တရားမအယူခံမှုအမှတ် ၂၉၂/၂၀၁၇

From Wikisource
Jump to navigation Jump to search
တရားမအယူခံမှုအမှတ် ၂၉၂/၂၀၁၇  (2017) 
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

noframe

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
၂၀၁၇ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၂၉၂

၂၀၁၆ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၃၉ တွင် ချမှတ်သော ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်စွဲပါ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ စီရင်ချက်နှင့်ဒီဂရီအပေါ် အယူခံမှု။

ဒေါက်တာမင်းမင်း နှင့် ဒေါ်မိုးမိုးခိုင်
အယူခံတရားလို အယူခံတရားပြိုင်
အယူခံတရားလိုအတွက် - ဦးတင်မောင်ကြီး၊ တရားလွှတ်တော်ရှေ့နေ
အယူခံတရားပြိုင်အတွက် - ဦးမောင်မောင်ကျော်လင်း၊ တရားလွှတ်တော်ရှေ့နေ

စီရင်ချက်

၂၀၁၈ ခုနှစ်၊ မေလ ရက်

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ ၂၀၁၁ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၂၃၆ တွင် တရားလို ဒေါ်မိုးမိုးခိုင်မှ တရားပြိုင်ဒေါက်တာမင်းမင်းအပေါ် စက်ပစ္စည်း တန်ဖိုးကျန်ငွေ အမေရိကန်ဒေါ်လာ US$ ၁၁၅၈၇၁ နှင့် နစ်နာကြေးငွေအမေရိကန် ဒေါ်လာ US$ ၃၀၀၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ US$ ၁၄၅၈၇၁ သို့မဟုတ် FEC ၁၄၅၈၇၁ သို့မဟုတ် မြန်မာငွေကျပ် ၁၁၆၆၉၆၈၀၀/- ရလိုမှုစွဲဆိုရာ တရားလို၏အဆိုလွှာကို စရိတ်နှင့်တကွပလပ်ခဲ့သည်။ ယင်းစီရင်ချက်နှင့်ဒီကရီကို ဒေါ်မိုးမိုးခိုင်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ၂၀၁၆ ခုနှစ်၊ တရားမပထမအယူခံအမှတ် ၃၉ ဖြင့် အယူခံရာ အယူခံကို တစ်စိတ်တစ်ပိုင်းခွင့်ပြုပြီး ဒေါ်မိုးမိုးခိုင်ထံသို့ ဒေါက်တာမင်းမင်းက စက်ပစ္စည်းဖိုး ကျန်ငွေအမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကို စရိတ်နှင့်တကွ ပေးဆပ်စေရန် ဒီကရီချမှတ်ခဲ့သဖြင့် ဒေါက်တာမင်းမင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဤအယူခံမှုကို တင်သွင်းခြင်း ဖြစ်သည်။

အဆိုလွှာတွင် တရားလိုနှင့် တရားပြိုင်တို့သည် စက်ပစ္စည်းများအရောင်းအဝယ် ပြုလုပ်ရန် သဘောတူညီသဖြင့် ၂၉-၈-၂၀၁၀ ရက်စွဲပါ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြပြီး၊ စက်ပစ္စည်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၅၉၃၆၀ ဟု ဖော်ပြချုပ်ဆိုခဲ့ကြောင်း၊ စက်ပစ္စည်းများကို တရားလိုက ၇-၁-၂၀၁၁ နေ့တွင် တရားပြိုင်၏ လှိုင်သာယာမြို့နယ်ရှိစက်ရုံသို့ အရောက်ပို့ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် တရားပြိုင်သည် တရားလိုထံမှ စက်ပစ္စည်း (၂) မျိုးထပ်မံရယူ၍ တန်ဖိုးစုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆၅၁၇၁ ဖြစ်သွားခဲ့ကြောင်း၊ ၂၉-၈-၂၀၁၀ ရက်နေ့တွင် စက်ပစ္စည်းတန်ဖိုးကို အရစ်ကျပေးချေရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ၂၁-၉-၂၀၁၀ ရက်နေ့တွင် တရားပြိုင်က တရားလိုသို့ စက်ပစ္စည်းဖို့ စရန်ငွေအမေရိကန်ဒေါ်လာ ၁၅၀၀၀ လာရောက်ပေးချေခဲ့ပြီး နောက်ပိုင်းပေးချေခြင်းမရှိသဖြင့် အကြိမ်ကြိမ်တောင်းဆိုသော်လည်း မရကြောင်း၊ တရားလို ရရန်ကျန်သောစက်ပစ္စည်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ဖြစ်သည့်ပြင် တရားပြိုင်မျ စက်ပစ္စည်းများတန်ဖိုး ကျန်ငွေပေးချေရန် ပျက်ကွက်သဖြင့် တရားလိုတွင်နစ်နာမှုမှာ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ဖြစ်ပါကြောင်း၊ သို့ပါ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၅၈၇၁ သို့မဟုတ် FEC ၁၄၅၈၇၁ သို့မဟုတ် မြန်မာငွေ ၁၁၆၆၉၆၈၀၀ ကျပ် ရထိုက်ကြောင်း အဆိုပြုသည်။

ချေလွှာတွင် ၂၉-၈-၂၀၁၀ နေ့က တရားလိုကုမ္ပဏီ DAIHAN SWEING ACHINE CO.,LTD နှင့် တရားပြိုင်ကုမ္ပဏီ TOP MYANMAR GARMENT (MFG) CO.,LTD တို့သာလျှင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစာချုပ်တွင် တရားပြိုင်အနေဖြင့် TOP MYANMAR GARMENT (MFG) CO.,LTD ၏ မန်နေဂျင်းဒါရိုက်တာအဖြစ်သာ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ စက်ပစ္စည်းများ၏ တန်ဖိုးကို အရစ်ကျပေးချေသွားရန် သဘောတူခဲ့ကြပြီး၊ ၂၁-၉-၂၀၁၀ နေ့က တရားပြိုင်ကုမ္ပဏီမှ စက်ပစ္စည်းတန်ဖိုးစရန်ငွေ အမေရိကန်ဒေါ်လာ ၁၅၀၀ ကို တရားလိုသို့ ဒေါ်မိုးမိုးခိုင်၏နေအိမ်တွင် ပေးချေခဲ့ကြောင်း၊ တရားလိုသည် စာချုပ်ပါသတ်မှတ်ရက် ၁-၁၁-၂၀၁၀ ရက်နေ့တွင် တရားပြိုင်ကုမ္ပဏီ၏စက်ရုံတည်ရှိရာသို့ အရောက်ပေးပို့နိုင်ခြင်းမရှိဘဲ တရားပြိုင်ကုမ္ပဏီက သွားရောက်ထုတ်ယူပြီး မိမိစရိတ်ဖြင့် တပ်ဆင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တရားပြိုင်ကုမ္ပဏီအနေဖြင့် စက်ပစ္စည်းများရောက်လာပါက လုပ်ငန်းအသစ်ဆောင်ရွက်နိုင်ရန် ၁-၁၁-၂၀၁၀ ရက်နေ့မှစပြီး လုပ်သားများ ငှါးရမ်းခဲ့ရဦ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွက် လုပ်သားငှားရမ်းခ (လုပ်ခ) စုစုပေါင်း မြန်မာငွေကျပ် ၃၄၄.၅ သိန်း ကုန်ကျခဲ့ကြောင်း၊ ဆိပ်ကမ်းမှသွားရောက်ထုတ်ယူခဲ့ရသည့် အခွန်အခနှင့် လုပ်ခငွေစုစုပေါင်း မြန်မာငွေကျပ် ၁၈ သိန်း ကုန်ကျခဲ့ကြောင်း၊ စက်ပစ္စည်းတပ်ဆင်မှု ၁၅.၈၄ သိန်း၊ တရားလိုဘက်မှကတိစာချုပ်ပါ တာဝန်ပျက်ကွက်မှုကြောင့် တရားပြိုင်ကုမ္ပဏီမှ စိုက်ထုတ်ကုန်ကျငွေ စုစုပေါင်း ၃၇၈.၃၄ သိန်း (အမေရိကန်ဒေါ်လာ ၄၆၄၂၂) ကို တရားလိုထံ ပြန်တောင်းရာ စက်ပစ္စည်းဖိုးငွေအကျေပေးသည့်နေ့တွင် ခုနှိမ်ပေးပါမည်ဟု နှုတ်ကတိပြုခဲ့ပြီး ခုနှိမ်ပေးခြင်းမရှိဘဲ တရားပြိုင်ထံ အမေရိကန်ဒေါ်လာ ၁၅၀၁၇၁ ပေးရန် တောင်းခံလာ၍ ညှိနှိုင်းဆောင်ရွက်ရန်အကြောင်းပြန်ခဲ့ကြောင်း၊ တရားပြိုင်ကုမ္ပဏီမှ တရားလိုအားပေးရန် စက်ပစ္စည်းဖိုး ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၆၃၆၃၈ သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ကုမ္ပဏီအနေဖြင့်လည်းကောင်း၊ ကုမ္ပဏီစက်ရုံမှတ်အပ်နှံခံရသူများ အနေဖြင့်လည်းကောင်း တရားစွဲဆိုခွင့်မရှိကြောင်း၊ လူပုဂ္ဂိုလ်အပေါ် တရားစွဲဆိုခွင့်လည်း မရှိသဖြင့် တရားလို၏စွဲဆိုမှုသည် အမှုပုံစံမှန်ကန်ခြင်းမရှိကြောင်း ချေပသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ရုံးငြင်းချက် (၃) ရပ်အနက် ပဏာမရုံးငြင်းချက်ဖြစ်သော ငြင်းချက်အမှတ် (၁) ကို ဦးစွာကြားနာခဲ့ပြီး အမှုစွဲဆိုပုံမမှန်ဟု သုံးသပ်ပြီး တရားမကျင့်ထုံးဥပဒေအမိန့် ၇ နည်းဥပဒေ ၁၁ အရ ပယ်ခဲ့သည်။ ယင်းအမိန့်ကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀၁၂ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၆၇ တွင် အတည်ပြုခဲ့သဖြင့် တရားလိုက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ၂၀၁၂ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၈၄၀ ဖြင့် အယူခံရာ ခရိုင်တရားရုံး၏စီရင်ချက်၊ ဒီကရီနှင့် ယင်းဒီကရီကိုအတည်ပြုခဲ့သော ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်ကာ၊ မူလခရိုင်တရားရုံးသည် မူလအမှုနံပါတ်ဖြင့် အမှုပြန်လည်ဖွင့်လှစ်ပြီး ကျန်ငြင်းချက်များအပေါ် အမှုကိုဥပဒေနှင့်အညီဆက်လက်စစ်ဆေးရန် တရားမကျင့်ထုံး ဥပဒေအမိန့် ၄၁ နည်းဥပဒေ ၂၃ အရ ညွှန်ကြားခဲ့သည်။ ခရိုင်တရားရုံးက အမှုကိုဆက်လက် စစ်ဆေးပြီး၊ သက်သေခံ (က) / (၁) စာချုပ်တွင် ဝယ်သူနေရာတွင် ဒေါက်တာမင်းမင်းက လက်မှတ် ရေးထိုးဝယ်ယူခြင်းမှာ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဝယ်ယူခြင်းမဟုတ်ဘဲ ကုမ္ပဏီအနေဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း၊ တရားလိုက ဒေါက်တာမင်းမင်းကိုသာ တရားပြိုင်အဖြစ်ထားရှိပြီး စက်ပစ္စည်းဖိုးကျန်ငွေကို တောင်းခံထားရာTOP MYANMAR GARMENT (MFG) CO., LTD ကို တရားပြိုင်အဖြစ်ထည့်သွင်း တရားစွဲဆိုထားခြင်းမရှိသဖြင့် တရားလိုတောင်းခံသော သက်သာခွင့်ကိုပေးနိုင်မည်မဟုတ်ကြောင်း သုံးသပ်ကာ တရားလို၏အဆိုလွှာကိုစရိတ်နှင့်တကွပလပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က တရားလိုနှင့် တရားပြိုင်သည် သက်သေခံ (က) စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ချေလွှာအပိုဒ် ၁ တွင် ဝန်ခံထားပြီးဖြစ်ကြောင်း၊ သက်သေခံ (၉) မှတ်တမ်းအရလည်း တရားပြိုင်အားအထည်ချုပ်စက်များ၊ မီးစက်နှင့် မီးအားမြှင့်စက်များ ဝယ်ရန်တာဝန်ပေးခဲ့ပြီး တရားလိုနှင့်တရားပြိုင်က သက်သေခံ (က) စာချုပ်ကို ၂၉- ၈- ၂၀၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်း၊ သက်သေခံ (၁၁) အရ အဆိုပါ ကုမ္ပဏီသည် ၂၀- ၈ ၂၀၁၀ ရက်နေ့ ဒါရိုက်တာအစည်းအဝေးပြုလုပ်ချိန်က တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသဖြင့် သက်သေခံ (က) စာချုပ်အရ တရားပြိုင်တစ်ဦးတည်းအပေါ်သက်သာခွင့် တောင်းဆိုခြင်းသည် မှန်ကန်ပြီး၊ ကုမ္ပဏီကိုထည့်သွင်းတရားစွဲရန်လိုမည် မဟုတ်ကြောင်း၊ တရားလိုတောင်းဆိုထားသော စက်ပစ္စည်းတန်ဖိုးငွေများအနက် အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကိုပေးရန် ကျန်သည်မှာ မှန်ကြောင်း တရားပြိုင်မှဝန်ခံထားပြီးဖြစ်၍ ပြန်ပေးရန်တာဝန်ရှိမည် ဖြစ်ကြောင်း၊ တရားလိုတောင်းဆိုသောနစ်နာကြေးမှာ သက်သေခံ (က) စာချုပ်တွင် သဘောတူထားခြင်း မရှိ၍ ခွင့်ပြုရန်မသင့်ကြောင်း သုံးသပ်ကာ မူလခရိုင်တရားရုံး၏ စီရင်ချက် နှင့်ဒီကရီကို ပယ်ဖျက်ပြီး တရားလိုထံသို့ တရားပြိုင်ကစက်ပစ္စည်းဖိုးကျန်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကို စရိတ်နှင့်တကွ ပေးဆပ်စေရန် အနိုင်ဒီကရီချမှတ်ခဲ့သည်။

အယူခံတရားလို၏တရားလွှတ်တော်ရှေ့နေက ကုမ္ပဏီအချင်းချင်းစာချုပ်ခဲ့ပြီး၊ ယင်းစာချုပ်အရ ပေါ်ပေါက်လာသည့် ရထိုက်ခွင့်ရှိငွေကို ကုမ္ပဏီထံမှတောင်းခံမှုမပြုဘဲ လူပုဂ္ဂိုလ် တစ်ဦးတည်းအပေါ် တရားစွဲဆိုခဲ့ခြင်းကို အနိုင်ဒီကရီချမှတ်ပေးခဲ့သော တိုင်းဒေသကြီးတရား လွှတ်တော်၏ ဒီကရီမှာ ဥပဒေနှင့်မညီကြောင်း၊ ကုမ္ပဏီအချင်းချင်းကုန်ပစ္စည်း အရောင်းအဝယ် ပြုကြောင်း ပေါ်ပေါက်သည့်အခြေအနေတွင် မူလရုံးအမှုတွဲပါ အထောက်အထားများအရ ဒေါ်မိုးမိုးခိုင်၏ပုဂ္ဂိုလ်အရ တောင်းဆိုချက်မှာ မှန်ကန်မှုမရှိကြောင်း ၊ ဒေါ်မိုးမိုးခိုင်သည် ၎င်း ကိုယ်တိုင်ပိုင်ဆိုင်ကြောင်း အဆိုမပြုခဲ့သော စက်ပစ္စည်းများ၏တန်ဖိုးကို တောင်းခံခြင်းဖြစ်ပြီး တရားဝင်မတည်ရှိသည့် ကုမ္ပဏီပိုင်စက်ပစ္စည်းများ၏ကျန်ရှိတန်ဖိုးတို့ကို တောင်းခံခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ ဒေါ်မိုးမိုးခိုင်သည် စက်ပစ္စည်းတန်ဖိုးကို ကုမ္ပဏီချင်းချုပ်ဆိုသည့် ၂၉-၈-၂၀၁၀ ရက်စွဲပါ စာချုပ်ကို အကြောင်းပြု၍တောင်းဆိုခြင်းဖြစ်ကြောင်း၊ ဒေါက်တာ မင်းမင်းသည် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် ကုမ္ပဏီမှတ်ပုံတင်မကျမီသာမက မှတ်ပုံတင်ကျပြီး ယနေ့တိုင်တာဝန်ထမ်းဆောင်ဆဲဖြစ်ရာ ကုမ္ပဏီကိုယ်စားဆောင်ရွက်မှုအား ပုဂ္ဂိုလ်ရေးဆောင်ရွက်မှုအဖြစ်သုံးသပ်ပြီး ဒေါ်မိုးမိုးခိုင်တောင်းဆိုသော သက်သာခွင့်ကိုချမှတ်ခဲ့ခြင်းမှာ ဥပဒေနှင့်မညီ၍ ပယ်ဖျက်ပြင်ဆင်ပေးသင့်ကြောင်း တင်ပြလျှောက်ထားသည်။

အယူခံတရားပြိုင်၏တရားလွှတ်တော်ရှေ့နေက ၁၈-၅-၂၀၁၁ ရက်စွဲပါ သက်သေခံ (ဂ) အကြောင်းကြားစာနှင့် ၃၀-၅-၂၀၁၁ ရက်စွဲပါ သက်သေခံ (ဃ) အကြောင်း ပြန်ကြားစာတို့အရ ၂၉-၈-၂၀၁၀ ရက်စွဲပါ စက်ပစ္စည်းအရောင်းအဝယ်စာချုပ် သက်သေခံ (က) မှာ ဒေါ်မိုးမိုးခိုင်နှင့် ဒေါက်တာမင်းမင်းတို့လူပုဂ္ဂိုလ်အချင်းချင်းပြုလုပ်ချုပ်ဆိုသော စာချုပ်ဖြစ်ကြောင်း ပေါ်ပေါက်နေကြောင်း၊ အဆိုပါ သက်သေခံ (ဂ) နှင့် (ဃ) တွင် ကုမ္ပဏီ အချင်းချင်းချုပ်ဆိုကြောင်း မပါရှိသည့်အပြင် ကုမ္ပဏီကပေးရန်ရှိသည်ဟုလည်း မပါကြောင်း၊ ဒေါက်တာမင်းမင်းမှ ဒေါ်မိုးမိုးခိုင်အား ကျန်ငွေပေးရန်ရှိကြောင်းသာပါရှိကြောင်း၊ ထိပ်တန်းမြန်မာ့အထည်ချုပ် ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်သည် သက်သေခံ (၁၁) ရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အရ သက်သေခံ (၉) ရှိ ဒါရိုက်တာ အစည်းအဝေးပြုလုပ်ချိန်က တရားဝင်မှတ်ပုံတင်ထားခြင်း မရှိ သေးသည့် ကုမ္ပဏီဖြစ်သည့်အတွက် ဒေါက်တာမင်းမင်းတစ်ဦးတည်းအပေါ်သက်သေခံ (က) စာချုပ်အရ သက်သာခွင့်တောင်းဆိုခြင်းမှာ မှန်ကန်ကြောင်း၊ ဒေါက်တာ မင်းမင်းကိုယ်တိုင် ဝန်ခံထွက်ဆိုချက်အရ ဒေါ်မိုးမိုးခိုင်တောင်းဆိုနေသည့် စက်ပစ္စည်းတန်ဖိုး ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကို တရားပြိုင်ဒေါက်တာမင်းမင်းကပြန်ပေးရန် တာဝန်ရှိမည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ စီရင်ချက်နှင့်ဒီကရီကို ဆက်လက်အတည်ပြုပြီး အယူခံမှုအား ပလပ်ပေးပါရန်တင်ပြလျှောက်ထားသည်။

အမှုတွင် ဒေါ်မိုးမိုးခိုင်က ဒေါက်တာမင်းမင်းအပေါ် စက်ပစ္စည်းဖိုးကျန်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ နှင့် နစ်နာကြေးငွေအမေရိကန်ဒေါ်လာ ၃၀ဝ၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၅၈၇၁ သို့မဟုတ် FEC ၁၄၅၈၇၁ သို့မဟုတ် မြန်မာငွေကျပ် ၁၁၆၆၉၆၈၀ဝ /- ရလိုကြောင်း ၂၉-၈-၂၀၁၀ ရက်စွဲပါ အထည်ချုပ်စက်များဝယ်ယူသည့် သက်သေခံ (က) စာချုပ်ကို အခြေပြု၍ စွဲဆိုလာခြင်းဖြစ်သည်။

အဆိုပါ သက်သေခံ (က) စာချုပ်ပေါ်တွင် ဒေါ်မိုးမိုးခိုင်နှင့် ဒေါက်တာမင်းမင်း တို့လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး၊ ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာအနေဖြင့် ဒေါက်တာမင်းမင်း ကလည်းကောင်း၊DAIHAN SEWING ACHINE CO., LTD အနေဖြင့် ဒေါ်မိုးမိုးခိုင်က လည်းကောင်း အသီးသီးလက်မှတ်ထိုးခဲ့ကြကြောင်း တွေ့ရသည်။ ဒေါက်တာမင်းမင်း၏ ချေလွှာအပိုဒ် (၁) တွင် သက်သေခံ (က) စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံထားပြီးဖြစ်သည်။

ဒေါက်တာမင်းမင်းကို အထည်ချုပ်စက်များ၊ မီးစက်နှင့်မီးအားမြှင့်စက်များ ဝယ်ယူရန် တာဝန်ပေးခဲ့ကြောင်း TOP MYANMAR GARMENT (MFG) CO., LTD ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း သက်သေခံ (၉) အရ ပေါ်ပေါက်ကာ၊ ဒါရိုက်တာအဖွဲ့၏ တာဝန်ပေးချက်အရ ဒေါ်မိုးမိုးခိုင် နှင့်ဒေါက်တာမင်းမင်းသည် ယင်းသက်သေခံ (က) စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ပေါ်ပေါက်သည်။

၁၀-၁၂-၂၀၁၀ ရက်စွဲပါ သက်သေခံ (၁၁) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အရ TOP MYANMAR GARMENT (MFG) CO., LTD ထိပ်တန်းမြန်မာအထည်ချုပ်ထုတ်လုပ်ရေးကုမ္ပဏီ လီမိတက်သည် ၂၀-၈-၂၀၁၀ ရက်နေ့ သက်သေခံ (၉) ရှိ ဒါရိုက်တာအစည်းအဝေးပြုလုပ်ချိန်က တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသေးသဖြင့် ယင်းကုမ္ပဏီကိုထည့်သွင်းတရားစွဲဆိုရန် လိုအပ်မည် မဟုတ်ဘဲ၊ သက်သေခံ (က) စာချုပ်အရ ဒေါက်တာမင်းမင်းတစ်ဦးတည်းအပေါ် သက်သာခွင့် တောင်းဆိုခြင်းသည် မှားယွင်းခြင်းမရှိပေ။

ဒေါက်တာမင်းမင်း၏ချေလွှာအပိုဒ် (၁) တွင် ဖော်ပြထားချက်အရ ဒေါ်မိုးမိုးခိုင် ထံမှ အထည်ချုပ်စက်ပစ္စည်းများကို သက်သေခံ (က) အရ စာချုပ်ချုပ်၍ ဝယ်ယူခဲ့သည်ကို ဝန်ခံခဲ့ပြီး၊ ၎င်းအားတရားလိုရှေ့နေမှ ပြန်လှန်စစ်မေးရာတွင် ဖြေဆိုချက်အရလည်း ဒေါက်တာမင်းမင်းသည် ဒေါ်မိုးမိုးခိုင်ထံသို့ ပစ္စည်းတန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ပေးရန် ကျန်ရှိနေသေးသည်မှာ ပေါ်လွင်သည်။ ထို့ကြောင့် ဒေါက်တာမင်းမင်းသည် ဒေါ်မိုးမိုးခိုင် တောင်းဆိုနေသော စက်ပစ္စည်းတန်ဖိုးကျန်ငွေအမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကို ပြန်ပေးရန် တာဝန်ရှိမည်ဖြစ်သည်။

ဒေါက်တာမင်းမင်းက ၎င်းစိုက်ထုတ်ကုန်ကျငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၆၄၂၂ ကို ဒေါ်မိုးမိုးခိုင်ထံမှ ခုနှိမ်ပေးစေလိုကြောင်း ထုချေထားသော်လည်း ထိုသို့ခုနှိမ်ငွေများ နှင့် စပ်လျဉ်း၍ အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိပေ။ သက်သေခံ (က) စာချုပ်တွင်လည်း မပါဝင်သဖြင့် ဒေါက်တာမင်းမင်းက ဒေါ်မိုးမိုးခိုင်ထံမှ ရရန်ရှိသည့်ငွေများကို သီးခြားတောင်းဆိုရန်ဖြစ်ပြီး သက်သေခံ (က) စာချုပ်အရ ရယူထားသောစက်ပစ္စည်းတန်ဖိုးငွေ နှင့် ခုနှိမ်ပေးနိုင်မည်မဟုတ်ချေ။ ဒေါ်မီမီသွင် (ခ) ဒေါ်တင်မာသွင်နှင့် ဦးမျိုးသန်း ပါ ၂ အမှု(၁) တွင် လမ်းညွှန်သည်။

ဒေါက်တာမင်းမင်းသည် ဒေါ်မိုးမိုးခိုင်တောင်းဆိုထားသည့် နစ်နာကြေးငွေ အမေရိကန်ဒေါ်လာ ၃၀ဝ၀ဝ နှင့်စပ်လျဉ်း၍ သက်သေခံ (က) စာချုပ်တွင် ပဋိညာဉ် သော်လည်းကောင်း၊ စည်းကမ်းချက်သော်လည်းကောင်း သဘောတူချုပ်ဆိုထားခြင်းမရှိသဖြင့် ခွင့်ပြုရန်မသင့်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မူလခရိုင်တရားရုံး၏ စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊ ဒေါ်မိုးမိုးခိုင်အား ဒေါက်တာမင်းမင်းကစက်ပစ္စည်းဖိုးကျန်ငွေ အမေရိကန်ဒေါ်လာ ၁၁၅၈၇၁ ကို စရိတ်နှင့်တကွပေးဆပ်စေရန်ချမှတ်ခဲ့သော စီရင်ချက်နှင့် ဒီကရီသည်တစ်စုံတစ်ရာမှားယွင်းကြောင်း မတွေ့ရှိရပေ။

ထို့ကြောင့် ဤအယူခံမှုကိုစရိတ်နှင့်တကွပလပ်သည်။

ရှေ့နေစရိတ် ကျပ် ၃၀ဝ၀ဝ/- သတ်မှတ်သည်။

(သာဌေး)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး


၁။ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၉၃။


ဤဖန်တီးမှုသည် မြန်မာနိုင်ငံတွင် အခြေတည်ခဲ့ပြီး အောက်ပါအချက်များကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အများပြည်သူပိုင်အဖြစ် သတ်မှတ်နိုင်သည်။ မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ ၂၀၁၉အရ

၁၆။ ပုဒ်မ ၁၃၊ ၁၄ နှင့် ၁၅ တို့တွင် မည်သို့ပင်ပါရှိစေကာမူ စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာလက်ရာသည် အောက်ပါအချက်အလက် တစ်ရပ်ရပ်တွင် အကျုံးဝင်လျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးအတွက် အကာအကွယ် မရရှိစေရ-

(က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာ အတွေးအခေါ် အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
(ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသော အချက်အလက်များ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊
(ဃ) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာန များမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊
(င) တရားရုံးစီရင်ချက်များနှင့်အမိန့်များ၊
(စ) ပုဒ်မခွဲ (ဂ) မှ (င) အထိပါ အချက်အလက်များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်း။

Public domainPublic domainfalsefalse