တင့်လှပေဟန်-ချီ ရတု

From Wikisource
Jump to navigation Jump to search
တင့်လှပေဟန်-ချီ ရတု
by နတ်သျှင်နောင်
ရာဇဓာတုကလျာဘွဲ့ရတု

တင့်လှပေဟန် ဖက်မဲ့ရန်တည့် ခြောက်တန်နတ်ရွာ ဘုံကလာသို့ ပြာပြာလတ်လတ် မွတ်မွတ်ရေးချေ ထုံးနေမကျော ပန်းရောဆံကြာ ချတိုင်းသာလျှင် ရွှေဝါဖိတ်ရွှင်း ထည်ချင်းစံပယ် နံ့ကြွယ်လှိုင်ကြူ မဉ္ဇူမျက်မည်း ပေါ်ထပ်စည်းနှင့် မရည်းမထင် ဖြုတ်ချည်းမြင်က နတ်ပင်ယိုးမှား ဝိုးဝါးတွေးချွတ် စိတ်လုံးညွတ်သည် ဘုံထွတ်နန်းတောင် နေတို့လော ။

ရင့်မျှရွှေကျန် ရွက်မခြွန်တည့် ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက သက်ပေါင်းထင်ယုံ လှနိတုံလည်း ပန်းစုံရောရှက်၊ ထုံးမြတ်ရွက်နှင့် လိုက်ဖက်တင့်မှတ် ကိုယ်ဝတ်တော်မှာ မလ္လာရနံ့ မွေးပျံ့ကြိုင်ရွှင်း ပယင်းရွှေရည် ပွတ်လဲ့ကြည်သို့ မြရည်ကြောစိမ်း လဲ့လဲ့ရှိမ်းမျှ ခပ်သိမ်းကလျာ ရှုဘွယ်သာလျှင် သိင်္ဂါလျှံတောက် လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမထင်လည်း တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည် ကြာနတ်တန်းဆောင် ပေတို့လော ။

ဆင့်ချခွေသွန် ရက်မချန်တည့် ယုဂန်အလုံး မြရည်ဖုံးသား လှဆုံးတင့်နေ ထုံးသားရေလည်း ထွေထွေကြည့်တိုင်း ပြစ်မျိုးရှိုင်းသည် စံခိုင်းလှော်သစ် ရွှေနှယ်နစ်မျှ တင်ပြစ်မစက် လဲ့လဲ့ညက်ကို ထက်နတ်ဘုံနေ ခုသာကြွေသို့ တင့်နေရှုမြော် အကျော်ပျံ့မွှန်း ဝင်းငြိမ့်ရွှန်းကို တောင်နန်းနေလော နတ်ပေလောဟု တွေးတောချေမိ တပ်မသိခဲ့ မြင်မိဖြုတ်ခြည်း မြော်ကတည်းက အူသည်းစုံညွတ် သက်လုံးပြတ်သည် လျှံပတ်ထွန်းရောင် ဝေတို့လော ။