငြား၊ ကိုယ့်နှုတ်ဖျား၊ စကားကိုယ့်ကိုသတ်

ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော တိတ္တိရဇာတ်သည် ပြီး၏။

*****