ဆွမ်းလောင်းလှူကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၅) ဆွမ်းလောင်းလှူကြမယ် (ကျောင်းသားကိုင်သို့)
339317ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၅) ဆွမ်းလောင်းလှူကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

ဆွမ်းလောင်းလှူကြမယ်

သင်ယူမှုဦးတည်ချက်။ ။ ဆွမ်းလောင်းလှူ၍ရရှိသောအကျိုးများကိုသိရှိပြီး သံဃာတော်များကိုရိုသေစွာ လှူဒါန်းတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင် ကိုရင် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမတန်းတွင် သင်ကြားခဲ့သော “ကိုရင် ကိုရင်” ကဗျာကို မှတ်မိခြင်း ရှိ/မရှိ မေးမြန်းပြီး ပြန်လည်ရွတ်ဆိုပါစေ။

[သတိပြုရန် 1]

ကိုရင် ကိုရင်

ကိုရင် ကိုရင် ပြုံးရွှင်ရွှင်၊
မြို့ထဲ ဆွမ်းခံဝင်။
ကိုရင် မြင်လို့ လှူမယ်တွေး၊
မလေးဆွမ်းက မနပ်သေး။
ကိုရင်လေးဘုရား ခဏတာ၊
ရပ်တော်မူလိုက်ပါ။
လွယ်အိတ်ထဲပါ သကြားလုံး၊
လှူဖွယ်အဖြစ် ယူကာသုံး။
တစ်လုံး နှစ်လုံး သုံးလေးလုံး၊
မလေး ရေတွက်တုန်း။
ကိုရင်လေးက တပြုံးပြုံး၊
ပျော်လို့ မော်လို့ မဆုံး။

֍ကဗျာရွတ်ဆိုပြီးသောအခါ ဆရာက ကလေးများကို “သံဃာတော်များ၊ ကိုရင်လေးများ ကို ဆွမ်းလောင်းလှူဖူးသလား” “ဘာတွေလောင်းလှူဖူးသလဲ” “ဆွမ်းခံကြွလာတဲ့သံဃာ တော်များကို ရိုရိုသေသေ ရှိခိုးဖူးသလား”၊ “ဘယ်လို ရှိခိုးဖူးသလဲ” စသည်ဖြင့် မေးမြန်းပြီး မေးခွန်းတစ်ခု ဖြေပြီးတိုင်း ချီးကျူးစကား ပြောဆိုပေးပါ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးမြန်းပြီး ဆက်လက်ပြောပြပေးပါ။

-ဘုန်းဘုန်းတွေ ဆွမ်းခံကြွလာတာကို မြင်ဖူးကြသလား။
-ဘုန်းဘုန်းတွေ ဆွမ်းခံကြွရင် ဘယ်အချိန်ကြွကြသလဲ။
-မနက်ခင်းအချိန်မှာကြွကြသလား၊
-နေ့လယ်ခင်းအချိန်မှာကြွသလား၊
-ညနေခင်းအချိန်မှာ ကြွကြသလား။
-ဆွမ်းခံကြွလာတဲ့အခါ ဘုန်းဘုန်းတွေ ဖိနပ်စီးပြီးကြွကြသလား။
-ဖိနပ်မစီးဘဲ ကြွသလား။
-ဆွမ်းခံကြွလာတဲ့ ဘုန်းဘုန်းတွေကို ဘာတွေလောင်းလှူရသလဲ။
-ဘာကြောင့် အဲဒါတွေကို လှူကြတာလဲ။

֍ထို့နောက် ဘုန်းဘုန်းများ ဆွမ်းခံကြွသည့် ပုံစံအမျိုးမျိုးကိုလည်း သတိထားမိစေရန် မေးခွန်းများ ဆက်လက်မေးမြန်းသိစေပါ။

ဥပမာ“တန်းစီပြီး ကြွကြသလား၊ တစ်ပါးတည်း ကြွကြသလား၊ ဘုန်းဘုန်းတွေ နောက်မှာ ဘယ်သူတွေ ပါလေ့ရှိသလဲ”စသည်ဖြင့် မေးမြန်းသိစေပါ။

֍ဆရာလေးများ ဆွမ်းဆန်စိမ်းအလှူခံထွက်ပုံကိုလည်း အထက်ပါအတိုင်း မေးခွန်းများမေး ပြီး ဖြေဆိုကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သံဃာ့ အသုံးအဆောင် ပစ္စည်းများ၊ သစ်သီးများ၊ စားစရာများပါဝင်သော ရုပ်ပုံများ၊ ပုံဆွဲရန်စာရွက်များ၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သံဃာတော်တွေနဲ့ ကိုရင်လေးတွေကို တွေ့ တဲ့အခါ ဘာတွေကို လှူလို့ရသလဲ ဆိုတာ ကလေးတို့ သိကြသလား”စသည်ဖြင့် မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

֍ကလေးများပြောပြသော ပစ္စည်းများကို သင်ပုန်းပေါ်တွင် ရေးပြီး “ဘာပစ္စည်းတွေ လိုနေ သေးလဲ၊ ဘာထပ်လှူချင်သေးလဲ”စသည်ဖြင့် မေးမြန်းပါ။

֍ကလေးများပြောပြီးသောအခါ သံဃာ့အသုံးအဆောင်ပစ္စည်းများ၊ သစ်သီးစသော စား စရာများ ပါဝင်ရေးဆွဲထားသော ရုပ်ပုံများကို ကလေးများအား ပြပါ။

ထို့နောက် “သားတို့၊ သမီးတို့ သံဃာတော်များ၊ သီလရှင်ဆရာလေးများကို လှူချင်တဲ့ ပစ္စည်းတွေရှိရင် ကလေးတို့ကိုယ်တိုင် လှူဒါန်းလိုတဲ့ပစ္စည်းများ (သင်္ကန်း၊ ထီး၊ ဖိနပ်၊ သစ်သီးမျိုးစုံ) ကို ရုပ်ပုံများဆွဲတတ်သလို ဆွဲကြနော်”ဟု ပြောပြီး ပုံဆွဲကြပါစေ။ ֍ပုံဆွဲပြီးသောအခါ “ဘာကြောင့် ဒီပစ္စည်းကို လှူချင်ရတာလဲ”စသည်ဖြင့် မေးမြန်းပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မောင်ဖိုးစီဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကလေးတို့၊ ကိုရင်လေးတွေနဲ့ သံဃာတော်တွေကို ရှိခိုးပြီး ဆွမ်းလောင်းတဲ့အတွက် ဘယ်လိုအကျိုးတရားတွေ ရနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်နော်” စသည်ဖြင့် ပြောပြီး “မောင်ဖိုးစီ” ဇာတ်လမ်းကို ပြောပြပါ။

֍ကလေးများ နားမလည်နိုင်သော စကားလုံးများပါရှိပါက ရှင်းပြပါ။

မောင်ဖိုးစီ

ဟိုရှေးရှေးတုန်းက သူဌေးကြီးအိမ်မှာ အလုပ်လုပ်တဲ့ မောင်ဖိုးစီလို့ခေါ်တဲ့ ဆင်းရဲသား အလုပ်သမားလေးတစ်ယောက် ရှိခဲ့ပါတယ်။ မောင်ဖိုးစီလေးဟာ အလွန်ဆင်းရဲတော့ လူမှုရေး လုပ်ငန်းတွေ၊ သံဃာတော်တွေကို ဆွမ်းလောင်းလှူတာတွေ စတဲ့ အလုပ်တွေဘက်ကို ဦးစား မပေးနိုင်ဘူးပေါ့။ နေထွက်ကနေဝင် သူ့အလုပ်ထဲမှာပဲ အာရုံစိုက်ပြီး နေထိုင်ခဲ့ရရှာတယ်။ မနက်စာကိုတောင် ချက်မစားနိုင်ဘဲ ဆိုင်တစ်ဆိုင်ကနေ မုန့်တစ်ခုခုကို ဝယ်စားပြီး အလုပ် ဆင်းရတဲ့အထိ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီလို နေထိုင်လာရင်း တစ်နေ့မှာ အလုပ်သွားရင်း လမ်းမှာ ဆွမ်းခံကြွလာတဲ့ သံဃာတော်လေးပါးကို မျက်နှာချင်းဆိုင် ဖူးတွေ့လိုက်ရပါတယ်။ မောင်ဖိုးစီလေးဟာ ချက် ချင်းပဲ သူ့အတွက် ဆိုင်ကဝယ်လာတဲ့ မနက်စာမုန့်လေးခုကို လောင်းလှူဖို့ ဆုံးဖြတ်ချက်ချပြီး သံဃာတော်တွေကို လျှောက်ထားလိုက်ပါတယ်။ သံဃာတော်တွေကလည်း အလှူခံဖို့ လက် ခံလိုက်တော့ မောင်ဖိုးစီလေးဟာ ချက်ချင်းပဲ သံဃာတော်တွေ ထိုင်ဖို့ သဲပုံမို့မို့လေး လေးခု လုပ်ပြီး အပေါ်ကနေ သစ်ခက်လေးတွေကို ဖြန့်ခင်းလိုက်ပါတယ်။ အသင့်ပါလာတဲ့ မုန့်လေး ခုကို သပိတ်လေးလုံးထဲမှာ ရိုရိုသေသေနဲ့ တစ်ခုစီထည့်လှူတယ်။ သံဃာတော်များ ဘုဉ်းပေး ပြီးတဲ့အခါ “ဖြစ်လေရာဘဝမှာ ချမ်းသာပြီး အသိဉာဏ်ကြွယ်ဝသူ ဖြစ်ရပါလို၏”လို့ ဆုတောင်း ခဲ့ပါတယ်။

သံဃာတော်များကလည်း “တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ”လို့ ဆုပေးပြီး ပြန်ကြွခဲ့ကြ တယ်။ မောင်ဖိုးစီလေးလည်း သူ့အလုပ်ရှိရာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားခဲ့တယ်။ မောင်ဖိုး စီဟာ ... သံဃာတော်လေးပါးကို မုန့်ဆွမ်းလောင်းလှူခဲ့တဲ့ အကျိုးကြောင့် နောင်ဘဝမှာ ဗာရာဏသီမင်းကြီးရဲ့ သားတော်မင်းသားလေးဖြစ်ခဲ့တယ်။ အရွယ်ရောက်လို့ ပညာသင်တဲ့ အခါ ... ပညာထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဖခင်ဘုရင်ကြီးရဲ့ ရာထူးကို ဆက်လက်အမွေခံနိုင်တဲ့ ဘုရင်တစ်ပါး ဖြစ်သွားခဲ့ပါတယ်။

မှီငြမ်း ။ ။ ကုမ္မာသပိဏ္ဍဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ၊ ၃၆၇၊ ဇာ၊ ဋ္ဌ၊ ၃။ ၃၈၄၊

֍ဇာတ်လမ်းပြောပြီးသောအခါ ကလေးများအား အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-မောင်ဖိုးစီလေးဟာ သံဃာတော်အရှင်မြတ်တွေကို ဘာလောင်းလှူခဲ့သလဲ။
-အဲဒီမုန့်ကို သူ ဘာလုပ်ဖို့ ယူလာတာလဲ။
-မောင်ဖိုးစီလေးဟာ သံဃာတော်တွေကို ဘယ်လိုပြင်ဆင်ပြီးမှ လှူခဲ့သလဲ။
-သံဃာတော်အရှင်မြတ်ကို လှူပြီး ဘာဆုတောင်းခဲ့သလဲ။
-အဲဒီလို လောင်းလှူလိုက်တဲ့ကောင်းမှုကြောင့် မောင်ဖိုးစီလေးဟာ နောက်ဘဝမှာ ဘာဖြစ်သွားသလဲ။

֍ထို့နောက် ကလေးများအား “မိမိတတ်နိုင်တဲ့ပစ္စည်းတွေနဲ့ သံဃာတော်တွေကို လောင်း လှူသင့်ကြောင်း၊ လောင်းလှူတဲ့နေရာမှာလည်း ရိုရိုသေသေလောင်းလှူမှသာ ကုသိုလ် ကောင်းကောင်းရမှာ ဖြစ်ကြောင်း၊ လောင်းလှူပြီးရင်လည်း မိမိလိုရာဆုကို တောင်းဖို့ လိုကြောင်း” စသည်ဖြင့် တိုက်တွန်းပြောဆိုပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဆွမ်းလောင်းလှူကြမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကဲ ... သားတို့၊ သမီးတို့ ... ကိုရင်လေးတွေကို ဆွမ်းလောင်းတဲ့အမူအရာလေးတွေ ရိုရိုသေသေလုပ်ပြီး ကဗျာလေး ဆိုကြည့်ရအောင်”ပြောပြီး နိဒါန်းပျိုးပါ။

֍ကလေးနှစ်ယောက်ခန့်ကို ကိုရင်ကလေးများ ဆွမ်းခံသွားသည့်ပုံစံ စာသင်ခန်းအတွင်း လှည့်ပတ်သွားစေပြီး နောက်ထပ် ကလေးနှစ်ယောက်က တစ်ခုခု လောင်းလှူနေပုံကို သရုပ်ဆောင်ခိုင်းပြီးနောက် အောက်ပါကဗျာကို ရွတ်ဆိုပါစေ။

ဆွမ်းလောင်းလှူကြမယ်

တုံတုံတုံတုံ၊ တုံတုံ တောက်၊
ရွာဦးကျောင်းက အုန်းမောင်းခေါက်။
အုန်းမောင်းခေါက်ပြီး အရုဏ်လာ၊
ဆွမ်းတန်းကြွလို့လာ။
ကြေးစည်သံသာ ငါတို့ကြား၊
ဆွမ်းလောင်းသွားစို့လား။
ရပ်တော်မူပါ ဘုရား၊
ရပ်တော်မူပါ ဘုရား။

֍ကလေးများ ကဗျာကို မှတ်မိလောက်ပြီထင်လျှင် ကဗျာရဲ့ အဓိပ္ပာယ်ကို စိတ်ဝင်စားဖွယ် ကောင်းအောင် ရှင်းပြပါ။

֍ကလေးများ နားမလည်သော စကားလုံးများပါရှိပါက ရှင်းပြပါ။ ဥပမာ အုန်းမောင်း၊ အရုဏ် စသည်ဖြင့်။

  1. ကလေးများ မေ့နေလျှင် ပြန်လည်၍ အစဖော်ပေးပါ။