တည့်မွန်းလွဲလျှင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"တည့်မွန်းလွဲလျှင်" ချီ ရတု
by စိန္တကျော်သူ ငဩ
အလောင်းမင်း ဟံသာဝတီသို့ ဒုတိယအကြိမ် စစ်ချီစဉ် မြေဒူးမင်းသားက နေပြည်တော်တွင်ကျန်ရစ်သော မြောက်သားအား ပေးသည်

တည့်မွန်းလွဲလျှင် လေညာပြင်က မင်းလွင်မိုဃ်းသက် မှိုင်းတည့်တက်၍ ဆယ်မျက်နှာလုံး ပိတ်ဖုံးဝန်းဝိုက် ရှိတိုင်းမိုက်မျှ ထစ်ရိုက်သံအုန်း မြည်ချုန်းချုန်းနှင့် ဟည်းဟုန်းကျူးရင့် လေနှင်းမိုဃ်းသက် ဝေ့လာစက်က နေ့ဆက်ရက်စပ် ထပ်ထပ်ဖြီးလွေ့ လွမ်းသရွေ့လျှင် ခုနေ့ဗျာပါ နှင့်စာနာသော် တို့မှာပျောင်းချည့် ပူဆွေးသည့်ထက် ဝင်းမှည့်ဆက်ရည် ယဉ်ထူးလည်သည် သိမည်ကိုသာ စိုးတော့သည်

ပြည့်ဝန်းခဲအင် ဆယ့်နှစ်ခွင်ကို ခေါင်တင်လှည့်ပတ် ငွေပြာသာဒ်လည်း ပြစ်လွတ်သေးဘဲ ယုန်ရေးစွဲရှင့် ရာလဲဆယ်ရှိ နတ်မျက်စိဖြင့် သတိကြပ်သေ ကြည့်ရှာဖွေလည်း ဆံမွေမြူခြမ်း ပြစ်မသမ်းတည့် လျှမ်းလျှမ်းမြုတေ ယဉ်မိုးနေနှင့် ရင်ရွှေအပ်ရှက် ဖူးရေးခက်၍ စိတ်စက်မရွှင် ရှိသည်တွင်ကို ရက်လျှင်လပေါင်း မိုးနှောင်းသန်ကြွင်း ဆောင်းတွင်းကျွတ်လု ဥတုပြောင်းကြွ သည်ကာလသည် လွမ်းစပေါ်လာ နိုးတော့သည်

စည့်ထွန်းရဲရွှင် ယဉ်ရုပ်သွင်ကို ရှုမြင်ရုံမျှ ခဲယဉ်းလှ၏ နေ့ညရွက်စပ် လစ်လပ်မအား တိုင်းကားပြည်ရေး ရှုမျှထွေး၍ တွန့်သေးနုရွ ဗောင့်ကိုမျှလည်း ကျအောင်စီစစ် မဆင်ဖြစ်ခဲ့ စေးပျစ်မတန် သို့ရှိဟန်ကို ငယ်မာန်တက်ဆဲ မယုံဘဲနှင့် အလွဲမတည် ထင်လိမ့်မည်ကြောင့် ကြိုးချည်သောနည်း ပတ်စည်းရစ်နှောင် စုံရအောင်လျှင် သာဘောင်စုသဲ မင်းနေပွဲက တိမ်ထဲဖြူးသီ ကျောက်စေတီကို မှိုင်ရီမြှော်ပြောင်း ခုခုတောင်းသည် ဆယ်ချောင့်ထိပ်မှာ မိုးတော့သည်