စူဠကာလဥပါသကဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အတ္တဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၉။ စူဠကာလဥပါသကဝတ္ထု

၉။ စူဠကာလ ဥပါသကာဝတ္ထု

အတ္တနာ ဟိ ကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠကာလအမည်ရှိသော ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်ကို သူခိုးစွပ်စွဲ

တစ်နေ့သ၌ မဟာကာလဝတ္ထု၌ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ဥမင်ဖြင့်ဖောက်၍ ခိုးကုန်သော သူခိုးတို့သည် ဥစ္စာရှင်တို့ အစဉ်လိုက်အပ်ကုန်သည်ရှိသော် တညဉ့်ပတ်လုံး ကျောင်းတော်၌ တရားစကားကို နာကြားသဖြင့် နံနက်စောစော ကျောင်းမှထွက်၍ သာဝတ္ထိပြည်သို့ ပြန်လာသော ထိုစူဠကာလ ဒါယကာ၏ရှေ့၌ ဥစ္စာထုပ်ကို စွန့်၍ ပြေးကြကုန်၏။ လူတို့သည် ထိုစူဠကာလကို မြင်ရလျှင် “ဤသူသည် ညဉ့်၌ ခိုးမှုကိုပြုလျက် တရားနာလေဟန်ကဲ့သို့ သွားလာ လှည့်လည်ဘိ၏။ ထိုသူကို ဖမ်းဆီးကြကုန်လော့”ဟု ဆို၍ စူဠကာလ ဥပါသကာကို ပုတ်ခတ်ရိုက်နှက်ကြလေကုန်၏။ ရေခပ်သော ကျွန်မတို့သည် ရေဆိပ်သို့ သွားကြကုန်သည်ရှိသော် ထိုပုတ်ခတ် ရိုက်နှက်သော အခြင်းအရာကိုမြင်ကြ၍ “အရှင်တို့- ဖဲကြကုန်လော့၊ ဤစူဠကာလသည် ဤသို့သဘောရှိသောအမှုကို မပြုတတ်ပါ”ဟု ပြောဆို၍ စူဠကာလကို လွှတ်စေကြကုန်၏။ ထိုစူဠကာလသည် ကျောင်းတော်သို့သွား၍ “အရှင်ဘုရားတို့- တပည့်တော်ကို လူတို့ရိုက်နှက် ဖျက်ဆီးအပ်ပါသည်ဘုရား။ ရေခပ်သောကျွန်မတို့ကိုမှီ၍ တပည့်တော်သည် အသက်ကို ရအပ်ပါသည်ဘုရား”ဟု ဆို၍ ရဟန်းတို့အား လျှောက်ကြားလေ၏။ ရဟန်းတို့လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- စူဠကာလ ဒါယကာသည် ရေခပ်သော ကျွန်မတို့ကိုမှီ၍လည်းကောင်း၊ မိမိ၏ ခိုးမှုပြုခြင်း မရှိသည်အဖြစ်ကြောင့်လည်းကောင်း အသက်ကိုရပေ၏။ ဤသတ္တဝါတို့မည်သည်ကား မိမိကိုယ်တိုင် မကောင်းမှုကံကိုပြု၍ ငရဲစသည်တို့၌ မိမိကိုယ်တိုင်သာလျှင် ညစ်နွမ်းကြရကုန်၏။ ကုသိုလ်ကို ပြု၍မူကား နတ်ပြည်သို့လည်းကောင်း၊ နိဗ္ဗာန်သို့လည်းကောင်း ရောက်ကြရကုန်၏။ မိမိကိုယ်တိုင်သာလျှင် စင်ကြယ်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၆၅] အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ဝိသောဓယေ။

အတ္တနာ ဟိ၊ မိမိသည်လျှင်။ ပါပံ၊ မကောင်းမှုကို။ စေ ကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ သံကိလိဿတိ၊ ညစ်နွမ်းပူပန်ရ၏။ အတ္တနာ၊ မိမိသည်။ ပါပံ၊ မကောင်းမှုကို။ စေ အကတံ၊ အကယ်၍ မပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်ရ၏။ သုဒ္ဓိ၊ ကုသိုလ်သည်လည်းကောင်း။ အသုဒ္ဓိ၊ အကုသိုလ်သည်လည်းကောင်း။ ပစ္စတ္တံ၊ အသီးအခြား မိမိ၌သာ အကျိုးပေး၏။ အညော၊ တစ်ပါးသောသူသည်။ အညံ၊ တစ်ပါးသောသူကို။ န ဝိသောဓယေ၊ မသုတ်သင်နိုင်။ (န ကိလိဿတိ၊ ညစ်နွမ်းပူပန်ရအောင် မပြုနိုင်။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ စူဠကာလသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

စူဠကာလဥပါသကာဝတ္ထုပြီး၏။