စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ

From Wikisource
Jump to navigation Jump to search
စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ  (1989) 
by နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၆/၈၉)

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်

(၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။


၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေ ရမည် -

(က) စစ်ဘက်ရာထူးအခေါ်အဝေါ် ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် သတ်မှတ်သုံးစွဲ သည့်ရာထူးအခေါ်အဝေါ်ကို ဆိုသည်။
(ခ) စစ်ဘက်အဆင့်အခေါ်အဝေါ် ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် သတ်မှတ်သုံး စွဲသည့် အဆင့်အခေါ်အဝေါ်ကို ဆိုသည်။
(ဂ) တပ်မတော်အငြိမ်းစား ဆိုသည်မှာ တပ်မတော်အငြိမ်းစားလစာနှင့် ဆုကြေးစည်းမျဉ်းဥပဒေအရ အငြိမ်းစားလစာကိုဖြစ်စေ၊ မစွမ်းမသန်မှုအငြိမ်းစားလစာကိုဖြစ်စေ ခံစားခွင့်ရရှိပြီးသူကို ဆိုသည်။ ယင်းစကားရပ်တွင် စစ်မှုထမ်းစဉ် ကွယ်လွန်သူနှင့် အငြိမ်းစားယူပြီးနောက် ကွယ်လွန်သူလည်း ပါဝင်သည်။

အခန်း (၂) စစ်ဘက်အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်း[edit]

၃။ တပ်မတော်အငြိမ်းစားတစ်ဦးသည် -

(က) စစ်ဘက်အမှုထမ်းဆောင်ချိန်တွင် နောက်ဆုံးရရှိခဲ့သော စစ်ဘက်အဆင့်အခေါ်အဝေါ်ကို မိမိအမည်နှင့် ယှဉ်တွဲ၍ အသုံးပြုပါက ယင်းစစ်ဘက် အဆင့်ခေါ်အဝေါ်ကို မိမိအမည်၏ရှေ့၌ထားပြီး အငြိမ်းစားဟူသော စကားရပ်ကိုကွင်းစကွင်းပိတ်ဖြင့် မိမိအမည်၏နောက်၌ထား၍ ခေါ်ဝေါ်သုံးစွဲနိုင် သည်၊
(ခ) ပုဒ်မခွဲ (က) အရ ခေါ်ဝေါ်သုံးစွဲသည့်အခါ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းခံရသူဖြစ်ပါက ယင်းဘွဲ့အမည်ကို စစ်ဘက်အဆင့်အခေါ်အဝေါ်၏နောက် မိမိအမည်၏ရှေ့၌ ထား၍ခေါ်ဝေါ်သုံးစွဲရမည်၊
(ဂ) အထက်ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) အရ မိမိ၏အမည်ကို သုံးစွဲရာတွင် “ဦး” ဆိုသည့်စကားရပ်ကို ထည့်သွင်းသုံးစွဲခြင်းမပြုရ။

အခန်း (၃) တားမြစ်ချက်[edit]

၄။ တပ်မတော် (ကြည်း၊ ရေ၊ လေ) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်မှုထမ်းများအနက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် စစ်ဘက်အဆင့် အခေါ်အဝေါ်ကို လည်းကောင်း၊ အငြိမ်းစားဟူသော စကားရပ်ကိုလည်းကောင်း မိမိအမည်နှင့် ယှဉ်တွဲ၍ သုံးစွဲခြင်းမပြုရ -

(က) စစ်မှုထမ်းခြင်းမှ နုတ်ပယ်ခြင်းခံရသူ၊
(ခ) စစ်မှုထမ်းခြင်းမှ ထုတ်ပစ်ခြင်းခံရသူ၊
(ဂ) ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ခြင်းခံရသူ၊
(ဃ) စစ်မှုထမ်းသက် ဆုကြေးသာရရှိသူ။


၅။ တပ်မတော်အငြိမ်းစားတစ်ဦးသည် ဤကိစ္စအလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော ပြစ်မှုတစ်ရပ်ရပ်ဖြင့် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိ၍ ထောင်ဒဏ် စီရင်ခြင်းခံရလျှင် ပုဒ်မ ၃ ပါ အခွင့်အရေးကို သုံးစွဲခွင့် မရှိစေရ။


၆။ မည်သူမဆို စစ်မှုထမ်းဆောင်ချိန်က တာဝန်ယူခဲ့သော စစ်ဘက်ရာထူးအခေါ်အဝေါ်ကို မိမိ အမည်နှင့်ယှဉ်တွဲ၍ သုံးစွဲခြင်းမပြုရ။

အခန်း (၄) ပြစ်ဒဏ်[edit]

၇။ မည်သူမဆိုပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

အခန်း (၅) အထွေထွေ[edit]

၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ကချီးမြှင့်သည့်ဂုဏ်ထူးဆောင် ဘွဲ့ကိုဖြစ်စေ၊ ဂုဏ်ထူး ဆောင်တံဆိပ်ကိုဖြစ်စေ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကိုဖြစ်စေ ချီးမြှင့်အပ်နှင်းခြင်းခံရသော သို့မဟုတ် လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရသော တပ်မတော်အငြိမ်းစားတစ်ဦးက သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ယင်းဘွဲ့တံဆိပ်အမည်ကိုသော်လည်းကောင်း၊ လွတ်လပ်ရေး မော်ကွန်းဝင်အဆင့်ကိုသော်လည်းကောင်း မိမိအမည်နှင့်တွဲ၍ သုံးစွဲခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။


၉။ ဤဥပဒေအရ အရေးယူရန်လိုအပ်လျှင် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုခြင်းပြုရမည်။

၁၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည်-

(က) လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ပုံ)စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့