စက္ကဝါကဇာတ် -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၁။ စက္ကဝါကဇာတ် (၁၃)

ဒသကနိပါတ်

၁၃။ စက္ကဝါကဇာတ်

အာဟာရ၌ လွန်စွာမက်မောခြင်းသည် ယုတ်မာခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏဝါ အဘိရူပေါသိ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သာ ဤစက္ကဝါကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ပစ္စည်းလေးပါးတို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ သံဃာ့ဘတ်သည် အဘယ်အရပ်၌ ရှိပါလိမ့်နည်း၊ နိမန္တနဘတ်သည် အဘယ်အရပ်၌ ရှိပါလိမ့်နည်း ဟု ရှာလျက်သွား၏။

ပစ္စည်းမက်သာ ရဟန်း

ပစ္စည်းလေးပါးဟူသော အာမိသနှင့်စပ်သော စကားကို ဟောခြင်း၌သာလျှင် မွေ့လျော်၏။ ထိုအခါ တစ်ပါးကုန်သော သီလကိုချစ်ကုန်သော ရဟန်းတို့သည် ထိုရဟန်းကို ချီးမြှောက်သောအားဖြင့် မြတ်စွာဘုရားအား ကြားလျှောက်ကုန်၏။ မြတ်ဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် ပစ္စည်းလေးပါးတို့၌ မက်မောတတ်၏ဟု ငါကြားတော်မူသည် မှန်သလော ဟု မေးတော်မူ၍ "အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း အဘယ့်ကြောင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ လောဘကို ဖြစ်စေဘိသနည်း၊ ပစ္စည်းလေးပါးတို့၌ မက်မောခြင်းမည်သည်ကား လွန်စွာ ယုတ်မာ၏။ ရှေး၌လည်း သင်သည် အာဟာရ၌ မက်မောသော လောဘကို အမှီပြု၍ ဗာရာဏသီပြည်၌ ဆင်ကောင်ပုပ်အစရှိသော အကောင်ပုပ်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ တောအုပ်ကြီးသို့ ဝင်ဖူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ခုသော လောဘကြီးသော ကျီးသည် ဗာရာဏသီပြည်၌ ဆင်ကောင်ပုပ် အစရှိသည်တို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ တောသည် အဘယ်သို့ ဖြစ်ရာသနည်း၊ တော၌ အဘယ်သို့သော အစာရှိသည် ဖြစ်ရာသနည်းဟု ပျံသွား၍ ထိုထိုသစ်ပင်၌ သစ်သီးငယ် သစ်သီးကြီးတို့ဖြင့် မရောင့်ရဲသည်ဖြစ်၍ ဂင်္ဂါနားသို့ ပျံသွား၍ လှည့်လည်သည်ရှိသော် လင်မယားအစုံဖြစ်သော စက္ကဝါက်တို့ကိုမြင်၍ ဤငှက်တို့သည် အလွန်လျှင် တင့်တယ်ကုန်၏။ ဤင်္ဂါနား၌ များစွာသော ငါးတို့ကို စားရကုန်ယောင်တကား၊ ဤငှက်တို့ကိုမေး၍ ငါသည်လည်း ဤငှက်တို့၏ အစာကိုစား၍ အဆင်းလှသည် ဖြစ်ခြင်းငှာ သင့်၏ ဟု နှလုံးပြု၍ ထိုစက္ကဝါက်တို့၏ အနီး၌နေ၍ စက္ကဝါက်တို့ကို မေးလိုရကား-

၁၃၅။ ဝဏ္ဏဝါ အဘိရူပေါသိ၊ ဃနော သဉ္ဇာတရောဟိတော။
စက္ကဝါက သုရူပေါသိ၊ ဝိပ္ပသန္နမုခိန္ဒြိယော။
၁၃၆။ ပါဌီနံ ပါဝုသံ မစ္ဆံ၊ ဗလဇံ မုဉ္စရောဟိတံ။
ဂင်္ဂါယတီရေ နိသိန္နော၊ ဧဝံ ဘုဉ္စသိ ဘောဇနံ။

ဟူသော ရှေးဦးစာသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၅။ စက္ကဝါက၊ စက္ကဝါက်။ တွံ၊ သင်သည်။ ဝဏ္ဏဝါ၊ နှစ်သက်ဖွယ်သော အဆင်းရှိသည်။ အဘိရူပေါ၊ အလွန် အဆင်းလှသည်။ ဃနော၊ တစ်ခဲနက်သော ကိုယ်ရှိသည်။ သဉ္ဇာတရောဟိတော၊ ဦးသစ်သော ရွှေအဆင်းကဲ့သို့သော အဆင်းရှိသည်။ အသိ၊ ဖြစ်၏။ သုရူပေါ၊ ချီးမွမ်းအပ်သော ကိုယ်သဏ္ဌာန်ရှိသည်။ ဝိပ္ပသန္နမုခိန္ဒြိယော၊ ကြည်လင်သော မျက်စိဣန္ဒြေရှိသည်။ အသိ၊ ဖြစ်၏။

၁၃၆။ စက္ကဝါက၊ စက္ကဝါက်။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ တီရေ၊ ကမ်းနား၌။ နိသိန္နော၊ နေသောသင်သည်။ ပါဌီနံ မစ္ဆံ၊ ငါးဖယ်လည်းကောင်း။ ပါဝုသံ မစ္ဆံ၊ ငါးသိုင်းလည်းကောင်း။ ဗလဇံ၊ ငါးဘတ်လည်းကောင်း။ မုဉ္ဇံ၊ ငါးရံ့လည်းကောင်း။ ရောဟိတံ၊ ငါးကြင်းလည်းကောင်း။ ဧဝံ-ဣဒံ ဘောဇနံ၊ ဤအစာကို။ ဘုဉ္ဇသိ၊ စားရသလော။

မှော်ကိုစားကြသည်

စက္ကဝါက်သည် ထိုကျီး၏စကားကို ပယ်လိုသည်ဖြစ်၍-

၁၃၇။ န ဝါဟမေတံ ဘုဉ္ဇာမိ၊ ဇင်္ဂလာနောဒကာနိ ဝါ။
အညတြ သေဝါလပဏကာ၊ ဧတံ မေ သမ္မ ဘောဇနံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၃၇။ သမ္မကာက၊ အဆွေကျီး။ သေဝါလပဏကာ၊ မှော်သေးမှော်ကြီးတို့ကို။ အညတြ၊ ကြဉ်၍။ ယာနိ ဇင်္ဂလာနိ ဝါ၊ အ ကြင် မြေ၌ဖြစ်သော အသားတို့သည်လည်းကောင်း။ ယာနိ ဥဒကာနိ ဝါ၊ အကြင် ရေ၌ဖြစ်သော အသားတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ဧတံ၊ ထိုကြည်း၌ဖြစ်သော အသား ရေ၌ဖြစ်သော အသားကို။ အဟံ၊ ငါသည်။ န ဘုဉ္ဇာမိ၊ မစား။ ယံ သေဝါလပဏကံ၊ အကြင် မှော်သေး မှော်ကြီးသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤ မှော်သေးမှော်ကြီးသည်သာလျှင်။ မေ၊ ငါ၏။ ဘောဇနံ၊ အစာတည်း။

ငါ မယုံပါ

ထို့နောင်မှ ကျီးသည်-

၁၃၈။ န ဝါဟမေတံ သဒ္ဒဟာမိ၊ စက္ကဝါကဿ ဘောဇနံ။
အဟမ္ပိ သမ္မ ဘုဉ္ဇာမိ၊ ဂါမေ လောဏိယ တေလိယံ။
၁၃၉။ မနုဿေသု ကတံ ဘတ္တံ၊ သုစိံ မံသူပသေစနံ။
နစမေ တာဒိသော ဝဏ္ဏော၊ စက္ကဝါက ယထာ တဝ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၈။ သမ္မစက္ကဝါက၊ အဆွေစက္ကဝါက်။ အဟမ္ပိ၊ ငါသည်လည်း။ ဂါမေ၊ ရွာ၌။ လောဏိယတေလိယံ၊ ဆားလူး၍ ဆီကြော်သောအသားကို။ ဘုဉ္ဇာမိ၊ စားရ၏။ မနုဿေသု၊ လူတို့၌။ ကတံ၊ ချက်ပြုတ်အပ်သော။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားပြွမ်းဟူသော။ ဘတ္တံ၊ အစာကို။ ဘုဉ္ဇာမိ၊ စားရ၏။

၁၃၉။ စ-တထာပိ၊ ထိုသို့ စားရပါလျက်လည်း။ တုဝံ ယထာ၊ တင့်တယ်သော ကိုယ်အဆင်းရှိသော သင်ကဲ့သို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ဝဏ္ဏော၊ အဆင်းသည်။ မေ၊ ငါ့အား။ ယသ္မာ၊ အကြင့်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ စက္ကံဝါကဿ၊ အဆွေစက္ကဝါက်၏။ ဘောဇနံ၊ မှော်သည်သာလျှင် အစာဟု သင်ဆိုသော။ ဧတံဝစနံ၊ ထိုစကားကို။ အဟံ၊ ငါသည်။ န သဒ္ဒဟာမိ၊ မယုံနိုင်ပါ။

ရုပ်ဆင်း မလှရကြောင်း

ထိုသို့ဆိုသောအခါ ကျီးအား စက္ကဝါက်သည် အဆင်းမလှခြင်း၏အကြောင်းကို ဆို၍ တရား ဟောလိုရကား-

၁၄၀။ သမ္ပဿံ အတ္တနိ ဝေရံ၊ ဟိံသယံ မာနုသိံ ပဇံ။
ဥဩသ္တော ဃသသိ ဘီတော၊ တေန ဝဏ္ဏော တဝေဒိသော။
၁၄၁။ သဗ္ဗလောကဝိရုဒ္ဓေါသိ၊ ဓင်္က ပါပေန ကမ္မုနာ။
လဒ္ဓေါ ပိဏ္ဍော န ပီဏေတိ၊ တေန ဝဏ္ဏော တဝေဒိသော။
၁၄၂။ အဟမ္ပိ သမ္မ ဘုဉ္ဇာမိ၊ အဟိံသံ သဗ္ဗပါဏိနံ။
အပွေသုက္ကော နိရာသင်္ကီ၊ အသောကော အကုတော ဘယော။
၁၄၃။ သော ကရဿု အာနုဘာဝံ၊ ဝီတိဝတ္တဿု သီလိယံ။
အဟိံသာယ စရ လောကေ၊ ပိယော ဟောဟိသိ မံမိဝ။
၁၄၄။ ယော န ဟန္တိ န ဃာတေတိ၊ န ဇိနာတိ န ဇာပယေ။
မေတ္တံသော သဗ္ဗဘူတေသု၊ ဝေရံ တဿ န ကေနစိ။

ဟူသော ကြွင်းသာ ဤငါးဂါထာကို ဆို၏။

ထိတ်လန့်ကြောက်ရွံ မစားရ

၁၄၀။ သမ္မကာက၊ အဆွေကျီး။ တွံ၊ သင်သည်။ ဝေရံ၊ သူတစ်ပါးတို့၌ ဖြစ်သော ရန်နှင့်ယှဉ်သောစိတ်ကို။ အတ္တနိ၊ မိမိကိုယ်၌။ သမ္ပဿံ-သမ္မဿန္တော၊ မြင်သည်ဖြစ်၍။ ဥတြသ္တော၊ ထိတ်လန့်သည်ဖြစ်၍။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ဃသသိ၊ စားရ၏။ မာနုသံ၊ လူ၌ဖြစ်သော။ ပဇံ၊ သတ္တဝါကို။ ဟိံသယံ-ဟိံသယန္တော၊ ညှဉ်းဆဲလျက်။ ဥတြသ္တော၊ ထိတ်လန့်သည်ဖြစ်၍။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ဃသသိ၊ စားရ၏။ တေန၊ ထိုသို့ကြောက်ရွံ့ ထိတ်လန့်လျက် စားရသောကြောင့်။ တဝ၊ သင်၏။ ဝဏ္ဏော၊ အဆင်းသည်။ ဧဒိသာ၊ ဤသို့မလှသော သဘောရှိ၏။

ရသမျှဖြင့် ရောင့်ရဲ

၁၄၁။ သမ္မဓင်္က၊ အဆွေကျီး။ တွံ၊ သင်သည်။ ပါပေန ကမ္မုနာ၊ မကောင်းမှုဖြင့်။ သဗ္ဗလောကဝိရုဒ္ဓေါ၊ လူအပေါင်းတို့နှင့် ဆန့်ကျင်သည်။ အသိ၊ ဖြစ်၏။ လဒ္ဓေါ၊ ရအပ်သော။ ပိဏ္ဍော၊ အစာကို။ န ပီဏေတိ၊ မနှစ်သက်။ တေန၊ ထိုကြောင့်။ တဝ၊ သင်၏။ ဝဏ္ဏော၊ အဆင်းသည်။ ဧဒိသော၊ ဤသို့မလှသော သဘောရှိ၏။

သူတစ်ပါးကို မညှဉ်းဆဲရ

၁၄၂။ သမ္မဝါယသ၊ အဆွေကျီး။ အဟမ္ပိ၊ ငါသည်ကား။ သဗ္ဗပါဏိနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ အဟိံသံ-အဟိံသန္တော၊ မညှဉ်းဆဲမူ၍။ ဘောဇနံ၊ ရရသမျှသော မှော်, ရေညှိဟူသော အစာကို။ ဘုဉ္ဇာမိ၊ စား၏။ အပ္ပေါသုက္ကော၊ ကြောင့်ကြမရှိသည်ဖြစ်၍။ နိရာသင်္ကီ၊ ရွံရှားခြင်း မရှိသည်ဖြစ်၍။ အသောကော၊ စိုးရိမ်ခြင်း မရှိသည်ဖြစ်၍။ အကုတောဘယော၊ ကြောက်အပ်သော တစ်စုံတစ်ခုသော ဘေးမရှိသည်ဖြစ်၍။ ဝိဟရာမိ၊ နေ၏။

သူများ ချစ်အောင်နေ

၁၄၃။ သမ္မဓင်္က၊ အဆွေကျီး။ သော တွံ၊ ထိုသင်သည်။ အာနုဘာဝံ၊ ကောင်းသောအကျိုးကို ပွားစေတတ်သော လုံ့လဝီရိယကို။ ကရဿု၊ ပြုပါလေလော့။ အသီလိယံ၊ မိမိ၏ သီလမရှိသော အဖြစ်ကို။ ဝီတိဝတ္တဿု၊ လွန်၍ ကောင်းစွာ ကျင့်ပါလေလော့။ လောကေ၊ လူ၌။ အဟိံသာယ၊ သတ္တဝါတို့ကို သနားခြင်း ကရုဏာနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။ စရ၊ ကျင့်ပါလေလော့။ အဟမ္ပိ၊ ငါသည်လည်း။ ပိယော၊ လူအပေါင်း၌ ချစ်အပ်သော အကျင့်ရှိသည်။ ဟောမိ ဣဝ၊ ဖြစ်သကဲ့သို့။ မမံ၊ ငါနှင့်တူစွာ။ တွံပိ၊ သင်သည်လည်း။ ပိယော၊ ချစ်အပ်သော အကျင့်ရှိသည်။ ဟောဟိသိ၊ ဖြစ်လေလော့။

အမြဲမေတ္တာထား

၁၄၄။ သမ္မဓင်္က၊ အဆွေကျီး။ ယော၊ အကြင်သူသည်။ သတ္တေ၊ သတ္တဝါတို့ကို။ န ဟန္တိ၊ မသတ်။ န ဃာတေတိ၊ မညှဉ်းဆဲ။ န ဇိနာတိ၊ ဥစ္စာဆုံးရှုံးခြင်းကို မပြု။ န ဇာပယေ၊ ဆုံးရှုံးအောင် ပြုလော့ဟု သူတစ်ပါးတို့ကိုလည်း မတိုက်တွန်း။ သဗ္ဗဘူတေသု၊ ခပ်သိမ်းကုန်သော ရန်သူသတ္တဝါ, ရန်သူမဟုတ်သော သတ္တဝါတို့၌။ မေတ္တံသော-မေတ္တကောဋ္ဌာသော၊ မေတ္တာအဖို့ရှိသော စိတ်ရှိသော။ တဿ၊ ထိုသို့သတ္တဝါတို့ကို မညှဉ်းဆဲသော သူအား။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူနှင့်။ ဝေရံ၊ ရန်မည်သည်။ နတ္ထိ၊ မရှိ။

ကျီးကား မိုက်မြဲပင်

ဤသို့လျှင် စက္ကဝါက်သည် ကျီးအား တရား ဟော၏။ ကျီးသည် သင်တို့သည်ကား မိမိတို့၏ အစာကို ငါ့အား ဟုတ်မှန်စွာ မဆိုကုန် ဟု ကာ-ကာ ဟူသာ ကျီးသံကိုမြည်လျက် ပျံ၍ ဗာရာဏသီပြည် ကျင်ကြီးစွန့်ရာ မြေအရပ်၌ သာလျှင် သက်လေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင်သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျှပ်ပေါ်လော်လည်သောဘရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ၌ လျှပ်ပေါ် လော်လည်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ စက္ကဝါက်ငှက်မ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စက္ကဝါက်ငှက်မင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်ရွှင်ရောင့်ရဲ၊ မညှဉ်းဆဲ၊ အမြဲမေတ္တာ လှရုပ်ဝါ

တစ်ဆယ့်သုံးခုမြောက်သော စက္ကဝါကဇာတ်သည် ပြီး၏။

*****