ဆက်ဒန်အိုင်သာ-ချီ ရတု

From Wikisource
Jump to navigation Jump to search
ဆက်ဒန်အိုင်သာ-ချီ ရတု
by နတ်သျှင်နောင်
ကျေးစေ မဉ္ဇူသကပန်းဘွဲ့ ရတု

ဆက်ဒန်အိုင်သာ ဂန္ဓမာနှင့် ကေလာတောင်ထွတ် နဝတတ်၌ နေမှတ်ပျော်ပါး ပွင့်ဝတ်စား၍ သိကြားနတ်က ပို့လှာသသည် ဇောတလျှံပြောင် ကျေးမျာ့းနောင် ။ ညိုရောင်သွယ်ရွှန်း လှကြငှန်းမူ လွမ်းပန်းမပြယ် သနားဘွယ်တည့် နောင့်နှယ်ညွတ်ခွေ ရှိပလေလိမ့် စွေရေမေးမြွ မိန့်တော်မူကား မဉ္ဇူပွင့်ခက် ခိုင်ကိုဆက်၍ ကျူးရက်မရှည် ဖူးလွယ်မည်ကို မိုးခြည်တိမ်ခြေ ပျံနှင့်ချေလော့ ပြုတေဝယ်သွေး လှငြိမ့်လေးသည် လွမ်းရေးဖြေတော်မူလိမ့်မည် ။

ခက်သန်ခိုင်မြွာ တပင်သာတည့် ဟေမာမြိုင်စပ် စစ်မှူးကွပ်၍ စောင့်ကြပ်ဂုမ္ဘဏ် အတန်တန်တည့် လှံကွန်လေးမြား လက်နက်ထားဖြင့် လွှားလွှားပစ်သတ် ထိုထိုနတ်ကို သွယ်ညွတ်တင့်ခေါင် လှသည်မောင်ဟု ပေါက်ပြောင်မာတင် ရဲဘက်ဆင်နှင့် ချွန်းငင်ငဲ့လိုက် ခြိမ်းတည့်လိုက်သော် ဖြိုးရိုက်စဉ်လည်း လက်နက်လှည်းက သိမ်းဆည်းကုံးမြောင် ပန်ထိုက်အောင်ဟု ကြင်နောင်မည့်သူ ဆွတ်ခဲ့ယူသည် မဉ္ဇူသက ရဲဆုရကို နှိမ့်ချရိုသေ ဆက်နှင်းချေလော့ မြုတေငါးအင် ညွတ်မွတ်စင်မူ ဝါဝင်ကာလ နီးခဲ့မျှလျှင် တွေးဆမရက် လှများထက်သည် ချိုးလက်ရေတော်မူလိမ့်မည် ။

ဖက်ရန်ပြိုင်ရာ သို့ရောက်လှာက ဘုံသာခြောက်ဆူ စံသသူလည်း မတူဘက်လွတ် ချစ်၍မှတ်သား မျိုးမြတ်ဖြူပြာ မယ့်နေရာသို့ လူးလာပြန်ခေါက် နေ့ချင်းရောက်လိမ့် မှာလျှောက်သရွေ့ စေ့စေ့မကျန် ကြွင်းမဲ့ပြန်သော် ကျူးလွန်ဖွေရှာ ဆက်စရာဟု လက်ျာထပ်ဆင့် ခိုင်လှတင့်ကို သခင့်အိမ်သူ လှမ်းယူရွရွ ယုယညက်ခွေ လက်ရုံးရွှေနှင့် ဆွတ်ခြွေရွေးသင် မြင်းမှင်ရှက်ခေါက် ပွင့်ညှောက်သီရုံး တညီကုံးမှ သက်ဆုံးရာကျော် ဆက်တိုင်းသော်လည်း ကြင်ဘော်တူရှည့် ပျော်ချင်လှည့်ဟု ရွှေမှည့်မင်းစံ အလျှံပြိုးပြက် တောင်ထိပ်ထက်ဝယ် နံဘက်သင့်နေ သာလျောင်းမွေကို ရိုသေညွတ်ကြည် ဝေးကရည်၍ ပြစ်ခြည်ကင်းလွတ် လူငြိမ့်မွတ်သည် ဆုမြတ်ဝေတော်မူလိမ့်မည် ။