စူဠသေဋ္ဌိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄။ စူဠသေဋ္ဌိဇာတ်

ဧကကနိပါတ်-အပဏ္ဏကဝဂ်

၄။ စူဠသေဋ္ဌိဇာတ်

ကြွက်သေကို အရင်းပြု၍ လေးလအတွင်း၌ ငွေနှစ်သိန်း ကြွယ်ဝသော သူဌေးအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် အပ္ပကေနာပိ မေဓာဝီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဓမ္မဒေသနာကို ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ ဇီဝက၏ အမ္ဗဝန်ကျောင်း၌ နေတော်မူစဉ် စူဠပန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကား၌ စူဠပန်၏ အကြောင်းကို၎င်း၊ ရဟန်း၏အဖြစ်ကို၎င်း ဆိုအပ်၏။ ဤဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း။

ရာဇဂြိုဟ်ပြည်၌ ဓနသေဋ္ဌိမည်သော သူဌေးမျိုး၏သ္မီးသည် မိမိ၏ ကျွန်နှင့်တကွသာလျှင် သံဝါသကိုပြု၍ တပါးကုန်သောသူတို့သည်လည်း ဤအမှုကို သိကုန်လတ္တံ့ဟု ကြောက်ကုန်သည်ဖြစ်၍ ငါတို့သည် ဤအရပ်၌ နေခြင်းငှါ မတတ်ကောင်းကုန်၊ ငါ၏ အမိအဘတို့သည် ဤအပြစ်ကို အကယ်၍ သိကုန်ငြားအံ့၊ အပိုင်းအပိုင်း ဖြတ်သည်ကို ပြုကုန်လတ္တံ့၊ အရပ်တပါးသို့သွား၍ နေကုန်အံ့ဟု လက်ရှိဥစ္စာကိုယူ၍ မြတ်သော တံခါးဖြင့်ထွက်၍ အမှတ်မရှိ မိမိတို့ကို တပါးကုန်သောသူတို့ မသိနိုင်ရာ အရပ်သို့သွား၍ နေကုန်အံ့ဟု နှစ်ယောက်ကုန်သောသူတို့သည် သွားကုန်၏။ တခုသောအရပ်၌ နေကုန်သော ထိုသူတို့၏ သံဝါသကိုစွဲ၍ ထိုသူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်သည် ဖြစ်လေ၏။ ထိုသူဌေးသမီးသည် ကိုယ်ဝန်၏ ရင့်ခြင်းကိုစွဲ၍ လင်နှင့်တကွ တိုင်ပင်၏။ ကိုယ်ဝန်သည် ရင့်ခြင်းသို့ရောက်ပြီ၊ အဆွေအမျိုး အဆွေခင်ပွန်းတို့မှ ကင်းရာအရပ်၌ သားဖွားခြင်းမည်သည် နှစ်ယောက်ကုန်သော ငါတို့အား ဆင်းရဲသလျှင်ကတည်း၊ မိဘအိမ်သို့လျှင် သွားကြကုန်အံ့ဟု တိုင်ပင်၏။ ထိုသူဌေးသီး၏ လင်သည် ငါသည် အကယ်၍သွားအံ့ ငါ၏အသက်သည်မရှိချေပြီဟုကြံ၍ ယနေ့သွားအံ့ နက်ဖြန်သွားအံ့ဟု နေ့တို့ကို လွန်စေ၏။ ထိုသူဌေးသမီးသည် ကြံ၏။ ဤယောက်ျားသည် မိမိ၏အပြစ်ကြီးသည်၏ အဖြစ်ကြောင့် သွားအံ့သောငှါ မဝံ့၊ မိဘတို့မည်သည် သားသ္မီး၌ စင်စစ် စီးပွားကိုသာ အလိုရှိကုန်၏။ ဤယောက်ျားသည် သွားသည်မူလည်းဖြစ်စေ မသွားသည်မူလည်းဖြစ်စေ ငါသည် သွားအံ့သောငှါ သင့်၏ဟုကြံ၏။ ကြံပြီး၍ ထိုသူဌေးသမီးသည် ထိုအိမ်မှထွက်လတ်သော် အိမ်၏ အသုံး အဆောင်တို့ကို သိုမှီး၍ မိမိ မိဘအိမ်သို့ သွားသည်၏အဖြစ်ကို အိမ်နီးချင်းတို့အား ကြားခဲ့၍ ခရီးသို့ သွားလေ၏။

ထိုနောင် ယောက်ျားသည် အိမ်သို့ လာလတ်သည်ရှိသော် ထိုမိန်းမကို မမြင်မူ၍ အိမ်နီးချင်းတို့ကိုမေး၍ မိဘအိမ်သို့သွားလေ၏ဟုဆိုကုန်၏။ ထိုစကားကိုကြား၍ လျင်စွာအစဉ်လိုက်၍ ခရီးအကြား၌ မှီလေ၏။ ထိုမိန်းမ၏လည်း ထိုခရီးအကြား၌ပင်လျှင် သားဖွားခြင်းသည် ဖြစ်လေ၏။ ထိုယောက်ျားသည် ရှင်မ ဤအမှုသည် အဘယ်အမှုနည်းဟုမေး၏။ အရှင်တယောက်သောသားသည် ဖွား၏ဟု ဆို၏။ ယခုအခါ အဘယ်ကို ပြုကုန်အံ့နည်းဟု မေး၏။ အကြင်သားဖွားခြင်း၏ အကျိုးငှါ ငါတို့သည် မိဘအိမ်သို့ သွားကုန်ရာ၏။ ငါ့အား ထိုသားဖွားခြင်းအမှုသည် ခရီးအကြား၌လျှင် ပြီးလေပြီ၊ ထိုအရပ်သို့ သွား၍ အဘယ်မူကုန်အံ့နည်း ပြန်ကုန်အံ့ဟု နှစ်ယောက်ကုန်သော သူတို့သည်လည်း တူသော စိတ်ရှိကုန်သည်ဖြစ်၍ ပြန်ကုန်၏။ ထိုသူငယ်အားလည်း ခရီးအကြား၌ ဖွားသည်ဖြစ်သောကြောင့် ပန္ထကဟူသောအမည်ကိုမည့်ကုန်၏။ ထိုသူဌေးသ္မီးအား မကြာမြင့်မီလျှင် တပါးလည်းဖြစ်သော ကိုယ်ဝန်သည် တည်၏။ အလုံးစုံသော စကားကို ရှေးနည်းဖြင့်သာလျှင်ချဲ့အပ်၏။ ထိုသူငယ်အားလည်း ခရီး၌ဖွားသည်၏အဖြစ်ကြောင့် ရှေးဦးဖွားသောသူငယ်ကိုမဟာပန္ထကဟူသောအမည်ကိုပြု၍ နောက်ဖွားသော သူငယ်ကို စူဠပန္ထကဟူသော အမည်ကို မှည့်ကုန်၏။ နှစ်ယောက်လည်းဖြစ်ကုန်သော ထိုသူငယ်တို့ကို ယူ၍ မိမိတို့၏ အိမ်သို့သာလျှင် သွားကုန်၏။ ထိုအရပ်၌နေကုန်သော သူငယ်တို့တွင် ဤမဟာပန္ထကသူငယ်သည် တပါးကုန်သော သူငယ်တို့သည် ဘထွေးဟူ၍၎င်း ဘကြီးဟူ၍၎င်း အဘိုးဟူ၍၎င်း အဘွားဟူ၍၎င်း ဆိုကြကုန်၏။

ထိုစကားကို ကြား၍ အမိကို မေး၏။ မိခင် တပါးကုန်သောသူငယ်တို့သည် ဘထွေးဟူ၍၎င်း ဘကြီးဟူ၍၎င်း အဘိုးဟူ၍၎င်း အဘွားဟူ၍၎င်း ဆိုကြကုန်၏။ ငါတို့အား အဆွေအမျိုးတို့သည် မရှိပါကုန်သလောဟုမေး၏။ အမောင်ဤအရပ်၌ သင်တို့၏ အမျိုးတို့သည် မရှိကုန်၊ ရာဇဂြိုဟ်ပြည်၌ကား ဓနသေဋ္ဌိမည်သော သူဌေးသည် သင်၏ အဘိုးတည်း၊ ထိုရာဇဂြိုဟ်ပြည်၌ အမောင်တို့၏ များစွာကုန်သော အဆွေ အမျိုးတို့သည် ရှိကုန်၏ဟုဆို၏။ မိခင် အဘယ့်ကြောင့် ရာဇဂြိုဟ်ပြည်သို့ မသွားကုန်သနည်း၊ မိခင် ငါတို့သည် သွားကုန်အံ့ဟု ဆို၏။ ထိုသူဌေးသီးသည် မိမိ၏ မသွားသော အကြောင်းကို သားအား မဆိုမူ၍ သားသည် အဖန်တလဲလဲ ဆိုလတ်သော် လင်ကိုဆို၏။ အရှင်ဤသူငယ်တို့သည် အလွန်ညှဉ်းဆဲကုန်၏။ အမိအဘတို့သည် မြင်ကုန်၍ ငါတို့အသားကို စားကုန်လတ္တံ့ လော၊ လာဘသည်သူငယ်တို့အား အဘိုးအိမ်ကိုပြကုန်အံ့ဟုဆို၏။ ငါသည် မျက်မှောက်သွားခြင်းငှါ မတတ်ကောင်း၊ သင့်ကို ထိုသင်၏ အဘအိမ်သို့ ဆောင်အံ့ဟု ဆို၏။ အရှင်ကောင်းပြီ တစုံတခုသော အကြောင်းဖြင့် သူငယ်တို့အား အဘိုးအိမ်ကိုလျှင် ပြခြင်းသည် သင့်၏ဟုဆို၍ နှစ်ယောက်ကုန်သောသူတို့သည် သူငယ်တို့ကိုယူ၍ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်၍ မြို့တံခါးဝယ် တခုသောအရပ်၌ သူငယ်တို့၏အမိသည် နှစ်ယောက်ကုန်သော သူငယ်တို့ကိုယူ၍ လာသည်၏အဖြစ်ကို မိဘတို့အား ကြားစေ၏။

ထိုမိဘတို့သည် ထိုသတင်းစကားကို ကြားကုန်၍ သံသရာ၌ ကျင်လည်ကုန်သောသူတို့အား သားသ္မီးမဖြစ်ဘူးသောသူမည်သည်မရှိ၊ ငါတို့အား ထိုသူတို့သည် ကြီးသောအပြစ်ကို ပြုကုန်၏။ ထိုသူတို့သည် ငါတို့၏ မျက်စိမြင်ရာအရပ်၌ တည်ခြင်းငှာ မတတ်ကောင်းကုန်၊ ဤမျှလောက်သောဥစ္စာကိုယူ၍ နှစ်ယောက်ကုန်သော သူတို့သည် ချမ်းသာရာအရပ်သို့သွား၍ အသက်မွေးစေကုန်၊ သူငယ်တို့ကိုကား ဤအိမ်သို့သာလျှင် ပို့လာစေဟု ဆို၏။ သူဌေးသီးသည် မိဘတို့သည် ပို့လာစေသော ဥစ္စာကိုယူ၍ သူငယ်တို့ကို လာကုန်သော တမန်တို့၏ လက်၌လျှင် ပေးလိုက်၍ ပို့လေစေ၏။ သူငယ်တို့သည် အဘိုးအိမ်၌ကြီးကုန်၏။ ထိုနှစ်ယောက်ကုန်သောသူတို့တွင် စူဠပန္ထကသည် အလွန်ငယ်၏။ မဟာပန္ထကသည်တမူကား အဘိုးနှင့်တကွ မြတ်စွာဘုရား၏ တရားတော်ကို နာအံ့သောငှါ လိုက်၏။ ထိုမဟာပန္ထက၏ အမြဲ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားနာစဉ် ရဟန်းပြုအံ့သောငှါ စိတ်သည် ညွတ်၏။ ထိုမဟာပန္ထကသည် အဘိုးကို ဆို၏။ အဘိုးသည် အကယ်၍ ခွင့်လွှတ်ငြားအံ့၊ အကျွန်ုပ်သည် ရဟန်းပြုအံ့ဟု ဆို၏။ ငါ့မြေး အဘယ်သို့ ဆိုသနည်း၊ ငါသည် သင်၏ ရဟန်းပြုခြင်းကိုလျှင် အဘယ့်ကြောင့် မနှစ်သက်တုံအံ့နည်း၊ ငါသည် အလုံးစုံသော လူ၏လည်း ရဟန်းပြုခြင်းကို နှစ်သက်သည်သာလျှင်တည်း၊ ငါ့မြေး အကယ်၍ တတ်နိုင်ငြားအံ့ရဟန်းပြုလေလောဟု ခွင့်လွှတ်၍ မြတ်စွာဘုရား အထံတော်သို့ သွားလေ၏။

သဗ္ဗညူ မြတ်စွာဘုရားသည် သူဌေးကြီး-သင်သည် သူငယ်တို့ကို ရသလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဪ ရခဲ့၏။ ဤသူငယ်သည် အကျွန်ုပ်၏ မြေးတည်း၊ အရှင်ဘုရားတို့ထံ၌ ရဟန်းပြုအံ့ဟု လျှောက်၏။ မြတ်စွာဘုရားသည် တပါးသော ပိဏ္ဍပါတ်ဓုတင် ဆောက်တည်သော ရဟန်းကို ဤသူငယ်ကို ရဟန်းပြုလေလော့ဟု စေတော်မူ၏။ မထေရ်သည် မဟာပန္ထကအား တစပဉ္စက ကမ္မဋ္ဌာန်းကိုသင်၍ ရှင်ပြု၏။ ထိုမဟာပန္ထကသည် များသော မြတ်စွာဘုရား ပါဠိတော်ကိုသင်၍ အနှစ်နှစ်ဆယ်ပြည့်လတ်သော် ပဉ္စင်းအဖြစ်သို့ ရောက်သည်ဖြစ်၍ အသင့်အားဖြင့် နှလုံးသွင်း၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကိုပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုမဟာပန္ထက မထေရ်သည် ဈာန်ချမ်းသာဖြင့်၎င်း မဂ်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း လွန်စေလျက် ဤချမ်းသာကို စူဠပန္ထကအား ပေးခြင်းငှါ တတ်ကောင်းအံ့လောဟု ကြံ၏။ ထို့နောင်မှ အဘိုးဖြစ်သော သူဌေးကြီးအထံသို့သွား၍ သူဌေးကြီး သင်တို့သည် အကယ်၍ ခွင့်လွှတ်ကုန်အံ့၊ စူဠပန္ထကကို ရှင်ပြုကုန်အံ့ဟု ဆို၏။ အရှင်ဘုရားရှင်ပြုကုန်လောဟု ဆို၏။ မထေရ်သည် စူဠပန္ထကသူငယ်ကို ရှင်ပြုစေ၍ ဆယ်ပါးကုန်သော သီလတို့၌ တည်စေ၏။ စူဠပန္ထကသာမဏေသည် ရဟန်းပြုလျှင် နုန့်နှေးသော ပညာရှိ၏။-

ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တမာဒိစ္စမိဝန္တလိက္ခေ။

ဟူသော ဤဂါထာကို လေးလတို့ဖြင့် သင်ခြင်းငှါ မတတ်နိုင်။

* ထိုစူဠပန် မထေရ်သည် ကသပ မြတ်စွာဘုရား လက်ထက်၌ ရဟန်းပညာရှိဖြစ်၍ နုန့်နှေးသော ပညာရှိသော ရဟန်းတယောက်၏ ပါဠိတော်ကို သင်သောကာလ၌ ပြက်ရယ်ပြု၍ ကစားဘူးသတတ်၊ ထိုပါဠိတော်ကို သင်သော ရဟန်းသည် ပြက်ရယ်ပြုခြင်းနှင့် ရှက်သည်ဖြစ်၍ ပါဠိသင်ခြင်း သရဇ္ဈာယ်ခြင်းကိုမပြု၊ ထိုကံကြောင့် စူဠပန်သည် ရဟန်းပြု၍လျှင် နုန့်နှေးသော ပညာရှိသည်ဖြစ်၏။ သင်တိုင်း သင်တိုင်းသောပုဒါသည် အထက်ပုဒ်ကို သင်သော် ပျောက်၏။ ဤဂါထာကို သင်ခြင်းငှါ လုံ့လပြုစဉ် လေးလတို့သည် လွန်ကုန်၏။

ထိုအခါ စူဠပန်ကို မဟာပန်သည် သင်သည် ဤသာသနာတော်၌ မထိုက်သောသူတည်း၊ လေးလစဉ် တဂါထာကိုလည်း သင်ခြင်းငှာမတတ်နိုင်၊ သင်သည် ရဟန်းကိစ္စကို အဘယ်မှာ အပြီးသို့ ရောက်စေနိုင်အံ့နည်း၊ ဤမှ ထွက်လေလောဟုဆို၍ ကျောင်းမှ နှင်ထုတ်၏။ စူဠပန်သည် ဘုရားသာသနာတော်၌ ချစ်သဖြင့် လူ၏အဖြစ်ကို မတောင့်တ၊ ထိုအခါ၌လည်း မဟာပန်သည် ဆွမ်းညွှန်ရဟန်းဖြစ်၏။ အဘယမင်းသားသည် မွေးမြူအပ်သော ဇီဝကသည် များစွာသောပန်းနံ့သာကိုယူ၍ မိမိ၏ အမ္ဗဝန်ကျောင်းတော်သို့သွား၍ ဘုရားကိုပူဇော်လျက် တရားနာ၍ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုး၍ မဟာပန်သို့ကပ်၍ အရှင်ဘုရားမြတ်စွာဘုရား အထံတော်၌ ရဟန်းသည် အဘယ်မျှ ရှိကုန်သနည်းဟု မေးလျှောက်၏။ သီတင်းသည် ငါးရာအတိုင်းအရှည်ရှိကုန်၏ဟုဆို၏။ အရှင်ဘုရား နက်ဖြန် ဘုရားအမှူးရှိကုန်သော ရဟန်းငါးရာတို့ကိုဆောင်၍ အကျွန်ုပ်အိမ်၌ ဆွမ်းခံတော်မူပါဟု လျှောက်၏။ သီတင်းသည် စူဠပန်မည်သော ရဟန်းသည် နုန့်နှေးသော ပညာရှိ၏။ မသက်သော တရားရှိ၏။ ထိုစူဠပန်ကိုထား၍ ကြွင်းသောရဟန်းတို့အား ဘိတ်ခြင်းကို ဝန်ခံ၏ဟု မဟာပန်ထေရ်သည် ဆို၏။

စူဠပန်သည် ထိုစကားကိုကြား၍ ငါ၏ အစ်ကိုဖြစ်သော မထေရ်သည် ဤမျှ အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့အား ဝန်ခံသည်ရှိသော် ငါ့ကို အပပြု၍ ဝန်ခံ၏။ မချွတ်လျှင် ငါ့အစ်ကိုဖြစ်သော မထေရ်သည် ငါ၌ပျက်သည်ဖြစ်လတ္တံ့၊ ယခု ငါ့အား ဤသာသနာဖြင့် အဘယ်မူအံ့နည်း၊ လူထွက်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ထိုစူဠပန်သည် နက်ဖြန်နေ့၌ စောစောကလျှင် လူထွက်အံ့ဟု သွားလေ၏။ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌လျှင် လောကကို ကြည့်သည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၍လျှင် ရှေးဦးစွာ သွား၍ စူဠပန်၏ သွားလတ္တံ့သောခရီးဖြစ်သော မုတ်တံခါး၌ စင်္ကြံသွားလျက် နေတော်မူ၏။ စူဠပန်သည် အိမ်သို့သွားသည်ရှိသော် ဘုရားကိုမြင်၍ ဘုရားအထံတော်သို့ဆည်းကပ်၍ ရှိခိုး၏။ ထိုအခါ စူဠပန်ကို မြတ်စွာဘုရားသည် စူဠပန် သင်သည် အဘယ်အရပ်သို့လျှင် ယခုအခါ သွားရအံ့နည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အစ်တို့သည် အကျွန်ုပ်ကို နှင်ထုတ်၏။ ထိုကြောင့် အကျွန်ုပ်သည် လူထွက်၍သွားအံ့ဟု လျှောက်၏။ စူဠပန် သင်၏ ရဟန်းအဖြစ်မည်သည်ကား ငါ၏အထံ၌ ဖြစ်၏။ အစ်ကို နှင်လျက်လည်း အဘယ့်ကြောင့် ငါ၏အထံသို့ မလာသနည်း၊ လာလှည့် သင့်အား လူ၏အဖြစ်ဖြင့် အဘယ်မူအံ့နည်း၊ ငါ၏အထံ၌ နေရလတ္တံ့ဟု စူဠပန်ကို ခေါ်တော်မူ၍ ဂန္ဓာကုဋိဦး၌ နေစေ၍ စူဠပန် သင်သည် အရှေ့သို့မျက်နှာပြု၍ ဤပုဆိုးပိုင်းကို ရဇောဟရဏံ, ရဇောဟရဏံဟု ဆို၍ ဆုပ်နယ်လျက် ဤအရပ်၌ နေရစ်လောဟု တန်းခိုးဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သောပုဆိုးပိုင်းကို ပေး၍ ကာလကို ကြားသည်ရှိသော် ရဟန်းသံဃာြံရံလျက် ဇီဝကအိမ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူ၏။

စူဠပန်သည်လည်း နေကိုကြည့်လျက် ထိုပုဆိုးပိုင်းကို ရဇောဟရဏံ ရဇောဟရဏံဟု ဆို၍ ဆုပ်နယ်လျက် နေ၏။ စူဠပန်၏ဆုပ်နယ်စဉ် ထိုပုဆိုးသည်ညစ်နွမ်း၏။ ထို့နောင်မှ စူဠပန်သည် ဤပုဆိုးသည် ရှေး၌ အလွန်လျှင် ဖြူစင်၏။ ဤအတ္တဘောကို မှီ၍ကား ရှေးသဘောကို စွန့်၍ ဤသို့ ညစ်နွမ်းခြင်းသည်ဖြစ်၏ဟု ကြံ၍ သင်္ခါရ တရားတို့သည် အမြဲမရှိတကားဟု ကုန်ခြင်း ပျက်ခြင်းကိုသိလျက် ဝိပဿနာကို ပွားစေ၏။ မြတ်စွာဘုရားသည် စူဠပန်၏ စိတ်သည် ဝိပဿနာတက်၏ဟု သိတော်မူ၍ စူဠပန် သင်သည် ဤပုဆိုးပိုင်းသည်သာလျင် ညစ်နွမ်း၏။ မြေမှုန့်မြူသည်သာလျှင် မြူဖြစ်၏ဟု မထင်မှတ်လင့်၊ သင်၏ ကိုယ်တွင်း၌လည်း ရာဂမြူ အစရှိသည်တို့သည် ရှိကုန်၏။ ထိုရာဂမြူ အစရှိသည်တို့ကို ပယ်လောဟု မိန့်တော်မူ၍ ရောင်ခြည်တော်ကို လွှတ်လျက် ရှေ့ကနေသကဲ့သို့ သိထင်စေသော အဆင်းတော်ရှိသည်ဖြစ်၍-

ရာဂေါ ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ရာဂဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာ ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ဒေါသော။ လ။ မောဟော။ လ။ သာသနေ။

ဟူသော ဤဂါထာတို့ကို ရွတ်တော်မူ၏။

ရာဂေါ၊ ရာဂကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇောဟူသော ဤအမည်သည်။ ရာဂဿ၊ ရာဂ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော ရာဂမြူရှိသော မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထို ရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုရာဂကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

ဒေါသော၊ ဒေါသကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇော ဟူသော ဤအမည်သည်။ ဒေါသဿ၊ ဒေါသ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော ဒေါသမြှုရှိသော မြတ်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုဒေါသမြူကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

မောဟော၊ မောဟကို။ ရဇောတိ၊ မြူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ရေဏု ပန၊ မြေမှုန့်ကိုကား။ ရဇောတိ၊ မြူဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ရဇောတိ ဧတံ နာမံ၊ ရဇောဟူသော ဤအမည်သည်။ မောဟဿ၊ မောဟ၏။ အဓိဝစနံ၊ အမည်တည်း။ ဝိဂတရဇဿ၊ ကင်းသော မောဟမြူရှိသောမြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ တေ ဘိက္ခဝေါ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ထိုမောဟမြူကို။ ဝိပ္ပဇဟိတွာ၊ ပယ်ကုန်၍။ ဝိဟရန္တိ၊ နေကုန်၏။

ဤဂါထာ၏အဆုံး၌ စူဠပန်သည် ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၏။ ထိုစူဠပန်အား ပဋိသမ္ဘိဒါတို့နှင့်တကွသာလျှင် ပိဋကတ်သုံးပုံတို့သည် ထင်ကုန်၏။

* ထိုစူဠပန်သည် ရှေး၌ မင်းဖြစ်၍ မြို့ကို လက်ျာရစ်လှည့်စဉ် နဖူးမှ ချွေးထွက်သည်ရှိသော် ပုဆိုးဖြင့် နဖူးစွန်းကို သုတ်၏။ ပုဆိုးသည် ညစ်နွမ်းသည် ဖြစ်သတတ်၊ ထိုမင်းသည် ဤကိုယ်ကိုမှီ၍ ဤသို့စဉ်သဘောရှိသော ပုဆိုးဖြူသည် သဘောကိုစွန့်၍ ညစ်နွမ်းသည်ဖြစ်၏။ သင်္ခါရတရားတို့သည် အမြဲမရှိကုန်တကားဟု အနိစ္စသညာကို ရဘူး၏။ ထိုကြောင့် ထိုစူဠပန်အား ရဇော ဟရဏံ ဟူသော ကမ္မဋ္ဌာန်းသည်သာလျှင် မဂ်ဖိုလ်ကို ရခြင်း၏အကြောင်း ဖြစ်၏။

အဘယမင်းသည် မွေးမြူအပ်သော ဇီဝကသည်လည်း မြတ်စွာဘုရားအား အလှူရေစက်ကို ကပ်၏။ မြတ်စွာဘုရားလည်း ဇီဝက-ကျောင်း၌ ရဟန်းရှိသည် မဟုတ်လောဟုဆို၍ လက်ဖြင့် သပိတ်ကို ပိတ်၏။ မဟာပန်သည် ဘုန်းတော်ကြီးသောအရှင်ဘုရား ကျောင်း၌ ရဟန်းမရှိဟု လျှောက်၏။ မြတ်စွာဘုရားသည် ဇီဝက ရဟန်းရှိသေးသည်ဟု မိန့်တော်မူ၏။ ဇီဝကသည် ထိုသို့တပြီးကား အချင်းယောက်ျား သွားတည့်ချေ၊ ကျောင်း၌ ရဟန်း ရှိမရှိကို စုံစမ်းလေလောဟု ယောက်ျားတယောက်ကို စေ၏။ ထိုခဏ၌ စူဠပန်သည် အစ်တို့သည် ကျောင်း၌ ရဟန်းမရှိဟု ဆို၏။ ကျောင်း၌ ရဟန်းရှိသည်၏အဖြစ်ကို အစ်ကို မဟာပန်အား ထင်ရှားပြအံ့ဟု အလုံးစုံသော အမ္ဗဝန်ကျောင်းကို ရဟန်းဖြင့်သာလျှင် ပြည့်စေ၏။ အချို့ကုန်သော ရဟန်းတို့သည် သင်္ကန်းချုပ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သင်္ကန်းဆိုးကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သရဇ္ဈာယ်ကုန်၏။ ဤသို့ တပါးသည်တပါးနှင့်မတူသော ရဟန်းတထောင်ကို ဖန်ဆင်း၏။ မင်းချင်းယောက်ျားသည် များစွာကုန်သော ရဟန်းတို့ကိုမြင်၍ ပြန်ခဲ့၍ အရှင်အလုံးစုံသော အမ္ဗဝန်ကျောင်းသည် ရဟန်းတို့ဖြင့် ပြည့်၏ဟု ဇီဝကအား ကြား၏။ စူဠပန်မထေရ်သည်လည်း ထို အတူသာလျှင် ကိုယ်တထောင် ဖန်ဆင်း၍ ဆွမ်းစားသည့် ကာလကို ကြားသည်တိုင်အောင် မွေ့လျော်ဘွယ်သော အမ္ဗဝန်ကျောင်း၌ နေ၏။

ထိုအခါ မြတ်စွာဘုရားသည် မင်းချင်းယောက်ျားကို ကျောင်းသို့သွား၍ စူဠပန်မည်သော ရဟန်းကို ဘုရားခေါ်တော်မူ၏ဟူ၍ ဆိုလေလော့ဟု မိန့်တော်မူ၏။ မင်းချင်းယောက်ျားသည် သွား၍ ဘုရားမိန့်တော်မူတိုင်း ဆိုသည်ရှိသော် ငါ စူဠပန် ငါ စူဠပန်ဟု ခံတွင်းတထောင်မြွက်၏။ မင်ချင်း ယောက်ျားသည် လာလတ်၍ အရှင်ဘုရား အလုံးစုံသော ရဟန်းတို့သည် စူဠပန်ချည်း မည်ကုန်သတတ်ဟု လျှောက်၏။ ထိုသို့တပြီးကား သွား၍ အကြင်ရဟန်းသည် ရှေးဦးစွာ ငါ စူဠပန်ဟု ဆို၏။ ထိုရဟန်း၏လက်ကို ဆွဲခဲ့လော၊ ကြွင်းသောရဟန်းတို့သည် ကွယ်ကုန်လတ္တံ့ ဟု မိန့်တော်မူ၏။ မင်းချင်းယောက်ျားသည် ဘုရားမိန့်တော်မူတိုင်း ပြု၏။ ထိုခဏ၌လျှင် တထောင်မျှလောက်ကုန်သော ရဟန်းတို့သည်ကွယ်ကုန်၏။ စူဠပန်မထေရ်သည် မင်းချင်းယောက်ျားနှင့် တကွလာ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သည်ရှိသော် ဇီဝက စူဠပန်၏သပိတ်ကို ယူလော့၊ ဤစူဠပန်သည် သင့်အား တရားအနုမောဒနာပြုလတ္တံ့ဟု။ မိန့်တော်မူ၏။ ဇီဝကသည် ဘုရားမိန့်တော်မူတိုင်း ပြု၏။ စူဠပန် မထေရ်သည် ခြင်္သေ့ပျိုကဲ့သို့ ရဲရင့်သော အသံကိုမြှောက်လျက် ပိဋကတ်သုံးပုံကို ချောက်ချားစေ၍ အနုမောဒနာပြု၏။

မြတ်စွာဘုရားသည် နေရာမှထ၍ ရဟန်းသံဃာခြံရံလျက် ကျောင်းသို့ ကြွတော်မူ၍ ရဟန်းတို့သည် ဝတ်ကိုပြုသည်ရှိသော် နေရာမှထ၍ ဂန္ဓကုဋိတိုက်၌ရပ်လျက် ရဟန်းသံဃာအား ဘုရားတို့၏ အဆုံးအမကို ပေး၍ ကမ္မဋ္ဌာန်းကိုဟော၍ ရဟန်း သံဃာကို လွှတ်လိုက်၍ အမွှေးအကြိုင်ဖြင့် ထုံအပ်သော။ ဂန္ဓကုဋီသို့ဝင်၍ လကျ်ာနံပါးဖြင့် ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော လျောင်းခြင်းကို ပြုတော်မူ၏။ ထို့နောင်မှ ညချမ်းအခါ တရားသဘင်၌ ရဟန်းတို့သည် ထိုမှဤမှ စည်းဝေး၍ နီသော ကမ္ဗလာတင်းတိမ်ဖြင့် ရုံဘိသကဲ့သို့ နေကုန်၍ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။ ငါ့သျှင်တို့ မဟာပန်သည် စူဠပန်၏ အလိုကို မသိသည်ဖြစ်၍ လေးလတို့ဖြင့် တဂါထာကို သင်ခြင်းငှါမတတ်နိုင်၊ ဤစူဠပန်သည် နုန့်နှေး၏ဟု ကျောင်းမှ နှင်ထုတ်၏။ မြတ်စွာဘုရားသည်တမူကား ကိုယ်တော်၏ အတုမရှိသော တရားမင်းဖြစ်တော်မူသောကြောင့် စူဠပန်အား တကြိမ်သာလျှင်ဖြစ်သော ဆွမ်းပြင်သည်၏ အကြား၌ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်ကို ပေး၏။ ပိဋကတ်သုံးပုံတို့သည် ပဋိသမ္ဘိဒါတို့နှင့် တကွသာ လာကုန်၏။ ဘုရားကိုယ်တော်တို့၏ အားတော်မည်သည် ဪ... ကြီးမြတ်စွာ့တကားဟု မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။

ထိုအခါ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရားသည် တရားသဘင်၌ ဤစကား ဖြစ်ကြောင်းကို သိတော်မူ၍ ယခု ငါသွားခြင်းငှါ သင့်၏ဟု ဘုရားနေရာမှ ထတော်မူ၍ အလွန်နီသော နှစ်ထပ်သော သင်းပိုင်ကို ဝတ်တော်မူ၍ လျှပ်စစ်နွယ်ကဲ့သို့ ခါးပန်းကိုပမ်းတော်မူ၍ နီသောကမ္ဗလာနှင့်တူသော ဘုရားသင်္ကန်းတော်ကြီးကို ရုံတော်မူ၍ မွှေးကြိုင်စွာသော ဂန္ဓကုဋီမှထွက်၍ အမုန်ယစ်သော ဆင်မြတ်ကဲ့သို့၎င်း ခြင်္သေ့မင်း၏ တင့်တယ်စွာသော ထွက်သွားခြင်းဖြင့်ထွက်သွားသော ခြင်္သေ့မင်းကဲ့သို့၎င်း အတုမရှိသောဘုရား၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွတော်မူ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌ ကောင်းစွာခင်းအပ်သော မြတ်သော ဘုရားနေရာတော်သို့ တက်၍ ခြောက်သွယ်သော ဘုရားရောင်ခြည်တော်တို့ကို လွှတ်လျက် သမုဒြာတဝှမ်းလုံးကို ချောက်ချားစေဘိသကဲ့သို့၎င်း ယုဂန္ဓိုရ်တောင်ထိပ်၌ တက်သစ်သော နေလုလင်ကဲ့သို့၎င်း နေရာအလယ်၌ နေတော်မူ၏။

မြတ်စွာဘုရားသည် ကြွတော်မူသည် ရှိသော်ကား ရဟန်းသံဃာသည် စကားကိုဖြတ်၍ ဆိတ်ဆိတ်နေ၏။ မြတ်စွာဘုရားသည် နူးညံ့သည်သာလျှင်ဖြစ်သော မေတ္တာစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ ဤပရိသတ်သည်။ အလွန်လျှင် တင့်တယ်၏။ တယောက်သော ရဟန်း၏လည်း လက်လှုပ်ခြင်းသည်၎င်း ခြေလှုပ်ခြင်းသည်၎င်း ချောင်းညံ့သံသည်၎င်း ချေဆတ်သော အသံသည်၎င်း မရှိ၊ အလုံးစုံသော ရဟန်းတို့သည်လည်း ဘုရားအား ရိုသေခြင်းဖြင့်။ ရိုသေကုန်သည်ဖြစ်၍ ဘုရားတန်ခိုးတော်မှ ကြောက်ကုန်ရကား ငါသည် အာယုကပ်ပတ်လုံးလည်း စကားမဆိုမူ၍ နေကုန်သည်ရှိသော် ရှေးဦးစကားကို ဖြစ်စေ၍ မဆိုကုန်လတ္တံ့၊ စကားပြောစေခြင်းဝတ်မည်သည်ကို ငါသည်သာလျှင် သိအပ်၏။ ငါသည် ရှေးဦးစွာဆိုအံ့ဟု သာယာစွာသော ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံတော်ဖြင့် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း၊ ကမ္မဋ္ဌာန်းကို စီးဖြန်းသည်၏ အကြား၌ဖြစ်သော အဘယ်မည်သော စကားသည် သင်တို့အား အပြီးသို့ မရောက်သနည်းဟု မေးတော်မူ၏။

အရှင်ဘုရား အကျွန်ုပ်တို့သည် ဤအရပ်၌ နေကုန်လျက် မဂ်ဖိုလ်၏ ဖီလာဖြစ်သော တပါးသော စကားကို မပြောပါကုန်၊ အရှင်ဘုရားတို့၏သာလျှင် ကျေးဇူးတော်ကို ချီးမွှမ်းကုန်လျက် နေပါကုန်၏။ ငါ့သျှင်တို့ မဟာပန်သည် စူဠပန်၏အလိုကိုမသိ၍ လေးလတို့ဖြင့် တဂါထာကို သင်ခြင်းငှါ မတတ်နိုင်။ ဤစူဠပန်သည် နုန့်နှေး၏ဟု ကျောင်းမှ နှင်ထုတ်၏။ မြတ်စွာဘုရားသည်ကား ကိုယ်တော်၏ အတုမရှိသော တရားမင်းဖြစ်တော်မူသောကြောင့် တကြိမ်သာလျှင်ဖြစ်သော ဆွမ်းပြင်သည်၏အကြား၌ ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဘုရားတို့ အားတော်မည်သည်ကား ဪ... ကြီးမြတ်စွာ့တကားဟု ချီးမွမ်း၍နေပါကုန်၏ဟူ၍ လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့စကားကို ကြားတော်မူ၍ ရဟန်းတို့ စူဠပန်သည် ငါ့ကိုမှီ၍ ယခု ရှေးဦးစွာ တရားတို့၌ တရားတို့၏များမြတ်သည်၏ အဖြစ်သို့သာ ရောက်သည်သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါ့ကိုမှီ၍ စည်းစိမ်တို့၌ စည်းစိမ်တို့၏များမြတ်သည်၏အဖြစ်သို့ ရောက်ဘူးလေပြီဟု မိန့်တော်မူ၏။ ရဟန်းတို့လည်း။ ထိုအကြောင်းကို ထင်စွာ ဖြစ်စိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ ဘုန်းတော်ကြီးသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာပြုတော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည်သူဌေးမျိုး၌။ ဖြစ်၍ စူဠသေဋ္ဌိဟူသော အမည်ရှိ၏။ ထိုစူဠသူဌေးသည် ပညာရှိ၏။ လိမ်မာ၏။ ခပ်သိမ်းသောနိမိတ်တို့ကိုလည်း သိ၏။ ထိုစူဠသူဌေးသည် တနေ့သ၌ မင်းအား ခစားအံ့သောငှါ သွားသည်ရှိသော် ခရီးအကြား၌ ကြွက်သေတခုကို မြင်၍ ထိုခဏ၌လျှင် နက္ခတ်ကိုတွက်၍ ပညာအမြင်ရှိသော အမျိုးသားသည် ဤကြွက်သေကိုယူ၍ သားမယားမွေးခြင်းငှါ၎င်း အမှုကိုပြုခြင်းငှါ၎င်း တတ်နိုင်၏။ ဤသို့သော စကားကို ဆို၏။

ထိုအခါ တယောက်သောဆင်းရဲသောအမျိုးသားသည် စူဠသူဌေးစကားကိုကြား၍ ဤသူဌေးသည် မသိဘဲကိုမဆိုရာဟု ကြွက်သေကိုယူ၍ ဈေး၌ ကြောင်စာအလို့ငှါရောင်း၍ တခြင်ရွေးသောအသပြာကိုရ၍ တခြင်ရွေးဖြင့်တင်လဲကိုဝယ်၍ အိုးတလုံးဖြင့် ရေကိုယူ၏။ ထိုအမျိုးသားသည် တောကလာသော ပန်းသည်တို့ကိုမြင်၍ အတန်ငယ် အတန်ငယ်သော တင်လဲစုကိုပေး၍ ရေမှုတ်ဖြင့် သောက်ရေကိုပေး၏။ ပန်းသည်တို့သည် အမျိုးသားအား ပန်းတဆုပ်တဆုပ်စီ ပေးခဲ့ကုန်၏။ အမျိုးသားသည် ထိုပန်းဘိုးဖြင့် နက်ဖြန်နေ့၌လည်း တင်လဲကို၎င်း ရေအိုးကို၎င်း ယူ၍ ပန်းအာရာမ်သို့သာလျင် သွားလေ၏။ အမျိုးသားအား ထိုနေ့၌ ပန်းသည်တို့သည် တဝက်ဆွတ်ကုန်ပြီးသော ပန်းပင်တို့ကိုပေး၍သွားကုန်၏။ အမျိုးသားသည် မကြာခင်လျှင် ဤနည်းဖြင့် ရှစ်သပြာတို့ကို ရ၏။ တဖန် မိုယ်းနှင့်တကွသော လေလာသောနေ့၌ မင်း၏ ဥယျာဉ်၌ ခြောက်သော အရိုးအရွက်အခက်အပေါင်းသည် လေကြောင့်ကျ၏။ ဥယျာဉ်စောင့်သည် စွန့်အပ်သောအကြောင်းကိုမမြင်၊ အမျိုးသားသည် ဥယျာဉ်သို့သွား၍ ငါ့အား ထင်းသစ်ရွက်တို့ကို အကယ်၍ပေးငြားအံ့၊ ငါသည် သင်၏ ဤထင်းသစ်ရွက်တို့ကို ထုတ်အံ့ဟု ဥယျာဉ်စောင့်ကိုဆို၏။ ဥယျာဉ်စောင့်သည် အရှင်ယူလော့ဟု ဝန်ခံ၏။ စူဠသူဌေး၏တပည့်သည် သူငယ်တို့၏ ကစားရာအရပ်သို့ သွား၍ တင်လဲကိုပေး၍ ခဏခြင်းဖြင့် ထင်းသစ်ရွက်တို့ကို ထုတ်စေ၍ ဥယျာဉ်တံခါး၌ စုစေ၏။

ထိုအခါ မင်း၏အိုးတော်လုပ်သည် မင်းအိမ်၌ အိုးဖုတ်အံ့သောငှါ ထင်းရှာသည်ရှိသော် ဥယျာဉ်တံခါးသို့ရောက်၍ ထိုထင်းသစ်ရွက်တို့ကို မြင်၍ စူဠန္တေဝါသိ၏ လက်မှဝယ်၍ယူ၏။ ထိုနေ့၌စူဠန္တေဝါသိသည် ထင်းရောင်းသဖြင့် တဆယ့်ခြောက်သပြာကို၎င်းအိုးစရည်းအစရှိကုန်သော အိုးငါးခုတို့ကို၎င်းရ၏။ စူဠန္တေဝါသိသည် နှစ်ဆယ့်လေးသပြာတို့ကို ရသည်ရှိသော် ငါ့အား ဤဥစ္စာရကြောင်းသည် ရှိ၏ဟု မြို့တံခါး၏ အနီးအရပ်၌ တခုသောရေအိုးကို တည်၍ ငါးရာကုန်သော မြက်ရိတ်ယောက်ျားတို့ကို ရေဖြင့် လုပ်ကျွေး၏။ မြက်ရိတ် ယောက်ျားတို့သည် အဆွေ သင်သည် ငါတို့အား ကျေးဇူးများစွာ ပြု၏။ သင့်အား အဘယ်ကို ပြုရကုန်အံ့နည်းဟု ဆိုကုန်၏။ စူဠန္တဝါသိသည် ငါ့အား ကိစ္စရှိသောအခါ ကျေးဇူးကိုပြုဟု ဆို၍ ထိုမှဤမှ လှည့်လည်သည်ရှိသော် ကြည်းကြောင်းအမှုကိုဆောင်သော သူနှင့်၎င်း ရေကြောင်းအမှုကို ဆောင်သောသူနှင့်၎င်း မိတ်ဖွဲ့၏။ ထိုအမျိုးသားအား ကြည်းကြောင်းအမှုကို ရွက်ဆောင်သော အဆွေခင်ပွန်းသည် နက်ဖြန် ဤမြို့သို့မြင်းကုန်သည်သည် မြင်းငါးရာကိုယူလာလတ္တံ့ဟုကြား၏။ အမျိုးသားသည် ထိုအဆွေခင်ပွန်း၏ စကားကိုကြား၍ မြက်ရိတ်ယောက်ျားတို့ကို ယနေ့ ငါ့အား မြက်တစည်း တစည်းစီပေးကုန်လော၊ ငါသည်။ မြက်ကို မရောင်းမီ အစ်ကိုတို့ မြက်ကို မရောင်းကုန်လင့်ဟု ဆို၏။ မြက်ရိတ်ယောက်ျားတို့သည် ကောင်းပြီဟုဝန်ခံ၍ မြက်စည်းငါးရာတို့ကိုယူ၍ အမျိုးသားအိမ်၌ ချကုန်၏။

မြင်းကုန်သည်သည် အလုံးစုံသောမြို့၌ မြင်းစာမရ၍ အမျိုးသားအား အသပြာတထောင်ပေး၍ မြက်ကိုဝယ်၏။ ထို့နောင်မှ နှစ်ရက်သုံးရက်လွန်သဖြင့် အမျိုးသားအား ရေကြောင်း အမှုကို ဆောင်သော အဆွေခင်ပွန်းသည် ရေဆိပ်၌ လှေကြီးရောက်၏ဟု ကြား၏။ အမျိုးသားသည် ဤဥစ္စာဖြစ်ခြင်း၏ အကြောင်းသည်ရှိ၏ဟုကြံ၍ ရှစ်သပြာတို့ဖြင့် ခပ်သိမ်းသော သူတို့သည် ခြံရံလျက် အခိုက်အတန့်ငှါးသော ရထားကိုယူ၍ များသော အခြွေအရံဖြင့် လှေဆိပ်သို့သွား၍ သစ္စာပြုဖြစ်သော တခုသော လက်စွပ်ကို လှေသူကြီးအားပေး၍ အနီးဖြစ်သော အရပ်၌ တင်းတိမ်ဖြင့် ရံစေ၍နေလျက် အချင်းတို့ ပြင်ပမှ ကုန်သည်တို့သည် လာလတ်ကုန်သော် သုံးဆင့် ဆင့်သဖြင့် ငါ့ကို ကြားကုန်လောဟုစေ၍ လှေသည်လာ၏ဟုကြား၍ ဗာရာဏသီပြည်မှ တရာမျှကုန်သော ကုန်သည်တို့သည် ဥစ္စာကို ဝယ်ကုန်အံ့ဟု လာကြကုန်၏။ သင်တို့သည် ဥစ္စာမရကုန်လတ္တံ့၊ ဤမည်သော အရပ်၌ ကုန်သည်ကြီးသည် သစ္စာပြုဖြစ်သော လက်စွပ်ကို ပေးအပ်ပြီဟု လှေသူကြီး ဆို၏။

ကုန်သည်တို့သည် လှေသူကြီးစကားကို ကြားကုန်၍ အမျိုးသား၏အထံသို့လာကုန်၏။ ခြေရင်းစောင့် အချင်းတို့သည် ရှေးပေးအပ်သော သညာ၏အစွမ်းအားဖြင့် သုံးဆင့် ဆင့်သဖြင့် ကုန်သည်တို့၏ လာသော အဖြစ်ကိုကြားကုန်၏။ တရာသော ကုန်သည်တို့သည် တထောင် တထောင်စီ ပေး၍ အမျိုးသားနှင့်တကွ လှေ၌ ဝယ်ရသော အဘိုးရှိကုန်သည်ဖြစ်၍ တဘန် တထောင် တထောင်စီ ပေးကုန်၍ အမျိုးသား၏ အဘို့ကို လွှတ်စေ၍ ဘဏ္ဍာကို မိမိတို့၏ ဥစ္စာပြုကုန်၏။ စူဠန္တေဝါသိသည် နှစ်သိမ်းကုန်သော အသပြာတို့ကိုယူ၍ ဗာရာဏသီပြည်သို့ သွား၏။ သူ့ကျေးဇူးကို သိတတ်သည်ဖြစ်၍ ကျေးဇူးကြီးလှပေသည်ဟု အသပြာတသိန်းကို ယူခဲ့၍ စူဠသူဌေး၏ အထံသို့ သွား၏။ ထိုအခါ အမျိုးသားကို စူဠသူဌေးသည် ချစ်သား သင်သည် အသို့ပြု၍ ဤဥစ္စာကိုရသနည်းဟု မေး၏။ အမျိုးသားသည် အရှင်တို့သည် ဆိုအပ်သောအကြောင်း၌ တည်၍ လေးလတွင်းဖြင့်သာလျှင် ရအပ်၏ဟု ကြွက်သေကို အစပြု၍ အလုံးစုံသောအကြောင်းကို ဆို၏။ စူဠသူဌေးသည် အမျိုးသား၏စကားကို ကြားလျှင် ယခု ဤသို့သဘောရှိသော သူငယ်ကို ငါ၏ဥစ္စာပြုခြင်းငှါ သင့်၏ဟု အရွယ်ရောက်သော သ္မီးကိုပေး၍ အလုံးစုံသော ဥစ္စာ၏ အရှင်ကိုပြု၏။ အမျိုးသားသည် စူဠသူဌေးလွန်သဖြင့် ထိုမြို့၌ သူဌေး၏အရာကိုရ၏။ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟော၍ ဘုရားဖြစ်တော်မူ၍-

။ အပ္ပကေနာပိ မေဓာဝီ ပါဘတေန ဝိစက္ခဏော
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၄။ ပဏ္ဍိတော၊ ပညာရှိသည်။ အဏုံ၊ အနည်းငယ်သော။ အဂ္ဂိံ၊ မီးကို။ သန္ဓမံ-သန္ဓမန္တော၊ နှုတ်သီးလေဖြင့် မှုတ်လျက်။ မဟန္တံ၊ ကြီးစွာသော။ အဂ္ဂိက္ခန္တံ၊ မီးပုံကြီးကို။ ကရောတိ ဣဝ၊ ပြုသကဲ့သို့။ ဝိစက္ခဏော၊ ကုန်သွယ်ခြင်း၌ လိမ်မာသော။ မေဓာဝီ၊ ပညာရှိသည်။ အပ္ပကေနာပိ၊ အနည်းငယ်လည်းဖြစ်သော။ ပါဘတေန၊ ဥစ္စာအရင်းဖြင့်။ မဟန္တံ၊ များသော။ ဓနဉ္စ၊ ဥစ္စာကို၎င်း။ ယသဉ္စ၊ အခြံအရံကို၎င်း။ ဥပ္ပါဒတွော၊ ဖြစ်စေ၍။ တတ္ထ၊ ထိုများစွာသော ဥစ္စာအခြံအရံ၌။ အတ္တာနံ၊ မိမိကိုယ်ကို။ သမုဋ္ဌာပေတိ၊ တည်စေ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် စူဠပန်သည် ငါ့ကိုမှီ၍ ယခုအခါ၌ တရားတို့၌ တရားတို့၏ များမြတ်သည်၏အဖြစ်သို့ ရောက်သည်သာလျှင် မဟုတ်သေး၊ ရှေး၌လည်း စည်းစိမ်တို့၌ စည်းစိမ်တို့၏ များမြတ်သည်၏အဖြစ်သို့ ရောက်ဘူးပြီး၊ ဤသို့ ဤဒေသနာကိုပြ၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူပြီး၍ အနုသန္ဓေကိုစပ်၍ ယခုအခါ စူဠပန်သည် ထိုအခါ စူဠန္တေဝါသိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင်မူကား ထိုအခါ စူဠသူဌေး ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကြွက်သေတကောင်၊ အရင်းထောင်၊ များမြောင် ကြွယ်ဝရွာ

လေးခုမြောက်သော စူဠသေဋ္ဌိဇာတ်သည် ပြီး၏။

*****