ဆီးဘန်းနီဆရာတော်ဆို ဧကပိုဒ် တမ်းချင်း

From Wikisource
Jump to navigation Jump to search
ဆီးဘန်းနီဆရာတော်ဆို ဧကပိုဒ် တမ်းချင်း
by ဆီးဘန်းနီဆရာတော်
မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို ဆီးဘန်နီ ဆရာတော်ဘုရား ဆို ဧကပိုဒ် တမ်းချင်း

မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့၊ သံဝေဓမ္မ၊ ယူကုန်ကြလော့၊ သုဒဿန၊ မြို့မသခင်၊ သူရာစင်လျက်၊ လုလင်မာဃ၊ ဦးစောက်ချ၍၊ အမရဝတီ၊ ပူရီပြဉ်လုံး၊ လက်ရကျုံးသို့၊ ထုံးနှင့်တူလစ်၊ ဂေါဇာခေတ်မူ၊ ဧက်ဒွေးဇောသတ်၊ လမြတ်ထွန်းပြောင်၊ တန်ဆောင်မါသ၊ သရဒ၏၊ ကဏှပက္ခ၊ ဆဋ္ဌပူးရက်၊ နေဝန်းထွက်အောင်၊ ရှစ်မျက်လောကဓာတ်၊ ကောင်းကင်ရပ်မှ၊ ပြာသာဒ်ကုဋေ၊ ကြယ်ကျွတ်ကြွေရှင့်၊ နေတဘန်ထွက်၊ သတ္တရက်ဝယ်၊ လက်နက်လျှံထိန်၊ စွဲကိုင်ချိန်သား၊ ဣန္ဒြိယတိုင်းသား၊ ရဲ့ယောက်ျားတို့၊ ပတ္တမြားခယံ၊ ရွှေနန်းရံသို့၊ ချွံချွံဝင်ရောက်၊ ရှစ်ရက်မြောက်က၊ အနောက်ဂေါရာ၊ နေဝါလျှောသက်၊ ဂဠုန်ရက်တွင်၊ သုံးချက်ကျော်ပြီ၊ ဒွါဒသီဝယ်၊ မှီသည်ဗြိစ္ဆာ၊ ဂရုဠှာမှတ်၊ အစွန်မြတ်မှ၊ ပူးနတ်ဓနု၊ ရာဟုစန္ဒာ၊ သိဟ်သီဟာဝယ်၊ ဗြိစ္ဆာကံနေ၊ နဂါးမြွေလည်း၊ မေဓုန်ပျော်လျက်၊ ပြိဿလဂ်တွင်၊ နက္ခတ်စဉ်ရုံး၊ ဆယ်လုံးတပါဒ်၊ လေးမှတ်ဗီဇနာ၊ ဖွားလာရက်ချိန်၊ ရွေ့ရွေ့ထိန်သား၊ သုဒ္ဓိန်နှစ်ရာ၊ နောဝီသာ၌၊ မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်လျက် (နိစ်ပြဆိုက်က)၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့၊ (ဝှက်)ရှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆဲ့ခုနစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့၊ ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မဟာဣန္ဒြိယ၊ မိုက်မဲလှသည်၊ (မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်) ကုလာ့နိုင်ငံ၊ လွှဲပြောင်းစံရှင့်၊ လောကဓံအရ၊ သဘာဝကြောင့်၊ ဂေါတမဘုန်းခေါင်၊ သာနာရောင်လည်း၊ မပြောင်မထွန်း၊ အမှောင်စွန်းခဲ့၊ ကျွန်းသပြေဒီ၊ ဓရဏီထက်၊ ခိုမှီနေရိုး၊ မြန်လူမျိုးတို့၊ လန့်နှိုးထိပ်လှ၊ သံဝေဂဖြင့်၊ ဖြစ်ကပျက်မြဲ၊ မလွဲစသာ၊ ကြံုကြလာသား၊ သံသရာသဘော၊ တွေ့ရာသောဟု၊ စိတ်ဇောသိမ်မွေ့၊ တတေ့တေ့ဖြင့်၊ စေ့စေ့မှန်သား၊ ထပ်ထပ်ပွား၍။ ။ တရားသံဝေယူကြလေ။ ။

မှတ်ချက်
(ကွင်းအတွင်းစာသားများမှာ ဆရာကြီး နန်းညွန့်ဆွေ ၏ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆီးပန်းနီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်ထားသော မူကွဲများဖြစ်ပါသည်။)

PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.