ဆရာ ဆရာမကို ရိုသေမယ် -ဆရာ

From Wikisource
Jump to navigation Jump to search
339271ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂ဝ) ဆရာ ဆရာမကို ရိုသေမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ)

ဆရာ၊ ဆရာမကို ရိုသေမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဆရာ၊ ဆရာမများကို ရိုသေလေးစားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ၁၊ ၂၊ ၃၊ ၄၊ ၅ - ဂဏန်းများ အသီးသီး ပါသောပုံကတ်ပြားများ၊ ဘုရားပုံ၊ ကျမ်းစာအုပ်ပုံ၊ ဘုန်းကြီးပုံ၊ မိဘနှစ်ပါးပုံ၊ ဆရာ၊ ဆရာမပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးငယ်များအား “ ၁၊ ၂၊ ၃၊ ၄၊ ၅ ” နှင့် “ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ” ဟူသော စကားလုံးတို့ကို ပထမဦးဆုံး အလွတ်ရအောင် ကျက်မှတ်ပါစေ။

֍အလွတ်ရသောအခါ အောက်ပါအတိုင်း တွဲတတ်အောင် ကြိုတင် ရှင်းလင်းပြောပြ ထားပါ။

-၁ = ဘုရားပုံ

-၂ = ကျမ်းစာအုပ်ပုံ

-၃ = ဘုန်းကြီးပုံ

-၄ = မိဘနှစ်ပါးပုံ

-၅ = ဆရာ၊ ဆရာမပုံ

ကစားနည်း (၁)

֍ထို့နောက် အက္ခရာဂဏန်းပါ ပုံတို့ကို အစဉ်လိုက်မဟုတ်ဘဲ ရောထားပါ။

֍ငါးယောက်စီပါသော အုပ်စုနှစ်စုဖွဲ့ပြီး အတန်းရှေ့ထွက်ပါစေ။

[သတိပြုရန် 1]

֍အုပ်စုတစ်စုက ၁ - ဂဏန်းပုံကို ဆွဲထုတ်ပြလျှင် ကျန်တစ်စုက ဘုရားပုံကို အမြန်ဆုံး ထုတ်ပြပါစေ။

֍အလားတူ ၂ - ဂဏန်းပုံကို ထောင်ပြလျှင် တစ်ဖက်မှ ကျမ်းစာအုပ်ပါပုံကို အမြန်ဆုံး ထောင်ပြပါစေ။ ဤနည်းဖြင့် ပုံငါးမျိုးလုံးစုံအောင် တစ်အုပ်စုပြီး တစ်အုပ်စု ကစားပါစေ။

֍နောက်ဆုံးကျန်သည့် ကလေးများကို စာသင်ဘုတ်တွင် ၁၊ ၂၊ ၃၊ ၄၊ ၅ - ဟု အစဉ် အတိုင်း အထက်အောက်ရေးထားပြီး အခြားပုံတို့နှင့် အစဉ်ကျအောင် ကပ်ပါစေ။

ကစားနည်း (၂)

֍အထက်ပါအတိုင်း ကစားပြီးသောအခါ အောက်ပါအတိုင်း ဆက်ကစားပါ။

֍ပုံများကို အခန်းနံရံများတွင် အစဉ်လိုက်မဟုတ်ဘဲ ကပ်ထားပါ။

֍ကျောင်းသားအရေအတွက်အပေါ် မူတည်၍ အုပ်စုဖွဲ့ပြီး တစ်အုပ်စုလျှင် တစ်ယောက်စီ ရှေ့ထွက်ပါစေ။

֍ဆရာက အစဉ်လိုက်မဟုတ်သော နံပါတ်များကို ခေါ်ပါက ထိုနံပါတ်နှင့်ကိုက်ညီသော ပုံရှိရာသို့ ခုန်ဆွခုန်ဆွ ပြေးသွားပါစေ။ ပထမဆုံးရောက်သောသူက အနိုင်ရမည်။

֍ကစားပြီးသောအခါ ဆရာ၊ ဆရာမဟူသည် ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နည်းတူ ရိုသေလေးစားရမည့်သူများဖြစ်ကြောင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘတို့ကို ရှိခိုးသကဲ့ သို့ ဆရာ၊ ဆရာမများကိုလည်း ရှိခိုးကြရမည်ဖြစ်ကြောင်း၊ ဖေဖေ၊ မေမေတို့က သားတို့၊ သမီးတို့ကို ချစ်သကဲ့သို့ ဆရာ၊ ဆရာမများကလည်း ချစ်ကြောင်းနှင့် ဆရာ၊ ဆရာမတို့ ပြောစကားကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း ကလေးများ နားလည်အောင် ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တပည့်ကောင်း သမင်လေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

ရုပ်ပုံများကို ပြပြီး အောက်ပါဇာတ်လမ်းကို ဟန်အမူအရာဖြင့် ပြောပြပါ။

တပည့်ကောင်း သမင်လေး

ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုထဲမှာ သမင်အုပ်ကြီးတစ်အုပ် ရှိခဲ့တယ်။ သမင်ခေါင်းဆောင်ကြီးမှာ ညီမဖြစ်သူ သမင်မလေး တစ်ကောင်လည်း ရှိခဲ့တယ်။ တစ်နေ့ မှာ ညီမဖြစ်သူ သမင်မလေးဟာ သားငယ်သမင်လေးကို ခေါ်လာပြီး “အစ်ကိုကြီး၊ သင့်တူ ကို သမင်တွေ သိသင့်သိထိုက်တဲ့ ပညာတွေကို သင်ပေးလိုက်ပါဦးဟု ဆိုကာ အပ်နှံခဲ့ တယ်။ တပည့်ဖြစ်လာသူ သမင်လေးလည်း ဆရာသင်ပေးတဲ့ ပညာရပ်တွေကို သေသေ ချာချာ မှတ်သားပြီး လက်တွေ့ လေ့ကျင့်ခန်းတွေကိုလည်း မပျင်းမရိနဲ့ သေသေချာချာ လေ့ကျင့်ခဲ့တယ်။ သမင်တွေ တတ်သင့်တဲ့ ပညာတွေကို ကြိုးစားသင်ယူရာ မကြာမီ အချိန်တွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားခဲ့တယ်။

တစ်နေ့မှာ တူဖြစ်သူသမင်လေးဟာ သမင်အုပ်ကြီးနှင့်အတူ လှည့်လည်သွားလာ ရင်း မုဆိုးကြီးတစ်ယောက်ထောင်ထားတဲ့ ကျော့ကွင်းမိခဲ့တယ်။ ကျော့ကွင်း အမိခံရတာ နဲ့တစ်ပြိုင်နက် ကြောက်ရွံ့ထိတ်လန့်စွာနဲ့ အသံအကျယ်ကြီး အော်ဟစ်လိုက်ပါတယ်။ သမင်လေးရဲ့ အော်သံကို ကြားလိုက်ရတဲ့ အခြားသမင်တွေဟာ သမင်လေးရဲ့ မိခင်ဆီကို သွားရောက်သတင်းပေးကြတယ်။ မိခင်သမင်မလည်း စိုးရိမ်ထိတ်လန့်သွားပြီး သမင်ငယ် လေးရဲ့ ဆရာ သမင်ခေါင်းဆောင်ဆီကို သွားရောက်ကာ အကူအညီတောင်းခဲ့တယ်။

ဆရာဖြစ်သူ ခေါင်းဆောင်သမင်က “သင့်သားငယ်အတွက် ဘာမှ မစိုးရိမ်ပါနဲ့၊ ငါ့တပည့် သမင်လေးဟာ ဆရာ့စကားကို လေးလေးစားစား နားထောင်ပြီး ပညာသင် ကြားတဲ့ တပည့်လေး ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ လွတ်မြောက်လာပါလိမ့်မယ်”လို့ G အေးအေးဆေးဆေး ပြောဆိုလိုက်တယ်။

မိခင်သမင်မကြီးက သားကို အလွန်ချစ်တာကြောင့် စိုးရိမ်ပြီး သားငယ်လေး ကျော့ကွင်းမိတဲ့နေရာကို လိုက်သွားတယ်။ ကျော့ကွင်းမိတဲ့နေရာရောက်တော့ အလွန်အံ့ဩသွားတယ်။ သားငယ်လေးအတွက်လည်း အလွန်စိုးရိမ်သွားခဲ့တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျော့ကွင်းမိတာမှ မကြာသေးဘူး၊ သားငယ်လေးရဲ့ ခြေထောက်တွေဟာ မိုးပေါ်ထောင်နေတယ်၊ လျှာကလည်း အပြင်ထွက်နေပြီး ယင်ကောင်တွေ၊ ကျီးကန်းတွေ ကလည်း ဝိုင်းအုံနေတယ်။ . သားငယ်လေးကြည့်ရတာ ပုပ်ပွနေတဲ့ပုံ ပေါက်နေတယ်။ သမင်ငယ်လေးကတော့ သူ့ဆရာ သင်ပေးထားတဲ့အတိုင်း သေချင်ဟန်ဆောင်နေခဲ့ပါ တယ်။ ဒါကို မသိတဲ့ မိခင်သမင်မကြီးဟာ စိုးရိမ်တကြီးနဲ့ သားငယ်လေးကို အဝေးကနေ လှမ်းကြည့်နေတယ်။

အဲဒီအချိန်မှာ မုဆိုးကြီး ရောက်လာပြီး သမင်ငယ်လေးရဲ့ ဗိုက်ကို ပုတ်ပြီး “ဪ.... စောစောကတည်းက မိထားပုံရတယ်”လို့ တွေးထင်ကာ ကျော့ကွင်းကို ဖြေလိုက်တယ်။ ကြိုးဖြေပြီးတာနဲ့ မုဆိုးကြီးဟာ သမင်လေးကို အရေခွံခွာပြီး ဓားနဲ့ အသားတုံးတွေ တုံးဖို့ အတွက် သစ်ပင်ကနေ သစ်ရွက်ကြီးတွေကို သွားခူးတယ်။ အဲဒီအချိန်မှာ သေချင်ယောင် ဆောင်နေတဲ့ သမင်ငယ်လေးဟာ ဖုန်တွေကို ခါပြီး အားရဝမ်းသာနဲ့ တစ်ဟုန်ထိုး ထွက် ပြေးသွားခဲ့တယ်။

အနီးအနား ချုံပုတ်တွေထဲကနေ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်တကြီး ကြည့်နေကြတဲ့ မိခင်သမင်မကြီးနဲ့ သူငယ်ချင်းသမင်အုပ်ကြီးလည်း သမင်ငယ်နောက်ကနေ ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ပြေးလိုက်သွားခဲ့ကြတယ်။ ဆရာ့စကားကို ရိုရိုသေသေ၊ လေးလေးစားစား နားထောင်တဲ့ သမင်ငယ်လေးဟာ အန္တရာယ်ကင်းကင်းနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့တယ်။

မှီငြမ်း ။ ။ တိပလ္လတ္ထမိဂဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆ ယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၈၈။ ဇာ၊ ဋ္ဌ၊ ၁။ ၁၇၇၊

֍ဇာတ်လမ်းပြောပြီးနောက် အောက်ပါမေးခွန်းများကို မေးပါ။

မိခင်သမင်မကြီးက သားဖြစ်သူ သမင်ငယ်လေးကို ဘယ်သူ့ထံမှာ အပ်ပြီး ပညာ သင်ကြားစေသလဲ။

သမင်ငယ်လေးဟာ ဆရာဖြစ်သူထံမှာ ပညာတွေကို ဘယ်လို သင်ယူခဲ့သလဲ။ သမင်ငယ်လေးဟာ သမင်အုပ်ကြီးနဲ့ လှည့်လည်စားသောက်ရင်း ဘာဖြစ်ခဲ့သလဲ။ ကျော့ကွင်းမိသွားတဲ့ သမင်ငယ်လေးဟာ ဘယ်လို ဟန်ဆောင်ခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဇာတ်လမ်းသရုပ်ဖော်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သမင်ငယ်လေး သေချင်ဟန်ဆောင်နေသည့်ပုံ၊ ကျော့ကွင်းမှ လွတ်မြောက်ပြီး သမင် အုပ်ကြီးနှင့်အတူ ပျော်ရွှင်နေကြသည့် ရုပ်ပုံများကို ပြလျက် “ပုံထဲက သမင်လေး ဘာလုပ်နေတာလဲ၊ ဒီပုံထဲက သမင်တွေကရော ဘာဖြစ်လို့ ပျော်ရွှင်နေကြတာလဲဟု မေးပြီး ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ထို့နောက် ရုပ်ပုံများကို ဆေးရောင်ခြယ်ပါစေ။

֍ဆေးခြယ်ပြီးသောအခါ ကလေးများ၏ ပုံများကို ကြည့်ရှုပြီး ချီးကျူးပေးပါ။ ထို့နောက် ဒီပုံထဲကလိုပဲ ဆရာ့စကား နားထောင်တဲ့သူတွေဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရ တယ်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မင်္ဂလာနေ့ပါ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍တပည့်ကောင်း သမင်လေး ဇာတ်လမ်းကို ပြန်လည် ချိတ်ဆက်ပြောပြပြီး “သားတို့၊ သမီးတို့ ဇာတ်လမ်းထဲက သမင်လေးလို ဆရာပြောတဲ့အတိုင်း လိုက်လုပ်မလား”ဟု မေးမြန်းပါ။

֍ပြီးလျှင် ကလေးများအား “အားလုံး မတ်တတ်ရပ်၊ စာအုပ်ကိုင်၊ စာအုပ်ချ၊ ပြန်ထိုင်၊ လက်အုပ်ချီ၊ လက်ခုပ်တီး၊ ခါးထောက်၊ ခြေတစ်ဖက်တည်းရပ်”စသည်ဖြင့် ပြောကြား ပြီး ကလေးများအားလုံး လိုက်လုပ်ကြပါစေ။

֍ထို့နောက် သီချင်းကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

မင်္ဂလာနေ့ပါ

ပျော်ပျော်ရွှင်ရွှင် စာသင်မယ်၊
ဆရာ့စကား နားထောင်မယ်။
ပြုံးပြကာ နှုတ်ဆက်မယ်၊
မင်္ဂလာနေ့ပါကွယ်။
ပျော်ပျော်ရွှင်ရွှင် စာသင်မယ်၊
သူငယ်ချင်းတွေနဲ့ ချစ်ခင်ဖွယ်၊
တေးသီချင်း ဆို၊ ကကြမယ်၊
မင်္ဂလာနေ့ပါကွယ်။

  1. ကျန်ကလေးများကို အမူအရာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ မပြောကြရန် သတိပေးပါ။