တဆယ့်နှစ်ခွေ-ချီ ရတု

From Wikisource
Jump to navigation Jump to search
တဆယ့်နှစ်ခွေ-ချီ ရတု
by နတ်သျှင်နောင်
မြတ်စောညီနောင် ဘုရားတိုင်ရတု

၁။ တဆယ့်နှစ်ခွေ၊ ပတ်လည်နေ၌၊ ယဉ်ထွေသီတာ၊ တောင်မျက်နှာက၊ အာကာကွန့်တက်၊ တိမ်သို့ယှက်မျှ[1]၊ ကျောက်စက်ဝှန်ချာ[2]၊ ဆင်ကလာ၍[3]၊ လက်ယာရုံရစ်၊ နီလာမြစ်ကို၊ ရှင်ချစ်ဘုန်းဝှန့်၊ ပြုံးရိပ်ညွန့်ကြောင့်၊ စင်သန့်ချမ်းကြည်၊ ပြုံးချောင်းမည်သာ၊ မြရည်ရှက်သန်း၊ သီတာစွန်းထက်၊ တသန်းလျှံထွေ၊ တည့်မွန်းနေသို့၊ သရေဓမ္မာ၊ စကြာစိုးဆောင်၊ တည်ခဲ့ထောင်သည်။ ။ ညီနောင်စုံရှင်တော်တကား။

၂။ မဖွယ့်ချစ်နေ၊ မယ်ပပေတည်း[4]၊ လျှော့ဖြေတပါး၊ သူ့ပြင်သားသို့၊ နည်းများခွဲဝက်၊ တီမှာယွက်လိမ့်[5]၊ စံထက်စံမျှ၊ ညိုမွတ်လှလျှင်၊ ရှေးကသည့်နှယ်၊ တုံ့မလှယ်တည့်၊ ကြံရွယ်ရေးရာ၊ ချေတင်ပါလည်း၊ မျက်သာထွေထွေ၊ ငါမပြေက၊ အနေတကျ၊ ဆယ်ဆဆယ်ပြန်၊ ရှိလေတန်ဟု၊ ကြူးလွန်မျက်တော်၊ ထွက်ငြားသော်လည်း၊ မမြော်ကျိုးပြစ်၊ ကျွန်ုပ်ဖြစ်မူ၊ စိစစ်မတတ်၊ ကြင်လေးမြတ်သည်။ ။ သက်မှတ်ယုံထင်ပျော်တကား။

၃။ အလယ့်ရစ်ဖြေ၊ သုံးလည်ခွေ၍၊ မပြေမညံ့၊ မတံ့မဖန်[6]၊ တောင်စွန်အပ၊ ငါးရာ့ငါးမြစ်၊ ညွန့်သစ်မြင်တိုင်း၊ မနှိုင်းရှည့်နိုင်၊ လွမ်းခေါင်တိုင်မျှ၊ ဆွယ်ပြိုင်မသိ၊ ကျွန်ုပ်ရှိခဲ့၊ မိုးထိရောက်ကျွန်၊ အာကာစွန်ဝယ်၊ ဆံပန်အစစ်[7]၊ စုံရှင်ချစ်လျှင်၊ သူ့ပြစ်မထွေ၊ ဟုတ်တိုင်းဖြေ၍၊ တထွေယူချွတ်၊ မယ့်အမှတ်ကို၊ စက်လွှတ်ထွန်းမြူး၊ ဖြည့်ပါဦးလော၊ မထူးကြသက်၊ ဘုန်းချင်း ယှက်သည်။ ။ ဖြစ်ဆက်ဆုံကြင်တော်တကား။

မူကွဲ[edit]

  1. တိမ်ညိုရှက်မျှ [မ]
  2. အနဝတတ်အိုင်၏တောင်ဘက်တွင် နွားကတွတ်သာရှိသည်။ "ဆင်ကလာသား" ဟူသောစကားကို ဆင်ကတွတ်ပေါက်မှလာသောရေ ဟု အနက်မထင်စေဘဲ ရှမ်းပြည် ဆင်တောင်မှ စီးဆင်းလာသောရေဟု အဓိပ္ပာယ်ကောက်ယူသင့်ကြောင်း မင်းလက်ဝဲနော်ရထာလျှောက်ထုံးတွင် ဆိုခဲ့သည်။
  3. ဆင်းကာလာသား [မ]
  4. မယ့်မှာပေကား [မ]
  5. ဓမ္မာရွက်လိမ့် [ရ]
  6. မတန့်တတန် [မ]
  7. မိုးထိရောက်ကျွန်း၊ အာကာစွန်းဝယ်၊ ဆံပန်းအစစ် [ရ]


မှတ်ချက်

  • [ရ] - နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ် မူတည် ရတု
  • [မ] - မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse