ဆွမ်း ကပ်လှူမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ ဆွမ်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)
348317ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၉။ ဆွမ်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

သင်ခန်းစာခေါင်းစဉ်။ ။ ဆွမ်း ကပ်လှူမယ်

သင်ယူမှုဦးတည်ချက်။ ။ ဆွမ်းလှူဒါန်းခြင်း၏ အကျိုးများကို သိရှိပြီး ဆွမ်းကပ်လှူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ “ဆွမ်း၊ ထမင်း၊ စားသောက်ဖွယ်ရာတွေကို လှူဒါန်းတာ တွေ့ဖူးလား။ သားတို့သမီးတို့ကိုယ်တိုင်ရော လှူဒါန်းဖူး လား”ဟု မေး၍ ကလေးများ၏ အတွေ့အကြုံများကို ပြောပြကြပါစေ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

֍ “အဲဒီလို လှူဒါန်းလိုက်တဲ့ အတွက်ကြောင့် အလှူခံတဲ့ ပုဂ္ဂိုလ်တွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင် သလဲ”ဟု မေးကာ အုပ်စုလိုက် စဉ်းစားဆွေးနွေးစေပြီး ဆွေးနွေးထားသည်များကို စာရွက်ပေါ်တွင် ရေးကြပါစေ။

֍ ပြီးလျှင် အုပ်စုတိုင်းက၎င်းတို့အဖွဲ့ ဆွေးနွေးထားသည်များထဲမှ တစ်ချက်စီကို အုပ်စုဝင်တစ်ဦးစီက အလှည့်ကျ ဖတ်ကြပါစေ။

֍ ဆရာက ကလေးများ၏ တင်ပြချက်များကို မှတ်သားထားပြီး “နောက်စာသင်ချိန်မှာ အလှူဒါနနဲ့ ပတ်သက်ပြီး ဆက်လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။ သင်ယူမှုလုပ်ငန်းစဉ်

֍ လယ်သမား ဇနီးမောင်နှံ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

လယ်သမား ဇနီးမောင်နှံ

ရှေးအခါက သူဌေးကြီးတစ်ဦးထံမှာ အလုပ်လုပ်နေရတဲ့ မောင်ပုဏ္ဏနဲ့ မယ်ဥတ္တရာလို့ခေါ်တဲ့ ဆင်းရဲသား ဇနီး မောင်နှံနှစ်ယောက် ရှိကြတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ ခင်ပွန်းဖြစ်သူဟာ လယ်တောထဲကို ထွန်ယက်ဖို့ သွားရတယ်။ ဇနီးဖြစ်သူကတော့ နေ့လယ်စာချက်ပြုတ်ပြီး ထမင်းကို ခင်ပွန်းစားရန် လယ်တောထဲကို သွားပို့လေ့ရှိတယ်။ သူတို့မှာ အဝတ်အစားဆိုလို့လည်း တစ်ထည် နှစ်ထည်လောက်ပဲရှိတယ်။ ပွဲတော်ရက်တွေမှာဆိုရင်လည်း သူများ တွေလို ဝတ်ကောင်းစားလှတွေ ဝတ်ချင်ပေမဲ့ မဝတ်နိုင်ကြဘူး။ အဲဒီလို ဘဝလေးမှာ နှစ်ပေါင်းများစွာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြရတယ်။

တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ လယ်တောထဲကို အစောကြီး ရောက်လာခဲ့တယ်။ နေထွက်စအချိန်မှာ နိရောဓသမာပတ်မှ ထလာပြီး လယ်တောဘေးကနေ ဆွမ်းခံကြွလာတဲ့ အရှင်သာရိပုတ္တရာမထေရ်ကို တွေ့လိုက်တယ်။ သူဟာ မထေရ်ကို မြင်မြင်ခြင်း လှူချင်စိတ်တွေ တဖွားဖွား ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ လှူစရာက ဘာမှမရှိတဲ့အတွက် မျက်နှာသစ်ရေနဲ့ သွားတိုက်ဖို့ ဒန်ပူ(တမာကိုင်း)ကို ကပ်လှူလိုက်တယ်။ လယ်သမားဟာ သူပြုလုပ်လိုက် ရတဲ့ အလှူအတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့တယ်။ ဇနီးသည်ရောက်လာရင် ဝမ်းသာစရာအဖြစ် ပြောပြ ဦးမယ်လို့ တွေးပြီး ချွေးတလုံးလုံးနဲ့ ထွန်ယက်နေခဲ့တယ်။

နေမွန်းတည့်တဲ့အထိ ဇနီးသည်ပေါ်မလာတော့ မျှော်နေမိတယ်။ တစ်မနက်လုံး ကြိုးစားပမ်းစား အလုပ်လုပ် ထားရတော့ ဗိုက်ကလည်း အလွန်ဆာနေပြီ။ ရောက်နေကျအချိန် ရောက်မလာတော့ ဘာဖြစ်လို့များ ရောက်မလာ တာပါလိမ့်၊ လမ်းမှာ တစ်ခုခုများ ဖြစ်နေသလားလို့ တွေးတောပူပန်ကာ လာနေကျလမ်းဆီကို တမျှော်မျှော်ဖြစ်နေချိန်မှာ ဇနီးသည်ဟာ အမောတကောနဲ့ အပြေးကလေး ရောက်လာခဲ့တယ်။ နောက်ကျသွားတဲ့အတွက် သူ့ကိုခွင့်လွှတ်ဖို့လည်း တောင်းပန်တယ်။ပြီးမှ သူနောက်ကျရခြင်း အကြောင်းရင်းကို ရှင်းပြတယ်။

မနက်တုန်းက ထမင်းထုပ်ကိုရွက်ပြီး လယ်တောကို အလာ၊ လမ်းမှာ မထေရ်မြတ်တစ်ပါးကို ဖူးတွေ့ရလို့ စိတ်ထဲမှာ လှူချင်စိတ် အလွန်ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါကြောင့် ယူလာခဲ့တဲ့ ထမင်းထုပ်ကို မထေရ်မြတ်အား လှူဒါန်းခဲ့ကြောင်း၊ အခုယူလာတဲ့ ထမင်းထုပ်က နောက်တစ်ကြိမ် အိမ်ပြန်ပြီး ချက်ပြုတ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ဇနီးသည် ရှင်းပြပြီးတဲ့အခါ ခင်ပွန်းဖြစ်သူက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သာဓုသုံးကြိမ် ခေါ်ဆိုခဲ့တယ်။ သာဓုခေါ်ပြီး တဲ့အခါ သူ့မှာလည်း ပြောစရာရှိကြောင်း၊ မနက်အစောကြီးက မထေရ်မြတ်တစ်ပါးကို မျက်နှာသစ်ရေနဲ့ သွားတိုက်ဖို့ ဒန်ပူ (တမာကိုင်း)လှူဒါန်းခဲ့ကြောင်း ပြောပြတော့ ဇနီးသည်ကလည်း ဝမ်းသာစွာနဲ့ သာဓုသုံးကြိမ် ခေါ်ဆိုခဲ့တယ်။

ဇနီးခင်ပွန်းနှစ်ယောက်ဟာ ကိုယ်စီပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ပြောပြပြီး ထမင်းကို အားရပါးရစားကာ လယ်တောဘေးက အရိပ်ရသစ်ပင်ကြီးအောက်မှာ တရေးတမောအိပ်နေခဲ့ကြတယ်။ သူတို့နိုးလာတဲ့အခါ လယ်တော ထဲကို ကြည့်လိုက်တော့ လယ်တစ်ကွင်းလုံး ရွှေတွေနဲ့ပြည့်နေတာကိုအံ့ဩစွာတွေ့ခဲ့ကြတယ်။ အဲဒီအခါ မောင်ပုဏ္ဏတို့ ဇနီးမောင်နှံက “ဒီရွှေတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာဖြစ်တဲ့အတွက် ဘုရင်နဲ့သာဆိုင်တယ်”ဟု တွေးကာ ပထမဆုံး ရွှေတုံးတချို့ကို အိုးထဲထည့်ပြီး ဘုရင်မင်းထံ သွားရောက်ဆက်သတယ်။ အဲဒီနောက် လယ်ကွင်းထဲမှာလည်း ရွှေတွေ ကျန်သေးကြောင်း လျှောက်တင်တဲ့အခါ မင်းကြီးက မင်းချင်းတွေကို လှည်းနဲ့သွားယူဖို့ စေလွှတ်လိုက်တယ်။ ဒါပေမဲ့ မင်းချင်းတွေက ရွှေတွေကိုသယ်ဖို့ ထိလိုက်တယ်ဆိုရင်ပဲ ရွှေတုံးတွေဟာ မြေကြီးခဲတွေ ဖြစ်ကုန်တယ်။ မင်းချင်းတွေ က ဘုရင်ကြီးကို အကြောင်းစုံ လျှောက်တင်ကြတယ်။ ဒီအခါ ဘုရင်ကြီးက “မောင်ပုဏ္ဏရဲ့ ရွှေတုံးတွေ၊ မောင်ပုဏ္ဏရဲ့ ဥစ္စာတွေ”ဟု ပြောပြီး ကောက်ယူကြရန် ညွှန်ကြားလိုက်တယ်။ အဲဒီအခါကျမှပဲ မြေကြီးခဲတွေဟာ ရွှေတုံးတွေဖြစ်ကုန် ကြတယ်။ အဲဒီရွှေတုံးတွေ နန်းတော်ကို ရောက်တဲ့အခါမှာ ဘုရင်ကြီးက မောင်ပုဏ္ဏတို့ဇနီးမောင်နှံကို “ဒီရွှေခဲတွေ ဟာ သင်တို့နဲ့သာ ထိုက်တန်တယ်၊ သင်တို့ပဲယူကြ”လို့ ဆိုကာ မောင်ပုဏ္ဏတို့ကို ပေးလိုက်တယ်။ ကုသိုလ်ကံထူးတဲ့ မောင်ပုဏ္ဏတို့ဟာ ဆွမ်းလှူဒါန်းရတဲ့အကျိုးကြောင့် သူဌေးကြီးဇနီးမောင်နှံဘဝကို ရောက်သွားခဲ့ကြတယ်။

မှီငြမ်း။ ။ ဥတ္တရာဥပါသိကာမဝတ္ထု၊ ဓမ္မပဒ မြန်မာပြန်၊ စတုတ္ထတွဲ၊ ၆၂-၇၂။ ဓမ္မ၊ဋ္ဌ၊၂၊၁၉၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-လယ်သမားက ဘာတွေ လှူဒါန်းခဲ့သလဲ။
-ဇနီးသည်ကရော ဘာလှူလိုက်သလဲ။
-ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ပြုလုပ်တဲ့အလှူကို တစ်ယောက်ကြားရတဲ့အခါ ဘာလုပ်ကြသလဲ။
-ဇနီးမောင်နှံနှစ်ယောက်လုံး အိပ်ရာကနိုးတဲ့အခါ ဘာတွေထူးခြားနေတာကို တွေ့လိုက်သလဲ။ ဘာကြောင့်လဲ။
-နောက်ဆုံးမှာ သူတို့ဘဝ ဘယ်လိုဖြစ်သွားကြလဲ။
-ဒီဇာတ်လမ်းကို ဖတ်ပြီး ဘာတွေသိရှိသွားသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ဆွမ်းလှူရခြင်း အကျိုးပြလင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အလှူဒါနပြုခြင်း၏ အကျိုးကျေးဇူးများကို ကလေးများနှင့် ပြန်လည်ဆွေးနွေးပြီး စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် “ဆွမ်းတော်ကပ်လှူရခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရမယ်လို့ထင်သလဲ”ဟု မေးပါ။ ကလေးများ နားလည်သလို ဖြေကြပါစေ။ ကလေးများဖြေဆိုသော အချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ကလေးများအားလုံး ပြောပြပြီးသောအခါ အောက်ပါဆွမ်းလှူရကျိုးလင်္ကာနှင့် အဓိပ္ပာယ်ကို ရွတ်ဆို ရှင်းလင်း ပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ (ဆွမ်းလှူရခြင်း အကျိုးပြလင်္ကာနှင့် ရှင်းလင်းချက်ကို ကလေးများ မှတ်စု စာအုပ်တွင် ရေးမှတ်သွားပါစေ။)

ဆွမ်းလှူရခြင်း အကျိုးပြလင်္ကာ

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ။

ဆွမ်းလှူရကျိုး

ထမင်းမစားရလျှင် အသက်မရှည်၊ ခန္ဓာကိုယ်ညှိုး၍ အဆင်းမလှ၊ ကိုယ်စိတ်မချမ်းသာ၊ ခွန်အားလည်းမရှိ၊ ဉာဏ်လည်းမထွက်၊ ထမင်းစားရမှ သက်ရှည်ဆင်းလှ ချမ်းသာရ၍ ခွန်အားဗလတိုးလျက် ဉာဏ်လည်းထွက်၏။ ထို့ကြောင့် ဆွမ်းပေးလှူသူတိုင်းမှာ တူသောအကျိုးငါးမျိုးကို ရမြဲဖြစ်သည်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဆွမ်းတော်ကပ်နှင့် ဆုတောင်း စာသားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ဆွမ်းကပ်လှူရာတွင် ရွတ်ဆိုရမည့် စာသားများကို မှတ်စုစာအုပ်တွင် ရေးစေပြီး ကလေးများ ဖတ်ကြပါစေ။

ဆွမ်းတော်ကပ်

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မဟာ ကရုဏာသခင် ရှင်တော်မြတ်ဘုရား ဤ မွန်မြတ်သော ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ဤဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လှူရသော ကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရ ပါလို၏ အရှင်ဘုရား။

֍ “သားတို့သမီးတို့အနေနဲ့ ခုလိုလှူဒါန်းရခြင်းအတွက် ပြန်ပြီးဆုတောင်းနိုင်တယ်”ဟု...ဆိုကာ အောက်ပါ ဆုတောင်း စာသားကို ရွတ်ဆိုကြပါစေ။

ဆုတောင်း

ရသာမွှေးကြူ၊ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ၊ ဤပုညကြောင့်၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ မြနယ်ရွှေနှင့်၊ အသရေတင့်၊ အဆင့်ဆင့်မြင့်ရပါလို၏ အရှင်ဘုရား။

֍ “သားတို့သမီးတို့ ... ဆွမ်းလှူဒါန်းရတဲ့အကျိုးကိုလည်း သိပြီးပြီ ဆွမ်းတော်ကပ်လှူပုံနဲ့ ဆုတောင်းကိုလည်း သိရပြီဆိုတော့ လက်တွေ့ ဆွမ်းတော်ကပ်လှူကြည့်ကြရအောင်”ဟု ဆို၍ ဆရာနဲ့အတူ ကလေးများ လက်တွေ့ ဆွမ်းတော်ကပ်ကြပါစေ။ (ဆွမ်းတော်ကပ်ချိန် မဟုတ်ပါက သရုပ်ပြရန်သာ ဖြစ်သည်။)

֍ ထို့နောက် ဆရာက ကလေးများအား “မိမိတို့အိမ်၊ မိမိတို့ကျောင်းမှာ နေ့စဉ်နေ့တိုင်း ဘုရားရှင်ကို ဆွမ်းတော် ကပ်လှူနိုင်တဲ့ ကလေးတွေ ဖြစ်ကြပါစေ”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။