စမ္ပေယျဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၀၆။ စမ္ပေယျဇာတ် (၁၀)


ဝီသတိနိပါတ်

၁၀။ စမ္ပေယျဇာတ်

လက်ရှိစည်းစိမ်စွန့်၍ ဥပုသ်သုံးခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာနု ဝိဇ္ဇုရိဝါ ဘာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စမ္ပေယျဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ဒါယကာတို့- ဥပုသ်သုံးခြင်းကို သုံးကုန်သော သင်ဒါယကာတို့သည် ပြုအပ်သောအမှုသည် ကောင်းစွာ၏။ ရှေးပညာရှိတို့သည် နဂါးမင်း စည်းစိမ်ကိုစွန့်၍ ဥပုသ်သုံးခြင်းကို သုံးဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့- လွန်လေပြီးသောအခါ အင်္ဂတိုင်း၌ အင်္ဂမင်းသည် မင်းပြုသည်ဖြစ်၍ မဂဓတိုင်း၌ မဂဓမင်းသည် မင်းပြုသည်ရှိသော် အင်္ဂတိုင်း မဂဓတိုင်းတို့၏ အကြား၌ စမ္ပာမည်သော မြစ်သည် ရှိ၏။ ထိုစမ္ပာမြစ်၌ နဂါးပြည်သည် ရှိ၏။ စမ္ပေယျမည်သော နဂါးမင်းသည် မင်းပြု၏။ ရံခါ မဂဓမင်းသည် အင်္ဂတိုင်းကို သိမ်းယူ၏။ ရံခါ အင်္ဂမင်းသည် မဂဓတိုင်းကို သိမ်းယူ၏။ ထိုအခါ တနေ့သ၌ မဂဓမင်းသည် အင်္ဂမင်းနှင့်တကွ စစ်ထိုးကြ၍ စစ်ရှုံးလျှင် မြင်းကိုစီး၍ ပြေးသည်ရှိသော် အင်္ဂမင်း၏ သူရဲတို့သည် လိုက်ကုန်လတ်သော် တဖန် စမ္ပာမြစ်သို့ရောက်၍ ရန်သူလက်၌ သေသောထက် မြစ်သို့ဆင်း၍ သေခြင်းသည် မြတ်၏ဟု ကြံပြီး၍ မြင်းနှင့်တကွသာလျှင် မြစ်သို့ဆင်း၏။ ထိုအခါ

စမ္ပေယျနဂါးမင်းသည် ရေ၏အတွင်း၌ ရတနာမဏ္ဍပ်ကို ဖန်ဆင်း၍ များစွာသော အခြံအရံရှိသည်ဖြစ်၍ များစွာသော အဖျော်ကို သောက်၏။ မင်းသည် မြင်းနှင့်တကွ ရေ၌ငုပ်၍ နဂါးမင်း၏ ရှေ့သို့ သက်၏။

နဂါးမင်းသည် တန်ဆာဆင်ခြင်းနှင့် စပ်သော မင်းကိုမြင်လျှင် ချစ်ခြင်းကိုဖြစ်စေ၍ နေရာမှထပြီးလျှင် မြတ်သောမင်းကြီး- မကြောက်လင့်ဟု ဆို၍ ထိုမင်းကို မိမိပလ္လင်၌ နေစေပြီးလျှင် ရေ၌ငုပ်ခြင်း၏ အကြောင်းကို မေး၏။ မဂဓမင်းသည် ဟုတ်မှန်သောအတိုင်း ပြောဆို၏။ ထိုအခါ ထိုမဂဓမင်းကို မြတ်သောမင်းကြီး- ရှင်မင်းကြီးသည် ကြောက်တော် မမူလင့်၊ ငါသည် ရှင်မင်းကြီးကို တိုင်းနှစ်တိုင်းတို့၏ အရှင်ပြုအံ့ဟု နှစ်သိမ့်စေပြီးလျှင် ခုနစ်ရက်ပတ်လုံး ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစား၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းနှင့်တကွ နဂါးပြည်မှ ထွက်၏။ မဂဓမင်းသည် နဂါးမင်း၏ အာနုဘော်ဖြင့် အင်္ဂမင်းကို ဖမ်း၍သတ်ပြီးလျှင် အင်္ဂတိုင်း, မဂဓတိုင်းဟူသော နှစ်တိုင်းတို့၌ မင်းပြု၏။ ထိုအခါမှစ၍ မဂဓမင်း၏၎င်း, နဂါးမင်း၏၎င်း အကျွမ်းဝင်ခြင်းသည် မြဲမြံ၏။ မဂဓမင်းသည် နှစ်တိုင်း နှစ်တိုင်း စမ္ပာမြစ်နား၌ ရတနာမဏ္ဍပ်ကို ဆောက်စေ၍ များစွာသော စွန့်ကြဲခြင်းဖြင့် နဂါးမင်းအား ပူဇော်ခြင်းအမှုကို ပြုစေ၏။ ထိုနဂါးမင်းသည်လည်း များစွာသော အခြံအရံဖြင့် နဂါးပြည်မှထွက်၍ အပူဇော်ခံ၏။ လူများသည် နဂါးမင်း စည်းစိမ်ကို ကြည့်ကြကုန်၏။

ထိုအခါ ဘုရားလောင်းသည် သူဆင်းရဲအမျိုး၌ ဖြစ်၍ မင်းပရိသတ်နှင့်တကွ မြစ်နားသို့သွား၍ နဂါးမင်း၏ စည်းစိမ်ကိုမြင်လျှင် မက်မောခြင်း လောဘကို ဖြစ်စေ၍ ထိုနဂါးမင်းစည်းစိမ်ကို တောင့်တလျက် အလှူကိုပေး၍ သီလကို ဆောက်တည်၍ စမ္ပေယျနဂါးမင်း သေသည်မှ ခုနစ်ရက်မြောက်သော နေ့၌ စုတေ၍ ထိုစမ္ပေယျ နဂါးမင်း၏ နေရာပြာသာဒ်ဝယ် ကြက်သရေရှိသော တိုက်ခန်း၌ အသရေရှိသော အိပ်ရာအပြင်ဝယ် ဖြစ်၏။ မုလေးပန်းဆိုင်း အဆင်းနှင့်တူသော ကြီးစွာသော ကိုယ်ရှိသည်ဖြစ်၍ ထိုဘုရားလောင်းသည် ထိုကိုယ်အဆင်းသဏ္ဌာန်ကို မြင်လျှင် နှလုံးမသာယာခြင်း ဖြစ်၍ ငါသည် ပြုအပ်သော ကုသိုလ်အကျိုးဆက်ကြောင့် ကာမာဝစရနတ်ပြည် ခြောက်ထပ်တို့၌ စည်းစိမ်ချမ်းသာသည် ကျီ၌ ထားအပ်သော စပါးကဲ့သို့ ဖြစ်၏။ ငါသည် ဤသို့ တိရစ္ဆာန်အမျိုး၌ ပဋိသန္ဓေကို ယူ၏။ ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု သေခြင်း၌ စိတ်ကိုဖြစ်စေ၏။

ထိုအခါ ဘုရားလောင်းကို သုမနာမည်သော နဂါးမသည် မြင်၍ ကြီးသော အာနုဘော်ရှိသော သတ္တဝါသည် ဖြစ်လာသည် ဖြစ်လတ္တံ့ဟု ကြံ၍ ကြွင်းကုန်သော နဂါးမတို့အား ကြား၍ အလုံးစုံကုန်သော နဂါးမတို့သည် အထူးထူးသော တီးမှုတ်မျိုးကို လက်စွဲကုန်လျက် လာလတ်ကုန်၍ ထိုဘုရားလောင်းအား များစွာသော တီးမှုတ်မျိုးတို့ဖြင့် ပူဇော်ကုန်၏။ ထိုဘုရားလောင်းအား ထိုနဂါးပြည်သည် သိကြားမင်း နေပြည်ကဲ့သို့ ထင်၏။ သေလိုသောစိတ်သည် ငြိမ်း၏။ နဂါးမင်း၏ ကိုယ်ကိုစွန့်၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အိပ်ရာအပြင်၌ နေ၏။ ထိုအခါ ဘုရားလောင်းအား ထိုအခါမှစ၍ စည်းစိမ် အခြံအရံသည် များ၏။ ထိုဘုရားလောင်းသည် နဂါးမင်းပြုလျက် နောက်အဘို့၌ နှလုံးမသာခြင်းဖြစ်၍ ငါ့အား ဤတိရစ္ဆာန်အမျိုးဖြင့် အဘယ်

အကျိုးရှိအံ့နည်းဟု နှလုံးသွင်းသဖြင့် ဥပုသ်သုံးခြင်းကို သုံး၍ ဤတိရစ္ဆာန်အမျိုးမှ လွတ်၍ လူ့ပြည်သို့ ရောက်လျှင် သစ္စာလေးပါးတရားတို့ကို သိသဖြင့် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုအံ့ဟု ကြံပြီးလျှင် ထိုအခါမှစ၍ ထိုပြာသာဒ်၌သာလျှင် ဥပုသ်ဆောက်တည်ခြင်းကို ပြု၏။

တန်ဆာဆင်သော နဂါးမတို့သည် ဘုရားလောင်း နဂါးမင်းအထံသို့ သွားကုန်၏။ များသောအားဖြင့် ဘုရားလောင်း၏ ဥပုသ်သီလသည် ပျက်၏။ ထိုဘုရားလောင်းသည် ထိုအခါမှစ၍ ပြာသာဒ်မှ ထွက်ခဲ့ပြီးလျှင် ဥယျာဉ်သို့သွား၏။ ထိုနဂါးမတို့သည်လည်း ထိုဥယျာဉ်သို့လျှင် သွားကုန်၏။ ဥပုသ်ဆောက်တည်ခြင်းသည် ပျက်သည်သာလျှင်တည်း၊ ထို့နောင်မှ ဤသို့ ကြံ၏။ ငါသည် ဤနဂါးပြည်မှထွက်၍ လူ့ပြည်သို့သွားသဖြင့် ဥပုသ်ဆောက်တည်၍ နေခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ထိုအခါမှစ၍ ဥပုသ်နေ့တို့၌ နဂါးပြည်မှထွက်၍ တခုသော ပစ္စန္တရစ်၏ မနီးမဝေးသောအရပ်ဝယ် ခရီးလမ်းမအနီးဖြစ်သော တောင်ပို့ထိပ်၌ ငါ၏အရေ အစရှိသည်တို့ကို အလိုရှိကုန်သော သူတို့သည် ယူစေကုန်သတည်း၊ ငါ့ကို မြွေကစားခြင်းကို ပြုလိုကုန်သော သူတို့သည် ပြုစေကုန်သတည်းဟု ကိုယ်ကို အလှူ၏အဝ၌ စွန့်၍ အခွေတို့ကိုဖွဲ့၍ အိပ်လျက် ဥပုသ်ဆောက်တည်၏။ ခရီးလမ်းမ၌ သွားကုန်သော သူတို့သည်၎င်း လာကုန်သောသူတို့သည်၎င်း မြင်ကုန်၍ နံ့သာ ပန်းအစရှိသည်တို့ဖြင့် ပူဇော်၍ သွားကုန်၏။

ပစ္စန္တရစ်၌ နေကုန်သော သူတို့သည် လာလတ်ကုန်၍ နဂါးမင်းသည် ကြီးသော အာနုဘော်ရှိ၏ဟု ထိုဘုရားလောင်းအထက်၌ မဏ္ဍပ်ကို ဆောက်လုပ်ပြီးလျှင် ထက်ဝန်းကျင်မှ သဲကိုကြဲ၍ နံ့သာအစရှိသည်တို့ဖြင့် ပူဇော်ကုန်၏။ ထိုအခါမှစ၍ လူတို့သည် ဘုရားလောင်း၌ ကြည်ညိုသဖြင့် ပူဇော်ခြင်းကိုပြု၍ သားဆုသ္မီးဆုကို တောင်းကုန်၏။ ဘုရားလောင်းသည်လည်း ဥပုသ်ဆောက်တည်ခြင်းအမှုကို ပြုလျက် တဆယ့်လေးရက် တဆယ့်ငါးရက်မြောက်ဖြစ်သော ဥပုသ်နေ့တို့၌ တောင်ပိုထိပ်၌နေ၍ အထွက်တရက်နေ့မှ နဂါးပြည်သို့သွား၏။ ဤဥပုသ်ဆောက်တည်ခြင်းကိုပြုသော ဘုရားလောင်းအား ရှည်မြင့်စွာသော ကာလသည် လွန်၏။

တနေ့သ၌ သုမနာအမည်ရှိသော မိဖုယားကြီးသည် ဤသို့ လျှောက်၏။ အရှင်မင်းကြီး- အရှင်မင်းကြီးသည် လူ့ပြည်သို့သွား၍ ဥပုသ်ဆောက်တည်တော်မူ၏။ လူ့ပြည်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းရှိ၏။ အရှင်မင်းကြီးအား အကယ်၍ ဘေးသည်ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်သည်ရှိသော် အကျွန်ုပ်တို့သည် အဘယ်အကြောင်းဖြင့် သိရကုန်အံ့နည်း၊ ထိုအကြောင်းကို အကျွန်ုပ်တို့အား ကြားတော်မူပါလော့ဟု လျှောက်၏။ ထိုအခါ မိဖုယားကို ဘုရားလောင်းသည် မင်္ဂလာရေကန်နားသို့ ဆောင်၍ ရှင်မိဖုယား - အကယ်၍ ငါ့ကို တစုံတယောက်သောသူသည် ပုတ်ခတ်၍ ပင်ပန်းစေအံ့၊ ဤမင်္ဂလာရေကန်၌ ရေနောက်သည် ဖြစ်လတ္တံ့၊ အကယ်၍ ဂဠုန်သည် ဖမ်းယူအံ့၊ ရေသည် ကျိုက်ကျိုက်ဆူသည်ဖြစ်၍ ထင်လတ္တံ့၊ အကယ်၍ မြွေသမားသည် ဖမ်းယူအံ့၊ ရေသည် သွေးအဆင်းရှိသည် ဖြစ်လတ္တံ့၊ ထိုသုမနာမိဖုယားကြီးအား သုံးပါးသော အကြောင်းနိမိတ်တို့ကိုကြား၍ တဆယ့်လေးရက်မြောက် ဖြစ်သော ဥပုသ်နေ့၌ ဥပုသ်ဆောက်တည်လျက် နဂါးပြည်မှ ထွက်ခဲ့သဖြင့် လူ့ပြည်သို့သွား၍ တောင်ပို့ထိပ်၌ လျောင်း၏။ ကိုယ်ရောင်ဖြင့် တောင်ပို့ကို တင့်တယ်စေ၏။ ထိုစကားသည်မှန်၏။ ထိုဘုရားလောင်း နဂါးမင်း၏ ကိုယ်သည် ငွေပန်းဆိုင်းကဲ့သို့ ဖြူ၏။ ဦးခေါင်း၌ ကမ္ဗလာနီအိမ့်ကျင်ကဲ့သို့ ဖြစ်၏။

ဤစမ္ပေယျဇာတ်၌ကား ဘုရားလောင်း၏ ကိုယ်သည် ထွန်တုံးပမာဏရှိ၏။ ဘူရိဒတ်ဇာတ်၌ ကိုယ်သည် ပေါင်ပမာဏရှိ၏။ သင်္ခပါလဇာတ်၌ တခုသော လှေပိန်းကော ပမာဏရှိ၏။

ထိုအခါ ဗာရာဏသီပြည်၌နေသော တယောက်သော လုလင်သည် တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခ ဆရာ့အထံ၌ အလမ္ပာယ်အတတ်ကို သင်ပြီး၍ ထိုခရီးဖြင့် မိမိအိမ်သို့ သွားသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤမြွေကို ဖမ်းယူ၍ ရွာ နိဂုံး မင်းနေပြည်တို့၌ ကစားစေလျက်လျှင် ဥစ္စာကို ဖြစ်စေအံ့ဟု ကြံ၍ နတ်ဆေးတို့ကိုယူ၍ နတ်၏မန္တရားနှင့် တူသော မန္တရားကိုရွတ်လျက် ဘုရားလောင်း နဂါးမင်းအထံသို့ သွား၏။ နတ်၏မန္တရားနှင့် တူသော မန္တရားကို ကြားသောအခါမှစ၍ ဘုရားလောင်း၏ နားတို့၌ သံတံကျင်ဖြင့် ထိုးသောအခါကဲ့သို့ ဖြစ်၏။ ဦးခေါင်း၌ သံမယ်နဖြင့် နှက်သကဲ့သို့ ဖြစ်၏။ ထိုဘုရားလောင်းသည် ဤအသံကား အသို့နည်းဟု အခွေကြားမှ ဦးခေါင်းကိုဖော်၍ ကြည့်လတ်သော် မြွေသမားကို မြင်၍ ကြံ၏။ ငါ၏အဆိပ်သည် များစွာ၏။ အကယ်၍ ငါသည် အမျက်ထွက်သဖြင့် နှာခေါင်းလေကို လွှတ်အံ့၊ ဖွဲပြာကဲ့သို့ ဖရိုဖရဲ ကြဲလတ္တံ့၊ ထိုဖွဲပြာကဲ့သို့ ဖရိုဖရဲကြဲသည်ရှိသော် ငါ၏သီလသည်လျှင် ကျိုးပျက်သည်ဖြစ်လတ္တံ့၊ ထိုအလမ္ပာယ်ကို ငါမကြည့်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် မျက်စိတို့ကို မှိတ်၍ ဦးခေါင်းကို အခွေ၌ထား၏။

အလမ္ပာယ်ပုဏ္ဏားသည် ဆေးကိုစီရင်ပြီးလျှင် မန္တရားကိုရွတ်၍ ဘုရားလောင်းကိုယ်၌ တံတွေးကို ထွေး၏။ ဆေး၏၎င်း, မန္တရား၏၎င်း အာနုဘော်ကြောင့် တံတွေးထိရာအရပ်က ဖူးရရူးထသော ကာလကဲ့သို့ ဖြစ်၏။ ထိုအခါ ဘုရားလောင်း နဂါးမင်းကို ထိုအလမ္ပာယ်ပုဏ္ဏားသည် အမြီး၌ ကိုင်ပြီးလျှင် ငင်၍ အလျားဖြင့် အိပ်စေ၍ ဆိတ်ခြေသဏ္ဌာန်နှင့်တူသော လှံတံဖြင့် နှိပ်လျက် အားနည်းသည်ကို ပြုပြီးလျှင် ဦးခေါင်းကို မြဲမြံစွာကိုင်၍ နှိပ်၏။ ဘုရားလောင်း၏ ခံတွင်းသည် ပွင့်၏။ ထိုအခါ ဘုရားလောင်းခံတွင်း၌ တံတွေးကို ထွေးသဖြင့် ဆေးကို၎င်း, မန္တရားကို၎င်း ပြု၍ အစွယ်တို့ကို ချိုး၏။ ခံတွင်း၌ သွေးဖြင့် ပြည့်၏။ ဘုရားလောင်းသည် မိမိသီလပျက်ခြင်းမှ ကြောက်သောကြောင့် ဤသို့သဘောရှိသော ပြင်းစွာသောဆင်းရဲကို သည်းခံလျက် မျက်စိကိုဖွင့်၍ ကြည့်ခြင်းကိုမျှလည်း မပြု၊ ထိုအလမ္ပာယ် ပုဏ္ဏားသည်လည်း နဂါးမင်းကို အားနည်းသည်ကို ပြုအံ့ဟု အမြီးမှစ၍ ဘုရားလောင်းနဂါးမင်း၏ အရိုးတို့ကို မှုန့်မှုန့်ညက်ညက် ချေသကဲ့သို့ အလုံးစုံသော ကိုယ်ကို နင်းနယ်၍ ရက်ပြားရစ်သော ရစ်ခြင်းကို ရစ်ပတ်စေ၏။ ရက်ကန်းသည်ကို ချည်စာနင်းသကဲ့သို့သော နင်းနယ်ခြင်းကို နင်းနယ်၏။ အမြီးကိုကိုင်၍ ခဝါသည်တို့ ပုဆိုးဖွပ်သကဲ့သို့ ပုတ်ခတ်၏။ ဘုရားလောင်း၏ ကိုယ်အလုံးသည် သွေးဖြင့်လိမ်းကျံသည် ဖြစ်၏။ ထိုဘုရားလောင်းသည် ကြီးစွာသော ဝေဒနာကို သည်းခံတော်မူ၏။

ထိုအခါ ဘုရားလောင်း အားနည်းသော အဖြစ်ကိုသိ၍ နွယ်ပခြုပ်ကို ရက်ပြီးလျှင် ထိုပခြုပ်၌ ဘုရားလောင်း နဂါးမင်းကို ထည့်၍ ပစ္စန္တရစ်သို့ ဆောင်ယူပြီးလျှင် လူများအလယ်၌ ကစေ၏။ အညိုအစရှိကုန်သော အဆင်းတို့၌၎င်း, အလုံး လေးထောင့် အစရှိကုန်သော သဏ္ဌာန်တို့၌၎င်း, အငယ် အကြီး အစရှိကုန်သော ပမာဏတို့၌၎င်း အကြင်အကြင် အမှုကို အလမ္ပာယ် ပုဏ္ဏားသည် အလိုရှိ၏။ ဘုရားလောင်းသည် ထိုထိုအမှုကိုသာလျှင် ပြု၍ က, ၏။ ပါးပျဉ်းတရာကို၎င်း, ပါးပျဉ်းတထောင်တို့ကို၎င်း ပြုသည်သာလျှင်တည်း၊ လူများသည် ကြည်ညိုသည်ဖြစ်၍ များစွာ ဥစ္စာကို ပေး၏။ တနေ့တည်း၌ပင်လျှင် အသပြာတထောင်ကို၎င်း, အသပြာ တထောင်ထိုက်သော ဥစ္စာ ပရိက္ခရာတို့ကို၎င်း ရ၏။

အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်းကို ဖမ်းယူစကမူ အသပြာတထောင်ကို ရသည်ရှိလတ်သော် ငါလွှတ်အံ့ဟု ကြံ၏။ ထိုသို့ကြံသော်လည်း ထိုတထောင်သော ဥစ္စာကိုရလျှင် ပစ္စန္တရစ်ရွာ၌ပင် ငါသည် ဤမျှလောက် ဥစ္စာကို ရတုံသေး၏။ မင်း, မင်း၏အမတ်ကြီးတို့ အထံ၌လည်း များစွာသော ဥစ္စာကို ငါရလတ္တံ့ဟု ကြံ၍ ဝန်တင်လှည်းကို၎င်း, စီးစရာ ငြင်သာသော ယာဉ်ကို၎င်း ယူပြီးလျှင် လှည်း၌ ဥစ္စာတို့ကိုထား၍ ငြင်သာသောယာဉ်ငယ်၌ စီးလျက် များစွာသော အခြံအရံဖြင့် ဘုရားလောင်းကို ရွာ နိဂုံး အစရှိသည်တို့၌ ကစေလျက် ဗာရာဏသီပြည် ဥဂ္ဂသေနမင်း၏ အထံ၌ ကစေပြီးလျှင် ငါလွှတ်အံ့ဟုကြံ၍ သွား၏။ ထိုအလမ္ပာယ်ပုဏ္ဏားသည် ဖားတို့ကိုသတ်၍ နဂါးမင်းအား ပေး၏။ နဂါးမင်းသည် အဖန်တလဲလဲ ဤအလမ္ပာယ်သည် ငါ့ကိုမှီ၍ ဖားတို့ကို သတ်လတ္တံ့ဟု ကြံ၍ ဖားတို့ကို မစား၊ ထိုသို့ မစားသောအခါ ဘုရားလောင်းအား ပျားပေါက်ပေါက်တို့ကို ပေး၏။ ဘုရားလောင်းသည် ငါသည် ဤအစာကို အကယ်၍ ယူ၍စားငြားအံ့၊ ပခြုပ်တွင်း၌လျှင် သေလတ္တံ့ဟု ထိုပျားပေါက်ပေါက်တို့ကိုလည်း မစား၊ အလမ္ပာယ် ပုဏ္ဏားသည် တလမျှဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ တံခါးရွာတို့၌ ကစေလျှင် များစွာသော ဥစ္စာကို ရ၏။

မင်းသည်လည်း ထိုအလမ္ပာယ်ကိုခေါ်စေ၍ ငါတို့အား က စေလော့ဟုဆို၏။ အရှင်မင်းကြီး- ကောင်းပြီ နက်ဖြန် ပန္နရသီ ဥပုသ်နေ့၌ အရှင်မင်းကြီးတို့အား ကပါစေအံ့ဟု လျှောက်၏။ မင်းသည် နက်ဖြန် နဂါးမင်းကို မင်းယင်ပြင်၌ ကစေလတ္တံ့ဟု လူများသည် စည်းဝေး၍ ကြည့်ရှုစေဟု စည်လည်စေ၍ နက်ဖြန်နေ့၌ မင်းယင်ပြင်ကို တန်ဆာဆင်စေ၍ အလမ္ပာယ် ပုဏ္ဏားကိုခေါ်စေ၏။ ထိုအလမ္ပာယ်ပုဏ္ဏားသည် ရတနာပခြုပ်ဖြင့် ဘုရားလောင်းကို ဆောင်ယူ၍ ဆန်းကြယ်သောအခင်း၌ ပခြုပ်ကိုထား၍ နေ၏။ မင်းသည်လည်း ပြာသာဒ်အထက်မှ ဆင်းသက်၍ လူများအပေါင်း ခြံရံလျက် မင်းနေရာ၌ နေ၏။ အလမ္ပာယ်ပုဏ္ဏားသည် ဘုရားလောင်းကို ပခြုပ်မှထုတ်၍ ကစေ၏။ လူများသည် မိမိကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပုဆိုးတထောင် ကြဲမြှောက်ခြင်းကို ဖြစ်စေ၏။ ဘုရားလောင်း၏ အထက်၌ ရတနာခုနစ်ပါးမိုဃ်းသည် ရွာ၏။ ဖမ်းယူသော ဘုရားလောင်းအား တလသည် ပြည့်၏။ ဤမျှလောက်သော ကာလပတ်လုံး အစာကင်းသည် ဖြစ်၏။

သုမနာမည်သော မိဖုယားကြီးသည် ငါ၏ ချစ်စွာသော လင်သည် ကြာလေစွ၊ ယခုအခါ ဤအရပ်သို့ မလာသော လင်အား တလပြည့်ပြီ။ အကြောင်းကား အသို့နည်းဟု သွား၍ မင်္ဂလာရေကန်ကို ကြည့်လတ်သော် သွေးအဆင်းရှိသော ရေကိုမြင်၍ ငါ့ချစ်လင်ကို မြွေသမား ဖမ်းယူသည် ဖြစ်လတ္တံ့ဟုသိ၍ နဂါးပြည်မှ ထွက်ခဲ့ပြီးလျှင် တောင်ပို့အနီးသို့သွား၍ ဘုရားလောင်းအား ဖမ်းယူရာ အရပ်ကို၎င်း, ညှဉ်းဆဲ၍ ပင်ပန်းရာ အရပ်ကို၎င်း မြင်သည်ရှိသော် ငိုကြွေး၍ ပစ္စန္တရစ်ရွာသို့ သွားသဖြင့် မေး၍ ထိုအကြောင်းကို ကြားလျှင် ဗာရာဏသီပြည်သို့သွား၍ မင်းအိမ်တံခါး၌ ပရိသတ် အလယ်ဖြစ်သော ကောင်းကင်ဝယ် ငိုလျက် ရပ်၏။ ဘုရားလောင်း နဂါးမင်းသည် က, လျက်လျှင် ကောင်းကင်သို့ ကြည့်လတ်သော် ထိုသုမနာ မိဖုယားကြီးကိုမြင်၍ ရှက်နိုးသဖြင့် ပခြုပ်တွင်းသို့ဝင်၍ အိပ်၏။ မင်းသည် ထိုဘုရားလောင်း နဂါးမင်းကို ပခြုပ်တွင်းသို့ ဝင်သောအခါ၌ အကြောင်းကား အသို့နည်းဟု ထိုမှဤမှ ကြည့်လတ်သော် ကောင်းကင်၌တည်သော ထိုသုမနာ မည်သော နဂါးမိဖုယားကိုမြင်၍ အကြောင်းကို မေးလိုရကား-

၂၄၀။ ကာ နု ဝိဇ္ဇုရိဝါဘာသိ၊ ဩသဓီ ဝိယ တာရကာ။
ဒေဝတာ နု သိ ဂန္ဓဗ္ဗီ၊ န တံ မညာမိ မာနုသီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၄၀။ ဘဒ္ဒေ၊ အဘယ်။ တွံ၊ သင်သည်။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်ကဲ့သို့၎င်း။ ဩသဓီတာရကာ ဝိယ၊ သောက်ရှူးကြယ်ကဲ့သို့၎င်း။ အာဘာ၊ အရောင်ရှိသည်။ အသိ၊ ဖြစ်၏။ ကာနု၊ အဘယ်သူနည်း။ ဒေဝတာ၊ နတ်သ္မီးသည်။ အသိ နု၊ ဖြစ်သလော။ ဂန္ဓဗ္ဗီ၊ ဂန္ဓဗ္ဗနတ်သ္မီးသည်။ အသိနု၊ ဖြစ်သလော။ တံ၊ သင့်ကို။ မာနုသီ၊ လူမိန်းမဟူ၍။ န မညာမိ၊ ငါမထင်မှတ်။

ထို့နောင်မှ သုမနာမည်သော နဂါးမိဖုယားသည် ထိုမင်းအား အကြောင်းကို ပြန်ကြားလိုရကား-

၂၄၁။ နမှီ ဒေဝီ န ဂန္ဓဗ္ဗီ၊ န မဟာရာဇ မာနုသီ။
နာဂကညာမှိ ဘဒ္ဒန္တေ၊ အတ္ထေနမှိ ဣဓာဂတာ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဒေဝီ၊ နတ်သ္မီးသည်။ န အမှိ၊ မဖြစ်။ ဂန္ဓဗ္ဗီ၊ ဂန္ဓဗ္ဗနတ်သ္မီးသည်။ န အမှိ၊ မဖြစ်။ န မာနုသီ၊ လူမိန်းမလည်းမဟုတ်။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီးအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ နာဂကညာ၊ နဂါးသ္မီးသည်။ အမှိ၊ ဖြစ်၏။ အတ္ထေန၊ အကြောင်းရှိသောကြောင့်။ ဣဓ၊ ဤဗာရာဏသီပြည်တော်သို့။ အာဂတာ၊ လာသည်။ အမှိ၊ ဖြစ်၏။

ထိုစကားကိုကြား၍ မင်းသည် နဂါးမကို တဖန် မေးပြန်လိုရကား-

၂၄၂။ ဝိဗ္ဘန္တစိတ္တာ ကုပိတိန္ဒြိယာသိ၊
နေတ္တေဟိ တေ ဝါရိဂဏာ သဝန္တိ။
ကိန္တေ နဋ္ဌံ ကိံ ပန ပတ္ထယာနာ၊
ဣဓာ ဂတာ နာရိ တဒိင်္ဃ ဗြူဟိ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၂။ နာရိ၊ နဂါးမ။ တွံ၊ သင်သည်။ ဝိဗ္ဘန္တစိတ္တာ၊ တုန်လှုပ်သောစိတ်ရှိသည်။ ကုပိတိန္ဒြိယာ၊ ပင်ပန်းညှိုးနွမ်းသော ဣန္ဒြေရှိသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ နေတ္တေဟိ၊ မျက်စိတို့မှ။ ဝါရိဂဏာ၊ မျက်ရေပေါက်တို့သည်။ သဝန္တိ၊ ယိုစီးကုန်၏။ တေ၊ သင့်အား။ ကိံ၊ အဘယ်ဥစ္စာသည်။ နဋ္ဌံ၊ ပျောက်သနည်း။ ကိံ ပန၊ အဘယ်ဝတ္ထုကို။ ပတ္ထယာနာ၊ တောင့်တသည် ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာသနည်း။ တံ၊ သင့်ကို။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တံ၊ ထိုအကြောင်းကို။ ဗြူဟိ၊ သင်ဆိုဦးလော့။

နဂါးမသည် မိမိလာသော အကြောင်းကို ကြားလိုရကား-

၂၄၃။ ယ မုဂ္ဂတေဇော ဥရဂေါတိ စာဟု၊
နာဂေါတိ နံ အာဟု ဇနော ဇနိန္ဒ။
တ မဂ္ဂဟီ ပုရိသော ဇီဝိကတ္ထော၊
တံ ဗန္ဓနာ မုဉ္စ ပတီ မမေသော။

ဟူသော ဤဂါထာကို ဆို၏။

၂၄၃။ ဇနိန္ဒ၊ မင်းမြတ်။ ယံ၊ အကြင်နဂါးမင်းကို။ ဇနော၊ လူများသည်။ ဥဂ္ဂတေဇော၊ ထက်သောတန်ခိုးရှိသော။ ဥရဂေါတိ စ၊ မြွေဟူ၍လည်း။ အာဟု၊ ဆိုကြ၏။ နာဂေါတိ စ၊ နဂါးဟူ၍လည်း။ အာဟု၊ ဆိုကြ၏။ တံ၊ ထိုနဂါးမင်းကို။ ပုရိသော၊ မြွေသမားသည်။ ဇီဝိကတ္ထော၊ အသက်မွေးလိုသည်ဖြစ်၍။ အဂ္ဂဟိ၊ ဖမ်းယူ၏။ ဧသော၊ ဤမြွေသမား ဖမ်းယူသော နဂါးမင်းသည်။ မမ၊ အကျွန်ုပ်၏။ ပတိ၊ ချစ်လင်တည်း။ တံ၊ ထို အကျွန်ုပ်ခစြျလင် နဂါးမင်းကို။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မုဉ္စ၊ လွှတ်တော်မူပါလော့။

မင်းသည် ဖမ်းယူသောအကြောင်းကို တဖန်မေးပြန်လိုရကား-

၂၄၄။ ကထံ နွယံ ဗလဝီရိယူပပန္နော၊
ဟတ္ထတ္တ မာဂစ္ဆိ ဝနိဗ္ဗကဿ။
အက္ခာဟိ မေ နာဂကညေ တမတ္ထံ။
ကထံ ဝိဇာနေမု ဂဟီတ နာဂံ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၄။ နာဂကညေ၊ နဂါးသ္မီး။ ကထံ၊ အဘယ့်ကြောင့်။ ဗလဝီရိယူပပန္နော၊ အားလုံ့လနှင့် ပြည့်စုံသော။ အယံ နာဂေါ၊ ဤနဂါးမင်းသည်။ ဝနိဗ္ဗကဿ၊ အထီးကျန်သော အလမ္ပာယ် ပုဏ္ဏား၏။ ဟတ္ထတ္ထံ၊ လက်တွင်းသို့။ အာဂစ္ဆိ နု၊ ရောက်လေသနည်း။ တမတ္တံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ သင်ကြားလော့။ ဂဟိတံ နာဂံ၊ သင့်လင်သယ် နဂါးအား ဖမ်းယူခြင်းကို။ ကထံ၊ အသို့မူ၍လျှင်။ ဝိဇာနေမု၊ ငါတို့သိရကုန်အံ့နည်း။

နဂါးမသည် နဂါးမင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုသဖြင့် အလမ္ပာယ်ပုဏ္ဏား အဖမ်းခံရကြောင်းကို မင်းအား ကြားလိုရကား-

၂၄၅။ နဂရံပိ နာဂေါ ဘသ္မံ ကရေယျ၊
တထာ ဟိ သော ဗလဝီရိယူပပန္နော။
ဓမ္မဉ္စ နာဂေါ အပစာယမာနော၊
တသ္မာ ပရက္ကမ္မ တပေါ ကရောတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နာဂေါ၊ အကျွန်ုပ်လင် နဂါးမင်းသည်။ နဂရံပိ၊ မြို့အလုံးကိုလည်း။ ဘသ္မံ၊ ဖွဲပြာဖြစ်အောင်။ ကရေယျ၊ ပြုနိုင်ပါ၏။ တထာ-တံ ဝစနံ၊ ထိုစကားသည်။ ဟိ-သစ္စံ၊ မှန်၏။ သော၊ အကျွန်ုပ်လင် နဂါးမင်းသည်။ ဗလဝီရိယူပပန္နော၊ အားလုံ့လနှင့် ပြည့်စုံပါ၏။ နာဂေါ၊ ကျွန်ုပ်လင် နဂါးမင်းသည်။ ဓမ္မဉ္စ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ဟုဆိုအပ်သော သူတော်ကောင်းတို့၏ တရားကိုသာလျှင်။ အပစာယမာနော၊ အရိုအသေပြု၍။ ဝိဟရတိ၊ နေ၏။ တသ္မာ၊ ထို့ကြောင့်။ သီလဘေဒဘယာ၊ သီလပျက်အံ့သည်မှ ကြောက်သောကြောင့်။ ပရက္ကမ္မ၊ လုံ့လအားထုတ်၍။ တပေါ၊ ခြိုးခြံသောအကျင့်ကို။ ကရောတိ၊ ပြု၏။

မင်းသည် အဘယ်အကြောင်းဖြင့်လျှင် ဤအလမ္ပာယ်သည် ဤနဂါးမင်းကို ဖမ်းယူလေသနည်းဟု မေး၏။ ထိုသို့ မေးသောအခါ သုမနာမည်သော နဂါးမိဖုယားသည် ထိုမင်းအား ကြားလိုရကား-

၂၄၆။ စာတုဒ္ဒသိံ ပဉ္စဒ္ဒသိဉ္စ ရာဇ။
စတုပ္ပထေ သမ္မတိ နာဂရာဇာ။
တမဂ္ဂဟီ ပုရိသော ဇီဝိကတ္ထော၊
တံ ဗန္ဓနာ မုဉ္စပတီ မမေသော။

ဟူသော ဤဂါထာကို ဆို၏။

၂၄၆။ ရာဇ၊ မင်းမြတ်။ နာဂရာဇာ၊ ကျွန်ုပ်လင် နဂါးမင်းသည်။ စာတုဒ္ဒသိဉ္စ၊ တဆယ့်လေးရက် မြောက်သော ဥပုသ်နေ့၌၎င်း။ ပဉ္စဒ္ဒသိဉ္စ၊ တဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌၎င်း။ စတုပ္ပထေ၊ ခရီးလေးဆုံအနီး၌။ သမ္မတိ၊ ဥပုသ် ဆောက်တည်၍နေ၏။ တံ၊ ထိုကျွန်ုပ်လင် နဂါးမင်းကို။ ပုရိသော၊ မြွေသမားသည်။ ဇီဝိကတ္ထော၊ အသက်မွေးလိုသည်ဖြစ်၍။ အဂ္ဂဟိ၊ ဖမ်းယူ၏။ ဧသော၊ ဤမြွေသမား ဖမ်းယူသော နဂါးမင်းသည်။ မမ၊ အကျွန်ုပ်၏။ ပတိ၊ ချစ်လင်တည်း။ တံ၊ ထိုချစ်လင် နဂါးမင်းကို။ တွံ၊ အရှင်မင်းကြီးသည်။ ဗန္ဓနာ၊ ပခြုပ်ဟူသော နှောင်အိမ်မှ။ မုဉ္စ၊ လွှတ်တော်မူပါလော့။

ဤသို့သော စကားကို ဆိုပြီး၍ တဖန်လည်း ထိုမင်းကိုတောင်းပန်ပြန်လိုရကား-

၂၄၇။ သောဠသိတ္ထိ သဟဿာနိ၊ အာမုက္ကမဏိကုဏ္ဍလာ။
ဝါရိဂေဟသယာ နာရီ၊ တာပိ တံ သရဏံ ဂတာ။
၂၄၈။ ဓမ္မေန မောစေဟိ အသာဟသေန၊
ဂါမေန နိက္ခေန ဂဝံသတေန၊
ဩဿဋ္ဌကာယော ဥရဂေါ စရာတု၊
ပုညတ္ထိကော မုဉ္စတု ဗန္ဓနသ္မာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၄၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာမုက္ကမဏိကုဏ္ဍလာ၊ ပုလဲ ပတ္တမြား နားဍောင်း ဝတ်ကုန်သော။ ဝါရိဂေဟသယာ၊ ရေဟူသော အမိုးရှိသော နန်းအိမ်၌ နေကုန်သော။ နာရီ၊ နဂါးသမီးတို့သည်။ သောဠသိတ္ထိသဟဿာနိ၊ တသောင်း ခြောက်ထောင်သော နဂါးသမီးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာပိ၊ ထို တသောင်း ခြောက်ထောင်သော နဂါးသမီးတို့သည်လည်း။ တံ၊ ထိုနဂါးမင်းကြီးကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်ကုန်၏။

၂၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အသာဟသေန၊ နိုင်ထက်ကလူ မပြုဘဲ။ ဓမ္မေန၊ တရားနှင့်အညီ။ ဂါမေန၊ ရွာပေးသဖြင့်၎င်း။ နိက္ခေန၊ ရွှေစင်နိက္ခ ပေးသဖြင့်၎င်း။ ဂဝံသတေန၊ နွားတရာပေးသဖြင့်၎င်း။ မောစေဟိ၊ လွှတ်စေတော်မူပါလော့။ ဥရဂေါ၊ နဂါးမင်းသည်။ ဩဿဋ္ဌကာယော၊ လွတ်သော ကိုယ်ရှိသည်ဖြစ်၍။ စရာတု၊ သွားပါစေ။ ပုညတ္ထိကော၊ ကုသိုလ်ကို အလိုရှိသော နဂါးမင်းသည်။ ဗန္ဓနသ္မာ၊ ပခြုပ်ဟူသော နှောင်အိမ်မှ။ မုဉ္စတု၊ လွတ်ပါစေသတည်း။

ထိုအခါ မင်းသည် ထိုနဂါးမ တောင်းပန်သော စကားကို ဝန်ခံလိုရကား-

၂၄၉။ ဓမ္မေန မောစေမိ အသာဟသေန၊
ဂါမေန နိက္ခေန ဂဝံသတေန။
ဩဿဋ္ဌကာယော ဥရဂေါ စရာတု၊
ပုညတ္ထိကော မုဉ္စတု ဗန္ဓနသ္မာ။
၂၅၀။ ဒမ္မိ နိက္ခသတံ လုဒ္ဒ၊ သုဘဉ္စ မဏိကုဏ္ဍလံ။
စတုရဿဉ္စ ပလ္လင်္ကံ၊ ဥမ္မာပုပ္ဖသိရိန္နိတံ။
၂၅၁။ ဒွေ စ သာဒိသိယော ဘရိယာ၊
ဥသဘဉ္စ ဂဝံသတံ။
ဩဿဋ္ဌကာယော ဥရဂေါ စရာတု၊
ပုညတ္ထိကော မုဉ္စတု ဗန္ဓနသ္မာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၂၄၉။ သုမနေ၊ သုမနာမိဖုယား။ အဟံ၊ ငါသည်။ ဓမ္မေန၊ တရားနှင့်အညီ။ အသာဟသေန၊ နိုင်ထက်ကလူမပြုဘဲ။ ဂါမေန၊ ရွာပေးသဖြင့်၎င်း။ နိက္ခေန၊ ရွှေစင်နိက္ခ ပေးသဖြင့်၎င်း။ ဂဝံသတေန၊ နွားတရာပေးသဖြင့်၎င်း။ မောစေမိ၊ ငါလွှတ်စေအံ့။ ဥရဂေါ၊ သင့်လင်နဂါးမင်းသည်။ ဩဿဋ္ဌကာယော၊ လွတ်သောကိုယ်ရှိသည်ဖြစ်၍။ စရာတု၊ အလိုရှိရာ သွားစေသတည်း။ ပုညတ္ထိကော၊ ကောင်းမှုကိုအလိုရှိသော သင့်လင်နဂါးမင်းသည်။ ဗန္ဓနသ္မာ၊ ပခြုပ်ဟူသော နှောင်အိမ်မှ။ မုဉ္စတု၊ လွတ်ပါစေသတည်း။

၂၅၀။ လုဒ္ဒ၊ အလမ္ပာယ်မုဆိုး။ တေ၊ သင့်အား။ နိက္ခသတံ၊ ရွှေစင်နိက္ခ တရာကို၎င်း။ သုဘံ၊ ကောင်းမြတ်သော။ မဏိကုဏ္ဍလဉ္စ၊ ပတ္တမြားနားဍောင်းကို၎င်း။ စတုရဿ၊ ခေါင်းအုံးလေးခုရှိသော။ ဥမ္မာပုပ္ဖသိရိန္နိတံ၊ အောက်မည်းညိုပွင့် အဆင်းနှင့်တူသော အဆင်းရှိသော။ ပလ္လင်္ကဉ္စ၊ ပလ္လင်ကို၎င်း။ ဒမ္မိ၊ ငါပေး၏။

၂၅၁။ သာဒိသိယော၊ အရွယ်အဆင်း တူကုန်သော။ ဒွေ၊ နှစ်ယောက်ကုန်သော။ ဘရိယာ စ၊ မယားတို့ကို၎င်း။ ဂဝံသတံ၊ နို့ညှစ်နွားမတရာနှင့် တကွသော။ ဥသဘဉ္စ၊ နွားလား ဥသဘကို၎င်း။ ဒမ္မိ၊ ငါပေး၏။ ဩဿဋ္ဌကာယော၊ လွတ်သော ကိုယ်ရှိသည်ဖြစ်၍။ ဥရဂေါ၊ နဂါးမင်းသည်။ စရာတု၊ အလိုရှိရာ သွားစေသတည်း။ ပုညတ္ထိကော၊ ကုသိုလ်ကို အလိုရှိသော နဂါးမင်းသည်။ ဗန္ဓနသ္မာ၊ ပခြုပ်ဟူသော နှောင်အိမ်မှ။ မုဉ္စတု၊ လွတ်စေသတည်း။

ထိုအခါ မုဆိုးသည် မင်း၏စကားကို ဝန်ခံ၍ နဂါးမင်းကို လွှတ်လိုရကား-

၂၅၂။ ဝိနာပိ ဒါနာ တဝ ဝစနံ ဇနိန္ဒ၊
မုဉ္စေမု နံ ဥရဂံ ဗန္ဓနသ္မာ။
ဩဿဋ္ဌကာယော ဥရဂေါ စရာတု၊
ပုညတ္ထိကော မုဉ္စတု ဗန္ဓနသ္မာ။

ဟူသော ဤဂါထာကို ဆို၏။

၂၅၂။ ဇနိန္ဒ၊ အရှင်မင်းမြတ်။ ဒါနာ၊ ပေးခြင်းမှ။ ဝိနာပိ၊ ကင်း၍လည်း။ တဝ၊ အရှင်မင်းကြီး၏။ ဝစနံ၊ စကားတော်ကို။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ နံ ဥရဂံ၊ ထိုနဂါးမင်းကို။ ဗန္ဓနသ္မာ၊ ပခြုပ်ဟူသော နှောင်အိမ်မှ။ မယံ၊ အကျွန်ုပ်တို့သည်။ မုဉ္စေမု၊ လွှတ်ပါကုန်အံ့။ ဩဿဋ္ဌကာယော၊ လွတ်သောကိုယ်ရှိသည်ဖြစ်၍။ ဥရဂေါ၊ နဂါးမင်းသည်။ စရာတု၊ အလိုရှိရာ သွားပါစေသတည်း။ ပုညတ္ထိကော၊ ကောင်းမှုကို အလိုရှိသော နဂါးမင်းသည်။ ဗန္ဓနသ္မာ၊ ပခြုပ်ဟူသော နှောင်အိမ်အဖွဲ့မှ။ မုဉ္စတု၊ လွတ်ပါစေသတည်း။

ဤသို့သော စကားကို ဆိုပြီးလျှင် ဘုရားလောင်းကို ပခြုပ်မှ ထုတ်၏။ နဂါးမင်းသည် ပခြုပ်မှထွက်ပြီးလျှင် ပန်းအတွင်းသို့ဝင်၍ နဂါးမင်း၏အသွင်ကို စွန့်၍ လုလင်၏ အသွင်ဖြင့် တန်ဆာဆင်အပ်သော ကိုယ်ရှိသည်ဖြစ်၍ မြေကိုဖောက်၍ ထွက်သကဲ့သို့တည်၏။ သုမနာနဂါးမ မိဖုယားသည်လည်းကောင်းကင်မှသက်၍ ဘုရားလောင်း နဂါးမင်းအထံ၌ တည်၏။ နဂါးမင်းသည် လက်အုပ်ချီ၍ မင်းကိုရှိခိုးလျက် တည်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၅၃။ မုတ္တော စမ္ပေယျကော နာဂေါ၊ ရာဇာနံ ဧတဒဗြဝိ။
နမော တေ ကာသိရာဇတ္ထု၊ နမော တေ ကာသိဝဍ္ဎန။
အဉ္ဇလိံ တေ ပဂ္ဂဏှာမိ၊ ပဿယျ မေ နိဝေသနံ။
၂၅၄။ အဒ္ဓါဟိ ဒုဗ္ဗိဿာသ မေတ မာဟု၊
ယံ မာနုသော ဝိဿသေ အမာနုသမှိ။
သစေ မံ ယာစသိ ဧတမတ္ထံ။
ဒက္ခေမု တေ နာဂ နိဝေသနာနိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၂၅၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ စမ္ပေယျကော၊ စမ္ပေယျအမည်ရှိသော။ နာဂေါ၊ နဂါးမင်းသည်။ မုတ္တော၊ ပခြုပ်ဟူသော နှောင်အိမ်မှ လွတ်သည်ဖြစ်၍။ ရာဇာနံ၊ ဥဂ္ဂသေနမင်းကို။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ ကာသိရာဇ၊ ကာသိမင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ကာသိဝဍ္ဎန၊ ကာသိတိုင်းသူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းကြီးအား။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဏှာမိ၊ ချီပါ၏။ မေ၊ အကျွန်ုပ်၏။ နိဝေသနံ၊ နေရာ နန်းပြာသာဒ်ကို။ တေ၊ အရှင်မင်းကြီးအား။ ပဿေယျ၊ ပြချင်ပါ၏။

၂၅၄။ နာဂရာဇ၊ နဂါးမင်း။ မာနုသော၊ လူသည်။ အမာနုသမှိ၊ နတ်နဂါး၌။ ယံ ဝိဿသေ၊ အကြင်အကျွမ်းဝင်ရာ၏။ ဧတံ ဝိဿာသံ၊ ထိုသို့ အကျွမ်းဝင်ခြင်းကို။ အဒ္ဓါဟိ၊ စင်စစ်လျှင်။ ဒုဗ္ဗိဿာသံ၊ အကျွမ်းဝင်ခြင်းငှါ ခဲ၏ဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ သစေ၊ အကယ်၍။ တွံ၊ သင်နဂါးမင်းသည်။ မံ၊ ငါ့ကို။ ဧတမတ္ထံ၊ ဤအကြောင်းကို။ ယာစသိ၊ တောင်းပန်၏။ မယဉ္စ၊ ငါတို့သည်လည်း။ တေ၊ သင်နဂါးမင်း၏။ နာဂနိဝေသာနိ၊ နဂါးပြည် နန်းပြာသာဒ်တို့ကို။ ဒက္ခေမု၊ မြင်ချင်ကုန်၏။ အပိ စ၊ စင်စစ်သော်ကား။ တံ၊ သင်နဂါးမင်းကို။ န သဒ္ဒဟာမိ၊ မယုံကြည်။

ထိုအခါ ထိုမင်းကို ယုံကြည်စိမ့်သောငှါ ဘုရားလောင်းသည် ကျိန်ဆိုခြင်းကို ပြုလိုရကား-

၂၅၅။ သစေပိ ဝါတော ဂိရိ မာဝဟေယျ၊
စန္ဒော စ သူရိယော စ ဆမာ ပတေယျုံ။
သဗ္ဗာဝ နဇ္ဇော ပဋိသောတံ ဝဇေယျုံ၊
န တွေဝဟံ ရာဇ မုသာ ဘဏေယျံ။
၂၅၆။ နဘံ ဖလေယျ ဥဒဓီပိ သုဿေ၊
သံဝဋ္ဋေယျ ဘူတဓရာ ဝသုန္ဓရာ။
သိလုစ္စယော မေရု သမူလမုပ္ပတေ၊
န တွေဝဟံ ရာဇ မုသာ ဘဏေယျံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၅၅။ ရာဇ၊ မင်းမြတ်။ သစေပိ၊ အကယ်၍လည်း။ ဝါတော၊ လေသည်။ ဂိရိံ၊ တောင်ကို။ အာဝဟေယျ၊ မှုတ်လွှင့်ရာ၏။ စန္ဒာ စ၊ လသည်၎င်း။ သူရိယော စ၊ နေသည်၎င်း။ ဆမာ၊ မြေ၌။ ပတေယျုံ၊ ကျကုန်ရာ၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ နဇ္ဇော စ၊ မြစ်တို့သည်လည်း။ ပဋိသောတံ၊ အညာသို့။ ဝဇေယျုံ၊ စီးကုန်ရာ၏။ အဟံ၊ ငါသည်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ န တွေဝ ဘဏေယျံ၊ မဆိုရာ။

၂၅၆။ ရာဇ၊ မင်းမြတ်။ နဘံ၊ ကောင်းကင်သည်။ ဖလေယျ၊ ကွဲရာ၏။ ဥဒဓီပိ၊ မဟာသမုဒြာသည်လည်း။ သုဿေ၊ ခြောက်ကပ်ရာ၏။ ဘူတဓရာ၊ သတ္တဝါအပေါင်းကို ဆောင်တတ်သောကြောင့် ဘူတဓရဟူ၍၎င်း။ ဝသုန္ဓရာ၊ ရွှေ ငွေ စသော ရတနာတို့ကို ဆောင်တတ်သောကြောင့် ဝသုန္ဓရဟူ၍၎င်း ခေါ်ဆိုအပ်သော။ အယံ မဟာပထဝီ၊ ဤမြေကြီးသည်။ သံဝဋ္ဋေယျ၊ ဖျာကဲ့သို့ လိပ်ခွေထု၏။ သိလုစ္စယော၊ တောင်တကာတို့ထက် မြင့်မြတ်သော။ မေရု၊ မြင်းမိုရ်တောင်သည်။ သမူလံ၊ အမြစ်နှင့်တကွ။ ဥဋ္ဌာယ၊ ထ၍။ ဥပ္ပတေ၊ ကောင်းကင်သို့ ပျံတက်ရာ၏။ အဟံ၊ အကျွန်ုပ်သည်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ နတွေဝ ဘဏေယျံ၊ မဆိုသည်သာတည်း။

ထိုဥဂ္ဂသေန မင်းအား ဘုရားလောင်းသည် ဤသို့ဆိုသော်လည်း မယုံကြည်ရကား-

၂၅၇။ အဒ္ဓါဟိ ဒုဗ္ဗိဿာသ မေ တမာဟု၊
ယံ မာနုသော ဝိဿသေ အမာနုသမှိ။
သစေ မံ ယာစသိ ဧတမတ္ထံ၊
ဒက္ခမု တေ နာဂနိဝေသနာနိ။

ဟူသော ဤဂါထာကို ဆိုပြန်၏။

၂၅၇။ နာဂရာဇ၊ နဂါးမင်း။ မာနုသော၊ လူသည်။ အမာနုသမှိ၊ နတ်နဂါး၌။ ယံ ဝိဿသေ၊ အကြင်အကျွမ်းဝင်ရာ၏။ ဧတံ ဝိဿာသံ၊ ထိုသို့အကျွမ်း ဝင်ခြင်းကို။ အဒ္ဓါဟိ၊ စင်စစ်လျှင်။ ဒုဗ္ဗိဿာသံ၊ အလွန်အကျွမ်းဝင်ခဲ၏ ဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။ သစေ၊ အကယ်၍။ တွံ၊ သင်နဂါးမင်းသည်။ မံ၊ ငါ့ကို။ ဧတမတ္ထံ၊ ဤ နဂါးပြည်ကို ကြည့်ရှုစေလိုသော အကြောင်းကို။ ယာစသိ၊ တောင်းပန်၏။ မယဉ္စ၊ ငါတို့သည်လည်း။ တေ နာဂနိဝေသနာနိ၊ ထိုနဂါးပြည် နန်းပြာသာဒ်တို့ကို။ ဒက္ခမု၊ မြင်ချင်ကုန်၏။

တဖန်လည်း ထိုဂါထာတို့ပင်လျှင်ဆို၍ သင် နဂါးမင်းသည် ငါပြုအပ်သောကျေးဇူးကို သိခြင်းငှါ ထိုက်၏။ ယိုစိမ့်သောငှါမူကား သင့်သောအဖြစ်ကို၎င်း၊ မသင့်သောအဖြစ်ကို၎င်း ငါသည် သိအံ့ဟု ပြလိုရကား-

၂၅၈။ တုမှေ ခွတ္ထ ဃောရဝိသာ ဥဠာရာ၊
မဟာ တေဇာ ခိပ္ပ ကောပီ စ ဟောထ။
မမ ကာရဏာ ဗန္ဓနသ္မာ ပမုတ္တော၊
အရဟသိ နော ဇာနိတယေ ကတာနိ။

ဟူသော ဤဂါထာကို ဆို၏။

၂၅၈။ နာဂရာဇ၊ နဂါးမင်း။ တုမှေ၊ သင်နဂါးမင်းတို့သည်။ ခေါ၊ စင်စစ်။ ဃောရဝိသာ၊ ပြင်းသော အဆိပ်ရှိကုန်သည်။ ဥဠာရာ၊ များသော အဆိပ်ရှိကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ မဟာတေဇာ၊ ကြီးသော တန်ခိုးရှိကုန်သည်။ ဟောထ၊ ဖြစ်ကုန်၏။ ခိပ္ပံ၊ လျင်စွာ။ ကောပီ စ၊ အမျက်ထွက်တတ် ကုန်သည်လည်း။ ဟောထ၊ ဖြစ်ကုန်၏။ မမ၊ ငါ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ဗန္ဓနသ္မာ၊ ပခြုပ်နှောင်အိမ်မှ။ ပမုတ္တော၊ လွတ်၏။ နော၊ ငါတို့သည်။ ကတာနိ၊ ပြုအပ်သောကျေးဇူးတို့ကို။ ဇာနိတယေ၊ သိခြင်းငှါ။ အရဟသိ၊ ထိုက်၏။

ထိုအခါ ဥဂ္ဂသေနမင်းကို ယုံစိမ့်သောငှါ ကျိန်ဆိုခြင်းကို တဖန်ပြုလိုသော ဘုရားလောင်းသည်-

၂၅၉။ သော ပစ္စတံ နိရယေ ဃောရရူပေ။
မာ ကာယိကံ သာတ မလတ္ထ ကိဉ္စိ။
ပေဠာယ ဗန္ဓော မရဏံ ဥပေတု၊
ယော တာဒိသံ ကမ္မကတံ န ဇာနေ။

ဟူသော ဤဂါထာကို ဆို၏။

၂၅၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ကမ္မကတံ၊ ကျေးဇူးပြုသော။ တာဒိသံ၊ သင် မင်းကြီးကဲ့သို့သော ကျေးဇူးရှင်ကို။ န ဇာနေ၊ မသိ။ သော၊ ထိုသူသည်။ ဃောရရူပေ၊ ကြမ်းကြုတ်သော သဘောရှိသော။ နိရယေ၊ ငရဲ၌။ ပစ္စတံ၊ ကျက်စေသတည်း။ ကိဉ္စိ၊ တစုံတခုသော။ ကာယိကံ၊ ကိုယ်၌ဖြစ်သော။ သာတံ၊ ချမ်းသာခြင်းကို။ မာ အလတ္ထ၊ မရစေသတည်း။ ပေဠာယ၊ ပခြုပ်ဖြင့်။ ဗန္ဓော၊ နှောင်ဖွဲ့အပ်သည်ဖြစ်၍။ မရဏံ၊ သေခြင်းသို့။ ဥပေတု၊ ရောက်စေသတည်း။

ထိုသို့ ဘုရားလောင်း ကျိန်ဆိုသောအခါ ဥဂ္ဂသေနမင်းသည် ဘုရားလောင်းစကားကို ယုံကြည်၍ ဘုရားလောင်းအား ကောင်းချီးပေးခြင်းကို ပြုလိုရကား-

၂၆၀။ သစ္စပ္ပဋိညာ တဝ မေသ ဟောတု။
အက္ကောဓနော ဟောဟိ အနုပနာဟီ။
သဗ္ဗဉ္စ တေ နာဂကုလံ သုပဏ္ဏာ၊
အဂ္ဂိံဝ ဂိမှေသု ဝိဝဇ္ဇယန္တု။

ဟူသော ဤဂါထာကို ဆို၏။

၂၆၀။ နာဂရာဇ၊ နဂါးမင်း။ တဝ၊ သင်နဂါးမင်း၏။ ဧသ ပဋိညာ၊ ဤဝန်ခံခြင်းသည်။ သစ္စံ၊ မှန်သည်။ ဟောတု၊ ဖြစ်စေလော့။ တွံ၊ သင်နဂါးမင်းသည်။ အက္ကောဓနော၊ အမျက်ဒေါသကြီးသည်။ အနုပနာဟီ၊ ရန်ငြိုးမဖွဲ့သည်။ ဟောဟိ၊ ဖြစ်လော့။ မနုဿာ၊ လူတို့သည်။ ဧဝံ၊ ဤအတူ။ သဗ္ဗံ၊ အလုံးစုံသော။ တေ၊ သင်နဂါးမင်း၏။ နာဂကုလဉ္စ၊ နဂါးအဆွေ အမျိုးကိုလည်း။ သုပဏ္ဏာ၊ ဂဠုန်တို့သည်။ ဝိဝဇ္ဇယန္တု၊ ကြဉ်ရှောင်စေကုန်သတည်း။ ဂိမှေသု၊ နွေဥတုတို့၌။ အဂ္ဂိံ၊ မီးကို။ ဝိဝဇ္ဇယန္တိ ဣဝ၊ ကြဉ်ရှောင်ကုန်သကဲ့သို့တည်း။

ဘုရားလောင်းသည်လည်း မင်းအား ကောင်းချီးပေးခြင်းကို ပြုပြန်လိုရကား-

၂၆၁။ အနုကမ္ပသိ နာဂကုလံ ဇနိန္ဒ၊
မာတာယထာ သုပ္ပိယံ ဧကပုတ္တံ။
အဟဉ္စ တေ နာဂကုလေန သဒ္ဓိံ၊
ကဟာမိ ဝေယျာဝဋိကံ ဥဠာရံ။

ဟူသော ဤဂါထာကို ဆို၏။

၂၆၁။ ဇနိန္ဒ၊ မင်းမြတ်။ မာတာ၊ အမိသည်။ သုပ္ပိယံ၊ အလွန်ချစ်အပ်သော။ ဧကပုတ္တံ၊ တယောက်တည်းသော သားကို။ အနုကမ္ပတိ ယထာ၊ အစဉ်ချစ်သနားသကဲ့သို့။ တွံ၊ အရှင်မင်းကြီးသည်။ နာဂကုလံ၊ နဂါးမျိုးကို။ အနုကမ္ပသိ၊ ချစ်သနားတော်မူပေ၏။ အဟဉ္စ၊ အကျွန်ုပ်သည်လည်း။ နာဂကုလေန၊ နဂါးမျိုးနှင့်။ သဒ္ဓိံ၊ တကွ။ တေ၊ အရှင်မင်းကြီး၏။ ဥဠာရံ၊ များစွာသော။ ဝေယျာဝဋိကံ၊ အမှုကြီးငယ်ကို။ ကာဟာမိ၊ ပြုပါအံ့။

ထိုစကားကို ကြား၍ ဥဂ္ဂသေနမင်းသည် နဂါးပြည်သို့ သွားလိုသည်ဖြစ်၍ စစ်သည်ရဲမက်တို့ကို သွားအံ့သောငှါ အစီအရင်ကို ပြုစိမ့်သောငှါ စေလိုရကား-

၂၆၂။ ယောဇေန္တု ဝေ ရာဇရထေ သုစိတ္တေ၊
ကမ္ဗောဇကေ အဿတရေ သုဒန္တေ။
နာဂေ စ ယောဇေန္တု သုဝဏ္ဏကပ္ပနေ၊
ဒက္ခေမု နာဂသ နိဝေသနာနိ။

ဟူသော ဤဂါထာကို ဆို၏။

၂၆၂။ ဘောန္တော အမစ္စာ၊ အို အမတ်အပေါင်းတို့။ သုစိတ္တေ၊ ကောင်းစွာ ဆန်းကြယ်ကုန်သော။ ရာဇရထေ၊ မင်းရထား၌။ ကမ္ဗောဇကေ၊ ကမ္ဘောဇတိုင်း၌ ဖြစ်ကုန်သော။ သုဒန္တေ၊ ကောင်းစွာ ယဉ်ကျေးကုန်သော။ အဿတရေ၊ အဿတိုရ်မြင်းတို့ကို။ ဝေ၊ စင်စစ်။ ယောဇေန္တု၊ ကလေကုန်။ သုဝဏ္ဏကပ္ပနေ၊ ရွှေကြိုး ရွှေက တင်အပ်ကုန်သော။ နာဂေ စ၊ ဆင်တော်တို့ကိုလည်း။ ယောဇေန္တု၊ ကလေကုန်။ မယံ၊ ငါတို့သည်။ နာဂဿ၊ စမ္ပေယျ နဂါးမင်း၏။ နိဝေသနာနိ၊ ရတနာ နန်းပြာသာဒ်တို့ကို။ ဒက္ခေမု၊ ရှုကြကုန်အံ့။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးမှ-

၂၆၃။ ဘေရီ မုဒိင်္ဂါ ပဏဝါ စ သင်္ခါ၊
အဝဇ္ဇယိံသု ဥဂ္ဂသေနဿ ရညော။
ပါယာသိ ရာဇာ ဗဟု သောဘမာနော၊
ပုရက္ခတော နာရိဂဏဿ မဇ္ဈေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၆၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဥဂ္ဂသေနဿ၊ ဥဂ္ဂသေနအမည်ရှိသော။ ရညော၊ မင်း၏။ ပုရိသာ၊ အချင်းတို့သည်။ ဘေရီ စ၊ စည်ကြီးတို့ကို၎င်း။ မုဒိင်္ဂါစ၊ မုရိုးစည်တို့ကို၎င်း။ ပဏဝါ စ၊ ထက်စည်တို့ကို၎င်း။ သင်္ခါစ၊ ခရုသင်းတို့ကို၎င်း။ အဝဇ္ဇယိံသု၊ တီးမှုတ်ကြကုန်၏။ ရာဇာ၊ ဥဂ္ဂသေနမင်းသည်။ ပုရက္ခတော၊ တသောင်း ခြောက်ထောင်သော ကိုယ်လုပ်မောင်းမအပေါင်း ခြံရံလျှက်။ နာရိဂဏဿ၊ ကိုယ်လုပ်မောင်းမ အပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ ဗဟု၊ ပြန့်ပြောစွာ။ သောဘမာနော၊ တင့်တယ်လျက်။ ပါယာသိ၊ သွား၏။

ထိုဥဂ္ဂသေနမင်းသည် ဗာရာဏသီမြို့မှ ထွက်သောအခါ၌လျှင် ဘုရားလောင်းသည် မိမိ အာနုဘော်ဖြင့်သာလျှင် နဂါးပြည်ကို အလုံးစုံသော ရတနာခုနစ်ပါးဖြင့် ပြီးသော မြို့တံတိုင်းကို၎င်း တံခါး ပစ္စင် ရင်တား ပြအိုးတို့ကို၎င်း အလွန်တင့်တယ်သော အဆင်းရှိသည်တို့ကို ပြု၍ တန်ဆာဆင်ခြင်းနှင့် စပ်သော နဂါးပြည်ခရီးလမ်းကို ဖန်ဆင်း၏။ ဥဂ္ဂသေနမင်းသည် ပရိသတ်နှင့်တကွ ထိုခရီးဖြင့် နဂါးပြည်သို့ဝင်၍ မွေ့လျော်ဘွယ်ရှိသော မြေအဘို့ကို၎င်း, ရတနာ နန်းပြာသာဒ်တို့ကို၎င်း မြင်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၆၄။ သုဝဏ္ဏစိတ္တကံ ဘူမိံ၊ အဒက္ခိ ကာသိဝဍ္ဎနော။
သောဝဏ္ဏမယေ စ ပါသာဒေ၊
ဝေဠုရိယဖလကတ္ထတေ။
၂၆၅။ သော ရာဇာ ပါဝိသိ ဗျမှံ၊ စမ္ပေယျဿ နိဝေသနံ။
အာဒိစ္စဝဏ္ဏသန္နိဘံ၊ ကံသဝိဇ္ဇု ပဘဿရံ။
၂၆၆။ နာနာရုက္ခေဟိ သဉ္ဆန္နံ၊ နာနာဂန္ဓသမီရိတံ။
သော ပါဝေက္ခိ ကာသိရာဇာ၊
စမ္ပေယျဿ နိဝေသနံ။
၂၆၇။ ပဝိဋ္ဌသ္မိံ ကာသိရညေ၊ စမ္ပေယျဿ နိဝေသနံ။
ဒိဗ္ဗာ တူရိယာ ဝဇ္ဇိံသု၊ နာဂကညာ စ နစ္စယုံ။
၂၆၈။ တံ နာဂကညာ စရိတံ ဂဏေန၊
အနွာရုဟီ ကာသိရညာ ပသန္နော။
နိသီဒိ သောဝဏ္ဏမယမှီ ပီဌေ၊
သော ပသာဒေ စန္ဒနသာရလိတ္တေ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

၂၆၄။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ကာသိဝဍ္ဎနော၊ ကာသိတိုင်းသူတို့၏ အစီးအပွားကို ဆောင်တတ်သော ဥဂ္ဂသေနမင်းသည်။ သုဝဏ္ဏစိတ္တကံ၊ ရွှေသဲတို့ဖြင့် ဆန်းကြယ်စွာ ကြဲအပ်သော။ ဘူမိံ၊ မြေကို၎င်း။ ဝေဠုရိယ ဖလကတ္ထတေ၊ ကျောက်မျက်ရွဲ ပျဉ်တို့ဖြင့် ခင်းအပ်ကုန်သော။ သောဝဏ္ဏမယေ၊ ရွှေဖြင့်ပြီးကုန်သော။ ပါသာဒေ စ၊ ပြာသာဒ်တို့ကို၎င်း။ အဒက္ခိ၊ မြင်လေ၏။

၂၆၅။ သော ရာဇာ၊ ထိုဥဂ္ဂသေနမင်းသည်။ စမ္ပေယျဿ၊ စမ္ပေယျနဂါးမင်း၏။ နိဝေသနံ၊ နေရာဖြစ်သော။ အာဒိစ္စဝဏ္ဏသန္နိဘံ၊ နေရောင်အဆင်းနှင့်တူသော။ ကံသဝိဇ္ဇုပဘဿရံ၊ မိုဃ်းတိမ်ဝ၌ ပြိုးပြိုးပြက်ထွက်သော ရွှေလျှပ်ရောင်ကဲ့သို့ တောက်ပသော။ ဗျမှံ၊ ဗိမာန်သို့။ ပါဝိသိ၊ ဝင်လေ၏။

၂၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သော ကာသိရာဇာ၊ ထိုကာသိတိုင်းရှင်ဖြစ်သော ဥဂ္ဂသေနမင်းသည်။ နာနာရုက္ခေဟိ၊ အထူးထူးသော သစ်ပင်တို့ဖြင့်။ သဉ္ဆန္နံ၊ ကောင်းစွာ ဖုံးလွှမ်းအပ်သော။ နာနာဂန္ဓသမီရိတံ၊ အထူးထူးသော နံ့သာတို့ဖြင့် ပြည့်လှိုင်သော။ စမ္ပေယျဿ၊ စမ္ပေယျနဂါးမင်း၏။ နိဝေသနံ၊ နေရာဗိမာန်ကို။ ပါဝေက္ခိ၊ ဝင်လေ၏။

၂၆၇။ စမ္ပေယျဿ၊ စမ္ပေယျနဂါးမင်း၏။ နိဝေသနံ၊ နေရာဖြစ်သော ဗိမာန်သို့။ ကာသိရညေ၊ ကာသိတိုင်းသူတို့၏ အရှင်ဖြစ်သော ဥဂ္ဂသေနမင်းသည်။ ပဝိဋ္ဌသ္မိံ၊ ဝင်ပြီးသော်။ ဒိဗ္ဗာ၊ နတ်၌ ဖြစ်ကုန်သော။ တူရိယာ၊ တီးမှုတ်မျိုးတို့ကို။ ဝဇ္ဇိံသု၊ တီးမှုတ်ကြကုန်၏။ နာဂကညာ စ၊ နဂါးသမီးတို့သည်လည်း။ နစ္စယုံ၊ က, ကြကုန်၏။

၂၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂကညာ ဂဏေန၊ နဂါးသမီး အပေါင်းတို့သည်လည်း။ စရိတံ၊ လှည့်လည်အပ်သော။ တံ၊ ထိုစမ္ပေယျ နဂါးမင်းဗိမာန်သို့။ ကာသိရညာ၊ ကာသိတိုင်းရှင်ဖြစ်သော ဥဂ္ဂသေနမင်းသည်။ ပသန္နော၊ ကြည်ညိုသည်ဖြစ်၍။ အနွာရုဟိ၊ ဗိမာန်သို့ တက်လေ၏။ သော၊ ထိုဥဂ္ဂသေနမင်းသည်။ ပသာဒေ၊ ကြည်ညိုဘွယ်ရှိသော။ စန္ဒနသာရလိတ္တေ၊ နတ်ပြည်၌ဖြစ်သော စန္ဒကူးနံ့သာနှစ်ဖြင့် လိမ်းကျံအပ်သော။ သောဝဏ္ဏမယမှိ၊ ရွှေဖြင့်ပြီးသော။ ပီဌေ၊ အင်းပျဉ်၌။ နိသီဒိ၊ နေ၏။

ထိုအင်းပျဉ်၌ နေကာမျှဖြစ်သော ထိုဥဂ္ဂသေနမင်းအား အထူးထူးသော မြတ်သော အရသာရှိသော နတ်ဘောဇဉ်တို့ကို ဆက်ကုန်၏။ ထို့အတူ တသောင်းခြောက်ထောင်ကုန်သော မောင်းမတို့အား၎င်း, ထိုမှကြွင်းကုန်သော မင်းပရိသတ်တို့အား၎င်း ကျွေးမွေးကုန်၏။ ထိုဥဂ္ဂသေနမင်းသည် ခုနစ်ရက်မျှ ပရိသတ်နှင့်တကွ နတ်၌ဖြစ်သော ထမင်းအဖျော် အစရှိသည်တို့ကို သုံးဆောင်၍ နတ်၌ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် မွေ့လျော်၍ ချမ်းသာသောနေရာ၌နေလျက် ဘုရားလောင်း၏ စည်းစိမ်အခြံအရံကို ချီးမွမ်း၍ နဂါးမင်း- သင်နဂါးမင်းသည် ဤသို့သဘောရှိသော စည်းစိမ်ကိုစွန့်၍ လူ့ပြည်ဝယ် တောင်ပို့ထိပ်၌ အိပ်၍ အဘယ့်ကြောင့် ဥပုသ် ဆောက်တည်၍ နေဘိသနည်းဟု မေး၏။ ထိုဘုရားလောင်းသည်လည်း ထိုဥဂ္ဂသေနမင်းအား ပြောဆို၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၆၉။ သော တတ္ထ ဘုတွာ စ အဘိရမိတွာ၊
စမ္ပေယျကံ ကာသိရာဇာ အဝေါစ။
ဝိမာနသေဋ္ဌာနိ ဣမာနိ တုယှံ၊
အာဒိစ္စဝဏ္ဏာနိ ပဘဿရာနိ။
နေ တာဒိသံ အတ္ထိ မနုဿလောကေ၊
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၀။ တာ ကမ္ဗု ကာယူရဓရာ သုဝတ္ထာ၊
ဝဋ္ဋင်္ဂုလီ တမ္ဗတလူပပန္နာ။
ပဂ္ဂယှ ပါယေန္တိ အနောမဝဏ္ဏာ၊
နေ တာဒိသံ အတ္ထိ မနုဿကေ။
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၁။ နဇ္ဇော စ ခေါ မာ ပုထုလောမ မစ္ဆာ၊
အာဋာသကုန္တာ ဘိရုဒါ သုတိတ္ထာ။
နေ တာဒိသံ အတ္ထိ မနုဿလောကေ၊
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၂။ ကောဉ္စာ မယူရာ ဒိဝိယာ စ ဟံသာ၊
ဝဂ္ဂုဿရာ ကောကိလာ သမ္ပတန္တိ။
နေ တာဒိသံ အတ္ထိ မနုဿလောကေ၊
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၃။ အမ္ဗာ စ သာလာတိလကာ စ ဇမ္ဗုယော။
ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
နေ တာဒိသံ အတ္ထိ မနုဿလောကေ၊
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၄။ ဣမာ စ တေ ပေါက္ခရညော သမန္တတော၊
ဒိဗ္ဗာ ဂန္ဓာ စ သတတံ သမ္ပဝါယန္တိ။
နေ တာဒိသံ အတ္ထိ မနုဿကေ၊
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။
၂၇၅။ န ပုတ္တဟေတု န ဓနဿ ဟေဘု၊
န အာယုနော စာပိ ဇနိန္ဒ ဟေတု။
မနုဿယောနိံ အဘိပတ္ထယာနော၊
တသ္မာ ပရက္ကမ္မ တပေါ ကရောမိ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

၂၆၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ သော ကာသိရာဇာ၊ ထိုကာသိမင်းသည်။ တတ္ထ၊ ထိုနဂါးပြည်၌။ ဘုတွာ စ၊ ခံစား၍၎င်း။ အဘိရမိတွာ စ၊ မွေ့လျော်၍၎င်း။ စမ္ပေယျကံ၊ စမ္ပေယျနဂါးကို။ အဝေါစ၊ ဆို၏။ နာဂ၊ နဂါးမင်း။ တုယှံ၊ သင်နဂါးမင်း၏။ ဣမာနိ ဝိမာနသေဋ္ဌာနိ၊ ဤမြတ်သော ဗိမာန်တို့သည်။ အာဒိစ္စဝဏ္ဏာနိ၊ နေရောင် အဆင်းနှင့် တူကုန်၏။ ပဘဿရာနိ၊ ပြိုးပြက်သော အရောင်ရှိကုန်၏။ ဧတာဒိသံ၊ ဤသို့သဘောရှိသော ဗိမာန်သည်။ မနုဿလောကေ၊ လူ့ပြည်၌။ နတ္ထိ၊ မရှိ။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည်ဖြစ်၍။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြုဘိသနည်း။

၂၇၀။ နာဂ၊ နဂါးမင်း။ ကမ္ဗုကာယူရဓရာ၊ ရွှေခြေကျင်းတန်ဆာဆင်ကုန်သော။ သုဝတ္ထာ၊ ကောင်းသောအဝတ်ကို ဆင်ဝတ်ကုန်သော။ ဝဋ္ဋင်္ဂုလီ၊ သန္တာညွန့်ကဲ့သို့ လုံးသော လက်ချောင်း ခြေချောင်းလည်း ရှိကုန်သော။ တမ္ဗတလူပပန္နာ၊ နိသော လက်ဘဝါး ခြေဘဝါး အပြင်လည်းရှိကုန်သော။ အနောမဝဏ္ဏာ၊ မယုတ်သော အရောင်အဆင်းလည်း ရှိကုန်သော။ တာ၊ ထို တသောင်း ခြောက်ထောင်ကုန်သော နဂါးသ္မီးတို့သည်။ ဒိဗ္ဗပါနံ၊ နတ်၌ဖြစ်သော အဖျော်ကို။ ပဂ္ဂယှ၊ ချီ၍။ ပါယေန္တိ၊ တိုက်ကုန်၏။ ဧတာဒိသံ၊ ဤသို့သဘောရှိသော မိန်းမသည်။ မနုဿလောကေ၊ လူ့ပြည်၌။ န အတ္ထိ၊ မရှိ။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည်ဖြစ်၍။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြသနည်း။

၂၇၁။ နာဂ၊ နဂါးမင်း။ တေ၊ သင်နဂါးမင်း၏။ ဣမာ နဇ္ဇော စ၊ ဤမြစ်တို့သည်လည်း။ ခေါ၊ စင်စစ်။ ပုထုလောမမစ္ဆာ၊ ကြီးစွာသော အတောင်ရှိကုန်သော အထူးထူးသော ငါးတို့နှင့် ပြည့်စုံကုန်၏။ အာဋာသကုန္တာဘိရုဒါ၊ ဝံလိုဟု ဆိုအပ်သော ငှက်တို့၏ တွန်မြူးရာဖြစ်ကုန်၏။ သုတိတ္ထာ၊ သာယာသော ဆိပ်ရှိကုန်၏။ ဧတာဒိသံ၊ ဤမြစ်နှင့်တူသော မြစ်သည်။ မနုဿလောကေ၊ လူ့ပြည်၌။ န အတ္ထိ၊ မရှိ။ နာဂ၊ နဂါးမင်း။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည်ဖြစ်၍။ တွံ၊ သင်နဂါးမင်းသည်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြုသနည်း။

၂၇၂။ နာဂ၊ နဂါးမင်း။ ဒိဝိယာ၊ နတ်၌ဖြစ်ကုန်သော။ ကောဉ္စာ စ၊ ကြိုးကြာတို့သည်၎င်း။ မယူရာ စ၊ ဥဒေါင်းတို့သည်၎င်း။ ဟံသာ စ၊ ဟင်္သာတို့သည်၎င်း။ ဝဂ္ဂုဿရာ၊ သာယာသော အသံရှိကုန်သော။ ကောကိလာ စ၊ ဥဩတို့သည်၎င်း။ သမ္ပတန္တိ၊ သာယာစွာမြည်လျက် တပင်မှတပင်သို့ ပျံကြကုန်၏။ နာဂ၊ နဂါးမင်း။ ဧတာဒိသံ၊ ဤငှက်တို့နှင့် တူသောငှက်သည်။ မနုဿလောက၊ လူ့ပြည်၌။ န အတ္ထိ၊ မရှိ။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည် ဖြစ်၍။ တပေါ၊ ဥပုသ် ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြုသနည်း။

၂၇၃။ နာဂ၊ နဂါးမင်း။ ဣဓ၊ ဤနဂါးပြည်၌။ အမ္ဗာ စ၊ သရက်ပင်တို့သည်၎င်း။ သာလာ စ၊ အင်ကြင်းပင်တို့သည်၎င်း။ တိလကာ စ၊ ပြည့်စင်ပင်တို့သည်၎င်း။ ဇမ္ဗုယော စ၊ ဇမ္ဗုသပြေပင်တို့သည်၎င်း။ ဥဒ္ဒါလကာ စ၊ ငုရွှေပင်တို့သည်၎င်း။ ပါဋလိယော စ၊ သံသတ်ပင်တို့သည်၎င်း။ ဖုလ္လာ၊ ကောင်းစွာပွင့်ကုန်၏။ ဧတာဒိသံ၊ ဤသစ်ပင်နှင့်တူသော သစ်ပင်သည်။ မနုသလောကေ၊ ငါတို့လူ့ပြည်၌။ န အတ္ထိ၊ မရှိ။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည်ဖြစ်၍။ တပေါ၊ ဥပုသ် ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြုသနည်း။

၂၇၄။ နာဂ၊ နဂါးမင်း။ တေ၊ သင် နဂါးမင်းအား။ ဣမာ စ၊ ဤသို့ဆိုအပ်ပြီးသော မြစ် ငှက် သစ်ပင်တို့သည်၎င်း။ ပေါက္ခရညော စ၊ ရေကန်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သမန္တတော၊ ထက်ဝန်းကျင်မှ။ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော။ ဂန္ဓာ စ၊ နံ့သာတို့သည်လည်း။ သတတံ၊ အခါခပ်သိမ်း။ သမ္ပဝါယန္တိ၊ အနံ့ကြိုင်ကြိုင် လှိုင်ကုန်၏။ ဧတာဒိသံ၊ ဤသို့ သဘောရှိသော မြစ် ငှက် သစ်ပင် ရေကန့ နတ်နံ့သာတို့သည်။ မနုသလောကေ၊ ငါတို့လူ့ပြည်၌။ န အတ္ထိ၊ မရှိ။ ကိံ၊ အဘယ်ကို။ ပတ္ထယံ-ပတ္ထယန္တော၊ တောင့်တသည်ဖြစ်၍။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းကို။ ကရောသိ၊ ပြုသနည်း။

၂၇၅။ ဇနိန္ဒ၊ ပြည့်ရှင်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ပုတ္တဟေတု၊ သားသ္မီးတို့ကို အလိုရှိသောကြောင့်။ တပေါ၊ ဥပုသ် ဆောက်တည်ခြင်းကို။ န ကရောမိ၊ မပြု။ ဓနဿ၊ ဥစ္စာ၏။ ဟေတု၊ အကြောင်းကြောင့်။ တပေါ၊ ဥပုသ်ကို။ န ကရောမိ၊ မဆောက်တည်။ အာယုနော၊ အသက်၏။ ဟေတု စ၊ အကြောင်းကြောင့်လည်း။ တပေါ၊ ဥပုသ်ကို။ န ကရောမိ၊ မဆောက်တည်။ မနုဿယောနိံ၊ လူ၏အဖြစ်ကို။ အဘိပတ္ထယာနော၊ တောင့်တ၏။ တသ္မာ၊ ထိုသို့ လူ့အဖြစ်ကို တောင့်တသောကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ပရက္ကမ္မ၊ လုံ့လအားထုတ်၍။ တပေါ၊ ဥပုသ်ကို။ ကရောမိ၊ ဆောက်တည်၏။

ဤသို့ ဘုရားလောင်း ဆိုသည်ရှိသော် ဥဂ္ဂသေနမင်းသည် တဖန် မေးပြန်လိုရကား-

၂၇၆။ တွံ လောဟိတက္ခော ဝိဟကန္တရံသော။
အလင်္ကတော ကပ္ပိတကေသမဿုံ။
သုရောသိတော လောဟိတစန္ဒနေန။
ဂန္ဓဗ္ဗရာဇာဝ ဒိသာ ပဘာသတိ။
၂၇၇။ ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ၊
သဗ္ဗေဟိ ကာမေဟိ သမင်္ဂိဘူတော။
ပုစ္ဆာမိ တံ နာဂရာဇေ တမတ္ထံ၊
သေယျော ဣတော ကေန မနုဿလောကော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇၆။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင်သည်။ လောဟိတက္ခော၊ နီသောမျက်စိရှိ၏။ ဝိဟကန္တရံသော၊ ပြည့်ဖြိုးသော ပခုံးရှိ၏။ အလင်္ကတော၊ တန်ဆာဆင်ခြင်းနှင့် ပြည့်စုံ၏။ ကပ္ပိတကေသမဿု၊ ပြုပြင်အပ်ပြီးသော ဆံမုတ်ဆိတ် ရှိ၏။ လောဟိတစန္ဒနေန၊ စန္ဒကူးနီဖြင့်။ သုရောသိတော၊ ကောင်းစွာ လိမ်းကျံခြင်းရှိ၏။ ဂန္ဓဗ္ဗရာဇာဝ၊ ဂန္ဓဗ္ဗနတ်မင်းကဲ့သို့။ ဒိသာ၊ အရပ်မျက်နှာ၌။ ပဘာသတိ၊ ထွန်းပ၏။

၂၇၇။ နာဂ၊ နဂါးမင်း။ တွံ၊ သင် နဂါးမင်းသည်။ ဒေဝိဒ္ဓိပတ္တော၊ နတ်၏တန်ခိုးသို့ ရောက်သည်။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်၏။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့နှင့်။ သမင်္ဂီဘူတော၊ ပြည့်စုံ၏။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင် နဂါးမင်းကို။ ဧတမတ္ထံ၊ ဤအကြောင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ ဣတော၊ ဤနဂါးပြည်ထက်။ ကေန၊ အဘယ်အကြောင်းကြောင့်။ မနုဿလောကော၊ ငါတို့ လူ့ပြည်သည်။ ကော သေယျော နု၊ အသို့ မြတ်သနည်း။

ထိုအခါ ထိုမင်း၏ အမေးကို ဖြေလိုသော နဂါးမင်းသည်-

၂၇၈။ ဇနိန္ဒ အညတြ မနုဿလောကာ၊
သုဒ္ဓိ န သံဝိဇ္ဇတိ သံယမော ဝါ။
အဟဉ္စ လဒ္ဓါန မနုဿယောနိံ၊
ကာဟာမိ ဇာတိမရဏဿ အန္တံ။

ဟူသော ဤဂါထာကို ဆို၏။

၂၇၈။ ဇနိန္ဒ၊ မင်းမြတ်။ မနုဿလောကာ၊ လူ့ပြည်ကို။ အညတြ၊ ကြဉ်ထား၍။ သုဒ္ဓိ၊ အမြိုက်နိဗ္ဗာန်ဟု ဆိုအပ်သော စင်ကြယ်ရာသည်၎င်း။ သံယမော ဝါ၊ သီလကိုစောင့်ခြင်းသည်၎င်း။ န သံဝိဇ္ဇတိ၊ မရှိ။ အဟဉ္စ၊ အကျွန်ုပ်သည်လည်း။ မနုဿယောနိံ၊ လူ၏ အဖြစ်ကို။ လဒ္ဓါန၊ ရသည်ရှိသော်။ ဇာတိမရဏဿ၊ ပဋိသန္ဓေနေခြင်း သေခြင်း၏။ အန္တံ၊ အဆုံးကို။ ကာဟာမိ၊ ပြုအံ့။

ထိုစကားကို ကြား၍ ဥဂ္ဂသေနမင်းသည်-

၂၇၉။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
နာရိယော စ ဒိသွာန တုဝဉ္စ နာဂ၊
ကာာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော ဤဂါထာကို ဆို၏။

၂၇၉။ နာဂ၊ နဂါးမင်း။ အဒ္ဓ၊ မချွတ်။ ဟဝေ- ဧကန္တေန၊ စင်စစ်သဖြင့်။ ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်သော။ ဗဟုဌာနစိန္တိနော၊ များသောအရာကို ကြံနိုင်ကုန်သော။ ယေ သပညာ၊ အကြင် ပညာရှိတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သပညာ၊ ထိုပညာရှိတို့ကို။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ နာရိယာ စ၊ နဂါးသမီးတို့ကို၎င်း။ တုဝဉ္စ၊ သင်နဂါးမင်းကို၎င်း။ ဒိသွာန၊ မြင်ရ၍။ အဟံ၊ ငါသည်။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုအံ့။

ထိုအခါ ဥဂ္ဂသေနမင်းကို နဂါးမင်းသည်-

၂၈၀။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
နာရိယော စ ဒိသွာန မမဉ္စ ရာဇ။
ကရောဟိ ပုညာနိ အနပ္ပကာနိ။

ဟူသော ဤဂါထာဖြင့် ဟော၏။

၂၈၀။ ရာဇ၊ မင်းမြတ်။ အဒ္ဓါ၊ မချွတ်။ ဟဝေ-ဧကန္တေန၊ စင်စစ်သဖြင့်။ ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်သော။ ဗဟုဌာနစိန္တိနော၊ များသောအရာကို ကြံနိုင်ကုန်သော။ ယေ သပညာ၊ အကြင် ပညာရှိတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သပညာ၊ ထိုပညာရှိတို့ကို။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ ရာဇ၊ မင်းမြတ်။ နာရိယော စ၊ နဂါးသမီးတို့ကို၎င်း။ မမဉ္စ၊ အကျွန်ုပ်ကို၎င်း။ ဒိသွာန၊ မြင်၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ တွံ၊ သင် မင်းမြတ်သည်။ ကရောဟိ၊ ပြုတော်မူလေလော့။

ဤသို့ နဂါးမင်းဆိုသည်ရှိသော် ဥဂ္ဂသေနမင်းသည် နေပြည်တော်သို့ ပြန်သွားလိုသည်ဖြစ်၍ နဂါးမင်း- ငါတို့နေရသည် ကြာမြင့်ပြီ။ သွားကုန်အံ့ဟု ပန်ကြား၏။ ထိုအခါ ထိုဥဂ္ဂသေနမင်းကို ဘုရားလောင်းသည် မြတ်သောမင်းကြီး

ထိုသို့တပြီးကား အလိုတော်ရှိတိုင်း ရတနာဥစ္စာတို့ကို ယူတော်မူဟု ဆို၍ ဥစ္စာတို့ကို ပြလိုရကား-

၂၈၁။ ဣဒဉ္စ ဇာတရူပံ ပဟူတံ၊
ရာသီ သုဝဏ္ဏဿ စ တာလမတ္တာ။
ဣတော ဟရိတွာ သုဝဏ္ဏဃရာနိ၊
ကာရယ ရူပိယဿ စ ပါကာရံ ကရောန္တု။
၂၈၂။ မုတ္တာနိ စ ဝါဟသဟဿာနိ ပဉ္စ၊
ဝေဠုရိယ မိဿာနိ ဣတော ဟရိတွာ။
အန္တေ ပုရေ ဘူမိယံ သန္ထရန္တု၊
နိက္ကဒ္ဒမာ ဟေဟိတိ နိရဇာ စ။
၂၈၃။ ဧတာဒိသံ အာဝသ ရာဇသေဋ္ဌ၊
ဝိမာနသေဋ္ဌံ ဗဟု သောဘမာနံ။
ဗာရာဏသိနဂရံ ဣဒ္ဓံ ဖီတံ၊
ရဇ္ဇဉ္စ ကာရေဟိ အနောမပည။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၈၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဣဒဉ္စ ဇာတရူပံ၊ ဤရွှေသည်လည်း။ ပဟူတံ၊ များစွာ၏။ သုဝဏ္ဏဿ၊ ရွှေ၏လျှင်။ ရာသီ၊ အစုတို့သည်။ တာလမတ္တာ၊ ထန်းတဖျား အတိုင်းအရှည် ရှိကုန်၏။ ဣတော၊ ဤရွှေစုမှ။ ဟရိတွာ၊ ဆောင်ယူတော်မူ၍။ သုဝဏ္ဏဃရာနိ၊ ရွှေအိမ်ရွှေနန်းတို့ကို။ ကာရယ၊ ပြုတော်မူလော့။ ရူပိယဿ၊ ငွေဖြင့်ပြီးသော။ ပါကာရဉ္စ၊ တံတိုင်းကိုလည်း။ ကရောန္တု၊ ပြုတော်မူကုန်လော့။

၂၈၂။ ဝေဠုရိယမိဿာနိ၊ ကျောက်မျက်ရွဲနှင့်ရောကုန်သော။ ပဉ္စဝါဟသဟဿာနိ၊ ဝါဟ ငါးထောင်ရှိကုန်သော။ မုတ္တာနိ စ၊ ပုလဲတို့ကိုလည်း။ ဣတော၊ ဤနဂါးပြည်မှ။ ဟရိတွာ၊ ဆောင်ယူ၍။ အန္တေ ပူရေ၊ နန်းတော် တွင်း၌။ ဘူမိယံ၊ မြေ၌။ သန္ထရန္တု၊ ခင်းစေကုန်လော့။ ဧဝံ၊ ဤသို့ ခင်းစေသည်ရှိသော်။ နိကဒ္ဒမာ စ၊ ညွန်မရှိသည်၎င်း။ နိရဇာ စ၊ မြူမရှိသည်၎င်း။ ဟေဟိတိ၊ ဖြစ်လတ္တံ့။

၂၈၃။ ရာဇသေဋ္ဌ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ဧတာဒိသံ၊ ဤသို့ ရွှေနန်းရွှေအိမ် ငွေတံတိုင်း ပုလဲ ကျောက်မျက်ရွဲတို့ဖြင့် ခင်းအပ်သော သဘောရှိသည်ဖြစ်၍။ ဝိမာနသေဋ္ဌံ၊ မြတ်သော ဗိမာန်ရှိသော။ ဗဟု၊ များစွာ။ သောဘမာနံ၊ တင့်တယ်သော။ ဣဒ္ဓံ၊ ကြွယ်ဝကုံလုံ ပြည့်စုံသော။ ဖီတံ၊ ဝပြောသာယာသော။ ဗာရာဏသိနဂရံ၊ ဗာရာဏသီမြို့၌။ အာဝသ၊ နေတော်မူလော့။ အနောမပည၊ မယုတ်သော ပညာရှိတော်မူသော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ရဇ္ဇဉ္စ၊ မင်းအဖြစ်ကိုလည်း။ ကာရေဟိ၊ ပြုတော်မူလော့။

ဥဂ္ဂသေနမင်းသည် ဘုရားလောင်းနဂါးမင်း၏ စကားကို ကြား၍ ထိုစကားကို ဝန်ခံ၏။ ထိုသို့ဝန်ခံသောအခါ ဘုရားလောင်းသည် နဂါးပြည်၌ စည်လည်စေ၍ အလုံးစုံကုန်သော ဥဂ္ဂသေနမင်းပရိသတ်တို့သည် အလိုရှိတိုင်း ရွှေအစရှိသော ဥစ္စာကို ယူစေကုန်သတည်းဟု စည်လည်စေပြီးလျှင် ဥဂ္ဂသေနမင်းအားလည်း အရာမက များစွာကုန်သော လှည်းတို့ဖြင့် ရွှေငွေအစရှိသော ဥစ္စာတို့ကို ပို့စေ၏။ ဥဂ္ဂသေနမင်းသည် များစွာသော အခြံအရံဖြင့် နဂါးပြည်မှ ထွက်ခဲ့၍ ဗာရာဏသီပြည်သို့လျှင် သွား၏။ ထိုအခါမှစ၍ ဇမ္ဗူဒိပ်ကျွန်းအပြင်သည် ရွှေငွေပေါများသည်ဖြစ်သတတ်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့- ဤသို့လျှင် ရှေးပညာရှိတို့သည် နဂါးမင်းစည်းစိမ်ကိုစွန့်၍ ဥပုသ်သုံးခြင်းကို သုံးကုန်ပြီဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အလမ္ပာယ်ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလ မယ်တော်သည် ထိုအခါ သုမနာမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဥဂ္ဂသေနမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စမ္ပေယျနဂါးမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသက်စွန့်ငြား၊ သီလများ၊ ဘုရားပါရမီ

ဆယ်ခုမြောက်ဖြစ်သော စမ္ပေယျဇာတ်သည် ပြီး၏။

*****