ညောင်ရမ်းမင်းရွှေနားတော်သွင်း

From Wikisource
Jump to navigation Jump to search
ညောင်ရမ်းမင်းရွှေနားတော်သွင်း
by ငရောက်ကြီး

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. မင်္ဂလာလျှံရောင် လေးမည်ပြောင်သား ရွှေတောင်ဖြိုးကွန့် မြင်းမိုရ်ညွန့်ဝယ် ဝေယန်သနင်း နတ်မှန်ကင်းသို့ အောင်ခင်းချက်ချာ ရတနာပူရ ဒီပအထွတ် ရန်မျိုးညွှတ်သား သာလွတ်ပုရိန် မြို့ဝတိန်ကို ဝရဇိန်ရွှေဘုန်း ကွန့်ကာမှုန်းတိ ချိန်ဘုန်းလွှမ်းမိုး တည်ထောင်စိုးသည် တန်ခိုးမန္ဓာတ် ကျွန်းကျွန်းနတ်၏ သည်းပွတ်တော်ကြီး ဘုန်းမီးနေသွင် စကြာရှင်ကို ဦးတင်စက်ရင်း နားတော်သွင်းအံ့ ရောင်ဝင်းဇေတရသ် နန်းဘုံမြတ်ထက် တမွတ်ရွှေချက် လင်းလင်းလက်သား ကနက်ကတန် ရောင်ဝှန်ဖြူလွင့် ရှစ်ဆိုင်းဘွင့်၍ ရာစင့်ခွန်ချင် စိုးမည်ရှင်သည် ပန်းသွင်တည့်လှိုင်ဧ ကြိုင်ပျံ့မွေး ။
  2. နဝရတ်ကျောက်စုံ ဝင်းဝင်းဟုံသား ရွှေဘုံနန်းငြမ်း သမ္ဘာရွမ်းသည် ညောင်ရမ်းမှန်ကင်း စကြာမင်းဟု သောင်းတွင်ထိန်လျှံ ဩဘာသံဖြင့် နတ်တံကောင်းကြီး နတ်စည်တီးလျက် ဝေးနီးဇမ္ဗူ ပေါက်ပျံ့ကြူသည် မှန်ကူပွင့်လောင်း ရွှေနားညောင်းလော့ ရိုက်ချောင်းလွှဲဝေ မီးရေလေလျှင် ကုဋေစက္ကဝါ သိန်းသင်္ချာကို ကမ္ဘာထက်အောက် ပျက်ပြီးနောက်ဝယ် ကပ်ခြောက်ဆယ့်လေး နှောင်းမရှေးတိ ရိုက်ကြွေးချိန်သင့် ပေါ်လှာတင့်က ငါးပွင့်လျှံလန်း ကြာကြငှန်းတွင် သင်္ကန်းငါးစုံ ပါတုံဖြိုးလွင့် မိုးမြင့်ဗြဟ္မာ ဆွတ်ကာယူပြီး ဝှဲခြီးပညပ် သမုတ်အပ်သား ဘဒ္ဒကပ်မကိုဋ် ဤသည်တိုက်ဝယ် ရန်မိုက်ကင်းရှောင် မင်းခေါင်သမတ ဆဲ့တဆမှ ဝံသစည်သင့် ရွှေနန်းပွင့်၍ သုံးခွင့်ထွဋ်မှူး တောင်ဘိုးဦးက ချီကြူးစက်ရွှေ မိန့်တော်ထွေဖြင့် သရေခေတ္တ ထွန်းပမည်ချက် ဗျာဒိတ်မြွက်သည် မင်းဆက်တည့်စည်ရှေး နောင်လာရေး ။
  3. ဆက်မြင့်ရှည်စွာ ဗျာဒိတ်လာနှင့် သာသနာတော် ထွန်းပေါ်ရောင်လှစ် တရာ့တစ်တွင် ဝန်းရစ်ကြေညာ အောင်ချာပြည်ကြီး တည်ချိန်နီးဝယ် ဝှဲခြီးသမိုက် မဇ္ဈေတိုက်ထက် မကိုဋ်ရိပ်ဖြူ ရှစ်ဆူဖြန့်ရွှင် သာကီဝင်၏ နွယ်စင်မပြောင်း မြို့တကောင်းဝယ် တသောင်းလှိုက်ဝေ သတိုးရွှေတွင် မြုတေသည်းခေါင် ညီနောင်ပြုံးမြ သမ္ဘဝတို့ သကျအင်းဝယ် တင့်စံပယ်မှ သက်လှယ်သည်းပွတ် သူရာညွတ်သား မင်းတွတ္တပေါင် တည်ထောင်စိုးလစ် သရေစစ်ဝယ် ဖြူလှစ်ကနက် စည်မပျက်သား ကိုးဆက်မနော စံပြန့်ပြောမှ သောသီရိရာဇ် သမီးချစ်နှင့် ရန်မြစ်ပယ်ရှား မြတ်တပါး၏ မခြားမျိုးခြင်း ဆယ့်ခြောက်မင်းသည် သတင်းတည့်နီးဝေး ဘုန်းရှိန်ပြေး ။
  4. ဆယ့်ခြောက်ဘုန်းဝှန် စံပြီးလွန်သော် ဆုံးစွန်ရာဇ ဒီပလွှံ့ချင်း ဆိန္ဒမင်း၏ တူရင်းမှန်ဟုတ် ရဲရည်ထုတ်သည် သမုဒ္ဒရာဇ် ရန်မြစ်ချိုးဖြတ် အရိမဒ်ဝယ် မိုးနတ်တမြှင့် ခြောက်ပြစ်လွင့်သား နန်းမြင့်ဘုံပျော် သမီးတော်နှင့် တေဇော်ရိပ်ကြွေး နေမင်းသွေးလျှင် ညိမ့်လေးသက်နှံ မနောခံ၍ နန်းစံရှည်မြင့် စည်သင့်ဆက်ကာ နော်ရထာမူ သုံးရာကြူးကယ် ခုနစ်ဆယ်ကိုးနှစ် သက္ကရာဇ်သည် စင်စစ်ထွက်ညိ ရောက်တုံဘိက ဝီထိခြောက်သွယ် အစွန်းကယ်လျက် လေးဆယ်သို့ကူး နတ်ဘုံမြူးသော် စောလူးစံစား နှစ်ပေါင်းငါးဝယ် ကျော်ကြားသောင်းတွင်း ကျန်စစ်မင်းလျှင် နန်းခင်းဆယ်စိုး နှစ်ဆယ့်ကိုးသည် ကျော်ဟိုးတည့်ရိုက်ကြွေး စံငြိမ့်လေး ။
  5. ချက်ချာဒေသ မဇ္ဈိမတွင် ပေါက်ပြသိညီ ဝေသာလီက ကျွန်းဒီပါထဲ ကျော်သဲသတင်း ကျန်စစ်မင်း၏ သည်းတွင်းလျှံညီး သမီးမွေ့သိမ် ရွှေရိပ်ငြိမ်ထက် ရွှေအိမ်သည်မယ် ဆင်းနိကယ်နှင့် ဘုန်းကြွယ်မှန်ပု စောလုသည်းကြား ပျိုထွားသန့်ရှင်း စောရွမ်းမင်းကို သက်နှင်းလေးမြတ် စုလျားပတ်သော် လူနတ်ခြီးသောင်း ထိန့်ရိုက်ချောင်းသား အလောင်းစည်သူ ရွှေကူဒါယကာ စောနရာလျှင် ရွက်ကြာဖြန့်ဝိုက် ဘိုးတော်ရိုက်တွင် မကိုဋ်သိင်္ဂါ ဘုံနန်းသာကို လေးရာကြူးဘွဲ့ ငါးဆဲ့ငါးခု လှုလှုကောဇာ ရောက်သောခါတွင် ပဉ္စာစုဆောင်း ဆယ်ပေါင်းခုနှစ် စည်းစိမ်ပြစ်က ရင်နှစ်သည်းရင်း ထန်ပြင်းတေဇ ကုလားကျနှင့် နရသင်္ခ သားဘတူညီ သုံးနှစ်စီသည် ကျူးချီတည့်သံလေး မြှောက်စည်ဧ ။
  6. ခြောက်နှင့်သုံးဆယ် စွန်းကယ်မှန်စွာ နှစ်ငါးရာသို့ ကောဇာရောင်ညိ ရောက်သည်ရှိက နရပတိစည်သူ လှိုက်ဆူတန်ခိုး သျှင်ဘေးဘိုး၏ မျိုးရိုးစည်လာ မှန်လှစွာသား ဒီပါခွန်စု စောနတ်တုလျှင် ဝေဠုဝတီ ငါးကြန်ညီနှင့် သိင်္ဂီဘုံမြင့် ကျည်းရွှင်ဘွင့်လျက် နောင်မင့်ရာဝယ် စိုးစံပယ်၍ သုံးဆယ်ကြူးလစ် ခုနစ်နှစ်တွင် ကသစ်နတ်ရွာ ပြောင်းသော့ခါဝယ် အာဏာလွှံ့ဝေ ဇေယျသိင်္ခ နာမမည်ခေါ် မြတ်သားတော်လျှင် စံပေါ်နီဒ နန်းမရိပ်ဝယ် နှစ်ဆယ်ကြူးလစ် သုံးနှစ်ပျော်စံ သက်နှံသားရင်း ကျစွာမင်းမူ စံခြင်းဆဲ့ခြောက် နှစ်ရောက်လှည့်ခါ ရင်သည်းချာတိ ဥဇနာဘုန်းမော် ငါးနှစ်ပျော်မှ သားတော်သီဟပတေ့ ဖြိုးလွေ့စံတင့် တစ်နှင့်သုံးဆယ် သက်လှယ်သည်းချာ ကျော်စွာစိုးလစ် ဆဲ့ခုနစ်သည် နွမ်းညစ်တည့်ပြည်ရေး ရိပ်ရောင်မြှေး ။
  7. နှစ်ထောင်ရံသန်း လေးမည်ကျွန်းကို လှည့်ဝန်းစက်ရှင် ရောက်တိုင်းနှင်၍ ခွန်ချင်ကျိုးနွံ ဗိုလ်ဝင်ခံသား နှိုင်းစံတုကင်း မန္ဓာတ်မင်းဝယ် ထွန်းလင်းတေဇ ဩရသသို့ ရွှေဝနန်းဘုံ မင်းဝံခုံထက် ရောင်ဟုံရွက်ကြာ ဖြူဝန်းကာ၍ သိင်္ဂါဗိမာန် စိုးအံ့မှန်သည် နန်းရန်ရွယ်လူး နာတုံဦးလော့ ရှက်ကူးဝန်းရစ် တရုပ်စစ်ကို ချိုးလှစ်ရန်မှောင် လင်းလင်းပြောင်မှ ညီနောင်ဘုန်းလှိုင်း မြင်စိုင်းမက္ခရာ သာယာပြောကျယ် မြို့ပင်လယ်ကို စံပယ်ရိပ်မြိုင် အပြိုင်ဝှဲခြီး စံကြပြီးသော် လျှံညီးငွေ့ထူ ဆင်ဖြူနတ်သ တစီးမနှင့် ခြောက်ရာ့ခုနစ်ဆယ် လေးခုဝယ်တိ ပျော်ဘွယ်သာစည် ပင်းယပြည်ကို တောင်ထည်စိုးယူ သီဟသူလျှင် နတ်တူအံ့မူး မင်းစောဦးနှင့် ရိုက်ကြူးအောင်သံ ဘိသိက်ခံသည် နှုန်းစံတည့်ဘက်ရှေး မရှိဝေး ။
  8. တစီးသခင် နန်းခွင်ဘုံပျံ ဆယ်နှစ်စံမှ မိုးယံနတ်ပြည် စည်းစိမ်တည်သော် ဖြိုးလည်တေဇာ ဥဇနာလျှင် ရိုက်ရာယူလစ် နှစ်ဆယ့်နှစ်တွင် ညီချစ်လွှံ့တင် ငါးစီးရှင်အား နန်းပြင်သာဝှဲ ရိပ်ဖြူလွှဲ၍ မြိုင်ထဲစုံသာ မဂ်ဗိုလ်ရှာက ဒီပါထိန့်လည် မွေးဘမည်ကို ဘုန်းခြည်ညွန့်လူ စံတော်မူ၍ ဇမ္ဗူရွှေနန်း ကိုးနှစ်မြန်းမှ သိုမွန်းအာဏာ သားကျော်စွာလျှင် တရာလွှံးခြုံ ရွှေရိပ်ဘုံထက် စောဥမ္မာတွင် လှနတ်သွင်နှင့် စံရွှင်ဆယ်နှစ် ကံဟောင်းပြစ်က ညီချစ်ဘုန်းစည် ဘိုးဘမည်ကို ထိန့်လည်ခံပြီး နန်းနီးနှုန်းလျော် မရီးတော်အား ဆောင်မော်ရိပ်ခွင် ခြီးမြှောက်တင်၍ ပလ္လင်ဘုံပျံ ငါးနှစ်စံမှ မိုးယံပြောင်းခွါ ညီတော်ရာကို ဥဇနာပျောင် ဖြူရောင်ဖြန့်ကျင်း ခယ်မရင်းနှင့် နန်းခင်းမငြိမ် စည်းစိမ်သုံးလ လျင်ခဏသည် ပင်းယတည့်ရှက်မြှေး ပြည်ထဲရေး ။
  9. လေးကျွန်းလုံးနတ် မင်းမန္ဓာတ်ဝယ် ဩရသ်ဘုန်းဟေ့ တန်ခိုးကြွေ့သား အိမ်ရှေ့ဥပရာဇ် မြတ်မင်းစစ်သို့ သစ်သစ်တေဇာ ညွန့်လန်းဖြာသည် နရာခေါင်ဆင့် ရွှေနားတင့်လော့ ရှင်ပင့်သာသနာ တထောင်သာ၍ ရှစ်ရာငါးဆယ် ကိုးခုဝယ်တိ ဘုန်းကြွယ်ထွတ်တင် တစီးရှင်၏ ချစ်ခင်သည်းတွင်း စောရွမ်းမင်းလျှင် တောင်ရင်းစပ်ကာ သီတာညိုချိပ် မြစ်ကမ်းထိပ်ထက် မြရိပ်ဝေမှိုင်း မြို့စကိုင်းကို ဘုန်းလှိုင်းမှန်ကူ တည်တော်မူ၍ ရိပ်ဖြူဖြန့်မိုး ရှစ်နှစ်စိုးမှ ထက်မိုးနှုန်းနတ် ခယ်မမြတ်နှင့် ပြသာဒ်ဘုံဆောင် နောင်တရဖျား စိုးငြားဧကရာဇ် ဆယ့်သုံးနှစ်တိ ဘုန်းသစ်လျှံဝေ သားရွှေတောင်တက် သုံးနှစ်ဆက်မှ ကနက်ရိပ်ဝှမ်း ဘုန်းစည်ရွမ်း၍ စောရွမ်းသားရင်း ကျစွာမင်းလျှင် သောင်းတွင်းလွှံ့ကျော် ဆယ်နှစ်ပျော်၏ ညီတော်ရင်းချာ နော်ရထာမင်းရဲ ခြီးဝှဲတေဇ ခုနစ်လထင် တရဖျားငယ် ညီဘုန်းကြွယ်လျှင် စံပယ်သုံးနှစ် နတ်ဌာန်ချစ်က ရွယ်သစ်သန့်ရှင်း လဲ့လဲ့ဝင်းသား စိုးမင်းကြီးနှင့် ချစ်ပန်းပွင့်လျက် ခြီးမြင့်ဖြိုးလွေ့ တန်ခိုးကြွေ့အောင် သိန်ပတေ့မင်းပြောက် ရိပ်ဖြူဆောက်သည် ကျော်ချောက်တည့်နီးဝေး သတင်းပြေး ။
  10. ကျွန်းလုံးဝှန်ချောက် ရန်မျိုးပျောက်သား မင်းပြောက်ဘုန်းပျံ ဆဲ့သုံးစံမှ ဘုန်းလျှံရေမီး တောက်ထိန်ညီးလျက် တစီးဆင်ဖြူ ရှိတော်မူသည် သီဟသူဖြစ် ကျွန်းရစ်ရိုက်ချိုး လက်ရုံးမီးလျက် သတိုးမင်းဖျား သကြားညွှန်ပြ ရွှေအင်းဝကို ခုနစ်ရာနှစ်ဆယ် ခြောက်ခုဝယ်တိ ကြီးကျယ်ဝန်းလည် ပြီးကြောင်းတည်၍ ခြောက်မည်ပြစ်ထွာ စောဥမ္မာနှင့် သိင်္ဂါဘုံမော် သုံးနှစ်ပျော်မှ ကျွန်းပေါ်ကြိုင်နံ့ ဘုန်းလှိုင်ပျံ့သည် ပုဂံခွန်ကြွေ့ သိန်ပတေ့၏ ရင်ငွေ့သွေးရည် ခေတ္တပြည်ကို စံတည်စိုးယူ သီဟသူနှင့် ဆင်ဖြူလျှံညီး တစီးသခင် နတ်ရှင်ဘုန်းမွေး နှမထွေးလျှင် ငြိမ့်လေးကဲဆ ချစ်ချင်းမျှ၍ ရသည်နတ်သွင် မွေးမယ်ရှင်ကို နန်းခွင်လျှောကျ ကျော်စွာချစ်သက် သရက်တင့်မော မင်းသျှင်စောနှင့် ပြန့်ပြောကြင်နာ ကျွမ်းကြရာတွင် ရုပ်ဝါပျိုကျိုင်း မြင်စိုင်းနန်းရှင် ဝန်းကျင်ခြီးပြော ပြည်စောရန်နောင် ရန်မှောင်ပျောက်ကွာ မင်းကြီးစွာက ခြောက်ဖြာပြစ်ရှဲ စောပုလဲနှင့် စောမြတ်ကဲမည် ရုပ်ရည်ပြင်လျာ စောဥမ္မာဟု ရင်းချာမခြား မင်းခြောက်ပါးတွင် ကျော်ကြားတေဇာ မင်းကြီးစွာမူ ရတနာပူရ ရွှေအင်းဝကို ဖြူလွရိပ်ရံ တက်သိမ်းစံသည် နိုင်ငံတည့်ပြည်ရေး သားချင်းဧ ။
  11. ဒီပါခွန်းဆွတ် စောကဲနတ်လျှင် ပျိုထွတ်သန့်ရှင်း ပြစ်မျိုးကင်းသည် စိုးမင်းကိုယ်တော် တဝမ်းပျော်သား မိုးပေါ်နတ်မျှ ညီအစ်မဝယ် တရဖျားတွင် မြန်ခွင်လုံးသု ခွန်သစုသည် ဆင်ဖြူရှင့်မယ် နိကယ်လျှံညီး ရှင်စောကြီးကို မငြီးချစ်ခင် တောင်နန်းတင်၏ သန့်စင်ရုပ်ဝါ စောဥမ္မာမူ သိင်္ဂါလယ်နန်း စံပယ်မြန်းရှင့် မြန်ခန်းတလျှောက် ကျော်လွှံ့ချောက်သည် မင်းပြောက်သွေးရည် ချစ်ကြည်လွှံ့ကြူး စောတော်ဦးကို ချီကြူးဆပွါး မြောက်နန်းထားလျက် ဘုန်းအားမတွဲ့ တန်ခိုးခြဲ့၍ သုံးဆယ့်သုံးနှစ် ကံဟောင်းပြစ်က ရင်နှစ်သည်းကြား တရဖျားလျှင် နတ်လားနှုန်းလျော် အရီးတော်တည့် ထင်ပေါ်လွှံ့ချင်း ရမည်းသင်းကို ခွန်သွင်းစိုးကဲ စောပုလဲ၏ သည်းထဲရင်နှစ် ပျိုမျစ်နုထွတ် မင်းလှမြတ်ကို ဖြန်းဆွတ်ရေစင် ဘိသိက်တင်၍ နန်းခွင်ဘုံမ စိုးပိုင်သသည် ငါးလတည့်စံရေး ကြာမနှေး ။
  12. ကြေညာကျော်ဟိုး တကောင်းမျိုးကို သတိုးဆင်ထိန်း ရှုစိန်းမျက်ပွင့် ထိုမင့်မြေးရင်း သတင်းပြည့်လျှမ်း စောယွမ့်မြစ်တော် ထင်ပေါ်လွှံ့ကြား သတိုးဖျားတူ ဗိုလ်လူရိုက်ကြွေး ကလေးခေါ်ဆို ကျေးတောင်ညိုက ဒီပထွတ်ထား တရဖျားလျှင် ရှည်လျားမကြာ ငါးလသာလျှင် နတ်ရွာဒေသ ပြောင်းလွှဲကြွသော် ပထမမင်းခေါင် ဘုန်းရောင်လွှံ့ချင်း ညီတော်ရင်းလျှင် နန်းခင်းရိုက်ရာ သိင်္ဂါရွှင်ပျော် မရီးတော်အား တောင်ညာထားလျက် မြှောက်စားခြီးဝှဲ ကြင်ဆကဲသည် မင်းရဲကျော်စွာ သားသည်းချာကို အာဏာလွှံ့ချင်း အိမ်ရှေ့နှင်းသည် သတင်းတည့်ရှိန်ပြေး ကြားနှံ့မွေး ။
  13. ပထမမင်းခေါင် ဘုန်းရောင်မနွဲ့ နှစ်ဆဲ့နှစ်နှစ် စံပြီးလစ်သော် ကသစ်နတ်ဌာန် ပြောင်းကြွပြန်က ငွေဟန်ဆင်ဖြူ ရတော်မူသည် သီဟသူရာဇ စောမင်းလှနှင့် ဧမြရေစင် ဘိသိက်တင်လျက် အောင်ပင်လယ်အောက် ထီးနန်းဆောက်၍ ကျော်ချောက်ဝှန်ဝါ စံညီလာသော် ရာဇာဓိရာဇ် ရင်နှစ်သည်းကြား သားဗညားလျှင် နတ်လားနှိုင်းတု ရှင်စောပုဟု ပျိုနုယောင်မြ ချစ်နှမကို ညွတ်ခဆက်လှာ ဘုန်းတေဇာနှင့် အာဏာလွှံ့ထင် ဆင်ဖြူရှင်သည် နန်းခွင်ဘုံပျံ သုံးနှစ်စံမှ သက်နှံသည်းပွတ် ဘိုးထွတ်နုနယ် မင်းလှငယ်လျှင် စံပယ်သုံးလ နတ်ရပ်ကြွသော် တရဖျားသား တိုင်းကားခေါ်ဆို ကျေးတောင်ညိုမူ ဗဟိုဆော်ရိုက် ကျွန်းလုံးလှိုက်မျှ မကိုဋ်ဘုံလယ် စောဘို့မယ်နှင့် ရှစ်သွယ်ရိပ်ဖြူ စိုက်တူဘွင့်လှစ် လခုနစ်သည် မင်းဖြစ်တည့်ရှက်မြှေး ဆက်နှောင့်နှေး ။
  14. သက္ကရာဇ်ရေးရော် ကိုးရာကျော်တွင် ကျွန်းမော်ဇမ္ဗူ လုံးလုံးယူသည် ဆင်ဖြူများရှင် ဉာဏ်တော်မြင်၍ ဥကင်ဘုံနန်း မြန်းမည်သည်းချာ မင်းသစ္စာအား မင်္ဂလာအောင်မျှို့ ညောင်ရမ်းမြို့ကို နှစ်လို့ကြည်ဖြူ ပေးတော်မူသို့ နှိုင်းတူထိုသွင် ကျွန်းမြေပြင်ထက် နှုန်းအင်မမြော် ဘေးစော်ကျော်လည်း နောင်သော်နည်းတူ သောင်းလုံးယူ၍ ဇမ္ဗူရွှေဘုံ ချက်ကုံမင်းခမ်း မြှောက်စည်ရွမ်းလိမ့် ညောင်ရမ်းပူရ ခွန်နှင်းသလျက် ရာဇလက္ခဏာ စုံညီစွာသည် နန်းလျာဘုန်းရှိ ရွှေနားချိလော့ နရပတိစည်သူ သည်းအူမျက်ဖျော် ရွှေရိပ်မော်ထက် ကျောင်းတော်သည်မယ် နုနယ်လျှံညီး သမီးတော်ရင်း လဲ့လဲ့ဝင်းကို ရောင်ဆင်းသန္တာန် စွမ်းအားအန်နှင့် အနန္တသူရိယ သက်မျှကြင်ချစ် စုလျားရစ်သော် ရင်နှစ်သည်းချာ သိဒ္ဓိကာနှင့် ပြင်လျာညံ့ညက် မိကြီးသက်တိ နတ်ထက်မဝေး စောခင်ထွေးတွင် ငြိမ့်လေးကောင်းခြီး မင်းဘဲကြီးကို မငြီးမြင်တုံ ဖော်ဆွေစုံနှင့် သင်းထုံကြိုင်လန်း ကံဆောင်ညွန်းက ကြော့လန်းတင့်တယ် သားဘဲငယ်လျှင် နိကယ်မွတ်ညက် မင်းမြရွက်ကို စုံဘက်ပျံ့ပျူး ရွှေသို့ဦးသော် လမ္ဘူးစိုးယူ ရန္တသူသည် ဗိုလ်လူညွတ်တုပ် ကြောက်တုန်လှုပ်သား တရုပ်ပြေးမြေး ယဉ်ကျေးပြစ်ပြေ စောစနေနှင့် သက်ဝေလေးမြတ် ချစ်ပန်းဆွတ်သည် ကြည်ညွတ်တည့်ဆေးလေး စံပျံ့မွှေး ။
  15. လမ္ဘူးရန္တသူ ဘုန်းညွန့်လူ၏ သည်းအူလည်ရွဲ မင်းပုလဲနှင့် ချစ်ကဲမည်ရ မောင်နှမဝယ် ပင်းယနန်းခွင် ထိန့်ထိန့်ရွှင်မျှ မာတင်ငါးစီး ညီးညီးဖြူလွ စိုးပိုင်သသည် ကျော်စွာ့သွေးရည် ရွှေအိမ်သည်နှင့် ရွှေလည်ရင်ဆွဲ မင်းပုလဲကို ချီးဝှဲလေးမြင့် ရွှေလက်ဆင့်က မျက်ပွင့်သည်းချာ မင်းဒီဃာလျှင် ငါးဖြာကောင်းခြင်း သောင်းတွင်းသိညီ ပုထိုးနီ၏ သိင်္ဂီရင်သွေး ဆေးလေးမြတ်နိုး စောခင်ဖြိုးနှင့် ချစ်ကြိုးရစ်နှောင် မြန်ဘောင်လွှံ့ချင်း သုံးပါးမင်းကို မိုးညှင်းမင်းတရား ဆပွါးရှုကဲ စောပုလဲမှ ကျော်သဲဝပါ နော်ရထာကို မြင်လှာတုံလျှင်း မိုးညှင်းမင်းသည် တောင်တွင်းစိုးလေ့ သီပတေ့သမီး လျှံညီးရူပ မင်းမြတ်လှနှင့် သက်မျှကြင်တင့် ချစ်ပန်းပွင့်လျက် ရန်လွှင့်ပယ်ချိုး မင်းဝံရိုးထက် တန်ခိုးနေစက် လင်းလင်းထွက်သည် နှုန်းဘက်တည့်ဆိုင်ရေး မရှိဝေး ။
  16. တေဇာလွှံ့ခြင်း မိုးညှင်းမင်းလျှင် နန်းခင်းသာလှ ရွှေအင်းဝကို ဒီပကျွန်းရစ် ဥကင်လှစ်၍ သက္ကရာဇ်ရှစ်ရာ စေ့သောခါဝယ် အဌာနဝ သတ္တနှုတ်ညား နှစ်ခုထားမှ သင်းအားမနွဲ့ နှစ်ဆဲ့သုံးနှစ် စည်းစိမ်ပစ်သော် သားချစ်ကျော်စွာ နန်းသိင်္ဂါထက် ပြင်လျာလျှံညီး အရီးတော်နတ် သမီးမြတ်နှင့် ပြသာဒ်ဘုံမြင့် သုံးနှစ်တင့်မှ မျက်ပွင့်ညီတော် ကျွန်းပေါ်နှံ့သိ တန်ခိုးချိသည် နရပ်တိကြီး အံ့ဝှဲခြီးသား ထွန်းညီးရောင်လျှံ ပုဂံမိဘုရား သည်းကြားချစ်သက် မင်းလှညက်နှင့် ဖြူရွက်ရိပ်လှုံ ထူပါရုံကို တည်တုံပြီးမြောက် နှစ်ဆဲ့ခြောက်တွင် ရွှေမှောက်ဘုံမော် နတ်ရပ်ပျော်က သားတော်သနင်း ပြည်စုန်မင်းလျှင် သောင်းတွင်းထိန့်ဆူ ရိုက်ရာယူသည် မပြူတည့်ပြိုင်ရေး ရန်အလှေး ။
  17. မဟာသီဟသူရ ပေါက်ပြသောင်းတွင်း ပြည်စုန်မင်းလျှင် သတင်းလောက်လွေ့ သီပတေ့မည်ရှိ ဦးရီးရင်သွေး ဆေးလေးနတ်မျှ အမိတ္တသိရ် မျိုးဇာတိနှင့် ထွန်းညိလျှံလဲ့ ရွှေဘုန်းချဲ့လျက် တဆဲ့သုံးနှစ် ကံဟောင်းဖြစ်သော် ထီးရှစ်ဆိုင်လွ ရိပ်ဖြူပ၍ ဒုတိယမင်းခေါင် မြန်ဘောင်ဝှဲခြီး တရာမှီးမှ အရီးနတ်ရည် ရွှေအိမ်သည်၏ ချစ်ကြည်သက်စု အတုလဒေဝီ ဆင်းသိင်္ဂီနှင့် ကျူးသီကြော်ညံ ဘိသိက်ခံ၍ ဘုန်းလျှံနေလား လွံ့ကြားတေဇ ကျွန်းလုံးခသည် ရွှေဝတောင်နား ကိုးပါးဂုဏ်ဝါ ခြောက်ရောင်ဖြာသား မင်္ဂလာစေတီ မြတ်သရီကို မြွက်ချီဆုယူ တည်တော်မူမှ မှန်ကူထွတ်ထား စောတရားလျှင် စွန်းကားတသွယ် နှစ်ဆယ်ရွှှင်မြန်း နတ်ရပ်ထွန်းသော် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ သားဘုန်းရှိမူ ထွန်းညိရှစ်ဆူ ရိပ်ဖြူဖြန့်လွှား နှစ်ဆယ့်ငါးသည် စံစားတည့်တိုင်းရေး တိမ်နှယ်မြှေး ။
  18. တွက်ခြင်းကောဇာ ဂဏန်းရှာသော် ရှစ်ရာရှစ်ဆယ် ရှစ်ခုဝယ်တိ မြန်နယ်ရိပ်ဘုံ ကိန်းခန်းကြုံလျက် စလုံကြီးသား သိုဟန်ဘွားနှင့် ရပ်ခြားဝေးခေါင် အုန်းပေါင်ခုံမှိုင်း ဝိုက်သိုင်းနယ်ကွဲ မိုးဗြဲနရပတိ သိသိကြေညက် ရှမ်းသုံးဆက်တို့ သီလျက်ကျွန်းငူ ရွှေနန်းယူမှ စည်သူကျော်ထင် တိုင်းခွင်လွှမ်းမိုး သတိုးမင်းစော တကြောမြေချာ လွှံ့ရိုက်ဖြာသား လက်ယာမည်ခံ ဘုံပျံသာဝှဲ နန်းရိပ်လွဲက မင်းရဲကျော်စွာ တေဇာပြည့်လျှမ်း ညောင်ရမ်းဆယ်ဆက် စံငြိမ်သက်မှ ကနက်ကတန် ရောင်ဝှန်ဖြန့်မိုး ဘိုးတော်ဘိုးလျှင် တန်ခိုးရဟတ် လေးကျွန်းပတ်သား မန္ဓာတ်ရာဇာ မင်းမြတ်စွာသို့ ရတနာသိင်္ဃ ပေါက်ပြထိန့်ရိုက် မော်ကွန်းစိုက်၍ မကိုဋ်ရွှေပြည် မြို့ကြီးတည်သည် နှုန်းရည်တည့်တူရေး သကြားထွေး ။
  19. နေနတ်ဆက်ရှည် မျိုးတော်စည်ကို စီလှည်ချိုသာ တင်ဦးပါအံ့ ငါးရာရံဝန်း ဇမ္ဗူကျွန်းထက် ဆူမွန်းရေမြေ လွှံ့ရိုက်ဝေမျှ ပရမေခေါင်ချာ တန်ခိုးဖြာလျက် နောင်လာနာဂတ် နန်းဘုံမြတ်ထက် သဟဿရောင် နေတန်ဆောင်သို့ အခေါင်ရုံးပေါင်း နန်းညွန့်ညောင်းသည် ဘေးလောင်းတော်မြစ် ရွှေနားသစ်လော့ ဝန်းရစ်နိုင်ငံ ဆက်သခံလျက် ပုဂံနန်းသာ ရိပ်ဖြူကာသား ကျော်စွာမင်းမြစ် စောနစ်မြေးမြတ် ဖြူဆွတ်ငွေတောင် ပေါက်ပြောင်မာတင် ငါးစီးရှင်၏ တောင်ခွင်နန်းမ အတုလစန္ဒာ ရင်းချာတူတော် ထင်ပေါ်ဇမ္ဗူ ရာဇသူသား ပျံ့ရှားကျော်ဟိုး ပုထိုးနီမတ် လွှံ့ပတ်ကြေညာ မင်းလက်ယာနှင့် ကျစွာဘုန်းမွေး မြေးတော်မြေးတိ ယဉ်ကျေးပြစ်လွတ် ချစ်ကဲနတ်ကို ကြည်ညွတ်ဆပွါး ပေးထိမ်းမြားက သားတော်မည်သာ မင်းမဟာလျှင် ဝိဇယာပူရ တည်ထောင်စသည် လွလွဖြူလွင် တစီးရှင်၏ ချစ်ခင်မြေးရင်း စောမင်းလှမယ် ဆင်းနိကယ်နှင့် စံပယ်ပျော်ရာ ဘွားမြင်လှာသား ရာဇသူမည် ရဲဇာနည်လျှင် ထောင်ခြည်ရောင်လက် နေကဆက်သည် သရက်ချီပြော မင်းသျှင်စောသား တလွှားခွန်သ ရွှေအင်းဝနှင့် တေဇလျှံညီး စိုးစံမှီးသား မင်းကြီးစွာသက် တင့်တယ်ပိုက်ဖြား ပတ္တမြားနှင့် ဆပွါးကဲမြင့် စံပယ်တင့်သော် မျက်ဖွင့်ကြော့ရွှန်း မင်းရွှေပန်းကို လန်းလန်းကြည်လင် ရှုမြော်မြင်သည် သွင်ပြင်တည့်ဆေးလေး နတ်မဝေး ။
  20. မင်းကြီးစွာမြေး ယည်ကျေးကြော့လန်း မင်းရွှေပန်းနှင့် သောင်းခန်းကြိုင်နံ့ မွှေးလှိုင်ပျံ့လျက် သိနှံ့ဝန်းလည် သက်တော်ရှည်၏ သွေးရည်မဟာ သင်္ခယာတို့ သည်းချာလည်ရွဲ စောမျိုးကဲသို့ မင်းရဲကျော်စွာ ဘွဲ့မည်သာသား အာဏာဝှန်တက် စောရွှေခက်နှင့် အသက်တုနှိုင်း မျိုးချင်းစိုင်းက စကိုင်းစိုးယူ မင်းကြီးဖြူလျှင် ရှစ်ဆူရောင်လွ ထွန်းပလျှံညီး တန်ခိုးရှိသည် နရပတိကြီး ချစ်မပြီးသည် သမီးသည်းပွတ် မင်းလှထွတ်နှင့် ကြည်ညွတ်သက်သွင် စိုးစံရွှင်သော် မိုးခွင်နတ်တု ရှုလည်းမညီး မင်းအကြီးနှင့် နတ်နီးရုပ်ဝါ မူရာပြေပြစ် ကျစ်လျစ်နုနယ် မင်းအငယ်ကို ပန်းနှယ်ပျံ့ရှား မြင်မြော်ဘွားသည် ဆပွါးတည့်မြတ်လေး ကျူးရင့်ဧ ။
  21. ရှေ့နောက်ထပ်ဆင့် ကြာသို့ပွင့်လျက် ပြစ်လွင့်ခြောက်တန် ကောင်းငါးကြန်နှင့် သဏ္ဌာန်နတ်နီး မင်းအကြီးကို ရှစ်ထီးရိပ်ကြာ ရွက်ဖြူကာသည် မဟာသီဟသူရ သားလှဘုန်းဖြိုး ထွတ်သတိုးနှင့် နေမျိုးနွှယ်ချင်း ပေးဆောက်နှင်း၏ ရင်တွင်းနုနယ် မင်းအငယ်ကို ရန်စွယ်တျင်းတျင်း ပယ်နှုတ်ချင်းသည် ရမည်းသင်းပိုင် ဘုန်းလှိုင်ထွတ်ကဲ မင်းရဲကျော်စွာ မြတ်ရာဇာနှင့် ကြေညာထိန့်မွှန်း စုလျားဝန်း၏ တောင်ကျွန်းမှန်ကူ သီဟသူဝယ် သည်းအူနတ်ရည် တင့်မူနည်နှင့် ရွှေပြည်ရှင်မယ် လှမျိုးကြွယ်ကို ဆက်နွှယ်ဝံသ သက်ချင်းမျှသော် သိင်္ဂလျော်ရုပ် ရွှေဝချုပ်က ညွတ်တုပ်ဗိုလ်လူ ဆုယူဆပွါး ပတ္တမြားကို နတ်လားနှုန်းလျော် မျက်နှာမြော်သည် မျိုးသော်တည့်တဝေး ကြင်မြတ်လေး ။
  22. တန်ခိုးလေးမည် ထိန့်လည်လွှံ့ပတ် လက်ပမ်းခတ်က ပရိသတ်ဗိုလ်ခြေ ယူလှည့်စေဟု ဖြိုးထွေရတနာ ရွှေမိုးရွာသား မဟာမန္ဓာတ် လေးကျွန်းနတ်ဝယ် တမွတ်ထားတင့် နန်းညွန့်ပွင့်သို့ ပူးမင်းရင်သွေး ကျီးမင်းမြေးသည် ရိုက်ကြွေးဝှန်ဝါ ရွှေကူသာက ရာဇာခြင်သေ့ ရမ်းရမ်းကြွေ့လျက် မဟေ့ရည်တူ ဇမ္ဗူတသောင်း ကြောက်ညောင်းညွတ်ရုံး တုတ်ခွန်ကျုံး၍ ပတ်ကုံးအနှံ့ ပိုင်လတ္တံ့ဟု မွှေးပျံ့ဩဘာ သိုက်တိုင်းလာသည် နရာဦးကိုင် ရွှေနားလှိုင်လော့ ကြံ့ခိုင်ဘုန်းတော် တေဇော်ထန်ပြင်း ပြည်စုန်မင်း၏ သက်နှင်းလေးမြတ် ချစ်ကြည်ညွတ်သား မိုးနတ်နှုန်းလျော် မှည့်ကြခေါ်သည် ဘိုးတော်ရှင်မယ် ခြောက်သွယ်ပြစ်ကင်း လဲ့လဲ့ဝင်းကို သတင်းလှိုက်ပွက် မြောက်ဘက်ချုပ်ချာ နော်ရထာနှင့် မေတ္တာကြည်ညွတ် စုလျားပတ်က တမွတ်သည်းချာ သင်္ခယာလျှင် ဒီပါလွှံ့ချင်း စလင်းမင်း၏ ရင်တွင်းသည်းဆူ မင်းရွှေကျူနှင့် ကြည်ဖြူသက်ဝေ ချစ်ကြိုးခွေက သားမင်းနေထွန်း မင်းနေဝန်းဟု ဆုမွှန်းမြန်ဘောင် မင်းညီနောင်ကို ကန်အောင်ပင်လယ် စံပယ်ကွန်းပြောက် ထီးနန်းဆောက်သား ကျော်ချောက်ဇမ္ဗူ သီဟသူ၏ သက်တူမဝေး မြတ်မြေးနတ်မျှ ညီအစ်မနှင့် သိင်္ဂရွှေတွင် ဇော်တတင်သို့ မြန်ခွင်လွှံ့ချင်း ပေးဆောင်နှင်းသည် နေမင်းတည့်နွယ်သွေး ဆက်မဝေး ။
  23. မင်းကြီးနေထွန်း မယွန်းနတ်ရုပ် ရွှေပချုပ်တွင် ပတ်ချုပ်ဝေးနီး အံ့ခြီးတင့်မော မင်းရဲစောနှင့် မနောမယ မျက်မြနှုန်းလျော် စောမျိုးဘော်ကို မြင်မြော်ဆပွါး ပတ္တမြားနှင့် ပျိုထွားတင့်ရွှန်း မင်းနေဝန်းဝယ် ရိုက်မွှန်းကြော်ကြွေး မင်းရဲထွေးမှ မဝေးနတ်ချယ် စောမျိုးကြွယ်ကို သက်လှယ်ကဲဆ ချားမြင်ကြသော် ညီမညီနောင် ချစ်ခေါင်ဆယ်လေး ထိမ်းမြားပေးက နီးဝေးအံ့ပြော မင်းရဲစောတွင် နတ်ကျောနှိုင်းတူ မူယူတင့်ကဲ ချစ်မရဲနှင့် ပုလဲမျက်ပျံ တိမ်တိုက်စံသို့ အလျှံရောင်ညီး ချစ်မငြီးကို ဝှဲခြီးမြတ်လေး ယုယမွေး၏ ရဲထွေးတုကင်း ညီတော်ရင်းတွင် သားမင်းကြီးရွှေ သက်ဝေသည်းချာ မှန်သာကြီးစား ရှုမြင်ညားက ဆပွါးကြင်ချစ် သာကီစစ်သို့ ရင်နှစ်နုနယ် ပန်းလေးဆွယ်တို့ မောင်လှယ်နှမ ဆွဲကြင်ကြသည် သက်မျှတည့်မြတ်လေး လှိုင်ပျံ့မွှေး ။
  24. တသောင်းလှိုက်ဝေ မင်းကြီးရွှေဝယ် မြုတေတင့်ရွှင် သားဘိုးခင်ကို သွင်ပြင်နတ်နီး ချစ်မငြီး၏ သမီးသည်းချာ ဆင်းဝါရောင်ပြုံး မင်းမြကုံးနှင့် နှလုံးကြည်ညွတ် စုလျားပတ်သော် တုမွတ်လျှံညီး မင်းကြီးနန္ဒီ မြတ်ညီတော်ရင်း စစ်နိုင်မင်းကို သောင်းတွင်းထင်ပေါ် မျက်နှာမြော်က နောင်တော်သည်းချာ ငါးဖြာကောင်းခြင်း ရောင်ဆင်းနတ်ရိုး စောခင်ဖြိုးနှင့် တန်ခိုးကွန့်လှိုင် ရဲစစ်နိုင်လျှင် ပျံ့ကြိုင်စံပယ် ချစ်ကြိုးသွယ်က ဘုန်းကြွယ်ခေါင်ထိ ဖြိုးမြတ်ညိသား သီရိမဟာဓမ္မရာဇာ ကြေညာကျော်ဟိုး ဘေးတော်ဘိုးကို ဝှန်ဖြိုးထိန့်ရိုက် မင်းစိုးစိုက်သည် သောင်းတိုက်တည့်ချီကြွေး တချေးချေး ။
  25. မြန့်ခန်းရပ်ခွင် သိဝန်းထင်လျက် ရန်ပင်ရန်ငုတ် မြစ်ရင်းနုတ်သည် စည်ပုတ်တရာ ရွှေကာတထောင် များမြောင်စိုးပိုင် ရဲခေါင်တိုင်သား ရန်နိုင်ချိုးဖြတ် ထိုမင်းမြတ်၏ သည်းပွတ်ဇာတိ မှန်လှဘိသည် သီရိရန္ဒဇ နှမတော်ရင်း ရုပ်ဆင်းပြင်လျာ မဟာဒေဝီ ကြည်ညီပြစ်ကင်း ကြော့ရှင်းညံ့နူး မင်းစောဦးနှင့် ထွန်းမြူးလျှံညိ ဘွဲ့ပါဠိမူ သီရိမဟာဓမ္မရာဇာ သမ္ဘာရောင်လက် ဘုံကြီးဆက်က နေစကြာရောင် ထွန်းပြောင်ဝှန်သည်း မြေကြီးကျည်းမှု ခမည်းတော့်ဘေး သောင်းကျေးခွန်သွင်း အလောင်းမင်းကို ကျွန်းတွင်းလွှံ့ကျော် ဖွားမြင်မြော်၍ တေဇော်လျှံညိ သီရိရန္ဒဇ ယုယမွေးမြင် ချစ်ခင်လေးမြတ် သည်းပွတ်သမီး ထွန်းညီးသိင်္ဂါ ဘွဲ့မည်သာသား မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာ စန္ဒာဒေဝီ မမှီဘက်ရှား ဘွားတော်ဘွားနှင့် တလွှားနိုင်ငံ ခွန်ဆက်ခံသည် ကျံကျံတည့်သာလေး မြှောက်စည်ကြွေး ။
  26. တဆဲ့တစည် ဆက်ရှည်ဝံသ သမတမှ လောကသုံးဆိုင် ဘုံခရိုင်၏ ဦးကိုင်သင်းကျစ် ငါးမာန်လှစ်သည် ဓမ္မရာဇ်ထွဋ်မှူး တောင်ဘိုးဦးက ချီကြူးစက်ရွှေ ဗျာဒိတ်ထွေဖြင့် သရေခေတ္တရာ မြစ်ကမ်းသာထက် ပေါက္ကာရာမ မြင်စိုင်းစသား ပင်းယစကိုင်း ဝိုက်သိုင်းရည်လျှံ မင်းဝံရွှေဝ ယင်းသည်မှလည်း ပြဘင်္ဂရာ နေကဖြာသည် နွှယ်ပါမပျက် မျိုးတော်ဆက်ကို ရွှေအက္ခရာ ဒီပါမြန်ခွင် ကပ်လုံးထင်အောင် စက်ပြင်တော်ရင်း ရွှေနားသွင်းမှ တိမ်ကင်းမြေမိုး ထိန့်ရိုက်ကြိုးမျှ တန်ခိုးကျွန်းလုံး ကြောက်ရွံ့ချုံးသား လက်ရုံးတော်ရောင် တောက်ထိန်လောင်သည် ကုန်းဘောင်ထွဋ်ထား လောင်းမင်းဖျားမှ သကြားနတ်နီး ဘေးတော်ကြီးဟု ဘုန်းမီးလျှံပတ် ဘေးတော်လက်က ဖြူဆွတ်ငွေတောင် သောက်ရှူးရောင်တို့ ထွန်းပြောင်ဝှန်ဝါ ရှု၏ပေါက်မ စက်အောက်ခသည် မမျှတုကင်း ဘေးတော်ရင်းမှ သောင်းတွင်းလွှံ့ကျော် ဘိုးဘုန်းမော်နှင့် တေဇော်ရိုက်ကျည်း ရန်မျိုးလည်းသား ခမည်းတော်မြတ် မန္ဓာတ်အတူ ဇမ္ဗူဘက်ရှဲ အောင်သည်ပွဲကို ခြီးဝှဲချီကြူး တင်ပါဦးအံ့ ငုံဘူးသမ္ဘာ မုံရင့်မာသည် ပွင့်လှာတည့်ဘုန်းမွှေး အပြန်သေး ။
  27. ရွှေဘုန်းဝရဇိန် ပစ်လွှတ်ချိန်လျက် ဝတိန်ဇေတု နန်းမှန်ပုနှင့် မေရုတောင့်တောင် တတိုက်ဘောင်ကို အခေါ်ဥက္ကဌ် စိုးအံ့မှတ်သည် တမွတ်ဘုန်းမှူး ရွှေနားမြူးလော့ ငါးဦးမြစ်ဆုံ မင်းဝံခုံထက် ရွှေဘုံအောင်ရိုက် ကိန်းခန်းလိုက်ဖြင့် အုတ်ကြိုက်ပြည်ထဲ ဘောက်လှဲတိမ်းပါး တိမ်သို့ယားသော် တရားနေမျိုး ဘိုးတော်ဘိုးလျှင် တန်ခိုးလွှံ့ကျော် ဘုန်းတော်နေလ သမတသို့ တေဇတောက်ထွန်း ကြငှါန်းမြောက်မြင့် ရွှေနန်းပွင့်လျက် ရှင်ပင့်ရိုက်ရာ သာသနာကို အဝါရောင်လည် စောင့်ဆောင်မည်ဟု ကြံရည်မဆိုင်း ဗိုလ်အားလှိုင်းလျက် တိုင်းပရန္တ မြတ်ဒေသထက် ဌာနရွှေဘို ရန်လုံးပြိုက မြင်းမိုရ်စိန်တိုင် တောင်မဏ္ဍိုင်သို့ ကြံ့ခိုင်တံ့စား ပဲကူးသားလည်း များပြားစစ်ခြေ မရေတွက်ကောင်း သောင်းသောင်းဖြိုးလှည့် မြေပြင်ပြည့်မျှ ပေါက်သည့်ပလ္လင် ဗောဓိခွင်ကို သံတင်ကြိုးလျက် မာန်နတ်ထွက်သို့ အုတ်ကျက်ကြော်ညံ ခြိမ့်မျှရံသည် အောင်လံတည့်ဖွေးဖွေး အောင်စည်ကြွေး ။
  28. အထပ်ထပ်သည် စည်းကြပ်ဝှန်ချောင်း အဲကန်ကောင်းလျှင် နှစ်သောင်းစစ်ခြေ လုံးရင်းထွေလျက် ဆူဝေကြော်ညံ ပိတ်မျှရံလည်း ခံ့ရွံမရှိ သိသိချိုးပစ် တိုက်လွှင့်လှစ်မှ သက္ကရာဇ်ကောဇာ ထောင်မှာတက်ပွါး ရာဆဲ့ငါးဝယ် ကျော်ကြားဝန်းလည် မြို့ကြီးတည်၍ ရောင်ခြည်ဝှန်ဝါ ပွင့်လင်းသာသား ရတနာသိင်္ဃ ပြည်မကုန်းဘောင် မော်ကွန်းထောင်က ပြောင်ပြောင်ထိန်ညီး တောက်သည့်မီးသို့ ဝှဲခြီးအရှိန် ဂုဏ္ဏအိန်လျှင် ဝတိန်မြင့်ဖျား သိကြားဣန္ဒာ ဒေဝရာကို သံဝါကြူးလျက် ဆူရာဘက်သို့ စွမ်းလက်ရုံးဆိုင် အားကိုးပြိုင်လည်း ရန်နိုင်ဘုန်းမီး ဘေးတော်ကြီးလျှင် ကျော်ခြီးထိန့်လည် လိုက်နည်ချင်းနွံ ချီလုပ်ကြံက မခံမြို့လုံး ထုံးသို့ကြေညက် တျင်းတျင်းပြတ်၍ လက်နက်ကြိယာ ဗိုလ်ပါမြင်းဆင် များဖျင်သုံ့ပန်း သိမ်းခဲ့မြန်းမှ ရွှေနန်းရင်ပြင် ဆက်သတင်သည် နှုန်းအင်တည့်ဆိုင်ရေး ပြိုင်မျိုးဝေး ။
  29. တန်ခိုးနေခြည် ရှိတိုင်းနည်၍ လှည့်လည်တသွန်း ရန်လုံးခန်းသော် ပတ်ဝန်းရည်လျှံ ရစ်ခြံရံသည် မင်းဝံပူရ မြို့အင်းဝဝယ် ကြိုးကြွဝှန်သည်း မြင်းမျည်းဖြီးတပ် ဗိုလ်ချင်းကြပ်မျှ တံ့ရပ်သောင်းသောင်း ညောင်းညောင်းလှိုက်ဝေ သင်္ချေအချိ ပျားသို့ဣလျက် ညိညိရူးရူး နတ်စစ်မှူးသို့ ပဲကူးသနင်း ဟံသာမင်း၏ ရဲတင်းမရွံ့ တည်တံ့ကိုယ်ခွဲ ကြော်သဲလှိုက်ထွန် ငွေခွန်ဝန်လည်း အားသွန်ကြုံးလွှား များပြားဝှန်ချောင်း ရပ်နေကြောင်းကို အလောင်းဘုရား သိကြားတမြှင့် ဘမင့်ဘေးတော် ကြားလှည့်သော်တည် တေဇော်ကြီးမြင့် ဘုန်းရောင်လွှင့်သည် ရှင်ပင့်ဘေးလတ် စောနေနတ်ကို ရှိန်ထွက်လက်ရုံး ရဲဆုံးတန်ခိုး မီးပေါက်မိုးဖြင့် ဖြိုးဖြိုးရွာစေ တိုက်လွှင့်ချေဟု စေကကြပ်ကြပ် နောက်တော်ကွပ်၍ လျှပ်တပြက်ချင်း ချိုးဖဲ့နင်းသော် တျင်းတျင်းအကုန် သုန်သုန်တသွန် ငွေခွန်ဝန်လည်း ကြောက်ဝှန်ပွါးလှိုင်း ရပ်မဆိုင်းသည် ပြိုင်ဆိုင်းတည့်မသွေး လွတ်ကြောင်းပြေး ။
  30. ရတနာမျက်ရှင် ခြယ်မွမ်းဆင်၍ ရောင်ရွှင်သိင်္ဂါ ဝိုးဝင်းဖြာလျက် သီဟာမုခ ပုံတောင်းဝသို့ လွလွကွန့်လှိုင်း ပုလဲဆိုင်းလည်း လည်တိုင်းလျှပ်ပြီး ရွှေရွဲသီးနှင့် ထွတ်ညီးတရာ ထီးဖြူကာ၍ စကြာရှေးရိုး လေးကျွန်းစိုးသား မြေမိုးလွှံ့ချင်း မန္ဓာတ်မင်းဝယ် သားရင်းရန်လှေ့ တန်ခိုးကြွေ့သည် အိမ်ရှေ့စိုးမှန် မြတ်ဘုန်းသန်သို့ နန်းရန်ပွင့်ငုံ ရွှေနားထုံလော့ အောင်ဘုံပူရ မြို့အင်းဝဝယ် တေဇခေါင်ထွတ် ဘေးတော်လတ်ကို လွှံ့ပတ်ဗိုလ်ထု ရုံးစုအုပ်ထွေ စံပယ်စေ၏ အကြေဌာန မြစ်ဆုံဝတွင် ယက္ခရန်ခူး နတ်စစ်မှူးသို့ ထူးထူးရည်ညွန့် ရွှန့်ရွှန့်ဖြတ်ခြွေ တွေ့တိုင်းချေမှ ဗိုလ်သေနတ်ဝန် တသွန်တန့်ရပ် ခန့်စည်းကြပ်လျက် လန့်ဖြပ်မရှိ အချိဝန်းလည် တပ်ကြီးတည်၍ ရဲစည်ရွမ်းသော် နေရသော်တိ အုတ်အော်ဝှန်သည်း ရေနှင့်ကြည်းကို မနည်းများစွာ တိုင်းဥဿာက ရာဇာဥပရာဇ် မာန်အားသစ်၍ ကြွေးဟစ်ရဲမက် စစ်ကြီးတက်သည် ပြည့်နှက်တည့်တပ်ထွေး ဗိုလ်ဖွေးဖွေး ။
  31. ဥပရာဇာ ဗိုလ်ပါသီးသီး လက်ရုံးတီး၍ မြစ်ကြီးခြိမ့်အုန်း ကုန်းလည်းခြိမ့်မွမ်း တင်းကျမ်းဝန်းလှည့် မြေပြင်ပြည့်မျှ ရောက်သည့်စစ်ခြေ လုံးရင်းထွေကို ရေလည်းမျက်လှည်း ကုန်းလည်းဖျက်ဖြုန်း မိုးသို့ချုန်းသား ရွှေဘုန်းဝရဇိန် ပစ်ချိန်ထစ်ကြိုး ဘိုးတော်ဘိုးနှင့် တန်ခိုးနေနတ် ရှင့်ဘေးလတ်တို့ တိုက်သတ်ချင်းဘောက် ကြားတိုင်းကြောက်လျက် အမြောက်မြတပူ မယူဝံ့ထွေ သေကြေမွန်းနစ် လှေတက်ပစ်၍ ဥပရာဇ်ရာဇာ တိုင်းဥဿာသို့ လျင်စွာမနှေး ထွက်ရှောင်ပြေးသော် ရှင့်ဘေးတော်က နရစောထီး ရွှေဘောင်ကြီးနှင့် ရိုက်ခြီးကျံကျံ နှိပ်နှံအဟို ရန်မျိုးပြိုက မြင်းမိုရ်တောင်ပိုင် သူရာနိုင်၍ ဆံအိုင်တီးဖြန်း ဆူမွှန်းပဉ္စင် ဝတိန်ဝင်သို့ မျက်ရှင်ရောင်လွ ဝင်းဝင်းပသား သိင်္ဃနန်းတည် ပြန်ခဲ့လည်သည် နှုန်းရည်တည့်ကွာဝေး လက်ရုံးရေး ။
  32. မြေမိုးသိမ့်မွှန် ထိန့်ရိုက်ဝှန်လျက် လက်အန်မချ ကြိုးကြိုးကြွတိ ခေတ္တသရေ မြို့အောင်မြေသို့ အကြေတိုင်းလုံး ကျုံးခဲ့ဗိုလ်ပါ ဥပရာလျှင် ရောက်လှာသွန်းသွန်း ကြည်းရေဝန်းဟု ဘက်ကျွန်းမမြင် သိုက်ဝင်ရင့်ညောင်း အလောင်းမြတ်ဖျား နားတော်ကြားသော် ဗိုလ်အားလုံးရင်း စစ်အင်တျင်း၍ မြစ်တွင်းလှိုက်ရောက် ကျိုက်ကျိုက်နောက်မှ ချီရောက်တိုက်လှည်း ရန်လုံးလည်းက အုပ်စည်းရုံးကာ ဥပရာလျှင် ဗိုလ်ပါခင်းကျင်း သံလျင်ကင်းဝယ် ရပ်တင်းကြော်ညံ ပိတ်မျှခံလည်း ပြည်ဆံတော်မြတ် ပူဇော်ညွတ်မှ စက္ကဝတ်မနော ရှေးမင်းစောသို့ အခေါဘဏီ ရန်ဘိထားရာ သံဝါကြူးမည် စူးစူးရည်လျက် မလည်မသုန် ချီခဲ့စုန်က ဂဠုန်တန်ခိုး နဂါးညှိုးသို့ ရေရိုးမြစ်ခွင် ခန့်ကြောက်ငြင်၍ မြို့ဟင်သာတိုင် တပ်လုံးရိုင်လျက် ဖြီးလှိုင်ဗိုလ်ခြေ စုန်ပြေးလေသော် အကြေဒဂုံ ရောက်လေတုံက စက်စုံချပြီး ရွမ်းစည်တီး၍ မြို့ကြီးကုန်းဘောင် ရန်မျိုးအောင်သို့ ဘုန်းရောင်နေခြည် ထွန်းခဲ့လည်သည် ဘယ်ပြည်တည့်ဆိုင်ရေး မရှိဝေး ။
  33. သပ်ပျှလျှင်လည်း ကျွန်းခွင်အလုံး ကျုံးမည်တန်ခိုး ရိပ်ဖြူမိုးလျက် နေရိုးပွင့်လျာ မှန်လှစွာသည် နရာလုထွတ် တမွတ်မှန်ကင်း ရွှေနားသွင်းလော့ တစင်းရွက်ကြာ ဖြန့်မိုးကာသား ဟံသာဝတီ မြို့ဌာနီကို ဝဇီရဇိန် ဘုန်းရှိန်လက်နက် သကြားစက်သို့ ဝက်ဝက်ချင်းနှံ တိုက်လုပ်ကြံအံ့ အောင်သံဝှန်သည်း ခမည်းတော်ဘေး ရိုက်ကြွေးလွှံ့ကြော် ချီပြန်သော်တည့် အုတ်အော်ပည်းဖျင် လုံးရင်းအင်နှင့် တိုင်းဟင်္သာမင်း တင်းတင်းမရွံ မြို့နှင့်ခံလည်း သံယံကြုးလျက် ပိတ်တိုင်းရှက်သော် ဘုန်းလက်စည်းသိ လှခေါင်ထိသည် နန်းကြီးညာဘွား ရင်သည်းကြားကို သနားတော်သာ ကိုးကွယ်ရာဟု ရှိကြာညွတ်ညောင်း ဆက်ပြီးရှောင်းမှ သောင်းသောင်းဗိုလ်ဆိုင် ကြိုး၍ပြိုင်လည်း လက်နိုင်တျင်းတျင်း ပဲကူးမင်းနှင့် မကြွင်းအကုန် သုန်သုန်သုံ့ပန်း တိုက်သိမ်းမြန်း၍ ကြငှန်းထွတ်ခေါင် ပြည်ကုန်းဘောင်သို့ ရန်အောင်ပီပီ ဆန်ခဲ့ချီသည် နတ်ပြီတည့်တပြေး နှုန်းကြတွေး ။
  34. တသောင်းရေမြေ ဆူဝေလှိုက်ထွန် ရိုက်ရိုက်ဝှန်မျှ နာဂသျှန်မည် ကသည်းပြည်သို့ အောင်စည်ရွမ်းဆော် ချီပြန်သော်တိ ဘုန်းတော်ကဲမြင့် တိုက်ဖျက်လွှင့်က ရဲရင့်ခံ့ခံ့ တည်တံ့မပြိုင် ဂနိုင်တောတောင် ချောက်မြောင်မြိုင်စေး လွတ်ကြောင်းပြေးမှ အရေးမွေ့သိမ် ရှိဦးနှိမ်၍ စည်းစိမ်မပျက် အသက်ခန္ဓာ ချမ်းသာမည်ကြောင်း ရောင်ကောင်းနတ်ဆင်း နှမရင်းကို ညွတ်ခင်းရွှေစက် ခိုလှုံဆက်သော် မြန်ချက်နန်းတည် ပြန်ခဲ့လည်၍ တိုင်းစည်ရပ်ခြား ယိုးဒယားကို အင်အားဗိုလ်ခြေ ချီလေလုံးရင်း ဂျွမ်းပြည်မင်းလည်း ညွတ်စင်းပဏ္ဏာ များမြောင်စွာနှင့် စကြာတော်ဦး ခိုဝင်ဘူးက စောမှူးခေါင်ဖျား တရားဘုန်းဝှန် ရွှေပြည်ပြန်တွင် ဝေယန်နန်းတည် တက်စံလည်သည် ရွှင်ကြည်တည့်ဘုန်းမွှေး မှတ်တော်ရေး ။
  35. ပဉ္စမာလိန် စောင်းဘန်ချိန်သား ဝတိန်ဇေယ နန်းဘုံမထက် တေဇကြီးဘိ ဘူပတိဝယ် ဘုန်းရှိဩရသ် သားတော်မြတ်သို့ တမွတ်ပငူ ရှစ်ဆူဝန်းလည် စူးစူးရည်လျက် ပွင့်မည်သမ္ဘာ မုံရင့်မာသည် စကြာမင်းကောင်း ရွှေနားညောင်းလော့ ကျော်သောင်းမြတ်ဖျား လောင်းထွတ်ထားလျှင် သကြားဣန္ဒာ နတ်ပမာသို့ သိင်္ဂါဘုံပျံ ရှစ်နှစ်စံမှ ကြော်ညံရိုက်ကြိုး ဘိုးတော်ဘိုးလျှင် ထက်မိုးနတ်ပြည် စည်းစိမ်တည်သော် ဘုန်းခြည်ရောင်တိ ဝင်းဝင်းညိသား သီရိပဝရ မဟာဓမ္မရာဇာ မည်တော်သာနှင့် အာဏာတေဇ ပေါက်ပြနေမီး ဘေးတော်ကြီးလျှင် လျှံညီးနိတုံ ရွှေဘုံနန်းပျံ မနောခံက အကြံချွတ်ယွင်း မာန်တင်းလွှားထောင် မင်းခေါင်နော်ရထာ ရန်မိစ္ဆာကို မကြာလွယ်ကူ အောင်ပွဲယူမှ တောင်ငူမည်သာ ဇေယျာဝဎ္ဍန တိုင်းဒေသကို ခွန်သစိုးပိုင် ဦးကိုင်သနင်း စံသည်မင်းအား လျင်ပြင်းတိုက်ချိုး ဘုန်းတန်ခိုးကြောင့် ညွတ်ကျိုးစက်အောက် သိမ်းခဲ့ရောက်သည် ပြိုင်ထောက်တည့်ရှာရွေး မရှိသေး ။
  36. ရွှေဘုန်းတန်ဆောင် တောက်ထိန်လောင်က ပြည်ထောင်ထီးစင်း အမင်းမင်းတို့ စက်ရင်းတော်စုံ ရှိပန်းရုံလျက် ရွှေဘုံရဝေ စံပယ်နေသော် သပြေတလျှောက် ကြားတိုင်းကြောက်လျက် မုန်သောက်မာတင် ဆင်ကျားရှင်လည်း တိုးဝင်စက်ရင်း ခညွတ်စင်းမှ စံခင်းဝေဆာ ဇေယျာပူရ သာလှမှိုင်းမို့ ဘုန်းပျို့မှန်ကူ တည်တော်မူ၍ ပြောထူဒါန နိက္ခလျှံမောင်း ကူကျောင်းဘုရား တည်ထားဌာဝရ ဝိုးဝင်းပသည် တရာ့ရှစ်ဖြာ စက်တော်ရာဝယ် သာသနာငါးထောင် တည်အောင်ရည်မှန်း ရွှေစောင်းတန်းကို ကြငှန်းခေါင်မြှောက် ပြီးကြောင်းဆောက်၍ ကျော်ချောက်မွမ်းမျှ လှူကျွေးချမှ ဒေဝပူရိန် ထက်ဝတိန်သို့ ရောင်ရှိန်လွှံ့ဝန်း ဘုန်းတော်ထွန်းသည် ဆူမွှန်းတည့်ရိုက်ကြွေး စံညိမ့်လေး ။
  37. အကြိမ်ကြိမ်လျှင် မညိမ်ရိုက်ထိန့် နိုးနန့်အိန့်လျက် နှစ်သိန့်လေးသောင်း ညောင်းညောင်းကြော်ညာ ဆင်ကုန်းဝါသို့ မဏ္ဍလာမြေ လှုပ်ရှားစေလျက် ပရမေကြငှန်း ကြာတိုက်ခန်းက ဘုန်းပန်းလှိုင်ကြူ ပွင့်တော်မူသည် မှန်ကူသင်းကျစ် ရွှေနားသစ်လော့ ပယ်လှစ်ရန်မီး ဘေးတော်ကြီးလျှင် ထွန်းညီးရောင်ဟုံ ကိုးမျက်စုံသား ရွှေဘုံလျှံလန်း သုံးနှစ်မြန်း၍ နတ်နန်းဝေယန် ပြောင်းကြွပြန်က ဆဒ္ဒန်ပြောင်ကျော် ဆင်တော်သခင် သောင်းခွင်ခွန်ဆွတ် ဘေးတော်လတ်သည် ပြသာဒ်ဥကင် ဘွင့်စံရွှင်က တိုင်းခွင်ပြောကျယ် ပြည်ဇင်းမယ်ကို အလွယ်တကူ စက်အောင်ယူမှ မှောက်မြှူမိစ္ဆာ သစ္စာဘောက်ယွင်း မျည်းတဲမင်းအား လျင်ပြင်းသိမ်းချေ စက်ရွှေလျှံညိ မိန့်တော်ရှိက မဏိပူရ ဌာနတိုင်းလုံး သိမ်းယူကျုံးပြီး မြစ်လက်ရုံးကာ ပွင့်လင်းသာသား ရတနာပူရ မြို့အင်းဝကို ဒီပမှန်ကူ တည်တော်မူ၍ ဇမ္ဗူပေါက်ပြန့် ရွှေစက်ဖြန့်၍ သောင်းခန်းခွန်ခံ စိုးမိုးစံမှ နိုင်ငံပိုက်သိုင်း ဂျွမ်းရပ်တိုင်းသို့ ဝှန်လှိုင်းအုပ်ထွေ ချီပြန်စေက ရေမကြည်ခင် တိုင်နှင်လျင်လျား ထွားထွားကြေပျက် အောင်ပွဲဆက်သည် နှုန်းဘက်တည့်ရှာရွေး စံလွတ်ဝေး ။
  38. လွတ်စံနှုန်းတူ ဝံ့မပြူသား ကြီးထူဘုန်းတန်း နတ်ကြငှန်းသို့ ရွှေနန်းဘုံပြင် စံပယ်ရွှင်သော် တိုင်းခွင်ကျယ်ညား ဥတည်ဘွားက များပြားစစ်ခြေ နှစ်ဘန်စေလည်း ပျက်ကြေထောင်းထောင်း ချောင်းမြောင်းတောတောင် သူကောင်သင်္ချေ ဖြီးထွေပြောဝှန် တိုက်ဖျက်လှန်၏ စန္ဒပူရီ ကြန်ညီမာတင် တသန်းရှင်လည်း တိုးဝင်စက်တော် နန်းထက်မြော်သား မနော်နတ်သွေး သမီးထွေးကို ညွတ်ကွေးရှိလျက် သလှာဆက်မှ ထွတ်ချက်ဘုန်းလျှံ စံပယ်စံလျက် မိုးယံတိမ်ရပ် ထိမှူးစပ်မျှ လေးထပ်ဘုံကျော် ကျောင်းတော်ပုံယင် များဖျင်အဟို ကုသိုလ်ကောင်းမှု ခြီးမြှင့်ပြုမှ မေရုမြင့်မား တောင်တော်ဖျားထက် သိကြားရွှေပြည် စည်းစိမ်တည်သည် ရွှင်ကြည်တည့်ချိုလေး နာစိစ္စေး ။
  39. စတုရန္တ လေးဒီပနှင့် ဒေဝစံတည် နတ်နှစ်ပြည်ကို ဘုန်းခြည်ရောင်လွင့် စိုးမိုးတင့်သည် မင်းမင့်မှန်ပု မန္ဓာတုဝယ် ကြီးထုဩရသ် သားတော်မြတ်သို့ ဝှန်ပတ်အလွှံ့ သောင်းလုံးပျံ့သည် ပွင့်အံ့နန်းညွန့် ရွှေနားကွန့်လော့ တောင်ကွန့်ဇနိန် ဘေးဘုန်းရှိန်လျှင် ဒေဝိန်နှုန်းဘွဲ့ ဘုန်းတော်ခြဲ့၍ တဆဲ့နှနှစ် စိုးပြီးလစ်သော် ကသစ်ဘုံပျံ တက်သိမ်းစံက မင်းဝံသာထွေ နန်းရဝေထက် ညာကြေရိုက်ကြွေး ရှိပန်းဖွေးသား ကျေးသပြေမှူး စောရွယ်လူးသည် ရန်ငူးဧကရာဇ် ရိပ်ဖြူလှစ်၍ သင်းကျစ်တံဆိပ် ခတ်နှိပ်သိင်္ဂါ ဆန်းဂိုဏ်းသာသား မဟာဓမ္မရာဇာဓိရာဇာ ဘမင်းရာကို အချာပဝရ စိုးပြီးမှလျှင် လောကသရဘူ ထွတ်ဘုန်းလူကို ဇမ္ဗူရည်ရှင် ရွှေထီးတင်၍ မိုးခွင်ထက်ရပ် ထိမှူးစပ်မျှ ငါးထပ်လျှံမောင်း စံရွှေကျောင်းလည်း နောက်နှောင်းရှည်ကြာ တည်ရာဖြိုးမောက် မျက်ရှုဆောက်သည် ကျော်ချောက်တည့်နီးဝေး သာဓုကြွေး ။
  40. မင်္ဂလာရွှေဘုံ နိတုံလျှံညီး ရွှေကျောင်းကြီးကို ရိုက်ခြီးပဉ္စင် သဘင်ကြွေးကြော် လှူစည်ဆော်၍ စံပေါ်နာဒ သိင်္ဂဘုံခွင် ခြောက်နှစ်ရွှင်မှ ရေပြင်မွမ်းညိတ် မြစ်လုံးတိတ်မျှ နိမိတ်သိုက်လာ ညီစွာအမှန် ညာရပ်ဆန်တွင် ရေဝှန်မြင့်ရာ နန်းဘုံသာကို ဇေယပူရ ဌာနဝေမှိုင်း စကိုင်းတောင်တည် ဘေးဘုန်းစည်၏ သွေးရည်ဩရသ် ရက်ပေါင်းသတ်လျှင် ပြသာဒ်နန်းမြင့် ဥကင်ဘွင့်မှ ဖြန့်လွှင့်ရိပ်ဖြူ ဗိုလ်လူငြိမ့်မွမ်း မင်းခမ်းဆောင်ယောင် များမြောင်ဝန်းရံ မနောခံလျက် ဘုန်းကံဆော်နှိုး စံပယ်စိုးသည် နန်းရိုးတည့်စည်ရှေး ဆက်မဝေး ။
  41. သတ္တရတနာ ဗိုလ်ပေါင်းပါလျက် စကြာရှေ့တည် လေးကျွန်းလည်သား ဘုန်းခြည်လျှံဖြာ စောနရာဝယ် သမ္ဘာရင့်မုံ ပျံ့ပျံ့ထုံ၍ ရွှေဘုံနန်းခင်း အိမ်ရှေ့နှင်းသည် သားရင်းထွတ်ခေါင် ညီများနောင်သို့ ရွှေတောင်ညာငူ ကျွန်းဇမ္ဗူထက် ရှစ်ဆူဖြန့်လွှင့် ဝှဲဝှဲတင့်လျက် မင်းမင့်မှန်ပု ခွန်သစုသည် သမုတိလောင်း ရွှေနားညောင်းလော့ သောင်းသောင်းချီမျှ ဝိဝဋ္ဋသည် ဖြစ်စကမ္ဘာ ပေါ်ဦးခါက မှောင်လွှာပိတ်ဘုံး လူနှလုံးကို ရွှင်ပြုံးစေအောင် နေတန်ဆောင်နှင့် လရောင်ငွေစက် ပေါ်ထွန်းထွက်သို့ ဘုန်းကြက်သရေ ဖြိုးဖြိုးဝေလျက် ပရမေမှန်ကင်း ဘေးတော်ရင်းလျှင် တောင်မင်းဝံခုံ အောင်ဘုံဌာန နန်းသိင်္ဂဝယ် ဘောမဇရာ ဘဝါဧက ကောဇအတွင်း သန်မိုးကြွင်းနှင့် ငွေနှင်းပုလဲ ဖြော်ဖြော်ကြဲသား ပေါလဲပွင့်ငုံ ရာသီကုံတွင် စက်စုံရောင်ရွှန်း တောက်ပြောင်ထွန်းသည် ကျွန်းကျွန်းတည့်ခွန်ပေး မန္ဓာတ်ထွေး ။
  42. တန်ခိုးစက်ရောင် ညီးညီးပြောင်လျက် အခေါင်စံမြောက် ထွတ်တိုင်ရောက်သော် ရွှေမှောက်လူဖျား စောတရားကား သိကြားပြညွန်း မြေဦးစွန်းထက် ရိုက်မွှန်းညာကြေ ဆူဝေပေါက်ပြ အမရကို ကာလမရှည် ပြီးကြောင်းတည်၍ မြန့်ပြည်ထိန့်နန့် ရွှေစက်ဖြန့်မှ ပတ်ပြန့်ခေါင်ထိ မုဒ္ဓါဘိကို ကျွန်းကြီးမှန်ကူ ခံတော်မူ၍ ဇမ္ဗူရစ်ရောင် ထွန်းပြောင်ထိန်ဝါ မျက်မြွာလျှံညိ လျှို့ဦးချိသား သီရိပဝရ ဝိဇယာနန္တ ယသတရိဘဝနာ တိတျာဓိပတိ ပဏ္ဍိတမဟာ ဓမ္မရာဇာဓိရာဇာ မည်တော်သာနှင့် ဩဘာနက်တံ တံဆိပ်ခံသည် ဘုန်းလျှံတည့်ရှိန်ပြေး ရှင်ပင့်ဘေး ။
  43. ဇမ္ဗူဒီပါ လက်ယာသောင်းတိုက် ညောင်းညောင်းရိုက်မျှ မကိုဋ်ဘုန်းတန်း နှုန်းနှန်းဘက်ကွာ အာဏာတော်စက် အောက်ထက်သံအိန့် ရိုက်ထိန့်သပြေ ဆူဝေလွှံ့ပတ် ဘိုးတော်မြတ်နှင့် တောင်ထွတ်မြင့်ချာ ဝတိန်သာက သူဇာနှိုင်းလျော် ရှင့်ဘွားတော်ကို ဇမ္ဗော်နဒ နိက္ခလှုံဖြာ နန်းဘုံသာထက် တရားမင်းလယ် ရှစ်ဆွယ်ဖြူလွင့် ဝှဲဝှဲဘွင့်၍ မြတ်မြင့်ပရမေ စိုးရစ်စေဟု ဝှန်ဝေရိုက်ချောင်း ဘေးဘုန်းပေါင်းလျှင် ကျော်သောင်းသတင်း အိမ်ရှေ့နှင်းက ကျွန်းတွင်းအဟို ဘုန်းရိပ်ခိုသည် လူဗိုလ်တည့်ညွတ်ကွေး ရှိပန်းဖွေး ။
  44. သီရိမဟာ ဓမ္မတိဇယျ သီဟသူရ ဝင်းဝင်းပသား အက္ခရထွန်းငြိ ဆန်းဂိုဏ်းညိလျက် သီရိတိလောကမဟာ ဘဒ္ဒါသုရတနာဒေဝီ မျက်မြွာစီသား နာရနီရောင်လက် ဘွဲ့တော်ဆက်၍ နှုန်းဉာဏ်မမြော် ဘိုးစောကျော်နှင့် ဘွားတော်ဘုရား နေသလားသို့ သိကြားသူဇာ ရွှေညီလာဖြင့် မင်္ဂလာရိပ်ငြိမ် ရွှေအိမ်ဘုံပျံ နတ်နှယ်စံသော် နိုင်ငံအပေါင်း ညွတ်ညောင်းရှိကြာ ဆင်ရွက်လှာသည် မဟာဝိဟိက တိုင်းမှအလုံး ပတ်ကုံးရှိမျှ ပျပ်ဝပ်ခသား ဓညဝတီ ဌာနီပူရ ဖြူဝန်းပသည် သမတရာဇာ စကြာစုံမှူး ရှိဦးမကျို့ ရခိုင်မြို့ကို ထုံးသို့ညက်ကြေ ဖျက်သိမ်းချေဟု သပြေစိုးမြန်း လားကြငှန်းလျှင် ဆူမွှန်းရိုက်ချောင်း ဘိုးဘုန်းပေါင်းတို့ လျင်ကြောင်းချီခွင့် ရွှေခွန်းဖွင့်သည် သောင်းချင့်တည့်နယ်ကျေး ထိန့်ထိန့်ကြွေး ။
  45. ရွှေခွန်းထိပ်ပေါ် ဆင်ပြီးသော်တိ မမြော်တုကင်း စွယ်ထင်းထင်းနှင့် ရန်တင်းအဟို သောင်းသောင်းပြုိသည် ကုက္ကိုချောင်းမည် ဇာမည်မာတင် ရဲဘက်ဆင်ထက် ဘိုးရှင်ဘုန်းမြင့် စက်ပန်းပွင့်သော် မြေပြင့်အထု ပြိုလုဘနန်း ရိုက်မွှန်းဗိုလ်တိ မွမ်းမွမ်းချိ၏ သီရိမဟာဓမ္မရာဇာ စွမ်းတေဇာနှင့် ပွင့်လျာပျောင်းပျော့ နတ်မလျော့သည် မယ်တော့်ခမည်း ကျော်သည်းမြန်ချာ ရုပ်ဝါပျိုနု စကုခွန်ဆွတ် ဘိုးတော်မြတ်မူ ခဲတတ်ရန်လုံး အကုံကျုံးအံ့ စုရုံးဗိုလ်ပါ များစွာမြင်းဆင် ခြိမ့်မျှပင်တိ သုခွင်ရန်မျိုး တိုက်ဖျက်ချိုးအံ့ သတိုးဓမ္မရာဇာ မည်သာထင်ပြ မြို့ကာမကို ပိုင်သစိုးမှူး ရွယ်လူးကျိုင်းထွား ညီတော်များလည်း အင်အားစစ်ခြေ ညိတ်ညိတ်ထွေသား မြောက်လေပြန်တုန်း တန်ဆောင်မုန်းသည် နှိုင်းနှုန်းမမြင် ရက်သန့်စင်ဝယ် မြတ်မင်္ဂလာ နှုတ်ဩာဘာနှင့် ဗြဟ္မာအောင်ပန်း ဘိသိက်ဖြန်းလျက် ကြငှန်းထွတ်ချက် ချီခဲ့ထွက်သည် သာမြွက်တည့်သံလေး ကောင်းခြီးပေး ။
  46. ခါသင့်ချိန်ဘုန်း ရိုက်ရိုက်ချုန်းသား ရွှေဘုန်းနေဝါ တောက်ထိန်ဖြာလျက် ရာကြီးစည်ကြီး ကျိန်းမသီးသည် လှည်းစီးတတ်စေ သိုက်အနေနှင့် ပဝေသနီ မော်ကွန်းစီသည် ဝတီလေးဝ မြို့ဒေသသို့ ခြိမ့်မျှကြည်းရေ ဖြီးထွေလွှံ့ကျော် ရဲတင်းဆော်၍ ဘိုးတော်ထွတ်ထား ချီသွားရောက်လျှင် ကောင်းကင်မှိုင်းမိုက် အုတ်ကျိုက်ကျက်ကျက် တိုက်ဖျက်ဆင်နှင်း မြောက်ဦးမင်းမြူ မြင်းလည်းမွမ်းဖျင် ဆင်လည်းထောင်လောက် စွယ်လုံးခေါက်လျက် အမြောက်မြတပူ ဗိုလ်လူကောဋိ မိုးသို့ပိမျှ အချိများမြောင် လွှားထောင်ကွန့်ရစ် ဂစ္ဆပနဒီ မြစ်သီတာဆုံ ကမ်းခုံမော်ဆိပ် သိပ်သိပ်တံ့ရပ် ခံသည်တပ်ကို ရွပ်ရွပ်ချွံချွံ နှိပ်နှံအပြင်း ဘောက်ချိုးနှင်းက မင်းနှင့်ပြည်ထောင် ကုံအောင်မြုိ့လုံး ယူကျုံးမြိုးနက် ရဲမက်ရွှင်လန်း သုံ့ပန်းလက်ရ သုံးမြို့ပြနှင့် ဓညဝတီ ဌာနီပြောကျယ် ကျွန်းလေးဆယ်ကို ဘုန်းကြွယ်ထွတ်ခေါင် တိုက်ဖျက်အောင်သည် စာစောင်တည့်ရွှေရေး တပ်လုံးမွှေး ။
  47. လက်ရုံးဝရဇိန် နတ်စက်ရှိန်သို့ ပစ်ချိန်ထွင်းဘောက် ရန်လုံးပျောက်က ရောင်ခြောက်သွယ်လု သယမ္ဘုဟု ဖြီးထုတေဇာ တိုင်းမဲ့ဖြာသား မဟာမုနိ ထွတ်ခေါင်ထိကို ဦးရှိရိုသေ နန်းမြေဌာနီ ပင့်ခဲ့ချီသော် သရဘီအင်ကြင်း ကြိုင်သင်းပန်းမှန် တင့်မျိုးလွန်သား ဆောင်းစွန်နွေလု ရတုသာခေါင် လများနောင်ဝယ် နတ်ဘောင်နန်းရည် တောင်မြစ်လည်သည် ရွှေပြည်အမရ မြို့သိင်္ဂသို့ နရပရမေ ရောက်တုံလေ၍ ကုဋေမက များစွမြင်းဆင် ရွှေစင်ငွေစိုင် ဖြိုးလှိုင်လူဗိုလ် အဟိုသိန်းနက် အရှက်ရှက်တိ သုံ့လက်ရချည်း ကျော်သည်းသောင်းတွင်း ရခိုင်မင်းကို နှုန်းခင်းရင်ပြင် ဆက်သာတင်က ကြည်လင်ဆပွါး ဘိုးမင်းဖျားကို များပြားဆင်မြင်း လျှံဝင်းနိတုံ ဝတ်လုံထိန်ဝါ သိင်္ဂါရောင်ချော ရွှေဝေါမင်းစီး တောက်ထိန်ညီးကို ဘုန်းမီးတန်ဆောင် ဘေးထွတ်ခေါင်သည် များမြောင်တည့်ခြီးကြွေး ရဲဆုပေး ။
  48. ကမ္ဘာမြေကြီး ဝှဲခြီးရောရက် အိုးထိန်းစက်နှင့် ပုခက်ဧယင် လွှဲသည်သွင်သို့ ငလျင်ဘန်များ လှုပ်ချောက်ချားလျက် ပတ္တမြားကူဝ ကြူးသံပသည် သီဟရန်လှေ့ သားမင်းနေ့တွင် လောက်လွေ့ဘုန်းတန်း ကြာတိုက်ခန်းက ကြငှန်းစိုးတင့် ကြည်မောပွင့်လျက် ဘုံမြင့်ဇမ္ဗူ ရှစ်ဆူကနက် ဖြူဝန်းကျက်သည် နန်းဆက်သိုက်ဝင် ရွှေနားတင်လော့ ရေပင်လယ်မြစ် လှည့်ရစ်ပြောကျယ် ဓဝယ်တိုင်းစည် ဝန်းလည်ပတ်ကုံး အကုန်ကျုံးလျက် ဗိုလ်လုံးမြင်းဆင် စစ်အင်လေးဖြာ ကိရိယာလက်နက် ပြည့်နှက်ဖြိုးမျှ ရုဒ္ဓယဟု တိုင်းမကျယ်စွာ မော်ကွန်းဖြာသား ဒွါရာဝတီ ဌာနီပိုင်နင်း ဂျွမ်းပြည်မင်းလျှင် တောင်မြင်းမိုရ်ရံ ရွှင်မြူးစံသည် သူဇံပတိ ရဲအားဘိလျက် အချိထိန့်နန့် လက်ရုံးဆန့်၍ ခြောက်သန့်သုံးကုဋေ နတ်ဗိုလ်ခြေနှင့် လာစေဝှန်ဖြိုး တိုက်ဖျက်ချိုးအံ့ တန်ခိုးပြကာ ရဲတင်းသာသည် ကြော်ညာတည့်သံလေး လွှံ့ရိုက်ကြွေး ။
  49. အထပ်ထပ်လျှင် အုပ်ကွပ်လုံးရင်း မြေဟိမ်းတင်းမျှ ဂျွမ်းမင်းကိုယ်တိုင် စစ်ကြီးပြိုင်အံ့ ခံ့ခိုင်တံ့စား ခံကြောင်းလျားကို ထွတ်ဖျားဘေးတော် ကြားလေသော်တိ တေဇော်ရိုက်ကြိုး ရန်မျိုးပယ်လှစ် နန်းလျာသစ်သည် ဥပရာဇ်ဘုန်းမီး ဘိုးတော်ကြီးကို ရစ်ဆီးသမုဒ် ပတ်ဝုတ်ရှက်သွယ် မြို့ဓဝယ်သို့ ရန်သွယ်မကျန် မှောက်လှန်ညက်ကြေ တိုက်သိမ်းချေဟု စက်ရွှေလျှံညိ မိန့်တော်ရှိက သီရိခေတ္တ ပြည်မသနင်း ဘိုးတော်မင်းနှင့် လုံးရင်းအုပ်ထွေ ကြည်းရေတညိတ် ထိတ်ထိတ်ကြော်ငြာ လှိုင်းရက်ဖြာ၍ သီတာဝန်းလှည့် ကမ်းရေပြည့်သား သို့သည့်ခါရက် မြစ်လုံးစက်မျှ ပြိုးပြက်လျှံရောင် စံရွှေဘောင်နှင့် အခေါင်နရ မွမ်းမျှတသုန် ချီခဲ့စုန်သည် ကြောက်တုန်တည့်ရန်လှေး ဖိမ့်ဖိမ့်တွေး ။
  50. ရှစ်သောင်းလေးထောင် သီခေါင်အနက် ကူးခတ်မလွယ် အံ့ဖွယ်ရှစ်ပါး သွယ်ဝန်းလျားသား ကမ်းနားမမြင် လှိုင်းဘောင်ဘင်ကို စက်ရှင်နေနှုန်း ဘိုးတော်ဘုန်းနှင့် ချိန်ဆုန်းအောင်ရက် ချီခဲ့ထွက်၍ မှာဘက်ကမ်းရပ် ကူးမြောက်ခပ်က ကြည်းတပ်ဗိုလ်ပေါင်း ရိုက်ချောင်းဦးစီ အရောက်ညီသော် မဟီတလ ဘူမမြေဆုံး ကျုံး၍လာစေ ဂျွမ်းစစ်ခြေလည်း မထေတဲ့စား ရဲရည်အားနှင့် ယိုးဒယားမင်း တင်းတင်းကြော်ညံ သောင်းသောင်းစံက နှိပ်လွှံဘောင်ဘောင် ရန်မှောင်ခပင်း မကြွင်းအကုန် သုန်သုန်ချိုးဖျက် ဝက်ဝက်လှစ်ထွင်း ချင်းနှင်းတိုက်လွှင့် ဖြူရိပ်ဘွင့်သား ဂျွမ်းမင့်ကိုယ်တိုင် ယိုင်ယိုင်သဲသဲ ပြေးလွှဲထောင်းထောင်း မြူမှုန့်ချောင်းမျှ မြစ်ကြောင်းကြည်းရေ သေသည်အကောင် တောတောင်တင်းကျမ်း သွေးတိမွမ်းလျက် နှိုင်းတမ်းတမျှ သဟဠှဝယ် ဒုဌဂါမနိ မင်းကြီးလက်ထက် ကျည်းသူပျက်ကို တိုက်ဖျက်သည့်သွင် ဘိုးထွတ်တင်၏ အောင်မြင်ပွဲကြီး အံ့မပြီးသည် ဝှဲခြီးတည့်ဆံလေး ပြောရာရေး ။
  51. မြစ်မင်းပင်လယ် ပတ်ခြံသွယ်သား ဓဝယ်တိုင်းလုံး သိမ်းရုံးမကျန် ခန့်ဘေးရန်မှ ဗိမာန်နန်းတည် ချီခဲ့လည်သော် လေပြည်မြောက်ခို နှင်းညွန့်စိုသည် ပြာသိုရာသီ နွယ်နီပွင့်ဆဲ ပြင်ဖြူသဲထက် ငှက်ပွဲသံညောင်း သောင်းသောင်းကြွေးရင့် ပြည်နန်းပွင့်သို့ ဘမင့်ခမည်း ဝှန်သည်းလွှံ့ကျော် ဘိုးတော်ဥပရာဇ် ရောက်တုံလစ်က ကသစ်ဥကင် သိကြားသွင်တိ သဘင်နန်းသာ ရွှေညီလာဝယ် ကိရိယာလက်နက် ပြည့်နှက်ရွှေငွေ ထွေထွေများဖျင် ဆက်သတင်က မြေပြင်မိုးအောက် တလျှောက်တိုင်းကား ဘယ်မင်းဖျား၏ ဖြန့်လွှားရိပ်ဖြူ ဇမ္ဗူစိုးတင့် နန်းညွန့်ပွင့်သည် ရဲရင့်တည်ကြည် လက်ရုံးရည်နှင့် တပြည်ပိုင်နင်း သို့သည်မင်းကို တျင်းတျင်းအကုန် သုန်သုန်တိုက်ခူး နိုင်ဘူးသည့်ရေး မကြားသေးဟု ခြီးကြွေးခြီးပ အံ့ပြီးမှလျှင် မုန်ဝပြောင်လင် မျက်ရှင်မင်းဝတ် တုလွတ်ပုဆိုး ရောင်ဖြိုးကွမ်းခွက် ဘေးဘုန်းတက်လျှင် ရဲဘက်မဲ့လျှင်း ရဲဆုနှင်းသည် ရဲချင်းတည့်ဆိုင်ရေး ပြိုင်မျိုးဝေး ။
  52. တရာထီးဝင်း အမင်းမင်းတို့ စက်ရင်းကျိုးနွံ ကျွန်ရိုးခံသား မင်းဝံဘူမိ နန်းဇာတိထက် ထွန်းညိတေဇ သုဇေယျဖြင့် ဒေဝနရိန် ဇေသိန်က အသမ္ဘိန်ရိုး ကြီးတန်ခိုးနှင့် နေမျိုးရှက်နွှယ် မောက်ဖြိုးကယ်လျက် ရှစ်သွယ်ဖြူလွင့် ဝှဲဝှဲဘွင့်သား ဆင်မင့်သခင် ကျွန်းကျွန်းရှင်၏ ရွှေရင်တော်နှစ် သားချစ်ဩရသ် နန်းဘုံမြတ်တွင် နာဂတ်နောင်လာ စိုးထိုက်ရာသည် နန်းလျာငုံဘူး နာတုံဦးလော့ မြင့်ဖြူးဗဟိုရ် တောင်မြင်းမိုရ်ထက် ခြီးဆိုမခန်း နတ်ကြငှန်းသို့ ဘုန်းတန်းနေလ ထွန်းမြူးပသည် ဘုရားဘေးတော် နုဘော်တေဇ ပေါက်ပြရိုက်မွှန်း သီဟိုဠ်ကျွန်းက ဆက်ညွှန်းမကျန် သနားရန်ဟု ဂန္ဓာလတိုင်း ခွန်နှိုင်းပိုင်နင်း ဥတည်မင်းလည်း မြေးရင်းသုံးဘော် နန်းထက်မြော်ကို ကော်ရော်ညွတ်ခ ဆက်လှာသသည် ဒီပတည့်နီးဝေး ဘုန်းရှိန်ပြေး ။
  53. ဘုန်းရိန္ဒမာ စကြာရဟတ် လွှံ့ပတ်ဝိုက်သိုင်း အတိုင်းတိုင်းကို ရောင်လှိုင်းပေါက်ပြ လွှတိုင်းရက ဌာနရပ်သီး တစင်းထီးနှင့် တိုင်းကြီးသိညီ ဝေသာလီဟု လိစ္ဆဝီနွှယ် နန်းလယ်စံစား ဖြူရိပ်ဖွားသည် ခြောက်ပါးပြစ်လွတ် လေးယောက်နတ်ကို မန္ဓာတ်နှုန်းနှန်း ကြီးဘုန်းတန်းနှင့် ထွတ်စွန်းခေါင်ချာ စက်တော်သာသို့ ပဏ္ဏာတော်ထူး ဆက်လှာဘူး၏ ရှည်ကြူးဝေလံ ကျော်ပုဂံနှင့် အာသံရာဇ မင်းတို့မှလည်း ညွတ်ခဦးတင် ခိုဝင်ဝပ်တွား သနားတော်သာ ဆက်လှာပုံဖြီး အသီးသီးတိ မြစ်ကြီးဘီလာ သမုတ်ကာသည် ဗာရာဏသီ ဌာနီရပ်စည် မင်းကသည်လည်း ရွှင်ကြည်စက်အောက် ဆက်ရောက်ညွတ်ရုံး ကျွန်းလုံးခွင်ကြွေ့ ဘေးဘုန်းဟေ့ကို စုံစေ့ရာထောင် များမြောင်ဘွင့်လှစ် နှုတ်ပွါးသစ်၍ ကျွန့်ဖြစ်ပြီးတိုင် ခြီးပပိုင်သည် ပျံ့လှိုင်တည့်တင်ရေး များလှသေး ။
  54. သမန္တစက္ခု သဗ္ဗညုဟု သုံးလုထိပ်ပန် ပဉ္စမာန်ကို ဖျက်လှန်မုနိန် ပွင့်အံချိန်သည် အာတိန္ဒကျီး ဘေးတော်ကြီး၏ ပွါးစီးကုသိုလ် ရေဆိုမနိုင် ဖြီးလှိုင်ကန်ချောင်း တန်ဆောင်းစရပ် မလပ်ကျောင်းကူ ဆူဆူစေတီ သရီရမြတ် မွေဓါတ်ဓာတု ဆင်းတုပုထိုး စိုက်ပြိုးဒါန ဌာဝရတည့် သိင်္ဂလျှံညိ ဗောဓိရွှေညောင် ယခေါင်မင်းပေါင်း မဖြစ်ထောင်းသည် ခေါင်းလောင်းခေါင်ထွတ် ရောင်လွှတ်ခြောက်ဖြာ စန္ဒာမုနိ သံဇာတိကို ကျွန်းကြီးမှန်ပု ပြုစုကဲမြင့် ခြီးမြှောက်မြှင့်မှ သုံးခွင့်သင်းကျစ် ရှင်ချစ်ရုပ်ဟန် သရက္ခန်စစ် များနှစ်သာသနာ ရှည်ညောင်းကြာသား မြစ်ညာလယ်ကြော သီဟတောဝယ် ရွှေ့လျောတောင်ထွတ် တိမ်းညွတ်မတည် ရှိလှည့်သည်ကို အရှည်မြင့်ထွေ ခိုင်ခံ့စေဟု ဗိုလ်ခြေခပင်း များလုံးရင်းနှင့် သနင်းစောထီး ဆည်တားပြီးသော် မြို့ကြီးအမရ သိင်္ဂဘုံတည် ဖြန့်ခဲ့လည်မှ ထက်ပြည်နတ်နန်း တက်စံမြန်းသည် သောင်းခန်းတည့်ဝှန်ပြေး ကျွန်းလုံးကြွေး ။
  55. လေးကျွန်းဦးရွက် ခွန်တော်ဆက်သား စကြဝတေး ရိုက်ကြွေးဝှဲခြီး ထွတ်မင်းထီးဝယ် သားကြီးမြတ်စွာ ရတနာကို တရာရွှေပြည် စူးစူးရည်သို့ ဘုန်းခြည်ရောင်သွေ့ ဖန်ခိုးကြွေ့သား အိမ်ရှေ့စိုးမှန် ညွန့်ဖြိုးသန်သည် နန်းရန်တို့ထိပ် ရွှေနားစိပ်လော့ မာန်နှိပ်ခေါင်ဖျား ဘုရားသကျ သီဝိန္ဒဟု သုံးဝဘုံတွင်း သနင်းမှန်ကူ ဆုကြီးယူသား ဇမ္ဗူလွှတ်ညောင်း ဘေးဘုန်းပေါင်းလျှင် လျှံမောင်းနိတုံ မျက်စုံရောင်နွှယ် ရွှေနန်းလယ်ထက် သုံးဆယ်ရှစ်နှစ် စည်းစိမ်ပစ်သော် အစ်နှင့်အဌာ ဘဝါဧက ကြယ်ဇေဌနှင့် ငွေလနန်းယုန် ရန်မမှုန်သည် မေဓုန်ခါမှီ ရာသီဆန်းတက် ဆဲ့သုံးရက်တွင် ထွတ်ချက်ပရမေ သပြေဝှန်သည်း တုန်လှုပ်ကြည်းမှု ခမည်းတော်မြတ် လေးကျွန်းပတ်သား မန္ဓာတ်နှုန်းဆောင် ဘုန်းစက်ရောင်ဖြင့် ရွှေတောင်ရွှေနန်း တက်စံမြန်းက တိုင်းခန်းရှင်လူ ဆုကြီးယူလျက် ဆာပူခပ်သိမ်း ချမ်းသာငြိမ်း၍ မုဒိန်းဒန္တ မြူမျှစွန်းညို့ မသမ်းမို့သည် အောင်မျှို့တည့်ခြီးကြွေး ကောင်းခြီးပေး ။
  56. တဝင်းဝင်းလျှင် ထွန်းလင်းရောင်လက် ရွှေနန်းတက်က ဘဝဂ်ကြားကျော် ကောင်းမှုတော်ကား ခြောက်ဖော်ရောင်စု သဗ္ဗညုကို ဘူးရှုမညောင်း နောက်တောင်စောင်းဝယ် လျှံမောင်းတိမ်စွန် မိုးဖျားထွန်က ဘုန်းဝှန်နတ်တူ တည်တော်မူ၍ ပြောထူခြီးဝှဲ ကိုယ်တော်ကဲလျက် ကျော်သဲမြေမိုး ပြတ်ကျိုးဘနန်း ပေးလှူဒါန်းလျက် သောင်းခန်းလုံးချာ စံသည့်ခါဝယ် နဂသျှန္တ ဌာနသီးခြား မျည်းထဲအားနှင့် ဘောက်ပြားသစ္စာ မိစ္ဆာမာန်ယစ် ဒူပရာဇ်လျှင် ကသစ်စံတည် နန်းဘုန်းစည်ကို မကြည်သူရာ ဗိုလ်ပါပြည့်လျှံ တံ့ရပ်ခံသို့ သံယံကြိုးကြွ ရန်မီးတဟု ဒီပစောထွတ် ကြားတုံလတ်သော် တောင်ပတ်လည်တိ ခြံရံရှိသား မဏိပူရ တိုင်းဒေသကို ပွပွဖျက်ချေ မိန့်တော်စေ၍ ဗိုလ်ခြေလုံးရင်း ရန်ခပင်းကို လျှင်ပြင်းချိုးဖျက် အောင်ပွဲဆက်သည် ပြိုင်ဘက်တည့်ကွာဝေး စံမသွေး ။
  57. ရာဇဝံသာ စည်လာရှည်မြင့် ဖြူဝင်းစွင့်သား မင်းကျင့်ဆယ်တည် ကိုးမည်နဝရတ် မပြတ်ဆင်ရန် ရှစ်တန်မြတ်ဂုဏ် မမှုန်နှိုင်းညှိ အပရိဟာနိယ သတ္တင်္ဂမှ ခြောက်ဝတသီး မင်းထီးကျင့်သုံး စွဲသုံးမမှား ငါးတန်အားနှင့် လေးပါးသင်္ဂဟ မြူမျှမညိ သတ္တိသုံးထွေ မြစ်အခြေဖြင့် ရေမြေပိုင်စိုး တန်ခိုးဝှန့်သည်း မင်းတို့နည်းကို လိပ်လည်းမဲ့အောင် နာဂတ်နောင်တိ ဆောင်တော်မူသည် မြတ်ဉာဏ်ရည်နှင့် ထိန့်လည်ကျွန်းခွင် လူနှင့်ရှင်တို့ နှုတ်မင်္ဂလာ မြွက်ညွှန်းသာသည် စကြာမင်းမြတ် ရွှေနားညွတ်လော့ အထွတ်သနင်း မင်းမင်းထိပ်ပေါ် ခမည်းတော်လျှင် ကျွန်းမော်ကမ်းခုံ သံလျက်ဘုံထက် လေးစုံပစ္စူ ရိပ်ဖြူဖြန့်မိုး သတိုးမင်းဖျား တရားပွင့်ငြမ်း ညောင်ရမ်းသမုတိ ကျွန်းကြီးသခင် ဆင်ဖြူရှင်တို့ ရာဇဝင်ရှည်ကြူး တည်ထောင်ဘူးသား ကိုးဦးအင်းခံ နန်းစံဌာဝရ ရွှေအင်းဝကို စတုတ္ထဘုန်းစည် မြို့တည်မင်းကောင်း ရှည်ညောင်းမော်ကွန်း ပေါ်ပြန့်ထွန်းအောင် ရိုက်မွှန်းပြောထု တည်ထောင်ပြုက မေရုမြင့်ချာ ဝတိန်သာသည် နှုန်းရာတည့်တပြေး ကမ်းထိပ်မေး ။
  58. ဧရာဝတီ မြောက်ကမှီလျက် ရှေ့ဆီပန်းလောင် ယင်ပြောင်စမ္ဗာ တောင်မျက်နှာလည်း မြစ်သာအနောက် လုံးတော်ပေါက်နှင့် လျှံတောက်ဗဟိုရ် တောင်မြင်းမိုရ်ကို ရေညိုသီတာ ပတ်ခြံကာသို့ ရတနာပူရ ဒီပထိန့်ရိုက် မော်ကွန်းစိုက်၍ မကိုဋ်ခေါင်ဆင့် ရာမင့်ရှိပန်း လန်းလန်းပွင့်ကာ ပဏ္ဏာကျိုးနွံ ဆက်သွင်းခံသား မင်းဝံပြည်ထောင် မြို့များနောင်ဝယ် ရန်မှောင်ပယ်ချိုး စံပယ်စိုးသော် ရိုကျိုးစက်ရင်း ဥတည်မင်းက မှန်ကင်းဧကရာဇ် သင်းကျစ်နရိန္ဒ ရာဇရာဇာ နေစကြာက နွှယ်လာတော်ညွန့် သားသားဖြန့်သည် ဆဒ္ဒါန်သခင် ဘုရင်များဖျား သနားတော်သာ ကောင်းစွာနှုတ်မွန် သဝန်စာရွှေ ရိုသေလက်ဆောင် များမြောင်ဆက်သ ဌာနဝေးလံ နိုင်ငံခြားသီး ပြည်ကြီးထောင်ခြင်း မင်း၏သမီး လျှံညီးပြစ်လွတ် လေးယောက်နတ်ကို ပြသာဒ်ညင်သာ ဝေါသိင်္ဂါနှင့် ပဏ္ဏာတော်ထူး ဆက်သဖူးသည် ညွတ်နူးတည့်မြတ်လေး ရှိပန်းဖွေး ။
  59. လျှံလည်တက်ဖြာ ဘုန်းတေဇာနှင့် ဒီပါဇေယု ကျွန်းမှန်ပုကို သမုတိဆုံး ကြုံး၍ပရမ မြောက်တိုက်လှလျက် နရရန်ညောင်း နန်းပွင့်လောင်းသည် ဘုန်းပေါင်းတို့သာ စံပယ်ရာသား မင်္ဂလာစံအိမ် ရွှေရိပ်ငြိမ်ကို ရန်နှိမ်သီရိ တန်ခိုးရှိသည် ဝီထိကောင်းစွ မာသကောင်းညီ တိထီကောင်းအင် ကြယ်သမင်နှင့် စက်ရှင်ယုန်နန်း ရှည်ပြိုင်မြန်း၍ ရစ်သန်းစည့်စည့် ဝန်းဝန်းလှည့်လျက် ပြည့်အံ့သည်ကို လေးရက်လိုတွင် နဂိုရ်ချမ်းငြိမ်း ရွှေအိမ်သိမ်းက ပြည့်ရှိမ်းကျွန်းခွင် ဧငြိမ့်ရင်လျက် ငလျင်ကောင်းကြီး ရွမ်းစည်တီးသို့ မြေကြီးအဟုန် ရိုက်ဟည်းခုန်၍ ရွှေယုန်လူလူ သီတဂူလျည်း ရောင်ဖြူမလင်း တန်ခိုးပြင်းသည် နတ်မင်းရန်လွှင့် ရှည်ပြိုင်တင့်သား မြတ်မြင့်သိုက်ဓါတ် နဝတ်မချို့ ရွှန်းရွှန်းပြို့လျက် အောင်မျှို့ဩဘာ ဘုန်းတေဇာကို တောင်ရာကုဋေ သင်္ချေများလစ် နှုတ်ပွါးသစ်လည်း ကျွန်ဖြစ်ပြီးတိုင် ခြီးမနိုင်လိမ့် စိုးပိုင်ကဲလွန် တန်ခိုးဝှန်ကို အမွန်ခြီးခြဲ့ နန်းချင်းဘွဲ့၍ ငါးဆယ့်ကိုးပိုက် မင်းတို့လိုက်ဖြင့် လွှံ့ရိုက်ကျွန်းခွင် စကြာရှင်ကို စက်ပြင်ညွတ်လျက် ခြီးကျူးဆက်သည် ဘုန်းကြက်သရေ ညွန့်ဖြိုးဝေ၍ ပရမေမြတ်မှူး မင်းဝံဦးထက် ငုံဘူးရင့်သန် ပွင့်အံ့မှန်သည် နန်းရန်တည့်ဘုန်းမွေး နတ်ရှင့်သွေး ။