စိတ္တဂဟပတိဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၁၄။ စိတ္တဂဟပတိဝတ္ထု

၁၄။ စိတ္တသူကြွယ်ဝတ္ထု

အသန္တံ ဘာဝနမိစ္ဆေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုဓမ္မမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စိတ္တသူကြွယ်သည် အာဂန္တုတို့အား ဆွမ်းစားပင့်ခြင်း

မစ္ဆိကာသဏ္ဍမြို့၌ စိတ္တအမည်ရှိသော သူကြွယ်သည် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အဝင်အပါ အရှင်မဟာနာမ် အမည်ရှိသော မထေရ်သည် ဆွမ်းအလို့ငှာ လှည့်လည်တော်မူသည်ကို မြင်ရလျှင် ထိုမထေရ်အရှင်၏ ဣရိယာပုထ်၌ ကြည်ညိုခြင်းရှိလှသဖြင့် သပိတ်တော်ကိုယူကာ အိမ်သို့ပင့်ပြီးလျှင် ဆွမ်းကျွေး၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၏ အပြီးအဆုံး၌ တရားစကားတော်ကို ကြားနာရသောကြောင့် သောတာပတ္တိဖိုလ်သို့ ရောက်လေရကား မတုန်မလှုပ်သော သဒ္ဓါတရားရှိသည်ဖြစ်၍ အမ္ဗဋ္ဌကဝနမည်သော မိမိ၏ဥယျာဉ်ကို သံဃာတော်တို့သီတင်းသုံးရာ သံဃာအာရာမ်ပြုလိုသဖြင့် မထေရ်၏လက်တော်၌ ရေကိုသွန်းချကာ ဆောင်နှင်းလှူဒါန်းလေ၏။ ထိုခဏ၌ “ဘုရားသာသနာတော် တည်လေပြီ”ဟု ရေလျှင်အဆုံးရှိသည်ကိုပြု၍ ဤမဟာပထဝီမြေကြီးသည် တုန်လှုပ်လေ၏။ စိတ္တသူကြွယ်သည်လည်း ဥယျာဉ်၌ ကျောင်းကြီးကို ဆောက်လုပ်စေ၍ ခပ်သိမ်းသော အရပ်မျက်နှာတို့မှ ကြွရောက်လာကြကုန်သော ရဟန်းတို့အလို့ငှာ ဖွင့်ထားအပ်သော တံခါးသဖွယ်ဖြစ်လေ၏။ မစ္ဆိကာသဏ္ဍမြို့၌လည်း သုဓမ္မမထေရ်ကား ကျောင်း၌စောင့်ရှောက်ကာနေသော နေဝါသိကရဟန်းဖြစ်၏။ တစ်ပါးသောအခါ၌ စိတ္တသူကြွယ်၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရသည်ဖြစ်သောကြောင့် နှစ်ပါးသော အဂ္ဂသာဝကတို့သည် စိတ္တသူကြွယ်အား သင်္ဂြိုဟ်ချီးမြှောက် ထောက်ပံ့လိုကုန်သည်ဖြစ်၍ မစ္ဆိကာသဏ္ဍမြို့သို့ ကြွသွားတော်မူကြကုန်၏။

စိတ္တသူကြွယ်သည် ထိုမထေရ်ကြီးတို့၏ ကြွလာတော်မူသော သတင်းစကားကို ကြားသိရလျှင် ယူဇနာခွဲမျှလောက်သော ခရီးသို့ သွားရောက်ကြိုဆို၍ မထေရ်တို့ကို ပင့်ဆောင်ခဲ့သဖြင့် မိမိဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းသို့ ပင့်သွား၍ အာဂန္တုကဝတ်ကို ပြုပြီးသောအခါ “အရှင်ဘုရား- အနည်းငယ်သော တရားစကားကို နာလိုပါသည်ဘုရား”ဟု တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတြာမထေရ်မြတ်ကို တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ စိတ္တသူကြွယ်ကို အရှင်သာရိပုတြာမထေရ်သည် “ဒါယကာ- ငါတို့သည် အဓွန့်ရှည်စွာသောခရီးဖြင့် လာရသည်ဖြစ်သောကြောင့် ပင်ပန်းနွမ်းနယ်သော သဘောရှိကုန်၏။ ထိုသို့ပင်ဖြစ်သော်လည်း အနည်းငယ်မျှသော တရားတော်ကိုနာဦးလော့”ဟု မိန့်တော်မူပြီးလျှင် ထိုစိတ္တသူကြွယ်အား တရားစကားဟောကြားတော်မူ၏။ သူကြွယ်သည် မထေရ်မြတ်၏ တရားစကားကို နာကြားလျက်သာလျှင် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ သူကြွယ်သည် နှစ်ပါးသော အဂ္ဂသာဝကတို့ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- နက်ဖြန် နောက်ပါရဟန်းတစ်ထောင်နှင့်တကွ တပည့်တော်၏အိမ်၌ ဆွမ်းကို အလှူခံတော်မူပါဘုရား”ဟု ပင့်ဖိတ်လျှောက်ထား၍ နောက်မှ ကျောင်းနေဖြစ်သော သုဓမ္မမထေရ်ကို “အရှင်ဘုရားတို့သည်လည်း နက်ဖြန် မထေရ်ကြီးတို့နှင့်အတူတကွ ကြွတော်မူကြပါဘုရား”ဟု ပင့်ဖိတ်လေ၏။

သုဓမ္မရဟန်း ဒါယကာကို အမျက်ထွက်ခြင်း

သုဓမ္မမထေရ်သည် “ဤသူကြွယ်ကား ငါ့ကို နောက်မှ ပင့်ဖိတ်ဘိသည်”ဟု အမျက်ထွက်လျက် ပယ်မြစ်လေသောကြောင့် အဖန်တလဲလဲတောင်းပန်ပါသော်လည်း ပယ်မြစ်မြဲ ပယ်မြစ်သည်သာလျှင်တည်း။ ဒါယကာလည်း “အရှင်ဘုရား- တပည့်တော်ဉာဏ်၌ ထင်ရှားစွာသိရပါပြီ”ဟု လျှောက်ကြား၍ ဖဲသွားပြီးလျှင် တစ်ဖန် မိုးသောက်နေ့၌ မိမိအိမ်ဝယ် ကြီးကျယ်သော အလှူဒါနကို စီရင်လေ၏။ သုဓမ္မမထေရ်သည်လည်း နံနက်စောစောအချိန်ကသာလျှင် “အဂ္ဂသာဝကမထေရ်အရှင်တို့အား သူကြွယ်သည် အဘယ်သို့သဘောရှိသော ပူဇော်လှူဒါန်းဖွယ်ကို စီရင်လေဘိသနည်း။ နက်ဖြန်၌ သွားရောက်၍ ကြည့်ရှုဦးအံ့”ဟု ကြံစည်၍ နံနက်စောစောကပင် သပိတ်သင်္ကန်းကို ယူဆောင်လျက် သူကြွယ်၏အိမ်သို့ သွားလေ၏။ သူကြွယ်သည် “အရှင်ဘုရား- ထိုင်နေ သီတင်းသုံးတော်မူကြပါဦး”ဟု လျှောက်ထား တောင်းပန်သော်လည်း ထိုသုဓမ္မမထေရ်က “ငါသည် ထိုင်နေခြင်းငှာ အလိုမရှိ၊ ဆွမ်းအလို့ငှာ လှည့်လည်တော့အံ့”ဟု ဆို၍ အဂ္ဂသာဝကမထေရ် အရှင်တို့အလို့ငှာ ပြုစုစီရင်၍ ထားအပ်သော လှူဖွယ်ဝတ္ထု အစုစုကို ကြည့်ရှုပြီးလျှင် သူကြွယ်ကို အမျိုးအားဖြင့် ထိပါး ပုတ်ခတ် ပြောဆိုလိုရကား “ဒါယကာသူကြွယ်- ကျွေးမွေးလှူဒါန်းဖွယ်ကား အလွန်လျှင် မွန်မြတ်ပေ၏။ စင်စစ်မူကား ဤလှူဖွယ်ဝတ္ထုအစု၌ လှူဖွယ်တစ်ပါးသည်သာလျှင် မစုံမပြည့် ဖြစ်နေလေ၏”ဟု ဆိုလေ၏။

“အရှင်ဘုရား- အဘယ်လှူဖွယ်ဝတ္ထုပါနည်း”ဟု မေးလတ်သော် “ဒါယကာသူကြွယ်- နှမ်းပျစ်မုန့်တည်း”ဟု ပြောဆိုလေသဖြင့် သူကြွယ်သည် ကျီးဥပမာဖြင့် (ကျီးဖိုနှင့်ကြက်မ စပ်၍ကျသော ကျီးဗန္ဓတ်သည် ကြက်သံမပီ၊ ကျီးသံမပီ “အောက်ကလိအာ”ဟု မြည်သကဲ့သို့ အရှင်သုဓမ္မသည်လည်း ဘုရားသားတော်ဖြစ်လျက် စကားကို ပြီသစွာမဆိုဘဲရှိုးရှား “နှမ်းပျစ်မုန့်”ဟူသော စကားကို ဆိုဘိ၏ဟူလို။) ပြောဆို မောင်းမဲအပ်သည်ရှိသော် ဒေါသအမျက် ပြင်းစွာထွက်သောကြောင့် “ဒါယကာသူကြွယ်- ဤကျောင်းကား အသင်၏ကျောင်းတည်း၊ ငါသည် အရပ်တစ်ပါးသို့ ဖဲသွားတော့အံ့”ဟု ပြောဆိုသဖြင့် သုံးကြိမ်တိုင်အောင် တားမြစ်တောင်းပန်ပါသော်လည်း မနာမယူ၊ ဖဲသွား၍ မြတ်စွာဘုရား၏အထံသို့ သွားရောက်ပြီးလျှင် စိတ္တသူကြွယ်သည်လည်းကောင်း၊ မိမိသည်လည်းကောင်း ပြောဆိုအပ်သောစကားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “သင်ကား သဒ္ဓါတရားနှင့် ပြည့်စုံသော ရတနာသုံးပါးအား ကြည်ညိုတတ်သော ဒါယကာကို ယုတ်ညံ့သော ဆဲရေးခြင်းဖြင့် ကဲ့ရဲ့ရှုတ်ချ ဂရဟိတသဘော ပြောဆိုဘိသည်”ဟု ထိုသုဓမ္မမထေရ်အားသာလျှင် အပြစ်တင်၍ ပဋိသာရဏီယကံကို (ဒါယကာကို ဆဲဆိုသော ရဟန်းအား ပြုသော ဝိနည်းကံတည်း။ ထိုကံ အပြုခံရသော ရဟန်းသည် ထိုဒါယကာကျေနပ်အောင် တောင်းပန်ရသည်။ အယုတ်ဆုံး ဒါယကာရှေ့၌ ဒေသနာကြားရမည်။) ပြုစေပြီးလျှင် “သွားချေ၊ စိတ္တသူကြွယ်ကို သည်းခံအောင်ပြုလေလော့”ဟု မိန့်တော်မူ၏။ ထိုသုဓမ္မမထေရ်သည် ထိုမစ္ဆိကာသဏ္ဍမြို့သို့သွား၍ဒါယကာသူကြွယ်ကို “ဤအပြစ်သည် ငါ၏အပြစ်သာ ဖြစ်ပေသည်၊ ငါ့အား သည်းခံပါလော့”ဟု တောင်းပန် ပြောဆိုသော်လည်း “တပည့်တော် သည်းမခံနိုင်”ဟု သူကြွယ်က ပယ်မြစ်အပ်သဖြင့် မျက်နှာမသာမယာဖြစ်၍ ထိုသူကြွယ်ကို သည်းခံစေခြင်းငှာ မစွမ်းနိုင်ရကား တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်သို့ ပြန်လာခဲ့ပြန်လေ၏။

(မြတ်စွာဘုရားသည်ကား ထိုမထေရ်အား ဒါယကာသည် သည်းမခံလတ္တံ့ဟု သိတော်မူပြီးဖြစ်သော်လည်း ဤရဟန်းသည် ခက်ထန်သော မာန်မာနရှိ၏။ ယူဇနာ သုံးဆယ်ရှိသော ဤလမ်းခရီးသို့သွား၍ တစ်ဖန် ပြန်လာစေဦးဟု နှလုံးသွင်းတော်မူ၍ သည်းခံအံ့သောအကြောင်းကို မပြောကြားမူ၍သာလျှင် လွှတ်လိုက်ခြင်းဖြစ်လေ၏။)

ထိုအခါ တစ်ဖန် ပြန်လာသောကာလ၌ ပယ်ချအပ်သော မာန်မာနရှိသည်ဖြစ်၍ ထိုသုဓမ္မမထေရ်အား အတူလိုက်သွားရန် အဖော်တမန်ရဟန်းကို ပေးသနားတော်မူ၍ “သွားချေ၊ ဤရဟန်းနှင့်အတူတကွသွား၍ ဒါယကာကို သည်းခံစေလော့”ဟု မိန့်တော်မူပြီး “ရဟန်းမည်သည် ငါ၏နေရာကျောင်း၊ ငါ၏နေရာအရပ်၊ ငါ၏ဒါယကာ၊ ငါ၏ဒါယိကာမဟူ၍ မာန်ထောင်လွှားခြင်းကိုလည်းကောင်း၊ ငြူစူစောင်းမြောင်းခြင်းကိုလည်းကောင်း ပြုစေခြင်းငှာ မသင့်မတော်”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ပြုသော ရဟန်းအား မကောင်းသော အလိုရမ္မက် မာန်မာနအစရှိသော ကိလေသာတို့သည် တိုးတက်ပွားလေကုန်၏”ဟု အနုသန္ဓေကိုစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၇၃] အသန္တံ ဘာဝနမိစ္ဆေယျ။ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
[၇၄] မမေဝ ကတမညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိဉ္စိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

ယော ဗာလော၊ အကြင် မလိမ္မာသောရဟန်းသည်။ အသန္တံ ဘာဝနံ၊ ထင်ရှားမရှိသော ချီးမွမ်းခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ဘိက္ခုသု၊ ရဟန်းတို့၏။ ပုရေက္ခာရဉ္စ၊ မိမိကို ခြံရံခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ အာဝါသေသု၊ ကျောင်းတို့၌။ ဣဿရိယဉ္စ၊ အစိုးရခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ပရကုလေသု၊ တစ်ပါးသော ဒါယကာတို့၌။ ပူဇာ စ၊ ပူဇော်ခြင်းတို့ကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ယဿ ဗာလဿ၊ အကြင်မလိမ္မာသောရဟန်းအား။ ဥဘော၊ နှစ်ဦးကုန်သော။ ဂိဟီပဗ္ဗဇိတာ၊ လူနှင့်ရဟန်းတို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ ကတံ၊ သေနာသန စသည်မချွတ် ဝတ်ကိုပြု၏ဟူ၍။ မညန္တု၊ မှတ်ထင် အောက်မေ့ကြပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ကိစ္စာကိစ္စေသု၊ ငယ်သော အမှုကိစ္စ, ကြီးသော အမှုကိစ္စတို့တွင်။ ကိသ္မိဉ္စိ၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌သော်လည်း။ မမေဝ၊ ငါ၏သာလျှင်။ အတိဝသာ၊ အလိုအတိုင်း။ ဝါ၊ အလိုသို့လိုက်ကုန်သည်။ အဿု၊ ဖြစ်ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကေပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဿ ဗာလဿ၊ ထိုမလိမ္မာသော ရဟန်းအား။ ဣစ္ဆာ စ၊ တဏှာသည်လည်းကောင်း။ မာနော စ၊ မာန်မာနသည်လည်းကောင်း။ ဝဍ္ဎတိ၊ တိုးပွား၏။

(အလိုဆိုး လေးချက်၊ အကြံပေး နှစ်ချက် ဖြစ်ပေါ်လျက်ရှိသော ထိုရဟန်းအား ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည် မတိုးပွား၊ စင်စစ်သော်ကား သမုဒ္ဒရာဒီရေအလား ဒွါရခြောက်ပါး၌ တဏှာသည်လည်းကောင်း၊ ကိုးပါးသော မာန်မာနသည်လည်းကောင်း တိုးပွားလေ၏။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း

သုဓမ္မမထေရ်သည်လည်း ဤသို့သော အဆုံးအမ ဩဝါဒကို ကြားနာရ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် နေရာမှထ၍ လက်ယာရစ် လှည့်လည်သည်ကို ပြုသဖြင့် ထိုအဖော် တမန်ရဟန်းနှင့် အတူတကွ သွားရောက်၍ စိတ္တသူကြွယ်၏မျက်မှောက် မြင်လောက်သောအရပ်၌ အာပတ်ကိုကုစား ဒေသနာပြောကြားလျက် ဒါယကာစိတ္တသူကြွယ်ကို သည်းခံစေရလေ၏။ စိတ္တသူကြွယ်ကလည်း “အရှင်ဘုရား- အရှင်မြတ် လွန်ကျူးအပ်သောအပြစ်ကို တပည့်တော် သည်းခံပါ၏၊ တပည့်တော်အား လွန်ကျူးပြစ်မှားအပ်သော အပြစ်ဒေါသရှိခဲ့ပါလျှင် အရှင်ဘုရားကလည်း သည်းခံတော်မူပါဘုရား”ဟု ပြန်၍ ကန်တော့ဝန်ချအပ်သည်ရှိသော် သုဓမ္မမထေရ်သည် မြတ်စွာဘုရား ပေးသနားတော်မူအပ်သော အဆုံးအမဩဝါဒ၌တည်၍ နှစ်ရက်,သုံးရက်ဖြင့်သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။

စိတ္တသူကြွယ် သာဝတ္ထိပြည်သို့ ဘုရားဖူးသွားခြင်း

စိတ္တသူကြွယ်သည်လည်း “ငါသည် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို တပ်အပ်ထင်ထင် မဖူးမမြင်ရသေးမူ၍သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်၏။ မြတ်စွာဘုရားကို မဖူးမမြင်ရသေးမူ၍သာလျှင် အနာဂါမိဖိုလ်၌လည်း တည်၏။ မြတ်စွာဘုရားကို ငါသွား၍ ဖူးမြင်ခြင်းငှာ သင့်ပေ၏”ဟု ကြံဆင်ခြင်လေ၏။ ယင်းသို့ ကြံဆင်ခြင်ပြီးလျှင် ထိုသူကြွယ်သည် နှမ်း, ဆန်, တင်လဲ, အဝတ်ပုဆိုး စသည်တို့ဖြင့် ပြည့်ကုန်သော လှည်းငါးရာတို့ကို က,စေ၍ “မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သော အရှင်မြတ်တို့သည် ကြွလိုက်ခဲ့ကြပါစေကုန်လော့၊ ဆွမ်းစသည်တို့ဖြင့် ပင်ပန်းခြင်းမဖြစ်ပါလတ္တံ့”ဟု ရဟန်းသံဃာအား လျှောက်ကြားစေပြီးလျှင် ရဟန်းမိန်းမ သံဃာအားလည်းကောင်း၊ ဒါယကာ ယောက်ျားတို့အားလည်းကောင်း၊ ဒါယိကာ မိန်းမတို့အားလည်းကောင်း ပြောကြားသိစေလေ၏။ ထိုစိတ္တသူကြွယ်နှင့် အတူတကွ ငါးရာငါးရာကုန်သော ရဟန်း ယောက်ျားတို့သည်လည်းကောင်း၊ ရဟန်း မိန်းမတို့သည်လည်းကောင်း၊ ဒါယကာ ယောက်ျား ငါးရာတို့သည်လည်ကောင်း၊ ဒါယိကာမိန်းမ ငါးရာတို့သည်လည်းကောင်း ထွက်ခွာလာကြကုန်၏။ စိတ္တသူကြွယ်သည်လည်း ထိုသို့ထွက်ခွာလာကြကုန်သော ပုဂ္ဂိုလ်တို့နှင့်တကွ မိမိပရိတ်သတ်ပါ သုံးထောင်သောလူတို့အား အကြင်သို့သောနည်းဖြင့် ယူဇနာသုံးဆယ်ရှိသောခရီး၌ ယာဂု,ထမင်း စသည်တို့ဖြင့် တစ်စုံတစ်ခု မလုံမလောက်, ချို့တဲ့ခြင်းမည်သည်မဖြစ်၊ ထိုသို့သောနည်းဖြင့် စီရင်ပြုစုလေ၏။ ထိုစိတ္တသူကြွယ် ထွက်ခွာလာသည့်အဖြစ်ကိုသိ၍ နတ်တို့သည် တစ်ယူဇနာ, တစ်ယူဇနာ၌ သစ်ခက်တဲအုံ ဖွဲ့ချီပြုလုပ်သဖြင့် နတ်၌ဖြစ်သော ယာဂုခဲဖွယ် ထမင်းအဖျော်စသည်တို့ဖြင့် လူများအပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသောယာဂု စသည်ဖြင့် ချို့တဲ့ခြင်းမည်သည် မရှိ။ ဤသို့လျှင် နတ်တို့သည် ကောင်းစွာ လုပ်ကျွေးအပ်သည်ဖြစ်၍ နေ့တိုင်း တစ်ယူဇနာစီ သွားခဲ့ရာ တစ်လဖြင့် သာဝတ္ထိပြည်သို့ ရောက်လေသတည်း။ လှည်းငါးရာတို့လည်း လျော့သည် မရှိ၊ ပြည့်မြဲတိုင်းသာလျှင် ဖြစ်ကုန်၏။ နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဆောင်ယူပေးပို့လာသော လက်ဆောင်ပဏ္ဏာကာရကို စွန့်ကြဲပေးကမ်း လှူဒါန်း၍သာ သွားရလေ၏။

စိတ္တသူကြွယ် ဘုရားဖူးစဉ် ပန်းမိုးရွာခြင်း

မြတ်စွာဘုရားသည် အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- ယနေ့ညချမ်း နေမွန်းတိမ်းသောအခါ၌ စိတ္တသူကြွယ်သည် လှည်းငါးရာတို့ဖြင့် ခြံရံလျက် ရောက်၍ ငါဘုရားကို ဖူးမြော်လတ္တံ့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့အား ထိုစိတ္တသူကြွယ်၏ ဖူးမြော်လာသောအခါ တစ်စုံတစ်ခုသော တန်ခိုးပြာဋိဟာသည် ဖြစ်ပါလတ္တံ့လောဘုရား”ဟု မေးလျှောက်လတ်သော် “ချစ်သားအာနန္ဒာ- ဖြစ်ပေလတ္တံ့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- အဘယ်သို့ ဖြစ်ပါလတ္တံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “စိတ္တသူကြွယ်လာ၍ ငါဘုရားကို ရှိခိုးသောအခါ ပြည့်ရှင်မင်းတို့၏ အတိုင်းအထွာ ပမာဏအားဖြင့် ရှစ်မင်းပယ်မျှလောက် ပမာဏရှိသောအရပ်၌ ဒူးပုဆစ်မျှလောက်သော အပိုင်းအခြားအားဖြင့် ငါးပါးသောအဆင်းရှိသော နတ်ပန်းတို့၏ တစ်ခဲနက် ပန်းမိုးရွာခြင်းဖြင့် ရွာချပေလတ္တံ့”ဟု မိန့်တော်မူလေ၏၊ ထိုသို့ မြတ်စွာဘုရား မိန့်တော်မူသောစကားကို အဆင့်ဆင့်အားဖြင့် ကြားသိကုန်သည်ရှိသော် မြို့သူမြို့သားတို့သည် “ဤသို့သဘောရှိသော ကောင်းမှုဘုန်းကံနှင့်ပြည့်စုံသော စိတ္တမည်သော သူကြွယ်သည် လာရောက်၍ ယနေ့မြတ်စွာဘုရားကို ဖူးမြော်လတ္တံ့၊ ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာသည် ဖြစ်ပေလတ္တံ့၊ ငါတို့သည် ထိုကောင်းမှုဘုန်းကံ ကြီးမားသော စိတ္တသူကြွယ်ကို မြင်ခြင်းငှာ ရပေတော့လတ္တံ့”ဟု ပူဇော်သက္ကာရကို ယူဆောင်ကုန်လျက် လမ်းခရီး၏ နံပါးနှစ်ဖက်တို့၌ တည်နေကြကုန်၏။

ကျောင်းတော်၏အနီးသို့ ရောက်သောအခါ ငါးရာသော ရဟန်းတို့သည် ရှေးဦးစွာ ကြွလာကြလေကုန်၏။ စိတ္တသူကြွယ်လည်း “မိခင်တို့- အသင်မိခင်တို့သည် အကျွန်ုပ်တို့၏နောက်မှ လာခဲ့ကြပါကုန်လော့”ဟု ဥပါသိကာမကြီးတို့ကိုချန်ထားခဲ့ပြီးလျှင် ငါးရာသောဥပါသကာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရား၏အထံတော်သို့ သွားလေ၏။ ဘုရားရှင်တို့၏ မျက်မှောက်တော်၌ ရပ်နေသောသူတို့သည်လည်းကောင်း၊ ထိုင်နေသော သူတို့သည်လည်းကောင်း ဤနေရာ၌လည်းကောင်း၊ ထိုနေရာ၌လည်းကောင်း မရှိကုန်၊ မြတ်စွာဘုရား၏ ရှေ့တော်လမ်းခရီး၏ နံပါးနှစ်ဖက်တို့၌ မတုန်မလှုပ်သာလျှင် တည်နေကြကုန်၏၊ စိတ္တသူကြွယ်သည် မြတ်စွာဘုရား၏ ရှေ့တော်လမ်းခရီးမကြီးသို့ သက်ဝင်လေ၏။ ဖိုလ်သုံးပါးသို့ရောက်ပြီးသော အရိယာသာဝကဖြစ်သော စိတ္တသူကြွယ်သည် ကြည့်အပ်တိုင်း, ကြည့်အပ်တိုင်းသောအရပ်ကား တုန်လှုပ်လေ၏။ “စိတ္တသူကြွယ်သည် ဤသူ ဖြစ်ပေသတတ်”ဟု လူများအပေါင်းသည် ကြည့်ရှုကြလေ၏။ စိတ္တသူကြွယ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်ပြီး နှစ်ခုကုန်သော ခြေဖမျက်တို့၌ မြတ်စွာဘုရား၏ ခြေတော်တို့ကို လက်ဖြင့်ကိုင်လျက် ရှိခိုးဦးချလေ၏။ ထိုသို့ ရှိခိုးဦးချသော ခဏ၌သာလျှင် မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သော ပန်းမိုးသည် ရွာသွန်းလေ၏၊ ကောင်းချီးပေးခြင်း အထောင်တို့ကိုလည်း ဖြစ်စေကြလေကုန်၏။

ဘုရားအထံ၌ တစ်လတိတိနေ၍ အလှူလှူခြင်း

ထိုစိတ္တသူကြွယ်သည် တစ်လပတ်လုံး မြတ်စွာဘုရား၏ အထံတော်၌ နေ၏။ ထိုသို့နေလျက်သာလျှင် ဘုရားအမှူးရှိသော အလုံးစုံသော ရဟန်းသံဃာတော်အပေါင်းကို ကျောင်းတော်၌သာ သီတင်းသုံးနေစေ၍ ကြီးစွာသော အလှူကြီးကို ပေးလှူလေ၏။ မိမိနှင့်အတူတကွ လိုက်ပါလာသော သူတို့ကိုလည်း ကျောင်းတော်တွင်း၌သာလျှင် တည်းခိုနေထိုင်စေ၍ လုပ်ကျွေးသမှု ပြုစုလေ၏။ တစ်နေ့မျှလည်း မိမိ၏လှည်းတို့၌ ပါလာသော ပစ္စည်းတစ်စုံတစ်ခုကို ယူရသည်မရှိ၊ နတ်လူတို့သည် ဆောင်ယူပို့ဆက်လာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် အလှူကို ပေးလှူ၏။ ခပ်သိမ်းသော ကိစ္စတို့ကိုလည်း ပြုစု၏။ ထိုစိတ္တသူကြွယ်သည် မြတ်စွာဘုရားကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား အလှူကို ပေးအံ့ဟု လာခဲ့ရာ တစ်လပတ်လုံး လမ်းခရီးအကြား၌ ဖြစ်ပါသည်၊ ဤကျောင်းတော်၌လည်း တပည့်တော်အား တစ်လလွန်ပါပြီ၊ တပည့်တော်ဆောင်ယူခဲ့သော တစ်စုံတစ်ခုသော ပစ္စည်းကို, လှူစရာ လက်ဆောင်ပဏ္ဏာကာရကို တစ်စုံတစ်ရာအနည်းငယ်မျှ ထုတ်ယူခြင်းငှာ မပြုရသေးပါ၊ ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ဆောင်ယူပို့လာအပ်သော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် အလှူဒါနကို ပေးလှူ၍ နေရပါသည်ဘုရား၊ တပည့်တော်သည် ဤသာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီး၌ တစ်နှစ်ပတ်လုံးသော်လည်း အကယ်၍ နေခဲ့ငြားအံ့၊ တပည့်တော်၏ လှူဖွယ်ဝတ္ထု ပစ္စည်းအစုကို ပြုစုပေးကမ်း လှူဒါန်းခြင်းငှာ ခွင့်ရနိုင်တော့မည်မဟုတ်ပါဘုရား၊ တပည့်တော်သည် လှည်းတို့ကို ပစ္စည်းဥစ္စာဘဏ္ဍာ အလုံးစုံချစေ၍ ပြန်သွားခြင်းငှာ အလိုရှိပါသည်။ သိုမှီးရာ အရပ်ကိုသာ တပည့်တော်အား ညွှန်ပြပြောကြား ခိုင်းတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း အာနန္ဒာမထေရ်ကို “ချစ်သား အာနန္ဒာ- ဤသူကြွယ်ဒါယကာအား တစ်ခုသော နေရာအရပ်ကို နေရာလွတ်ပြု၍ ပေးလေလော့”ဟု မိန့်တော်မူလေ၏။ အာနန္ဒာမထေရ်လည်း မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏။

(စိတ္တသူကြွယ်၏ နှမ်း,ဆန်စသော လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သိုမှီးရန် ခွင့်ပြုအပ်သော နေရာအရပ်သည် သိုမှီးကောင်းသော၊ အပ်သော ကပ္ပိယကုဋိဖြစ်သတတ်။ ကပ္ပိယကုဋိဟူသည်ကား ခဲဖွယ်ဘောဇဉ်တို့ကို ညဉ့်သိပ်သိုမှီး၍ ထားကောင်းသော ရဟန်းတို့နေရာ ကျောင်းပေတည်း။ ထိုနေရာကျောင်သည် ၁။ ဥဿာဝနန္တိကကုဋီ၊ ၂။ ဂေါနိသာဓိကကုဋိ၊ ၃။ ဂဟပတိကုဋိ၊ ၄။ သမ္မုတိကုဋီဟု လေးမျိုးရှိ၏။ ထိုလေးမျိုးမှလွတ်သော နေရာကျောင်းသည် အကပ္ပိယကုဋိ မည်၏။ ခဲဖွယ်ဘောဇဉ်တို့ကို ညဉ့်သိပ်သိုမှီးမိလျှင် ရဟန်းတို့ မစားအပ်၊ အန္တောဝုတ္တဒုက္ကဋ် အာပတ်သင့်သည်။)

ဘုရားဖူးအပြန် ရတနာခုနစ်ပါး အပြည့်ရခြင်း

စိတ္တသူကြွယ် ဥပါသကာသည်လည်း မိမိနှင့်အတူတကွ လိုက်လာကြကုန်သော သုံးထောင်သောသူတို့နှင့်အတူ အချည်းနှီးသော လှည်းတို့ဖြင့် တစ်ဖန် လမ်းခရီးသို့ သွားလေ၏။ နတ်လူတို့သည် ထလာကြကုန်၍ “အရှင်သူကြွယ်- အရှင်သည် အချည်းနှီးသောလှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည်တကား”ဟု ဆိုကုန်လျက် ရတနာခုနစ်ပါးတို့ဖြင့် လှည်းတို့ကို ပြည့်စေကြလေကုန်၏။ စိတ္တသူကြွယ်လည်း ပို့သလာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် လူများအပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ ပြန်သွားလေ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း မြတ်စွာဘုရားကို ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- စိတ္တသူကြွယ်သည် ရှင်တော်ဘုရားတို့၏ အထံတော်သို့ လာသောအခါလည်း တစ်လတိုင်တိုင်လာရပါသည်၊ ဤကျောင်းတော်၌လည်း တစ်လတိုင်တိုင်သာလျှင် နေပါသည်ဘုရား၊ ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ရှေးရှုဆောင်ယူ ပေးအပ်လာသော လက်ဆောင်ဖြင့်သာလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူပါလေပြီ။ ယခုအခါ လှည်းငါးရာတို့ကို အချည်းနှီးပြု၍ တစ်လဖြင့်သာလျှင် သွားရလိမ့်မည် ဖြစ်ပါသတတ်။ နတ်လူတို့သည် ထိုစိတ္တသူကြွယ်အား ထလာကြကုန်၍ အရှင်သူကြွယ်- အရှင်သည် အချည်းနှီးသော လှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည်တကားဟု ဆိုကုန်လျက် လှည်းငါးရာတို့ကို ရတနာခုနှစ်ပါးတို့ဖြင့် ပြည့်စေကြလေကုန်၏။ ထိုစိတ္တသူကြွယ်သည် တစ်ဖန် မိမိအား ပို့သလာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် လူများအပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ သွားပါလိမ့်မည်ဘုရား”ဟု လျှောက်ထားပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း၊ ထိုစိတ္တသူကြွယ်အား ရှင်တော်မြတ်ဘုရားတို့၏ ထံမှောက်တော်သို့ လာရောက် ချဉ်းကပ်သော်သာလျှင် ဤသို့သော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ရပါသလော။ သို့တည်းမဟုတ် တစ်ပါးသောအရပ်သို့ သွားရောက်သော်လည်း ဤသို့သဘောရှိသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ရပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရား၏အထံသို့လာသော်လည်းကောင်း၊ အရပ်တစ္ပါးသို့ သွားသော်လည်းကောင်း ထိုသူကြွယ်အား ဤသို့သဘောရှိသော ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း။ ဤဥပါသကာ ဒါယကာကား ယုံကြည်ခြင်းသဒ္ဓါဂုဏ်ရှိ၏။ ကြည်ညိုခြင်းပသန္နဂုဏ်ရှိ၏။ အပြည့်အစုံ သင်းထုံသော သီလဂုဏ်ရှိ၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် အကြင်,အကြင်အရပ်သို့ ချဉ်းကပ်သွားလာ၏၊ ထိုထိုအရပ်၌ပင် ထိုသူ့အား လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေါ်လာရ၏”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ပကိဏ္ဏကဝဂ်၌လာသော ဤဂါထာကို ဟောတော်မူလေ၏။

သဒ္ဓါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။

သဒ္ဓါ၊ သဒ္ဓါတရားရှိသော။ သီလေန၊ သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသောသူသည်။ ယသော၊ ကျော်စောသတင်း ရှိသည်ဖြစ်၍။ ဘောဂသမပ္ပိတော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ဖြစ်၍။ ယံယံ ပဒေသံ၊ အကြင်အကြင်အရပ်သို့။ ဘဇတိ၊ ချဉ်းကပ်သွားလာ၏။ တတ္ထတတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ ပူဇော်အပ်သည်။ ဟောတိ၊ ဖြစ်၏။

မုဆိုးဘဝ ရှေးကောင်းမှု ဆုတောင်း

ဤသို့မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်ရှိသော် အရှင်အာနန္ဒာမထေရ်သည် စိတ္တသူကြွယ်၏ ရှေးကောင်းမှုကံကို မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်အား ဟောကြားတော်မူလိုသည်ဖြစ်၍ မိန့်ကြားတော်မူဟန်ကား “ချစ်သားအာနန္ဒာ- ဤစိတ္တသူကြွယ်သည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်းခြင်းရှိသည်ဖြစ်၍ ကမ္ဘာတစ်သိန်း ကာလပတ်လုံး နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်ပြီလျှင် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ သားမုဆိုးအမျိုး၌ ဖြစ်ရသဖြင့် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် တစ်နေ့သ၌ မိုးရွာလတ်သောအခါ သားသမင်တို့ကို သတ်ခြင်းငှာ လှံကိုယူ၍ တောအုပ်သို့ သွားပြီးလျှင် သားသမင်တို့ကို ကြည့်ရှုလတ်သည်ရှိသော် မပြုမပြင် ပင်ကိုဖြစ်သော တစ်ခုသော တောင်ဝှမ်း၌ ဦးခေါင်းနှင့်တကွ ခြုံ၍ ထိုင်နေတော်မူသော ရဟန်းတစ်ပါးကိုမြင်ရလျှင် “အရှင်ကောင်းတစ်ပါးသည် ရဟန်းတရားကို အားထုတ်လျက် သီတင်းသုံးနေတော်မူသည် ဖြစ်ပေလတ္တံ့၊ ထိုအရှင်မြတ်အား ဆွမ်းကို ဆောင်ပို့အံ့”ဟု ကြံလျက် လျင်မြန်စွာ အိမ်သို့ပြန်လာ၍ တစ်ခုသော ဖိုခနောက်၌ ယမန်နေ့က ဆောင်ယူ၍ထားအပ်သော အမဲကိုလည်းကောင်း၊ တစ်ခုသော ဖိုခနောက်၌ ထမင်းကိုလည်းကောင်း ချက်စေပြီးလျှင် ဆွမ်းခံလှည့်လည်တော်မူကုန်သော အခြားသော ရဟန်းတို့ကိုမြင်လျှင် ထိုရဟန်းတို့၏ သပိတ်တို့ကိုလည်း ယူကုန်၍ ခင်းထားအပ်သောနေရာ၌ သီတင်းသုံးနေစေလျက် ဆွမ်းကိုစီရင်၍ “အရှင်ကောင်းတို့ကို ဆွမ်းလုပ်ကျွေးကြပါကုန်လော့”ဟု သူတစ်ပါးကို စေခိုင်းပြီးလျှင် ချက်ပြုတ်အပ်သော ထိုထမင်းကို အထုပ်၌ ပိုးထုပ်ကာ ယူဆောင်၍ သွားသည်ရှိသော်--

ခရီးအကြား၌ အထူးထူးသော ပန်းတို့ကို ဆွတ်ခူး၍ ထမင်းထုပ်၌တင်လျက် မထေရ်မြတ်၏နေရာအရပ်သို့ သွားရောက်ပြီးလျှင် “အရှင်ဘုရား တပည့်တော်အား ချီးမြှင့်ခြင်းအမှုကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားပြီးလျှင် သပိတ်ကိုယူသဖြင့် ဆွမ်းတို့ကို ပြည့်စေပြီးမှ မထေရ်မြတ်၏လက်၌ ထားလျက် ထိုပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြုပြီးလျှင် “ဘုရားတပည့်တော်၏ ပန်းပူဇော်ခြင်းနှင့်တကွ အရသာရှိလှသော ဤဆွမ်းသည် စိတ်ကို နှစ်သက်စေနိုင်ဘိသကဲ့သို့ ဤအတူ ဖြစ်တိုင်းဖြစ်တိုင်းသော ဌာန၌ လက်ဆောင်ပဏ္ဏာကာရ တစ်ထောင်မျှလောက်တို့သည် ရောက်လာ၍ တပည့်တော်၏စိတ်ကို နှစ်သက်စေလျက် ငါးပါးသောအဆင်းရှိသော ပန်းမိုးရွာခြင်းဖြင့်လည်း ရွာပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ထိုသားမုဆိုးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုသဖြင့် နတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်လေရာဌာန၌ ဒူးပုဆစ်မျှလောက်သော အပိုင်းအခြားအားဖြင့် နတ်ပန်းမိုးသည် ရွာလေ၏။ ဤယခုဘဝ၌လည်း ထိုသူကြွယ် ဖွားမြင်သော နေ့၌လည်းကောင်း၊ ဤအရပ်သို့ ရောက်သောအခါ၌ ပန်းမိုးရွာခြင်း သည်လည်းကောင်း၊ လက်ဆောင်ပဏ္ဏာ ရှေးရှုဆောင်ပို့ခြင်းသည်လည်းကောင်း၊ ရတနာခုနစ်ပါးတို့ဖြင့် လှည်း၌ ပြည့်စေခြင်းသည်လည်းကောင်း ထိုသားမုဆိုးဖြစ်စဉ်အခါက ပြုခဲ့ဖူးသော ကုသိုလ်ကံ၏ အကျိုးဆက်သာတည်း”ဟု အတိတ်ကိုဆောင်၍ မိန့်ကြားတော်မူလေ၏။

စိတ္တသူကြွယ်ဝတ္ထုပြီး၏။