ငါးပါးသီလ (ဆရာ)

From Wikisource
Jump to navigation Jump to search
339341ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၈။ ငါးပါးသီလ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

ငါးပါးသီလ

သင်ယူမှုဦးတည်ချက် ။ ။ ငါးပါးသီလ ခံယူဆောက်တည်တတ်စေရန်နှင့်အကျိုးကျေးဇူးများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ငါးပါးသီလအကျိုး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေ့တစ်ပတ်က သင်ခဲ့တဲ့ အမြတ်ဆုံးသီလ သင်ခန်းစာမှာတုန်းက လောကမှာ ဘာ အရေးကြီးဆုံးလို့ ပြောပြခဲ့လဲ”ဟု ဦးစွာ မေးပါ။

֍ဆက်လက်၍ “ဟုတ်ပြီ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ စောင့်ထိန်းရမယ့် သီလငါးမျိုး ကရော ဘာတွေလဲဟု မေးကာ ကလေးများ မှတ်မိသလောက် ပြောပြကြပါစေ။

֍အဲဒီငါးပါးသီလကို စောင့်ထိန်းခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ ကို အခုပြောပြမယ်”ဟု ဆိုကာ အောက်ပါ ငါးပါးသီလအကျိုး ဇာတ်လမ်းကို စိတ်ဝင်စား ဖွယ်ဖြစ်အောင် ပြောပြပါ။

ငါးပါးသီလအကျိုး

မြတ်စွာဘုရားလက်ထက်တုန်းက ဆင်းရဲသားတစ်ဦး ရှိခဲ့တယ်။ သူဟာ သူဌေးကြီး တစ်ယောက်အိမ်မှာ အခကြေးငွေယူပြီး အလုပ်လုပ်ရတယ်။ အလုပ်လုပ်ပေမဲ့ သူ့မှာ ငွေပို ငွေလျှံ မရှိဘူး။ ဒါကြောင့် သူဟာ အလှူလုပ်ချင်ပေမဲ့ လှူစရာပစ္စည်းရော ပိုက်ဆံပါမရှိတဲ့ အတွက် စိတ်မကောင်းဖြစ်နေတယ်။ ဒါပေမဲ့ သူဟာ သူလုပ်နိုင်တာတစ်ခုရှိတာကို သတိရသွား တယ်။ အဲဒါကတော့ ငါးပါးသီလကို လုံအောင်စောင့်ထိန်းခြင်းပဲ ဖြစ်တယ်။

ဆင်းရဲသားဟာ ဝမ်းသာသွားပြီး ငါးပါးသီလ ခံယူဆောက်တည်ဖို့အတွက် မြတ်စွာ ဘုရားရှင်ရဲ့တပည့် ရဟန်းတစ်ပါးထံမှာ ငါးပါးသီလကို ခံယူခဲ့တယ်။ သူဟာ ငါးပါးသီလကို ခံယူပြီးကတည်းက သီလမကျိုးအောင် အမြဲစောင့်ထိန်းခဲ့တယ်။ ဘာအကြောင်းနဲ့မှ ငါးပါးသီလ ကို မချိုးဖောက်ခဲ့ဘူး။ အဲဒီလိုနဲ့ သူသေခါနီးအချိန်မှာ သူဟာ ငါးပါးသီလ စောင့်ထိန်းခဲ့တာတွေ ကို ပြန်တွေးပြီး ပီတိဖြစ်နေခဲ့တယ်။ အဲဒီအတွက် သူသေသွားတဲ့အခါ နတ်ပြည်မှာ နတ်သား သွားဖြစ်တယ်။

နတ်သားဘဝကနေ စုတေသွားတဲ့အခါမှာ ဘဝပေါင်းများစွာ မင်းဖြစ်ခဲ့တယ်။ အဲဒီ ဘဝတွေကနေ သေသွားတဲ့အခါ လူ့ပြည်က ချမ်းသာတဲ့မျိုးရိုးမှာ သူဌေးသားအဖြစ် မွေးဖွား လာခဲ့တယ်။ သူ ငါးနှစ်သားအရွယ်ရောက်တော့ သူ့ရဲ့ ဖေဖေ၊ မေမေတို့ ပြောနေကြတဲ့ “ငါးပါး သီလဆောက်တည်တယ်” ဆိုတဲ့ စကားကိုကြားရုံလေးနဲ့ အရင်ဘဝက ငါးပါးသီလ စောင့်ထိန်း ခဲ့တာတွေကို ပြန်အမှတ်ရသွားပြီး တရားမှတ်လိုက်တာ တစ်ထိုင်တည်းနဲ့ တရားထူးတွေရ သွားခဲ့တယ်။

မှီငြမ်း ။ ။ ပဉ္စသီလသမာဒါနိယထေရအပါဒါန်၊ အပါဒါန၊ ဋ္ဌ၊ ၂။ ၄ဝ။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဆင်းရဲသားဟာ လှူစရာပစ္စည်းနဲ့ ပိုက်ဆံ မရှိတဲ့အတွက် ဘာကို စောင့်ထိန်းသလဲ။
-ငါးပါးသီလကို ဘယ်လိုစောင့်ထိန်းခဲ့သလဲ။
-အဲဒီလို ငါးပါးသီလကို အမြဲမပြတ် စောင့်ထိန်းတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသွားသလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သီလတောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ရော ငါးပါးသီလ ဆောက်တည်ဖူးသလား”ဟု မေးပြီး ဆောက်တည်ဖူး သူများရှိလျှင် ၎င်းတို့၏ အတွေ့ အကြုံများကို ပြောပြကြပါစေ။

֍ထို့နောက် ဒီနေ့ ဆရာက ငါးပါးသီလ ဆောက်တည်ပုံ၊ ဆောက်တည်နည်းကို သင်ပေး မယ်။ ဘုန်းဘုန်းတွေဆီက သီလယူရင် ဆရာသင်ပေးတဲ့အတိုင်း မှန်မှန်ကန်ကန် ဆောက်တည်ရွတ်ဆိုတတ်အောင် သေချာမှတ်ထားရမယ်နော်” စသည်ဖြင့် နိဒါန်းပျိုးပြီး အောက်ပါ ငါးပါးသီလ ခံယူဆောက်တည်ပုံ အဆင့်ဆင့်ကို ကလေးများ အစီအစဉ်ကျကျ၊ အသံထွက်မှန်မှန် ရွတ်ဆိုတတ်အောင် သင်ပေးပါ။

֍“ငါးပါးသီလ ဆောက်တည်ရင် ပထမဆုံး သားတို့၊ သမီးတို့က ဩကာသကန်တော့ချိုးနဲ့ ကန်တော့ရတယ်။ ဩကာသနဲ့ ကန်တော့ပြီးရင် ဘုန်းဘုန်းတွေက ဆုပေးလိမ့်မယ်။ သားတို့၊ သမီးတို့ ဩကာသကန်တော့ချိုး ရတယ်မဟုတ်လား။ ဆိုကြည့်ပါဦး”ဟု ပြောပြီး ကလေးများ ဆိုကြည့်ကြပါစေ။

֍“ဘုန်းဘုန်းက ဆုပေးပြီးရင် သားတို့၊ သမီးတို့က “ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ဘုရား”လို့ ပြောရမယ်။ ပြီးရင် သီလတောင်းရမယ်။ သီလတောင်းတဲ့စာကို အလွတ်ရအောင် ဆို ကြည့်ကြမယ်နော်”ဟု ပြော၍ အောက်ပါ သီလတောင်းကို သင်ပေးပါ။

သီလတောင်း

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ - အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

֍ကလေးများ အလွတ်ရသည်အထိ ရွတ်ဆိုပြီးသောအခါ အောက်ပါအတိုင်း အဓိပ္ပာယ်ကို ရှင်းပြပေးပါ။

အနက်အဓိပ္ပါယ် - သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ချီးမြှင့်ပေးသနားတော်မူပါဘုရား။

֍ထို့နောက် ဆက်လက်၍ “သားတို့၊ သမီးတို့ အဲဒီလို ဆိုပြီးသွားတဲ့အခါမှာ ဘုန်းဘုန်းက “ယ မဟံ ဝဒါမိ၊ တံ ဝဒေထ” လို့ ဆိုလိမ့်မယ်။ အဲဒီအခါ “အာမ ဘန္တေ”လို့ ပြန်ပြောရ မယ်နော်။ ကျန်တာတွေကိုတော့ နောက်တစ်ချိန်ကျမှ ဆက်သင်ပေးတော့မယ်” စသည် ဖြင့် ပြောပါ။

֍နောက်ဆုံးတွင် ကလေးများက သင်ပြီးသမျှကို အစ၊ အဆုံး ပြန်ဆိုကြည့်ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရတနာသုံးပါး ဆိုရိုးနှင့် ငါးပါးသီလ ဆိုရိုး။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့စာသင်ချိန်တွင် သင်ပေးခဲ့သော သီလတောင်းပုံကို ပြန်လည်ရွတ်ဆိုစေပြီးနောက် အောက်ပါတို့ကို ဆက်၍ သင်ကြားပေးပါ။

֍“ဘုန်းဘုန်းက ‘ယ မဟံ ဝဒါမိ၊ တံ ၀ဒေထ'လို့ ပြောတဲ့အချိန်မှာ သားတို့၊ သမီးတို့က ‘အာမ ဘန္တေ’လို့ ပြန်ဆိုရမယ်နော်။ ပြီးရင် “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ကို (၃) ခေါက် ရွတ်ဆိုကြရမယ်။ နမော တဿ (၃) ခေါက် ရွတ်ပြီးတာ နဲ့ သရဏဂုံ (၃) ပါးကို ထပ်ရွတ်ရမယ်။ အခု နမော တဿနဲ့ သရဏဂုံ (၃) ပါးကို ဆို ကြည့်ကြပါဦး”ဟု ပြောပြီး ကလေးများက ဦးစွာ ရွတ်ပြကြပါစေ။

֍လိုအပ်လျှင် ဆရာက ဖြည့်စွက်ရွတ်ပြပေးပြီးနောက် ကလေးများအားလုံးနှင့် ပြိုင်တူ ရွတ်ဆိုပါ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ ကြိမ်)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ -ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ - ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ -သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ - ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ - သံဃံ သရဏံ ဂစ္ဆာမိ။

֍အဲဒီလို ရွတ်ဆိုပြီးတဲ့အခါမှာ ဘုန်းဘုန်းက “တိသရဏဂမနံ ပရိပုဏ္ဏ”လို့ ပြောလိမ့်မယ်။ အဲဒီအခါ သားတို့၊ သမီးတို့က “အာမ ဘန္တေ” လို့ ပြန်ပြောရမယ်နော်။ ပြီးလို့ရှိရင် ငါးပါး သီလကို ပါဠိလို ရွတ်ဆိုရမယ်။ သားတို့၊ သမီးတို့ ဆိုတတ်ကြလား”ဟု မေးပြီး ရွတ်ဆိုပြနိုင်သူများက ရွတ်ဆိုပြကြပါစေ။

֍ထို့နောက် ငါးပါးသီလကို ကလေးများ မှန်မှန်ကန်ကန် ရွတ်ဆိုနိုင်သည်အထိ သင်ပေးပါ။

ငါးပါးသီလ

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

֍“နောက်တစ်ချိန်ကျမှ ငါးပါးသီလရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပေးမယ်” စသည်ဖြင့် ပြောကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ငါးပါးသီလ ပါဠိနှင့် အနက်အဓိပ္ပာယ်ကို ရေးထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့စာသင်ချိန်များတွင် ရွတ်ဆိုခဲ့သော ငါးပါးသီလဆောက်တည်ပုံ အဆင့်ဆင့်ကို ပြိုင်တူ ရွတ်ဆိုကြည့်ကြပါစေ။

֍ထို့နောက် ဆရာက အောက်ပါ ပါဠိနှင့် အနက်အဓိပ္ပာယ်ကို ရေးထားသော ကတ်ပြားကို သင်ပုန်းတွင် ချိတ်ဆွဲပြကာ ကလေးများအား ရှင်းပြပေးပါ။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူ့အိမ်ရာလည်း မမှားဘဲ အမြဲရှောင်ကြဉ်မည်။

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လိမ်ညာ၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။

၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။

֍နောက်ဆုံးတွင် အောက်ပါအတိုင်း ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

“ဒီ သီလငါးပါးဟာ လူတိုင်းအတွက် မဖြစ်မနေ စောင့်ထိန်းရမယ့်အရာတွေ ဖြစ်တယ်။ မြတ်စွာဘုရားရှင်ကလည်း `မိမိတို့ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ပုဆိုး၊ ထမီများကို မြဲမြံ အောင် ဝတ်ထားရသလိုပဲ ဒီငါးပါးသီလကိုလည်း မကျိုးပေါက်အောင် စောင့်ထိန်းရမယ်၊ ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမယ်'လို့ မိန့်မှာခဲ့တယ်။ ဒါကြောင့် သားတို့၊ သမီးတို့ဟာ ငါးပါး သီလကို မြဲမြံအောင်၊ မကျိုးပေါက်အောင် စောင့်ထိန်းတတ်တဲ့၊ ဘုရားရှင်ချစ်တဲ့ လိမ္မာ ယဉ်ကျေးသော ကလေးများ ဖြစ်ကြပါစေ”။