စူဠဟံသဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၀၂။ စူဠဟံသဇာတ် (၆)

ဝီသတိနိပါတ်

၆။ စူဠဟံသဇာတ်

သုမုခစစ်သူကြီး အဆွေခန်ပွန်းကောင်းပီသပုံ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်ရှိသော် အာနန္ဒာမထေရ်၏ အသက်ကို စွန့်ခြင်းကိုသာလျှင် အကြောင်းပြု၍ ဧတေ ဟံသာ ပက္ကမန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဟံသဇာတ်ကို ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ ထိုအခါ၌လည်း တရားသဘင်ဝယ် အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူး စကားကို ရဟန်းတို့သည် ပြောဆိုကုန်သည်ရှိသော် ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့- ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သော စကားကြောင့် စုဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားကြောင့် စုဝေးကြပါကုန်သည်ဟု ရွှေနားတော် လျှောက်ပေသော် ရဟန်းတို့- ယခုအခါ၌ သာလျှင် အာနန္ဒာသည် ငါ၏အကျိုးငှါ အသက်ကို စွန့်သည်မဟုတ်၊ ရှေး၌လည်း အာနန္ဒာသည် ငါဘုရား၏အကျိုးငှာ အသက်ကို စွန့်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗဟုပုတ္တက အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုယားကြီးသည် ခေမာ အမည်ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ ကိုးသောင်း ခြောက်ထောင်သော ဟင်္သာ်အပေါင်း ခြံရံလျက် စိတ္တကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ၌လည်း မိဖုယားကြီးသည် ဆိုအပ်ပြီးသောနည်းဖြင့် အိပ်မက်ကိုမြင်၍ မင်းအား ရွှေဟင်္သာမင်း၏တရားကို နာလိုသည်၏အစွမ်းဖြင့် ချင်ခြင်းကို ကြားလျှောက်၏။ မင်းသည်လည်း အမတ်တို့ကိုမေး၍ ရွှေဟင်္သာမည်သည် ရှိကုန်၏။ စိတ္တကုဋ်တောင်၌ နေကုန်၏ဟု ကြားလျှောက်၍ ခေမာအမည်ရှိသော အိုင်ကို ပြုစေ၍ အထူးထူး အပြားပြား များစွာကုန်သော ဟင်္သာတို့၏ အစာဖြစ်ကုန်သော စပါးမျိုးတို့ကို စိုက်ပျိုးစေ၍ လေးထောင့်တို့၌ ဘေးမဲ့ကြွေးကြော်ခြင်းကို နေ့တိုင်း နေ့တိုင်း ကြွေးကြော်စေ၏။ တယောက်သော မုဆိုးသားကိုလည်း ဟင်္သာကို ဖမ်းစိမ့်သောငှါ တိုက်တွန်း၏။

ထိုမုဆိုးကို တိုက်တွန်းသော အခြင်းအရာသည်၎င်း, ထိုမုဆိုးသည် ခေမာအိုင်၌ ငှက်တို့ကို စုံစမ်းဆင်ခြင်သော အဖြစ်သည်၎င်း, ရွှေဟင်္သာတို့၏ လာသောအခါ၌ မင်းအား ကြားလျာက်၍ ကျော့ကွင်းတို့ကို ထောင်သော အမှတ်အသားသည်၎င်း, ဘုရားလောင်း၏ ကျော့ကွင်း၌

ဖွဲ့မိသော အမှတ်သည်၎င်း သုမုခအမည်ရှိသော ဟင်္သာစစ်သူကြီး၏ သုံးစုသော ဟင်္သာအပေါင်းတို့၌ ထိုဘုရားလောင်းကို မမြင်၍ ပြန်ခြင်းသည်၎င်း အလုံးစုံသည် မဟာဟံသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

ဤဇာတ်၌လည်း ဘုရားလောင်းသည် လှံတံကျော့ကွင်း၌ ဖွဲ့မိ၍ လှံတံကျော့ကွင်း၌ တွဲလျားဆွဲလျက်လျှင် လည်ကိုဆန့်၍ ဟင်္သတို့၏ သွားသောခရီးကို ကြည့်လတ်သော် လာလတ်သော သုမုခစစ်သူကြီးကိုမြင်၍ လာသောအခါ၌ ထိုသုမုခကို စုံစမ်းအံ့ဟုကြံ၍ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ထိုသုမုခကို ဆိုလိုရကား-

၁၃၃။ ဧတေ ဟံသာ ပက္ကမန္တိ၊ ဝက္ကင်္ဂါ ဘယမေရိတာ။
ဟရိတ္တစ ဟေမဝဏ္ဏ၊ ကာမံ သုမုခ ပက္ကမ။
၁၃၄။ ဩဟာယ မံ ဉာတိဂဏာ၊ ဧကံ ပါသဝသံ ဂတံ။
နာပေက္ခမာနာ ဂစ္ဆန္တိ၊ ကိံ ဧကော အဝဟိယျသိ။
၁၃၅။ ပတေ ဝ ပတတံ သေဋ္ဌ၊ နတ္ထိ ဗန္ဓေ သဟာယကာ။
မာ အနီဃာယ ဟာပေသိ၊ ကာမံ သုမုခ ပက္ကမ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၁၃၃။ ဟရိတ္တစ၊ ရွှေအဆင်းနှင့်တူသော အမွေး အတောင် ရှိသော။ ဟေမဝဏ္ဏ၊ ရွှေနှင့်တူသော အဆင်းရှိသော။ သုမုခ၊ အမောင်သုမုခ။ ဝက္ကင်္ဂါ၊ ကောက်သော လည်ရှိကုန်သော။ ဘယမေရိတာ၊ သေဘေးဖြင့် ထိတ်လန့်တုန်လှုပ်ကုန်သော။ ဧတေ ဟံသာ၊ ထိုဟင်္သာတို့သည်။ ပက္ကမန္တိ၊ ပျံလေကုန်ပြီ။ တွံ၊ သင်သည်။ ကာမံ-ဧကံသေန၊ စင်စစ်သဖြင့်။ ပက္ကမ၊ သွားလေလော့။

၁၃၄။ သုမုခ၊ အမောင်သုမုခ စစ်သူကြီး။ ပါသဝသံ၊ ကျော့ကွင်းနိုင်ငံသို့။ ဂတံ၊ လိုက်ရသော။ ဧကံ၊ တယောက်တည်းသာ။ မံ၊ ငါ့ကို။ ဉာတိဂဏာ၊ ဆွေမျိုးအပေါင်းတို့သည်။ ဩဟာယ၊ စွန့်ပစ်၍။ နာပေက္ခမာနာ၊ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧကော၊ သင်တယောက်သည်။ အဝဟိယျသိ၊ ချန်ရစ်ဘိသနည်း။

၁၃၅။ သေဋ္ဌ၊ ဟင်္သာမြတ်။ တွံ၊ သင်သည်။ ပတတံ၊ ပျံချင်သောအရပ်သို့။ ပတေဝ-ပတ ဧဝ၊ ပျံသာပျံလော့။ ဗန္ဓေ၊ ဖွဲ့မိသောသူ၌။ သဟာယကာ၊ အဆွေခင်ပွန်းတို့သည်။ နတ္ထိ၊ မရှိကုန်။ အနီဃာယ၊ ဆင်းရဲမရှိခြင်းမှ။ မာ ဟာပေသိ၊ မယုတ်စေလင့်။ သုမုခ၊ အမောင်သုမုခ။ တွံ၊ သင်သည်။ ကာမံ၊ ပျံချင်သောအရပ်သို့။ ပက္ကမ၊ ပျံသွားလေလော့။

ထို့နောင်မှ သုမုခ စစ်သူကြီးသည် ညွန်အပြင်၌နေ၍ ဆိုလိုရကား-

၁၃၆။ နာ ဟံ ဒုက္ခ ပရေတောတိ၊ ဓတရဋ္ဌ တုဝံ ဇဟေ။
ဇီဝိတံ မရဏံ ဝါ မေ၊ တယာ သဒ္ဓိံ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၆။ ဓတရဋ္ဌ၊ ဓတရဋ္ဌဟင်္သာမျိုးဖြစ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ ရှင်မင်းကြီးသည်။ ဒုက္ခပရေတော၊ မရဏဒုက္ခဖြင့် နှိပ်စက်၏။ ဣတိ၊ ဤသို့။ ဧတ္တကေန၊ ဤမျှဖြင့်။ တုဝံ၊ ရှင်မင်းကြီးကို။ အဟံ၊ အကျွန်ုပ်သည်။ န ဇဟေ၊ မစွန့်အံ့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်၏။ ဇီဝိတံ ဝါ၊ အသက်ရှင်ခြင်းသည်၎င်း။ မရဏံ ဝါ၊ သေခြင်းသည်၎င်း။ တယာ၊ ရှင်မင်းကြီးနှင့်။ သဒ္ဓိံ၊ တကွ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဤသို့ သုမုခသည် ရဲရင့်သောစကားကို ဆိုလတ်သော် ဓတရဋ္ဌ ဟင်္သာမင်းသည် သုမုခကို ဆိုလိုရကား-

၁၃၇။ ဧတဒရိယဿ ကလျာဏံ၊ ယံ တွံ သုမုခ ဘာသသိ။
တဉ္စ ဝီမံသမာနော ဟံ၊ ပတတေတံ အဝဿဇိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၇။ သုမုခ၊ အမောင်သုမုခ။ တွံ၊ သင်သည်။ ယံ၊ အကြင် မင်းကြီးကို မစွန့်ဟူသော စကားကို။ ဘာသသိ၊ ဆို၏။ ဧတံ၊ ဤသင်ဆိုသော စကားသည်။ အရိယဿ၊ အကျင့်နှင့်ပြည့်စုံသော အရိယာ၏။ ကလျာဏံ၊ ကောင်းမြတ်သော စကားတည်း။ အဟဉ္စ၊ ငါသည်လည်း။ တံ၊ သင့်ကို။ ဝီမံသမာနော၊ စုံစမ်းလိုသည်ဖြစ်၍။ ပတတေတံ၊ ပတတု-ဟူသော ဤစကားကို။ ဝါ-၊ သင်သွားပါလော့ ဟူသောစကားကို။ အဝဿဇိ၊ ဆို၏။

ဤသို့ ထိုမင်း စစ်သူကြီးတို့သည် ပြောဟောကုန်စဉ်ပင်လျှင် မုဆိုးသားသည် လှံတံကိုယူ၍ လျင်စွာလာ၏။ သုမုခစစ်သူကြီးသည် ဓတရဋ္ဌ ရွှေဟင်္သာမင်းကို နှစ်သိမ့်စေ၍ ထိုမုဆိုး၏ ရှေးရှုသွား၍ ရိုသေသော အခြင်းအရာကိုပြ၍ ဟင်္သာမင်း၏ ဂုဏ်ကျေးဇူးတို့ကို ကြား၏။ ထိုသို့ ကြားသော ခဏ၌လျှင် မုဆိုးသည် နူးညံ့သော စိတ်ရှိသည် ဖြစ်၏။ ထိုသုမုခစစ်သူကြီးသည် မုဆိုး၏ စိတ်နူးညံ့သော အဖြစ်ကိုသိ၍ တဖန်သွား၍ ထိုဟင်္သာမင်းကိုသာလျှင် နှစ်သိမ့်စေလျက် တည်၏။ မုဆိုးသည်လည်း ထိုဟင်္သာမင်းသို့ ကပ်၍ ဆိုလိုရကား-

၁၃၈။ အပဒေန ပဒံ ယာတိ၊ အန္တလိက္ခစရော ဒိဇော။
အာရာ ပါသံ န ဗုဇ္ဈိ တွံ၊ ဟံသာနံ ပဝရုတ္တမ၊

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၈။ ဟံသာနံ၊ ဟင်္သာတို့ထက်။ ပဝရုတ္တမ၊ အလွန်မြတ်သော ဟင်္သာမင်း။ အန္တလိက္ခစရော၊ ကောင်းကင်ပြင်၌ ကျက်စားတတ်သော။ ဒိဇော၊ သင် ဟင်္သာမင်းသို့သော ငှက်သည်။ အပဒေန၊ ကောင်းကင်ပြင်၌။ ပဒံ၊ ခြေပြု၍။ ယာတိ၊ သွား၏။ တွံ၊ သင် ဟင်္သာမင်းသည်။ အာရာ၊ အဝေးမှ။ ပါသံ၊ ကျော့ကွင်းကို။ န ဗုဇ္ဈိ၊ မသိသလော။

ထိုသို့ မုဆိုး မေးသည်ရှိသော် ဘုရားလောင်းသည် မသိသောအကြောင်းကို ဆိုလိုရကား-

၁၃၉။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယေ။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၉။ သမ္မ၊ အဆွေမုဆိုး။ ယဒါ၊ အကြင်အခါ၌။ ပေါသော၊ သတ္တဝါသည်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်အံ့။ အထ၊ ထိုသို့ ပျက်စီးလိုသောအခါ၌။ ပေါသော၊ သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်၏ ကုန်ခြင်းသို့။ ပတ္တေ၊ ရောက်လတ်သော်။ ဇာလဉ္စ၊ ပိုက်ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္ဈတိ၊ မသိနိုင်။

မုဆိုးသည်လည်း ဟင်္သာမင်း၏ တရားစကားကို အလွန်နှစ်သက်၍ သုမုခနှင့်တကွ စကားပြောဆိုလိုရကား-

၁၄၀။ ဧတေ ဟံသာ ပက္ကမန္တိ၊ ဝက္ကင်္ဂါ ဘယမေရိတာ။
ဟရိတ္တစ ဟေမဝဏ္ဏ၊ တွညေဝ အဝဟိယျသိ။
၁၄၁။ ဧတေ ဘုတွာ ပိဝိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။
နာပေက္ခမာနာ ဝက္ကင်္ဂါ၊ တွညေဝေကော ဥပါသသိ။
၁၄၂။ ကိံနု တျာယံ ဒိဇော ဟောတိ၊ မုတ္တော ဗန္ဓံ ဥပါသတိ။
ဩဟာယ သကုဏာ ယန္တိ၊ ကိံ ဧကော အဝဟိယျသိ။

ဟူကုန်သော ဤသုံးဂါထာတို့ကို ဆို၏။

၁၄၀။ ဟရိတ္တစ၊ ရွှေကဲ့သို့ အရေးရှိသော။ ဟေမဝဏ္ဏ၊ ရွှေကဲ့သို့ အဆင်းရှိသော။ သုမုခ၊ သုမုခ စစ်သူကြီး။ ဝက္ကင်္ဂါ၊ ကောက်သော လည်ရှိကုန်သော။ ဘယမေရိတာ၊ သေဘေးမှ ထိတ်လန့်တုန်လှုပ်ကုန်သော။ ဧတေ ဟံသာ၊ ထိုဟင်္သာတို့သည်။ ပက္ကမန္တိ၊ ပျံလေကုန်ပြီ။ တွညေဝ၊ သင်တယောက်တည်းသာလျှင်။ အဝဟိယျသိ၊ ချန်ရစ်၏။

၁၄၁။ ဝက္ကင်္ဂါ၊ ကောက်သော လည်ရှိကုန်သော။ ဧတေ ဝိဟင်္ဂမာ၊ ထိုဟင်္သာတို့သည်။ ဘုတွာ စ၊ စားကုန်၍၎င်း။ ပိဝိတွာ စ၊ သောက်ကုန်၍၎င်း။ နာပေက္ခမာနာ၊ ငဲ့ကွက်ခြင်းမရှိကုန်သည်ဖြစ်၍။ ပက္ကမန္တိ၊ ပျံကုန်၏။ တွညေဝ ဧကော၊ သင်တယောက်သာလျှင်။ ဥပါသသိ၊ ကပ်ဘိ၏။

၁၄၂။ သမ္မ၊ အဆွေသုမုခ စစ်သူကြီး။ အယံ ဒိဇော၊ ဤဟင်္သာမင်းသည်။ တေ၊ သင်နှင့်။ ကိံ ဟောတိ နု၊ အသို့တော်သနည်း။ မုတ္တော၊ လွတ်သော သင်သည်။ ဗန္ဓံ၊ ဖွဲ့မိရာသို့။ ဥပါသသိ၊ ကပ်ဘိ၏။ သကုဏာ၊ ငှက်တို့သည်။ ဩဟာယ၊ စွန့်၍။ ယန္တိ၊ သွားကြကုန်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧကော၊ သင် တယောက်သည်။ အဝဟိယျသိ၊ ချန်ရစ်ဘိသနည်း။

ထိုအခါ သုမုခ စစ်သူကြီးသည် မစွန့်နိုင်ကြောင်းကို ဆိုလိုရကား-

၁၄၃။ ရာဇာ မေ သော ဒိဇော မိတ္တော၊ သခါ ပါဏသမော စ မေ။
နေဝ နံ ဝိဇဟိဿာမိ၊ ယာဝ ကာလဿ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၃။ သမ္မ၊ အဆွေမုဆိုး။ ဧသော ဒိဇော၊ ဤဟင်္သာမင်းသည်။ မေ၊ ငါ၏။ ရာဇာ စ၊ မင်းလည်းဖြစ်၏။ မေ၊ ငါ၏။ မိတ္တော၊ အဆွေခင်ပွန်းတည်း။ မေ၊ ငါ၏။ ပါဏသမော၊ အသက်နှင့်တူသော။ သခါ စ၊ အဆွေခင်ပွန်းလည်း ဖြစ်၏။ ယာဝ၊ အကြင်မျှလောက်။ ကာလဿ၊ သေခြင်း၏။ ပရိယာယံ၊ အဆုံးသည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်။ အဟံ၊ ငါသည်။ နံ၊ ထို ရွှေဟင်္သာမင်းကို။ နေဝ ဝိဇဟိဿာမိ၊ မစွန့်ပါအံ့။

ထိုစကားကိုကြား၍ မုဆိုးသည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အကယ်၍ ငါသည် ဤသို့ သီလနှင့်ပြည့်စုံသော ဤရွှေဟင်္သာတို့၌ ပြစ်မှားမိအံ့၊ ဤသို့ ပြစ်မှားမိချေသော် မြေသည်မူလည်း ငါ့အား ဟင်းလင်းဖွင့်၍ ပေးရာ၏။ မင်း၏အထံမှ ရသောဥစ္စာဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ထိုရွှေဟင်္သာမင်းကို ငါလွှတ်အံ့ဟု ကြံ၍ လွှတ်လိုရကား-

၁၄၄။ ယော စ တွံ သခိနော ဟေတု၊ ပါဏံ ဇဟိတုမိစ္ဆသိ။
သောတေ သဟာယံ မုဉ္စာမိ၊ ဟောတု ရာဇာ တဝါနုဂေါ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၄။ သမ္မသုမုခ၊ အဆွေသုမုခ စစ်သူကြီး။ ယောစ တွံ၊ အကြင်သင်သည်။ သခိနော၊ အဆွေခင်ပွန်း၏။ ဟေတု၊ အကြောင်းကြောင့်။ ပါဏံ၊ အသက်ကို။ ဇဟိတုံ၊ စွန့်ခြင်းငှါ။ ဣစ္ဆသိ၊ အလိုရှိ၏။ သော အဟံ၊ ထိုငါသည်။ တေ၊ သင်၏။ သဟာယံ၊ အဆွေခင်ပွန်းကို။ မုဉ္စာမိ၊ လွှတ်အံ့။ ရာဇာ၊ ရွှေဟင်္သာမင်းသည်။ တဝ၊ သင်၏။ အနုဂေါ၊ အလိုသို့ လိုက်သည်။ ဟောတု၊ ဖြစ်စေသတည်း။

ဤသို့သောစကားကို ဆို၍ ဓတရဋ္ဌ ရွှေဟင်္သာမင်းကို လှံတံကျော့ကွင်းမှချ၍ အိုင်နားသို့ဆောင်၍ ကျော့ကွင်းကို ဖြေ၍ နူးညံ့သောစိတ်ဖြင့် သွေးကိုဆေး၍ အကြောအစရှိသည်တို့ကို ပြကတေ့ဆက်၏။ ထိုမုဆိုး၏ နူးညံ့သောစိတ် ရှိသည်၏ အဖြစ်ကြောင့်၎င်း, ဘုရားလောင်း၏ ပါရမီတော်၏ အာနုဘော်အားဖြင့်၎င်း ထိုခဏ၌လျှင် ခြေသည် အရေနှင့်တကွ ပြည့်စုံစွာဖြစ်၏။ ဖွဲ့မိရာကို မမြင်၊ သုမုခစစ်သူကြီးသည် ဘုရားလောင်းကိုကြည့်၍ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မုဆိုးအား ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းခြင်းကို ပြုလိုရကား-

၁၄၅။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ ဒိဇာဓိပံ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၅။ လုဒ္ဒက၊ အဆွေမုဆိုး။ မုတ္တံ၊ လွတ်ပြီးသော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ အဇ္ဇ၊ ဤအခါ၌။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ အဆွေမုဆိုးသည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်စေသတည်း။

ထိုရွှေဟင်္သာမင်းကို မြင်၍ မုဆိုးသည် အရှင်- ကြွတော်မူလော့ဟု ဆို၏။ ထိုအခါ ထိုမုဆိုးကို ဘုရားလောင်းသည် အသို့နည်း၊ အဆွေသည် ငါ့ကို မိမိအကျိုးငှါ ထောင်သလော၊ ထိုသို့မဟုတ်မူကား သူတပါးသည် စေခိုင်းအပ်သောကြောင့် ထောင်သလောဟု မေး၍ ထိုမုဆိုးသည် ထောင်ခြင်း၏အကြောင်းကို ကြားသည်ရှိသော် အသို့နည်း၊ ငါ့အား ဤအရပ်မှသာလျှင် စိတ္တကုဋ်တောင်သို့။ သွားခြင်းငှါ သင့်မြတ်မည်လော၊ ထိုသို့မဟုတ် မြို့သို့သွားခြင်းငှါ သင့်မြတ်မည်လောဟု စုံစမ်းဆင်ခြင်တော်မူသည်ရှိသော် ငါမြို့သို့ ကြွတော်မူလျှင် မုဆိုးသားသည် ဥစ္စာကို ရလတ္တံ့၊ မိဖုယား၏ ချင်ခြင်းသည် ငြိမ်းလတ္တံ့၊ သုမုခစစ်သူကြီး၏ အဆွေခင်ပွန်းကောင်း သဘောသည် ထင်ရှားလတ္တံ့၊ ထိုမှတပါး ငါ၏ဉာဏ်အစွမ်းဖြင့် ခေမာအိုင်ကို ဘေးမဲ့ပေးခြင်းကို ပြု၍ ငါသွားအံ့၊ ထို့ကြောင့် မြို့ကိုသာလျှင် သွားခြင်းငှါ သင့်မြတ်၏ဟု စိတ်နှလုံးကို ဆုံးဖြတ်ခြင်းကိုပြု၍ မုဆိုးကို သင်သည် ငါတို့ကို ထမ်းပိုးဖြင့်ယူ၍ မင်းအထံသို့ ဆောင်လော့၊ အကယ်၍ ငါတို့ကို မင်းသည် လွှတ်လိုသည်ဖြစ်အံ့၊ လွှတ်လိုက်သည် ဖြစ်လတ္တံ့ဟု ဆို၏။

အရှင်- မင်းတို့မည်သည်ကား ကြမ်းကြုတ်ခက်ထန်၏။ အရှင်တို့သည် ကြွပါကုန်ဟု ဆိုလတ်သော် ငါတို့သည် သင်ကဲ့သို့ ကြမ်းကြုတ်သော သူကိုလျှက်လည်း နူးညံ့သည်ကို ပြုနိုင်ကုန်၏။ မင်းအား နှစ်သက်စေခြင်း၌ ငါတို့၏ ဝန်တည်း၊ အဆွေမုဆိုး- ငါတို့ကို ဆောင်သာဆောင်လော့ဟု မိန့်တော်မူသည်ရှိသော် ထိုမုဆိုးသည် ထိုဘုရားလောင်းဆိုတိုင်း မြို့သို့ ဆောင်ပေ၏။ ရောက်သည်ရှိသော် နန်းတော်သို့ဝင်၍ မင်းအားဆက်၏။ မင်းသည် ရွှေဟင်္သာတို့ကို မြင်လတ်သော် နှစ်လိုဝမ်းမြောက်သည်ဖြစ်၍ ရွှေဟင်္သာနှစ်ပါးတို့ကိုလည်း ရွှေအင်းပျဉ်၌ နေစေ၍ ပျား ပေါက်ပေါက်တို့ကို ကျွေးမွေး၍ ကောင်းမြတ်သော ရေချိုကိုတိုက်၍ လက်အုပ်ချီ၍ တရားဟောစိမ့်သောငှါ တောင်းပန်၏။ ရွှေဟင်္သာမင်းသည် ထိုမင်းကြီး၏ တရားနာချင်သောအဖြစ်ကို သိ၍ ရှေးဦးစွာ စကားပြောဟောခြင်းကို ပြု၏။ ထိုစကား၌ ရွှေဟင်္သာမင်း၏၎င်း, ဗာရာဏသီမင်းကြီး၏၎င်း စကားတုံ့လှယ် ပြောဟောလိုရကား-

၁၄၆။ ကစ္စိ နု ဘောတော ကုသလံ၊ ကစ္စိ ဘောတော အနာမယံ။
ကစ္စိ ရဋ္ဌ မိဒံ ဖီတံ၊ ဓမ္မေန မနုသာသသိ။
၁၄၇။ ကုသလဉ္စေဝ မေ ဟံသ၊ အထော ဟံသ အနာမယံ။
အထော ရဋ္ဌ မိဒံ ဖီတံ၊ ဓမ္မေန မနုသာသဟံ။
၁၄၈။ ကစ္စိ ဘောတော အမစ္စေသု၊ ဒေါသော ကောစိ န ဝိဇ္ဇတိ။
ကစ္စိ ပရာ အမိတ္တာ တေ၊ ဆာယာ ဒက္ခိဏတောရိဝ။
၁၄၉။ အထာပိ မေ အမစ္စေသု၊ ဒေါသော ကောစိ န ဝိဇ္ဇတိ။
အထော ပရာ အမိတ္တာ မေ၊ ဆာယာ ဒက္ခိဏတောရိဝ။
၁၅၀။ ကစ္စိ တေ သာဒိသီ ဘရိယာ၊ အဿဝါ ပိယဘာဏိနီ။
ပုတ္တရူပယသူပေတာ၊ တဝ ဆန္ဒဝသာနုဂါ။
၁၅၁။ အထော မေ သာဒိသီ ဘရိယာ၊ အဿဝါ ပိယဘာဏိနီ။
ပုတ္တရူပယသူပေတာ၊ မမ ဆန္ဒဝသာနုဂါ။
၁၅၂။ ကစ္စိ တေ ဗဟဝေါ ပုတ္တာ၊ သုဇာတာ ရဋ္ဌဝဍ္ဎန။
ပညာဇဝေန သမ္ပန္နာ၊ သမ္မောဒန္တိ တတော တတော။
၁၅၃။ သတ မေကော စ မေ ပုတ္တာ၊ ဓတရဋ္ဌ မယာ သုတာ။
တေသံ တွံ ကိစ္စ မက္ခာဟိ၊ နာဝရုဇ္ဈန္တိ တေ ဝစော။

ဟူသော ဤရှစ်ဂါထာတို့ကို ဆိုကုန်၏။

၁၄၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ ကုသလံ နု၊ အပြစ်ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ အနာမယံ နု၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြောပါ၏လော။ ဓမ္မေန၊ တရားနှင့်အညီ။ ဇနံ၊ လူကို။ အနုသာသသိ၊ ဆုံးမပါ၏လော။

၁၄၇။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါ့အား။ ကုသလဉ္စေဝ၊ အပြစ်ကင်းသည်သာတည်း။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ မေ၊ အကျွန်ုပ်အား။ အနာမယံ၊ အနာကင်းပေ၏။ အထော၊ ထိုမြို့။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြောပေ၏။ ဓမ္မေန၊ တရားနှင့်အညီ။ ဇနံ၊ လူကို။ အနုသာသာမိ၊ ဆုံးမပါ၏။

၁၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ အမစ္စေသု၊ အမတ်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိပါ၏လော။ ကစ္စိ၊ အသို့နည်း။ တေ၊ ရှင်မင်းကြီးအား။ ဒက္ခိဏတော၊ တောင်အရပ်သို့ရှေးရှု။ ဆာယာ၊ အရိပ်သည်။ န ဝဍ္ဎတိ ဣဝ၊ မပွားသကဲ့သို့။ တေ၊ သင်မင်းကြီးအား။ ပရာ၊ ရန်သူဖြစ်ကုန်သော။ အမိတ္တာ၊ မချစ်သော သူတို့သည်။ န ဝဍ္ဎန္တိ၊ မပွားကုန်၏လော။

၁၄၉။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ မေ၊ အကျွန်ုပ်အား။ အမစ္စေသု၊ အမတ်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ။ အထော၊ ထိုမှတပါး။ ဆာယာ၊ အရိပ်သည်။ ဒက္ခိဏတော၊ တောင်အရပ်သို့ ရှေးရှု။ န ဝဍ္ဎတိ ဣဝ၊ မပွားသကဲ့သို့။ မေ၊ အကျွန်ုပ်အား။ ပရာ၊ ရန်သူဖြစ်ကုန်သော။ အမိတ္တာ၊ မချစ်သောသူတို့သည်။ န ဝဍ္ဎန္တိ၊ မပွားကုန်။

၁၅၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကစ္စိ၊ အသို့နည်း။ တေ၊ ရှင်မင်းကြီး၏။ သာဒိသီ၊ ဇာတ် ဥစ္စာ အရွယ် အမျိုးညွှန်းခြင်းအားဖြင့် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်၏အလိုသို့ လိုက်ပါကုန်၏လော။ ပိယဘာဏိနီ၊ ချစ်ဘွယ်သောစကားကို ဆိုကုန်၏လော။ ပုတ္တရူပယသူပေတာ၊ သားသ္မီး အရောင်အဆင်း အခြံအရံနှင့် ပြည့်စုံကုန်၏လော။ တဝ၊ ရှင်မင်းကြီး၏။ ဆန္ဒဝသာနုဂါ၊ အလိုသို့ လိုက်ပါကုန်၏လော။

၁၅၁။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ မေ၊ ငါ၏။ သာဒိသီ၊ ဇာတ် ဥစ္စာ အနွယ် အမျိုး ညွှန်းခြင်းအားဖြင့် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်၏အလိုသို့ လိုက်ပေကုန်၏။ ပိယဘာဏိနီ၊ ချစ်ဘွယ်သော စကားကိုလည်း ဆိုတတ်ကုန်၏။ ပုတ္တရူပယသူပေတာ၊ သားသ္မီး အရောင်အဆင်း အခြံအရံနှင့် ပြည့်စုံကုန်၏။ မေ၊ အကျွန်ုပ်၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့လည်း လိုက်ကြကုန်၏။

၁၅၂။ ရဋ္ဌဝဍ္ဎန၊ ပြည်တိုင်းကား၏ အစီးအပွားကို ဆောင်တတ်သော ရှင်မင်းကြီး။ ကစ္စိ၊ အသို့နည်း။ တေ၊ ရှင်မင်းကြီးအား။ သုဇာတာ၊ ကောင်းစွာ ဖြစ်ကုန်သော။ ပုတ္တာ၊ သားတို့သည်။ ဗဟဝေါ၊ များကုန်၏လော။ တေ ပုတ္တာ၊ ထိုသားတို့သည်။ ပညာဇဝေန၊ ပညာလျင်ခြင်းနှင့်။ သမ္ပန္နာ၊ ပြည့်စုံကုန်၏လော။ တတော တတော၊ ထိုထို အမှုကိစ္စ၌။ သမ္မောဒန္တိ၊ ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ကြကုန်၏လော။

၁၅၃။ ဓတရဋ္ဌ၊ ရွှေဟင်္သာမင်း။ မေ၊ အကျွန်ုပ်၏။ ပုတ္တာ၊ သားတို့သည်။ သတဉ္စ၊ တရာသည်၎င်း။ ဧကော စ၊ တယောက်သည်၎င်း။ ဝါ၊ သတံဧကော၊ တရာ့တယောက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မယာ၊ အကျွန်ုပ်သည်။ သုတာ၊ သားများဖဟူ၍ ကျော်စောထင်ရှား၏။ တွံ၊ ရွှေဟင်္သာမင်းသည်။ တေသံ၊ ထိုအကျွန်ုပ်သားတို့အား။ ကိစ္စံ၊ ထိုထိုသို့သော ပြုဘွယ်ကိစ္စကို။ အက္ခာဟိ၊ ကြားပါလော့။ တေ၊ ထိုသားတို့သည်။ တေ၊ သင်ရွှေဟင်္သာမင်း၏။ ဝစော၊ စကားကို။ နာဝရုဇ္ဈန္တိ၊ မဆန့်ကျင်ကြကုန်လတ္တံ့။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ထိုမင်းသားတို့အား ဆုံးမခြင်းကို ပေးလိုရကား-

၁၅၄။ ဥပပန္နောပိ စေ ဟောတိ၊ ဇာတိယာ ဝိနယေန ဝါ။
အထ ပစ္ဆာ ကုရုတေ ယောဂံ၊ ကိစ္စေ အာပဒါသု သီဒတိ။
၁၅၅။ တသ သံဟိရပညဿ၊ ဝိဝရော ဇာယတေ မဟာ။
ရတ္တိမန္ဒောဝ ရူပါနိ၊ ထူလာနိ မနုပဿတိ။
၁၅၆။ အသာရေ သာရယောဂညူ၊ မတိံ န တွေ ဝိန္ဒတိ။
သရဘော ဂိရိဒုဂ္ဂသ္မိံ၊ အန္တရေယေဝ သီဒတိ။
၁၅၇။ ဟီနဇစ္စောပိ စေ ဟောတိ၊ ဥဋ္ဌာတာ မီတိမာ နရော။
အာစာရသီလသမ္ပန္နော၊ နိသေ အဂ္ဂီဝ ဘာသတိ။
၁၅၈။ ဧတဉ္စ ဥပမံ ကတွာ၊ ပုတ္တေ ဝိဇ္ဇာသု ဝါစယ။
သံဝိရူဠှေထ မေဓာဝီ၊ ခေတ္တေ ဗီဇံဝ ဝုဋ္ဌိယာ။

ဟူကုန်သော ဤငါးဂါထာတို့ကို ဆို၏။

၁၅၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဇာတိယာ၊ အမျိုးနှင့်၎င်း။ ဝိနယေန ဝါ၊ အကျင့်နှင့်၎င်း။ ဥပပန္နောပိ၊ ပြည့်စုံသည်လည်း။ စေ ဟောတိ၊ အကယ်၍ဖြစ်အံ့။ အထ-ဧဝံ၊ ဤသို့ပြည့်စုံသည်။ သတိပိ၊ ရှိသော်လည်း။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက် အိုသောအခါမှ။ ယောဂံ၊ သင်ကြား လေ့လာခြင်းလုံ့လကို။ ကုရုတေ၊ ပြုအံ့။ ကိစ္စေ၊ ပြုဘွယ်ကိစ္စသည်၎င်း။ အာပဒါသု ဝါ၊ ဘေးရန်တို့သည်၎င်း။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ သီဒတိ၊ နစ်၏။

၁၅၅။ သံဟိရပညဿ၊ မသင်အပ်သော ပညာရှိသော။ ဝါ၊ မရဲမတင်း တွန့်တို တုန်လှုပ်သော ပညာရှိသော။ တဿ၊ ထိုသူအား။ မဟာ၊ ကြီးစွာသော။ ဝိဝရော၊ အပေါက်သည်။ ဝါ-၊ ယုတ်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ ရတ္တိမန္ဒော၊ ညဉ့်၌ နည်းသောအရောင်သည်။ ထူလာ၊ ကြီးကုန်သော။ ရူပါနိ၊ အရုပ်အဆင်းတို့ကို။ အနုပဿတိ ဣဝ၊ မြင်သကဲ့သို့။

၁၅၆။ အသာရေ၊ အနှစ်မရှိသော လောကာယတ ဗေဒင်အတတ်၌။ ဝါ၊ အနှစ်သာရမရှိ တိတ္ထိတို့ကျမ်းအတတ်၌။ ဝါ၊ အနှစ်သာရမရှိသော လူမိုက်တို့သင်သော အတတ်၌။ သာရယောဂညု၊ အနှစ်သာရနှင့်ယှဉ်၏ဟု အယူရှိသောသူသည်။ မတိံ၊ ပညာကို။ န တွေဝ ဝိန္ဒတိ၊ မရသည်သာတည်း။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ သရဘော၊ သမင်ဆီးဆောက်သည်။ ဂိရိဒုဂ္ဂသ္မိံ၊ တောင် မြောင် ချောက်ကြား၌။ ပတိတော၊ ကျသည်ဖြစ်၍။ အန္တရေယေဝ၊ အကြား၌သာလျှင်။ သီဒတိ၊ နစ်မြုပ်၏။

၁၅၇။ နရော၊ လူသည်။ ဟီနဇစ္စောပိ၊ ယုတ်ညံ့သော ဇာတ်ရှိသော်လည်း။ ဥဋ္ဌာတာ၊ ထကြွလုံ့လရှိသည်။ ဓိတိမာ၊ တည်ကြည်ခြင်း သမာဓိရှိသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ အာစာရသီလသမ္ပန္နော၊ အကျင့်သီလနှင့် ပြည့်စုံသည်။ စေ ဟောတိ၊ အကယ်၍ဖြစ်အံ့။ နိသေ၊ ညဉ့်၌။ အဂ္ဂိ၊ မီးသည်။ ဘာသတိ ဣဝ၊ ထွန်းပသကဲ့သို့။ ဘာသတိ၊ ထွန်းပ၏။

၁၅၈။ ဧတဉ္စ၊ ဤဆိုအပ်သော ညဉ့်၌ အနည်းငယ်သောအရောင် မီးရောင် နှစ်ပါးကိုလည်း။ ဥပမံ ကတွာ၊ ပုံဥပမာပြု၍။ ပုတ္တေ၊ သားတို့ကို။ ဝိဇ္ဇာသု၊ သင်အပ်သော အတတ်တို့၌။ ဝါစယ၊ သင်စေလော့။ ဝါ-၊ ယှဉ်စေလော့။ မေဓာဝီ၊ ပညာရှိသည်။ ခေတ္တေ၊ လယ်ကောင်း၌။ ဝုဋ္ဌိယာ၊ မိုဃ်းရွာသောအခါ၌။ ဗီဇံ၊ ချအပ်သောမျိုးစေ့သည်။ ရူဟတိ ဣဝ၊ ပွားရောက်သကဲ့သို့။ ယသေန စ၊ စည်းစိမ်အခြံအရံဖြင့်၎င်း။ လာဘေဟိ စ၊ လပ်သပ်ပကာတို့ဖြင့်၎င်း။ သံဝိရူဠှထ၊ ကောင်းစွာ ပွားများရာ၏။

ဤသို့ ဘုရားလောင်းသည် အလုံးစုံသော ညဉ့်သုံးယံပတ်လုံး မင်းကြီးအား တရားဟောတော်မူ၏။ မိဖုယားကြီး၏ ချင်ခြင်းသည် ငြိမ်း၏။ ဘုရားလောင်းသည် အရုဏ်တက်သောအခါ၌သာလျှင် မင်းမိဖုယားတို့ကို သီလတို့၌ တည်စေ၍ အပ္ပမာဒတရားဖြင့် ဆုံးမ၍ သုမုခစစ်သူကြီးနှင့်တကွ မြောက်လေသွန်တံခါးဖြင့် ထွက်၍ စိတ္တကုဋ်တောင်သို့သာလျှင် ပျံကြွတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ရှေး၌လည်း ဤအာနန္ဒာသည် ငါ၏အကျိုးငှါ အသက်ကို စွန့်ဘူးပြီဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ မုဆိုးသည် ဆန္နအမတ်ဖြစ်လာ၏။ မင်းကြီးသည် သာရိပုတ္တရာ ဖြစ်လာ၏။ ခေမာမိဖုယားကြီးသည် ခေမာရဟန်းမိန်းမ ဖြစ်လာ၏။ ရွှေဟင်္သာမင်း ပရိသတ်တို့သည် သာကီဝင် မင်းအပေါင်းတို့ ဖြစ်လာကုန်၏။ သုမုခစစ်သူကြီးသည် အာနန္ဒာဖြစ်လာ၏။ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည်ကား ငါဘုရားသည်သာလျှင် ဖြစ်တော်မူ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှင်တွက်၊ ကိုယ်အသက်၊ ငဲ့ကွက်မပြုရာ

ခြောက်ခုမြောက်သော စူဠဟံသဇာတ်သည် ပြီး၏။

*****