တသောင်းရှစ်မည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
တသောင်းရှစ်မည်-ချီ ရတု
by နတ်သျှင်နောင်
ကျောက်ဆောက်ဘုရားတိုင် မယ်ဘွဲ့ရတု

တသောင်းရှစ်မည် လေးထောင်တည်ကို ရစ်လည်လှည့်ပတ် လပြာသာဒ်နှင့် ရန်နတ်နီးခိုက် သောစဉ်ကြုိက်ဝယ် ထိန့်ရိုက်သပြေ အာဏာမွှေသား သရေဓမ္မ သောကရွှေမှောက် တည်ခဲ့မြောက်သည် ကျောက်ဆောက်လျှံပြောင် မိတည်းနောင် ။ ရည်ဆောင်လနှစ် အသစ်အသင့် ကြားဆင့်လေသံ့ မပျံ့စဘူး အမူးအမော် ကြိုးသည်သော်ကား နားတော်ပျံ့ညောင်း ညွတ်ပေကောင်းဟု ရွေပေါင်းလှည့်ဖြား လျှောက်ပါငြားလည်း ရွှေသားမြလျှံ မွတ်ညက်စံသည် ချစ်သံမြွက်မခြည်သော့ကြောင့် ။

မပျောင်းရစ်တည် ဗျာပါရည်နှင့် သာကြည်ကြားခက် မိန့်မမြွက်တည့် ခွဲဝက်သံချို အလိုလိုလျှင် ကွဲပြိုလွင့်ရှာ သူ့စိတ်မှာကို အာဏာကြီးဘိ ငြီးဘွယ်ရှိမျှ ပြစ်တိဖွေဖွေ ရိပ်ကာနေလည်း ခြောက်ထွေကွန့်ရစ် ရှင်တော်စစ်ကို သစ်သစ်ပြန်ခေါက် ပန်ခဲ့လျှောက်ရှင့် မလျှောက်သင့်ကောင်း ညိုနွဲ့နှောင်းလျှင် ယုံကြောင်းယုံမြဲ မယုံပဲကို မှတ်စွဲတထွေ ပါလေစေဟု ဖြေဖြေဝဝ ထိန်းယငယ်ချီ သွေးသီမသာ ကြိုးကာကာသည် မေတ္တာစက်မလည်သော့ကြောင့် ။

ခပေါင်းမြစ်လည် ခုနစ်မည်လျှင် ဖန်ရည်ရောင်ဖုံး တောင်အလုံးကို မြကုံးရံပတ် ခွေခဲ့ညွတ်မှ ရန်လွတ်ညီနောင် နေပြည်ထောင်ကို တင့်အောင်လက်ယာ လည်ခဲ့ပါသား အဝါခြောက်စံ တက်ပျံဖြိုးဖြိုး ပြိုးပြိုးပြောင်လက် မတန်ပြက်၍ ကွန်ရက်ခြည်ထူး ပြပါဦးလော့ နူးနူးညံ့ညံ့ ပျံ့ပျံ့ဖြားဖြား စကားမဉ္ဇူ ကြားသူသံချို5 သို့သာဆိုရှင့် စွန်းညိုစိတ်မှာ မသိသာခဲ့ သစ္စာတွေးခေါ် နှောင်းစွန်းမြော်သည် မိန့်တော်ခက်မရည်သော့ကြောင့် ။