စိတ်ထားဖြောင့်မတ်ခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ စိတ်ထားဖြောင့်မတ်ခြင်း(ကျောင်းသားကိုင်သို့)
348326ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၈။ စိတ်ထားဖြောင့်မတ်ခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

သင်ခန်းစာခေါင်းစဉ်။ ။ စိတ်ထားဖြောင့်မတ်ခြင်း

သင်ယူမှုဦးတည်ချက်။ ။ ဖြောင့်မတ်သောစိတ် ထားတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ကြည့်မှန်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အောက်ပါမေးခွန်းများမေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ မှန်ကြည့်ဖူးလား။
-မှန်ထဲမှာ ဘယ်လိုပုံပေါ်နိုင်တယ်ထင်သလဲ။

֍ ထို့နောက် ကလေးများကို အုပ်စု(၅) စုဖွဲ့၍ မှန်ကြည့်ကစားခြင်းဖြင့် စတင်ပါ။

֍ အုပ်စုတစ်စုလျှင် မှန်တစ်ချပ်စီပေးပြီး ကလေးတိုင်းကို မှန်ကြည့်စေ၍ မိမိလုပ်လိုသည့် မျက်နှာအမူအရာ လုပ်ရ မည်ဖြစ်ကြောင်း ပြောပါ။

֍ ကလေးအားလုံး မှန်ကြည့်ပြီးပါက ကလေးအချို့ကို “ဘယ်လို အမူအရာ လုပ်ခဲ့လဲ။ မှန်ထဲမှာ ဘယ်လိုတွေ့ရလဲ” စသည်ဖြင့် မေးမြန်းပါ။

֍ “အခု မှန်ထဲမှာပေါ်တဲ့ပုံဟာ ကိုယ်လုပ်တဲ့ အမူအရာအတိုင်းပေါ်တာလား။ ဘယ်လိုပုံစံ မျိုးပေါ်သလဲ” စသည်ဖြင့် ကလေးများအား မေးမြန်းဆွေးနွေးပြီး အောက်ပါ အချက်အလက်များကို ပြောပြ၍ စာသင်ချိန်ကို အဆုံး သတ်ပါ။

֍ “ကိုယ်လုပ်တဲ့ အမူအရာအတိုင်း မှန်ထဲမှာပေါ်သလို သူတစ်ပါးအပေါ် ထားရှိတဲ့ ကိုယ့်ရဲ့ အပြုအမူနဲ့ စိတ်စေတနာအတိုင်း သူတစ်ပါးကလည်း ကိုယ့်ကို ပြန်လည်ပြုမူတတ်တယ်။ ဒါကြောင့် လူတိုင်းအပေါ် ညီညွတ် မျှတတဲ့စိတ် ထားရှိရမယ်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင် စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းကို ကလေးများအားလုံး အသံတိတ် ဖတ်ကြပါစေ။

သံကိုကြွက်စား သားကိုစွန်ချီ

ရှေးအခါက ဗာရာဏသီပြည်မှာ ကုန်သည် “မောင်ကောက်” နဲ့ “မောင်ဖြောင့်” ဆိုတဲ့ မိတ်ဆွေနှစ်ဦး ရှိတယ်။ သူတို့နှစ်ယောက်ဟာ ခင်ခင်မင်မင် နေလာကြရင်း တစ်နေ့မှာ မောင်ဖြောင့်က သံထွန်သွားတွေကို မောင်ကောက်ဆီမှာ ခဏအပ်ခဲ့ပြီး ခရီးထွက်သွားတယ်။ မောင်ကောက်က အဲဒီထွန်သွားတွေကို ရောင်းစားလိုက်တယ်။ အဲဒီနောက် ထွန်သွားတွေ ထားတဲ့နေရာမှာ ကြွက်ချေးတွေကို ကြဲထားလိုက်တယ်။

မောင်ဖြောင့် ခရီးမှပြန်လာတဲ့အခါ သူ့ထွန်သွားတွေကို လာယူတယ်။ မောင်ကောက်က “မင်းရဲ့ထွန်သွား တွေကို ကြွက်စားသွားပြီ။ ဒီမှာ ကြွက်ချေးတွေ တွေ့လား”လို့ ပြောတဲ့အခါ မောင်ဖြောင့်က “အေးလေ... ကြွက်စား သွားတော့လည်း ဘယ်တတ်နိုင်မလဲ”လို့ အေးအေးဆေးဆေး ပြောဆိုပြီးတော့ မောင်ကောက်ရဲ့ သားကို ခေါ်ပြီး ရေချိုးဆိပ်ကို သွားတယ်။

မောင်ဖြောင့်ဟာ ရေချိုးဆိပ်မရောက်ခင် မိတ်ဆွေအိမ်တစ်အိမ်မှာ သားငယ်ကို အပ်ထားခဲ့ပြီး “အပြင် မထွက်ပါစေနဲ့”လို့ မှာခဲ့ပါတယ်။ အဲဒီနောက် ရေချိုးပြီး မောင်ကောက်အိမ်ကို ပြန်လာတယ်။ အိမ်ရောက်တဲ့အခါ “သူငယ်ချင်း ရေဆိပ်မှာ ငါရေချိုးနေတုန်း မင်းရဲ့ သားကို စွန်တစ်ကောင်က ချီသွားတယ်။ ငါလက်ခုပ်တီးပြီး ခြောက်လှန့်ပေမဲ့ စွန်က သားကို လွှတ်မချဘဲ ကောင်းကင်ပေါ် ပျံတက်သွားတယ်”လို့ ပြောတယ်။ အဲဒီအခါ မောင် ကောက်က “မင်းပြောတာ လုံးဝမဖြစ်နိုင်ဘူး။ သူငယ်ကို ချီပြီး ပျံနိုင်တဲ့စွန်ဆိုတာ မရှိနိုင်ဘူး။ မင်းကို တရားရုံးမှာ တရားစွဲမယ်၊ လိုက်လာခဲ့ပါ”လို့ ပြောလိုက်တော့ မောင်ဖြောင့်က သဘောတူ လိုက်ပါလာတယ်။

တရားသူကြီးထံရောက်တော့ “တရားသူကြီးမင်း ဒီလူဟာ ကျွန်တော့်သားကို ရေချိုးဆိပ်ခေါ်သွားပြီး ပြန်လာ တော့ သားပြန်ပါမလာတော့ဘူး။ သူက ကျွန်တော့်သားကို စွန်ချီသွားတယ်လို့ ပြောပါတယ်။ တရားသဖြင့် ဆုံးဖြတ် ပေးပါခင်ဗျာ”လို့ မောင်ကောက်က တိုင်တယ်။ တရားသူကြီးမင်းက မောင်ဖြောင့်ကို မေးတော့ “မောင်ကောက် ပြောတဲ့အတိုင်း မှန်ပါတယ်”လို့ ပြန်ပြောတယ်။

တရားသူကြီးက “လောကမှာ သူငယ်ကို ချီနိုင်တဲ့စွန်ဆိုတာ မရှိပါဘူး”လို့ ပြန်ပြောတော့ မောင်ဖြောင့်က “ဒါဆိုရင် ကျွန်တော်ကလည်း တရားသူကြီးကို မေးလိုပါတယ်။ စွန်ဟာ သူငယ်ကိုချီပြီး မပျံနိုင်ဘူးဆိုရင် ကြွက်တွေ ကရော သံတွေကို စားနိုင်ပါ့မလား”လို့ မေးလိုက်တယ်။ တရားသူကြီးက “မင်း ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ” လို့ မေးတဲ့အခါ မောင်ဖြောင့်က အကြောင်းစုံ ရှင်းပြတယ်။ အဲဒီနောက် တရားသူကြီးကို “တရားသဖြင့် ဆုံးဖြတ် ပေးပါ”လို့ တောင်းဆိုတယ်။

တရားသူကြီးက “မင်းဟာ ကောက်ကျစ်တတ်တဲ့သူကို ဘယ်လိုပညာပေးရမယ်ဆိုတာ တွေးတောတတ် ပါပေတယ်”လို့ မောင်ဖြောင့်ကို ချီးကျူးစကားပြောပြီး မောင်ကောက်ဘက် လှည့်ကာ “ထွန်သွားကို ကြွက်စားနိုင် တယ်ဆိုရင် သူငယ်ကိုလည်း စွန်ကချီနိုင်ပါတယ်။ လှည့်စားတတ်သူဆိုတာ လှည့်စားတတ်သူနဲ့ပဲ တွေ့တတ်တယ်။ ထွန်သွားတွေကို ပြန်ပေးလိုက်ပါ။ မင်းကလည်း သားကို ပြန်ပေးလိုက်ပါ”လို့ ဆုံးဖြတ်ပေးလိုက်တယ်။ အဲဒီလို ပြောလိုက်တော့မှ မောင်ကောက်လည်း ဆက်မလိမ်နိုင်တော့ဘဲ ထွန်သွားတွေကို ပြန်ပေးပါတယ်။ အဲဒီအခါမှ မောင်ဖြောင့်ကလည်း သားငယ်ကို ပြန်ခေါ်လာပေးလိုက်ပါတယ်။

မှီငြမ်း။ ။ ကူဋဝါဏိဇဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ဒုတိယတွဲ။ ၂၈၅။ ဇာ၊ဋ္ဌ၊၂၊၁၆၅။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မောင်ဖြောင့်က ဘယ်သူ့ဆီကို ဘာပစ္စည်းအပ်သွားသလဲ။
-မောင်ဖြောင့်ခရီးက ပြန်လာတော့ ပစ္စည်းပြန်ရလား၊ ဘာကြောင့်လဲ။
-မောင်ဖြောင့်က သူ့ပစ္စည်းပြန်မရတော့ ဘာဖြစ်သွားလဲ။ ဘယ်လို ပြန်လုပ်သလဲ။
-သားတို့ သမီးတို့သာ မောင်ဖြောင့်နေရာမှာဆိုရင် ဘာလုပ်မလဲ။
-မောင်ကောက် ဘာဖြစ်လို့ အဲဒီလို ပြန်ခံရတာလဲ။
-မောင်ဖြောင့်လို ပြန်လုပ်သင့်သလား။ သည်းခံခွင့်လွှတ်သင့်သလား။ ဘာကြောင့်လဲ။
-သူတစ်ပါးအပေါ် လှည့်စားမယ် ကောက်ကျစ်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို ဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်များအတိုင်း သရုပ်ဆောင်ရန်အတွက် အုပ်စုဖွဲ့ပါ။ (အုပ်စု တစ်စုတွင် ပါဝင်သော ကလေးအရေအတွက်သည် ဇာတ်လမ်းပါ ဇာတ်ကောင်အရေအတွက်အတိုင်း ရှိနေပါစေ။)

֍ အုပ်စုတွင် မည်သူက မည်သည့်နေရာတွင် သရုပ်ဆောင်မည်ကို အချင်းချင်းညှိနှိုင်း ရွေးချယ်၍ ဇာတ်လမ်းကို လေ့ကျင့်ကြပါစေ။ ဖွဲ့ထားသောအုပ်စုများထဲမှ အုပ်စုနှစ်စု (သို့မဟုတ်)သုံးစုကိုသာ မဲနှိုက်၍ သရုပ်ဆောင်ကြ ပါစေ။ တစ်ဖွဲ့က သရုပ်ဆောင်နေလျှင် ကျန်အဖွဲ့များက သေချာစွာ ကြည့်ရှုနေကြပါစေ။

֍ ကလေးများ သရုပ်ဆောင်ပြီးသောအခါ ကြည့်ရှုနေသော ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

-ဒီဇာတ်လမ်းကနေ ဘာသင်ခန်းစာတွေရသလဲ။
-မောင်ဖြောင့်က ဘယ်လိုပြုလုပ်သလဲ။
-မောင်ကောက်ကလည်း ဘာတွေလုပ်သလဲ။
-ဘယ်သူ့လုပ်ရပ်က ကောင်းသလဲ စသည့်မေးခွန်းများ မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ အောက်ပါဖြစ်ရပ်ကို သင်ပုန်းပေါ်တွင် ရေးသား၍ ကလေးများ လေ့လာဆွေးနွေးကြပါစေ။

ဖြစ်ရပ်

မောင်မောင်နှင့် အောင်အောင်သည် အတန်းဖော်များ ဖြစ်ကြသော်လည်း အောင်အောင်သည် မောင်မောင့်အား အမြဲတမ်း အနိုင်ကျင့်လေ့ရှိသည်။ နောက်ဆုံးစာမေးပွဲ ဖြေခါနီးတွင် မောင်မောင်သည် အတန်းသန့်ရှင်းရေး တာဝန်ကျ၍ တံမြက်စည်းလှည်းရာ အောင်အောင်၏ စာမေးပွဲမှတ်စုစာအုပ် ခုံပေါ်တွင် ကျန်ခဲ့သည်ကို တွေ့သွားသည်။ အောင်အောင်မှာ မိမိမှတ်စုစာအုပ် မည်သည့်နေရာတွင် ကျန်ခဲ့မှန်းမသိ၍ စိတ်မချမ်းမသာ ဖြစ်နေသည်။ ထိုစာအုပ်ကို မောင်မောင်ယူထားလိုက်ပြီးနောက်တစ်နေ့တွင် အောင်အောင်၏အိမ်သို့သွား၍ ထိုစာမေးပွဲမှတ်စု စာအုပ်ကို ပြန်ပေးလိုက်လေသည်။

֍ ဖြစ်ရပ်ကို ဖတ်ရှုလေ့လာပြီးသောအခါ အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေးစေပြီး ကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-မောင်မောင်ရဲ့လုပ်ရပ်ကို ကလေးတို့ဘယ်လိုထင်သလဲ။
-မောင်မောင်နေရာမှာ ကလေးတို့သာဆိုရင် ဘယ်လိုလုပ်မလဲ။
-မောင်မောင်က မှတ်စုစာအုပ်ကို ပြန်ပေးလိုက်တဲ့အခါ အောင်အောင် ဘယ်လိုခံစားရမယ် ထင်သလဲ။
-သူတို့နှစ်ယောက်မှာ ဘယ်သူက စိတ်ထားဖြောင့်မတ်သူဖြစ်မယ်လို့ ကလေးတို့ ထင်သလဲ။

֍ အုပ်စုအားလုံး တင်ပြပြီးသောအခါ ဆရာက အောက်ပါအချက်အလက်များ ပါဝင်အောင် ဖြည့်စွက် ဆွေးနွေးပြီး သင်ခန်းစာကို အဆုံးသတ်ပါ။

“စိတ်ထားဖြောင့်မတ်သူဟာ မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို ကောင်းအောင်ကြိုးစားတယ်။ သူတစ်ပါး ဒုက္ခ ရောက်အောင် ဘယ်တော့မှ မလုပ်ဘူး။ ကလေးတို့လည်း ကိုယ့်ကိုယ်ကို စိတ်ထားဖြောင့်မတ်သူ ဖြစ်အောင် ကြိုးစားနေထိုင်ကြပါ။ လူတိုင်းအပေါ်မှာ ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံပြုမူကြပါ”