ဃဋပဏ္ဍိတဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၄။ ဃဋပဏ္ဍိတဇာတ် (၁၆)

ဒသကနိပါတ်

၁၆။ ဃဋပဏ္ဍိတဇာတ်

သေသောသူအား စိုးရိမ်ခြင်းကို မပြုသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥဋ္ဌေဟိ ကဏှ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃဋပဏ္ဍိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဋ္ဌကုဏ္ဍလီဝတ္ထုနှင့် တူသည်သလျှင်တည်း။

ဤဃဋပဏ္ဍိတဇာတ်၌ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသူကြွယ်ကို ဒါယကာ စိုးရိမ်သလော ဟု မေးတော်မူ၍ အရှင်ဘုရား စိုးရိမ်ပါ၏ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ ရှေးပညာရှိတို့သည် ပညာရှိတို့၏ စကားကို နာကြား၍ သေသောသားကို မတောင့် တကုန်ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဥတ္တရာပထတိုင်းဝယ် ကံသမင်းတို့၏ သုံးဆောင်ရာ နေရာဖြစ်သော အသိတဉ္စနမြို့၌ မဟာကံသမည်သော မင်းသည် မင်းပြု၏။ ထိုမဟာကံသမင်းအား ကံသ, ဥပကံသဟူသော သားနှစ်ယောက်တို့သည် ရှိကုန်၏။

ဒေဝဂဗ္ဘာမည်သော သမီးတော်တစ်ယောက်သည် ရှိ၏။ ထိုဒေဝဂဗ္ဘာမင်းသမီးကို ဖွားသောနေ့၌ နိမိတ်ဖတ်တတ်ကုန်သော ပုဏ္ဏားတို့ကို မေး၏။ နိမိတ်ဖတ်တတ်ကုန်သော ပုဏ္ဏားတို့သည် ထိုမင်းသမီးဝမ်း၌ ဖြစ်သောသားတို့သည် ကံသမင်း အနွယ်အဆက်ကို ဖျက်ဆီးကုန်လတ္တံ့ ဟု ကြားလျှောက်ကုန်၏။ မဟာကံသမင်းကြီးသည် ပြင်းစွာသော ချစ်ခြင်းကြောင့် သမီးတော်ကို ဖျက်ဆီးခြင်းငှာ မတတ်နိုင်။ မောင်တို့သည် သိကုန်လတ္တံ့ဟု အသက် ထက်ဆုံး တည်၍ မဟာကံသမင်းကြီးသည် နတ်ရွာ လား၏။

ပင်တိုင်စံ နှမတော်

ထိုမဟာကံသမင်းကြီး နတ်ရွာလားသည်ရှိသော် သားတော်အကြီး ကံသမင်းသားသည် မင်းပြု၏။ ညီတော် ဥပကံသမင်းသားသည် အိမ်ရှေ့မင်းဖြစ်၏။ ထိုညီတော် နောင်တော်တို့သည် ကြံကြကုန်၏။ ငါတို့သည် နှမတော် ဒေဝဂဗ္ဘာမင်းသမီးကို အကယ်၍ ဖျက်ဆီးကုန်အံ့၊ ကဲ့ရဲ့ခံရသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် နှမတော်ကို တစ်စုံ တစ်ယောက်သော မင်းအား မပေးမူ၍ လင်မရှိသည်ကိုပြု၍ စောင့်ရှောက်ကုန်အံ့ ဟု ကြံကြကုန်၏။ ကြံပြီး၍ ထိုမောင်တော်မင်းတို့သည် တစ်ခုသော တပင်တိုင်နန်းပြသာဒ်ကို ဆောက်စေ၍ ထိုတပင်တိုင် နန်းပြာသာဒ်၌ နေစေကုန်၏။ ထိုဒေဝဂဗ္ဘာမင်းသမီး၏ အလုပ်အကျွေးသည် နန္ဒိဂေါပါအမည်ရှိ၏။ ထိုနန္ဒိဂေါပါ၏ လင်ဖြစ်သော အန္ဓကဝေဏ္ဍမည်သာ ကျွန်သည် စောင့်ရှောက်ခြင်းကိုပြု၏။

ထိုအခါ၌ ဥတ္တရမဓုရမည်သော ပြည်၌ မဟာသာဂရ မည်သော မင်းသည် မင်းပြု၏။ ထိုမဟာသာဂရမင်းအား သာဂရ, ဥပသာဂရဟူသော သားတော်နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုသားတော်နှစ်ယောက်တို့တွင်လည်း သားတော်အကြီး သာဂရမင်းသားသည် ခမည်းတော် မဟာသာဂရမင်းကြီး နတ်ရွာစံသောအခါ မင်းဖြစ်၏။ ညီတော် ဥပသာဂရမင်းသားသည် အိမ်ရှေ့မင်းဖြစ်၏။

ဥပသာဂရမင်းသား

ထိုဥပသာဂရမင်းသားသည် ဥပကံသမင်း၏ အဆွေခင်ပွန်းဖြစ်၍ တစ်ဦးသောဆရာအထံ၌ အတူတကွ အတတ်သင်ဘက်တည်း။ ထိုအိမ်ရှေ့မင်း ဥပသာဂရသည် နောင်တော်သာဂရမင်း နန်းတွင်း၌ ပြစ်မှား၍ နောင်တော်ကို ကြောက်သည်ဖြစ်၍ ထွက်ပြေးပြီးလျှင် ကံသမင်းတို့၏ သုံးဆောင်ရာ နေရာဖြစ်သော အသိတဉ္စနမြို့၌ အိမ်ရှေ့မင်း ဥပကံသ၏အထံသို့ သွားလေ၏။ ထိုအိမ်ရှေ့မင်း ဥပကံသသည် ထိုဥပသာဂရ အိမ်ရှေ့မင်းကို နောင်တော် ကံသမင်းကြီးအား ပြ၏။ ကံသမင်းကြီးသည် ထိုဥပသာဂရအား ကြီးစွာသောစည်းစိမ်ကို ပေး၏။

ပင်တိုင်စံနှင့်ချစ်ကြပြီ

ထိုဥပသာဂရသည် ကံသမင်းကြီးအား ခစားအံ့သောငှာ သွားသည်ရှိသော် နှမတော် ဒေဝဂဗ္ဘာမင်းသမီး၏ စံရာ တပင်တိုင် နန်းပြာသာဒ်ကိုမြင်၍ ဤပြသာဒ်သည် အဘယ်သူ၏ နေရာပြာသာဒ်နည်း ဟု မေး၍ ထိုအကြောင်းကို ကြားသိရလျှင် ဒေဝဂဗ္ဘာ မင်းသမီး၌ တပ်စွန်းသောစိတ်ရှိသည် ဖြစ်၏။ ဒေဝဂဗ္ဘာ မင်းသမီးသည်လည်း တစ်နေ့သ၌ ဥပသာဂရ မင်းသားသည် ဥပတံသ အိမ်ရှေ့မင်းနှင့်အတူ မင်းအား ခစားခြင်းငှာ လာလတ်သည်ကို မြင်၍ ဤမင်းသားသည် အဘယ် မင်းသားနည်း ဟု မေး၏။ မဟာသာဂရမင်းကြီး၏ သားတော်ဖြစ်သော ဥပသာဂရ မင်းသားတည်း ဟု နန္ဒိဂေါပါ အမည်ရှိသော အလုပ်အကျွေးထံမှ ကြားသိရလျှင် ထိုဥပသာဂရ မင်းသား၌ တပ်စွန်းသောစိတ်ရှိသည် ဖြစ်၏။ ဥပသာဂရ မင်းသားသည် နန္ဒိဂေါပါမည်သော အထိန်းတော်အား တံစိုးပေးပြီးလျှင် နှမ ငါ့အား ဒေဝဂဗ္ဘာ မင်းသမီးကို ပြခြင်းငှာ တတ်နိုင်သလော ဟု ဆို၏။ ထိုနန္ဒိဂေါပါမည်သော အထိန်းတော်သည် အရှင်မင်းသား. ထိုဒေဝဂဗ္ဘာ မင်းသမီးကို ပြခြင်းသည် ဝန်မလေး ဟု ဆိုပြီး၍ ထိုအကြောင်းကို ဒေဝဂဗ္ဘာ မင်းသမီးအား တင်လျှောက်၏။ ထိုဒေဝဂဗ္ဘာ မင်းသမီးသည် ပကတိအားဖြင့်လည်း ထိုဥပသာဂရ မင်းသား၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ထိုစကားကို ကြားရလျှင် ကောင်းပြီဟု ဝန်ခံ၍ နန္ဒိဂေါပါမည်သော အထိန်းတော်သည် ဥပသာဂရ မင်းသားအား အမှတ်ကိုပေး၍ ညဉ့်အဖို့၌ ထိုဥပသာဂရ မင်းသားကို ပြာသာဒ်သို့တင်၏။

ဥပသာဂရ မင်းသားသည် ဒေဝဂဗ္ဘာ မင်းသမီးနှင့်တကွ မွေ့လျော်ပျော်ပါးခြင်းကို ပြု၏။ ထိုအခါ ထိုနှစ်ယောက်ကုန်သော မင်းသား၊ မင်းသမီးတို့၏ အဖန်တလဲလဲ မွေ့လျော်ပျော်ပါးခြင်းကြောင့် ဒေဝဂဗ္ဘာ မင်းသမီးသည် ကိုယ်ဝန်ကို ရ၏။ နောက်အဖို့၌ ထိုဒေဝဂဗ္ဘာ မင်းသမီးအား ကိုယ်ဝန်တည်ခြင်းသည် ထင်ရှားသည်ဖြစ်၍ မောင်တော် မင်းနှစ်ပါးသည် နန္ဒိဂေါပါကို မေးကုန်၏။ ထိုနန္ဒိဂေါပါသည် ဘေးမဲ့ကို တောင်း၍ ထိုအကြောင်းကို ကြားလျှောက်၏။ ထိုမောင်တော် မင်းနှစ်ပါးတို့သည် ကြားသိရလျှင် နှမတော်ကို ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကုန်။ သမီးကိုတည်း အကယ်၍ ဖွားအံ့၊ မဖျက်ဆီးကုန်အံ့၊ သားကိုတည်း အကယ်၍ဖွားအံ့၊ ဖျက်ဆီးကုန်အံ့ဟု ကြံ၍ ဒေဝဂဗ္ဘာ မင်းသမီးကို ဥပသာဂရ မင်းသားအားသာလျှင် ပေးကုန်၏။ ထိုဒေဝဂဗ္ဘာ မင်းသမီးသည် ရင့်သော ကိုယ်ဝန်ရှိ သည်ဖြစ်၍ သမီးကို ဖွား၏။

သားသမီး တစ်ကျိပ်တစ်ယောက် ထွန်းကား

နောင်တော် မင်းနှစ်ပါးတို့သည် ကြားရလျှင် အလွန်နှစ်သက်ကုန်သည်ဖြစ်၍ ထိုတူမမင်းသမီးအား အဉ္ဇနဒေဝီ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှမတော်, ယောက်ဖတော်တို့အား ဝဍ္ဎမာနမည်သော ရွာကို ကံကျွေးခံ ပေးကုန်၏။ ဥပသာဂရ မင်းသားသည် မြောက်သားတော် ဒေဝဂဗ္ဘာ မင်းသမီးကိုယူ၍ ဝဍ္ဎမာနမည်သော စားကျေးရွာ၌ နေ၏။ ဒေဝဂဗ္ဘာမင်းသမီး၌ တစ်ဖန် ကိုယ်ဝန် တည်ပြန်၏။ နန္ဒိဂေါပါသည်လည်း ထိုနေ့၌ပင် ကိုယ်ဝန်ရ၏။ ထိုနှစ်ယောက်သော မင်းသမီးဒေဝဂဗ္ဘာ, အထိန်းတော် နန္ဒိဂေါပါတို့သည် ကိုယ်ဝန် ရင့်ကုန်သည်ရှိသော် တစ်နေ့ချင်းသာလျှင် ဒေဝဂဗ္ဘာမင်းသမီးသည် သားယောကျ်ားကို ဖွား၏။ အထိန်းတော်နန္ဒိဂေါပါသည် သားမိန်းမကို ဖွား၏။ ဒေဝဂဗ္ဘာမင်းသမီးသည် သားကို မောင်တော် ဖျက်ဆီးအံ့သည်မှ ကြောက်သောကြောင့် သားကို နန္ဒိဂေါပါအား လျှို့ဝှက်သောအားဖြင့် ပေးလိုက်၍ ထိုနန္ဒိဂေါပါ၏ သမီးကို ဆောင်ယူခဲ့၏။ ထိုဒေဝဂဗ္ဘာမင်းသမီး သားဖွားသော အဖြစ်ကို မောင်တော်တို့အား ကြား လျှောက်ကုန်၏။ ထိုမောင်တော်တို့သည် သားယောကျ်ားကို ဖွားသလော၊ သားမိန်းမကို ဖွားသလောဟု မေး၍ သားမိန်းမကို ဖွား၏ဟူ၍ တင်လျှောက်သည်ရှိသော် ထိုသို့ သားမိန်းမ ဖွားတပြီးကား မွေးလေကုန် ဟု ဆိုကုန်၏။ ဤသို့နည်းအားဖြင့် ဒေဝဂဗ္ဘာ မင်းသမီးသည် တစ်ကျိပ်သော သားတို့ကို ဖွား၏။ နန္ဒိဂေါပါသည် ထစ်ကျိပ်သော သမီးတို့ကို ဖွား၏။ တစ်ကျိပ်သော သားတို့သည် အထိန်းတော် နန္ဒီဂေါပါ၏ အထံ၌ ကြီးကုန်၏။ တစ်ကျိပ်သော သမီးတို့သည် ဒေဝဂဗ္ဘာ မင်းသမီးအထံ၌ ကြီးကုန်၏။ တိုအကြောင်းကို တစ်စုံတစ်ယောက်သောသူသည် မသိ။

သားတော် ၁၀-ပါး

ဒေဝဂဗ္ဘာမင်းသမီး၏ သားတော် အကြီးသည် ဝါသုဒေဝ မည်၏။ နှစ်ယောက်မြောက်သော သားသည် ဗလဒေဝ မည်၏။ သုံးယောက်မြောက်သောသားသည် စန္ဒဒေဝ မည်၏။ လေးယောက်မြောက်သော သားသည် သူရိယဒေဝမည်၏။ ငါးယောက်မြောက်သော သားသည် အဂ္ဂိဒေဝမည်၏။ ခြောက်ယောက်မြောက်သော သားသည် ဝရုဏဒေဝ မည်၏။ ခုနစ်ယောက်မြောက်သောသားသည် အဇ္ဇုနမည်၏။ ရှစ်ယောက်မြောက် သောသားသည် ပဇ္ဇုနမည်၏။ ကိုးယောက်မြောက်သော သားသည် ဃဋပဏ္ဍိတမည်၏။ ဆယ်ယောက်မြောက်သော သားသည် အင်္ကုရမည်၏။

ဆိုးသွမ်းကြပြီ

ထိုတစ်ကျိပ်သော ညီနောင်တို့သည် အန္ဓကဝေဏ္ဍကျွန်၏ သားညီနောင်တစ်ကျိပ်ဟူ၍ အလွန်ထင်ရှားသည် ဖြစ်ကုန်၏။ ထိုတစ်ကျိပ်သော ညီနောင်တို့သည် နောက် အဖို့၌ ကြီးခြင်းသို့ ရောက်ကုန်၍ အစွမ်းနှင့်ပြည့်စုံကုန်သည် ခက်ထန်ကြမ်းတမ်းကုန်သည်ဖြစ်၍ လုယက်ဖျက်ဆီးခြင်းကို ပြုကုန်လျက် လှည့်ပတ်သွားလာကုန်၏။ မင်းအား ဆက်ရောက်သော လက်ဆောင်ပဏ္ဏာကိုလည်း လုယက်ဖျက်ဆီးကုန်သည်သာလျှင် ကတည်း။ လူတို့သည် စည်းဝေးကုန်၍ အန္ဓကဝေဏ္ဍကျွန်၏ သားဖြစ်ကုန်သော ညီနောင်တစ်ကျိပ်တို့သည် တိုင်းနိုင်ငံကို လုယက်ဖျက်ဆီးကုန်၏ ဟု မင်းရင်ပြင်၌ ကြွေးကြော်ကုန်၏။ ကံသမင်းကြီးသည် အန္ဓကဝေဏ္ဍမည်သော ကျွန်ကိုခေါ်၍ အဘယ့်ကြောင့် သားတို့ကို လုယက်ဖျက်ဆီးခြင်းကို ပြုစေသနည်း ဟု ခြိမ်းခြောက်၏။ ဤသို့လျှင် နှစ်ကြိမ်မြောက်လည်းကောင်း သုံးကြိမ်မြောက်လည်းကောင်း လူတို့သည် ကြွေးကြော်ကုန်သည်ရှိသော် ကံသမင်းကြီးသည် ထိုအန္ဓကဝေဏ္ဍကျွန်ကို ခြိမ်းခြောက်သည်သာလျှင်တည်း။

မင်းသားတို့ကို ဖမ်းမည်

ထိုအန္ဓကဝေဏ္ဍသည် သေဘေးမှကြောက် သည်ဖြစ်ရကား အလုံးစုံသော အကြောင်းကို ပြောကြား၏။ မင်းကြီးသည် အလွန် ကြောက် သည်ဖြစ်၍ အဘယ်သို့သော အကြောင်းဖြင့် ထိုမင်းသားတို့ကို ဖမ်းကုန်အံ့နည်း ဟု အမတ်တို့ကို မေး၏။ အရှင်မင်းကြီး ထိုတစ်ကျိပ်သော

ညီနောင်တို့သည် လက်ဝှေ့ သတ်ခြင်း လက်ပမ်းလုံးခြင်း၌ ကြူးကုန်၏။ မြို့တော်၌ လက်ဝှေ့ပွဲသဘင်ကို ပြုစေ၍ ထိုအခါ တစ်ကျိပ်သော ညီနောင်တို့ကို လက်ဝှေ့သတ်ရာ ပွဲသဘင်သို့ လာကုန်သော် လူတို့ကို ဖမ်းစေ၍ ဆောင်ကုန်အံ့ ဟု လျှောက်ကုန်သည်ရှိသော် စာရုရမည်သော လက်ပမ်းသည်, မုဋ္ဌိကမည်သောလက်ပမ်းသည်, ဤနှစ်ယောက်ကုန်သော လက်ပမ်းသည်တို့ကို စေလွှတ်၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ လက်ဝှေ့သတ်ခြင်း၊ လက်ပမ်းလုံးခြင်း ပွဲသဘင်သည် ဖြစ်လတ္တံ့ ဟု မြို့၌ စည် လည်စေ၍ မင်းရင်ပြင်၌ လက်ဝှေ့ပွဲသဘင် မဏ္ဍပ်ကို စီရင်ပြီးလျှင် သူကောင်ချရာတွင်းကို တူးစေ၍ လက်ဝှေ့ပွဲသဘင်မဏ္ဍပ်ကို တန်ဆာဆင်၍ တံခွန်ကုက္ကားကို စိုက်စေကုန်၏။

မင်းသားတို့ လာကြပြီ

မြို့အလုံးသည် အုတ်အုတ်ကျက်ကျက် ရှိသည်ဖြစ်၏။ လှည်းအဆင့်ဆင့် ညောင်စောင်း အဆင့်ဆင့်ဖွဲ့၍ စာရုရ လက်ပမ်းသည် မုဋ္ဌိက လက်ပမ်းသည်တို့သည် လက်ဝှေ့ပွဲသဘင်မဏ္ဍပ်သို့ လာကုန်လျက် ကြွေးကြော်ကုန်လျက် ကြူး ကုန်လျက် လက်ပမ်းပေါက်ခတ်ကုန်လျက် သွားကုန်၏။ ညီနောင်တစ်ကျိပ်တို့သည်လည်း လာလတ်ကုန်၍ ထမင်းရောင်းသော ခရီး, နံ့သာရောင်းသော ခရီး, ခဝါသည်ခရီး၌ လုယက်ဖျက် ဆီး၍ နီသောအဆင်းရှိသော ပုဆိုးတို့ကို ဝတ်၍ နံ့သာရောင်းသော ဈေးတို့၌ နံ့သာကို။ ပန်းရောင်းသော ဈေး၌ ပန်းကို လုယက်၍ နံ့သာကို လိမ်းပြီးသော ကိုယ်ရှိကုန်သည်ဖြစ်၍ ပန်းပန်ကုန်လျက် ရွှေနားတောင်း ဝတ်လျက် ကြွေးကြော်ကုန်လျက် လက်ပမ်းပေါက် ခတ်ကုန်လျက် လက်ဝှေ့ပွဲသဘင်သို့ ဝင်လာကြကုန်၏။

စာရုရလက်ပမ်းသည် သေရပုံ

ထိုခဏ၌ စာရုရမည်ထော လက်ပမ်းသည်သည် လက်ပမ်းပေါက်ခတ်လျက် ပွဲသဘင်အလယ်၌ လှည့်ပတ်၏။ ဗလဒေဝ မင်းသားသည် ထိုစာရုရမည်သော လက်ပမ်းသည်ကို မြင်၍ ထိုလက်ပမ်းသည်ကို လက်ဖြင့် မထိစေအံ့ ဟု ဆင်တင်းကုပ်မှ ကြီးစွာသော ဆင်ချည်ကြိုးကိုယူ၍ ကြွေးကြော်ကြုံးဝါးလျက် ဆင်ချည်ကြိုးကိုပစ်၍ စာရုရလက်ပမ်းသည်ကို ဝမ်း၌ ရစ်၍ လွန်စနှစ်ဖက်တို့ကို တစ်ပေါင်းတည်းပြု၍ ကျစ်ပြီးလျှင် မြှောက်၍ ဦးခေါင်းထက်၌ ချာချာလှည့်၍ မြေ၌ ရိုက်ခတ်သတ်ပြီးလျင် ပွဲပြင်၌ သူကောင်ချရာ တူးသောတွင်းသို့ ပစ်လိုက်၏။

မုဋ္ဌိကလက်ပမ်းသည် သေရပုံ

စာရုရလက်ပမ်းသည် သေသည်ရှိသော် ကံသမင်းကြီးသည် မုဋ္ဌိကမည်သော လက်ပမ်းသည်ကို စေ၏။ ထိုမုဋ္ဌိက လက်ပမ်းသည်သည် ထ၍ ကြွေးကြော်ကြုံးဝါး၍ လက်ပမ်းပေါက် ခတ်၏။ ဗလဒေဝ မင်းသားသည် ထိုမုဋ္ဌိကမည်သော လက်ပမ်းသည်ကို ပုတ်ခတ်၍ အရိုးတို့ကို မှုန့်မှုန့်ညက်ညက်ကြေစေ၍ လက်ပမ်းသည်ဟူသည် အမောင်လောဟု မေး၍ ငါ လက်ပမ်းသည် တကားဟူ၍ ဆို၏။ ထိုသို့ ဆိုစဉ်ပင်လျှင် "ငါသည် နင်လက်ပမ်းသည် ဟုတ်သည်၏ အဖြစ်ကိုလည်းကောင်း လက်ပမ်းသည် မဟုတ်သည်၏ အဖြစ်ကိုလည်းကောင်း မသိ ဟု လက်ကိုကိုင်၍ မြေ၌ ရိုက်ခတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ပွဲပြင်၌ သူကောင်ချရာ တူးသောတွင်းသို့ ပစ်ချလိုက်၏။

မုဋ္ဌိကလက်ပမ်းသည်သည် ဘီလူးကြီးဖြစ်၍ ထိုမင်းသားကို စားရလို၏ ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုမုဋ္ဌိက လက်ပမ်းသည်သည် ကာလမတ္တိကမည်သော တောအုပ်၌ ဘီလူးကြီး ဖြစ်၏။

ကံသမင်း၂-ပါး နတ်ရွာစံကြ

ဦးရီးတော် ကံသမင်းကြီးသည် ကျွန့်သား ညီနောင် တစ်ကျိပ်တို့ကို ဖမ်းကြကုန်ဟု ထ၏။ ထိုသို့ ထသောခဏ၌ ဝါသုဒေဝ မင်းသားသည် စက်လက်နက်ကို ပစ်၏။ ထိုစက်လက်နက်သည် ဦးရီးတော် ညီနောင်မင်းနှစ်ပါးတို့၏ ဦးခေါင်းတို့ကို ကျစေ၏။ လူများအပေါင်းသည် ကြောက်ထိတ်လန့်သည်ဖြစ်၍ အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်ပါကုန်လော့ဟု ဆို၍ ထိုညီနောင်တစ်ကျိပ်တို့၏ ခြေတို့၌ ဝပ်၍ လျှောက်၏။

အယုဇ္ဈပြည်ကိုသိမ်း

ထိုညီနောင် တစ်ကျိပ်တို့သည် ဦးရီးတော်မင်းနှစ်ပါးတို့ကို သတ်၍ အသိတဉ္စနမြို့၌ မင်းစည်းစိမ်ကိုယူ၍ မယ်တော်ခမည်းတော်တို့ကို အသိတဉ္ဇနမြို့၌ထား၍ နေကုန်၏။ ထိုတစ်ကျိပ်သော မင်းညီနောင်တို့သည် ဇမ္ဗူဒိပ်ကျွန်း အလုံး၌ရှိသော မင်းအဖြစ်ကို ယူကုန်အံ့ ဟု မြို့မှထွက်၍ အစဉ်သဖြင့် ကာဠာယောနကမည်သော မင်း၏ နေရာဖြစ်သော အယုဇ္ဈမြို့သို့ ရောက်လျှင် မြို့ကိုခြံရံ၍တည်သော ကျုံးသစ်ပင် ချုံပိတ်ပေါင်းတို့ကို ထွင်ပြီးလျှင် မြို့တံတိုင်းကို ဖျက်ဆီး၍ ယောနကမင်းကို ဖမ်းယူပြီးလျှင် ထိုအယုဇ္ဈပြည်ကို မိမိတို့လက်သို့ ရောက်သည်ပြု၍ ဒွါရဝတီပြည်သို့ ရောက်လေကုန်၏။

အာကာပျံဝဲ မြို့သံတွဲ

ထိုဒွါရာဝတီမြို့၏ တစ်ဖက်မျက်နှာမှာကား သမုဒ္ဒရာ၊ တစ်ဖက်မျက်နှာကား တောင်ရှိ၏။ ထိုဒွါရာဝတီမြို့ကို ဘီလူးတို့သည် သိမ်းဆည်းသည် ဖြစ်တတ်။ ထို့မြို့ကို စောင့်ရှောက်သော ဘီလူးတို့သည် ရန်သူတို့ကိုမြင်၍ မြည်း၏ အသွင်ဖြင့် မြည်းသံကိုမြည်၏။ ထိုသို့မြည်သောခဏ၌ ဘီလူးတို့၏အာနုဘော်ဖြင့် မြို့အလုံးသည် ကောင်းကင်၌ ပျံတက်၍ မဟာသမုဒ္ဒရာဝယ် ကျွန်းငယ်တစ်ခု၌ တည်၏။ ရန်သူတို့သွားကုန်သည်ရှိသော် တစ်ဖန်ပြန်လတ်၍ မိမိနေရာ၌သာလျှင် တည်၏။ ထိုမင်းညီနောင်တစ်ကျိပ်တို့ ရောက်လာသောအခါ၌လည်း မြည်းယောင်ဆောင်သော ဘီလူးသည် ထိုမင်းညီ နောင် တစ်ကျိပ်တို့၏ လာခြင်းကိုသိ၍ မြည်း၏ မြည်ခြင်းကို မည်၏။ ထိုမြို့သည် ကောင်းကင်သို့ ပျံတက်၍ သမုဒ္ဒရာကျွန်းငယ်၌ တည်၏။ ထိုညီနောင်မင်းတို့သည် မြို့ကိုမမြင်ကုန်၍ ပြန်ကုန်သည်ရှိသော် တစ်ဖန်လာပြန်၍ မိမိနေရာအရပ်၌ တည်၏။

ထိုမင်းညီနောင်တို့သည် ဒွါရာဝတီမြို့သို့ တစ်ဖန်ပြန်လာကုန်၏။ တစ်ဖန်လည်း မြည်းသည် ထို့အတူသာလျှင် ပြု၏။ ထိုမင်း ညီနောင် တစ်ကျိပ်တို့သည် ဒွါရာဝတီပြည်၌ မင်းအဖြစ်ကို ယူခြင်းငှာ မတတ်နိုင်သည်ဖြစ်၍

ကဏှဒီပါယန အမည်ရှိသော ရသေ့အထံသို့ သွားပြီးလျှင် ရှိခိုးကုန်၍ အရှင်ဘုရား အကျွန်ုပ်တို့သည် ဒွါရာဝတီမြို့၌ မင်းအဖြစ်ကို ယူခြင်းငှာမတတ်နိုင်ကု၊ န် အကျွန်ုပ်တို့အား တစ်ခုသောအကြောင်းကို ပြုတော်မူပါကုန်လော့ ဟု မေး၍ ကျုံးအပြင်အရပ်၌ တစ်ခုသော မြည်းသည်ရှိ၏။ ထိုမြည်းသည်လျှင် ရန်သူတို့ကိုမြင်၍ မြည်၏။ ထိုမြည်သောခဏ၌ မြို့သည် ပျံသွား၏။ သင်တို့သည် ထိုမြည်း၏ ခြေတို့ကို ကိုင်လေကုန်၊ ဤသည်လျှင် သင်တို့၏ အလိုပြီးခြင်း၏ အကြောင်းတည်း ဟု ဆိုလတ်သော် ထိုမင်း ညီနောင် တစ်ကျိပ်တို့သည် ရှင်ရသေ့ကို ရှိခိုးပြီးလျှင် သွားလေ၏။ ထိုတစ်ကျိပ်သော မင်းညီနောင်တို့သည်ပင်လျှင် မြည်း၏ ခြေ၌ကိုင်ပြီးဝပ်၍ အရှင့်ကိုထား၍ အရှင်တစ်ပါးသော သူသည် ကိုးကွယ်ရာမရှိပါ၊ ငါတို့ မြို့ကို သိမ်းယူသောအခါ မမြည်ပါလင့် ဟု တောင်းပန်ကုန်၏။

ဒွါရဝတီပြည်ကို သိမ်းပြီ

မြည်းသည် ငါသည် မမြည်ဘဲနေခြင်းငှာ မတတ်ကောင်း၊ သင်မင်းသားတို့သည်ကား ရှေးဦးစွာ လာလတ်ကုန်၍ လေးယောက်ကုန်သောသူတို့သည် ကြီးစွာသော သံချောင်းတို့ကိုယူ၍ မြို့တံခါး လေးမျက်နှာတို့၌ ကြီးစွာသော သံတံသင်းတို့ကို မြေ၌စိုက်၍ မြို၏ ပျံအံ့သောကာလ၌ သံချောင်းတို့ကိုကိုင်၍ သံချောင်း၌ ဖွဲ့အပ်သော သံကွင်းကို သံတံသင်း၌ စွပ်လေကုန်၊ မြို့သည် ပျံခြင်းငှာ မတတ်နိုင်လတ္တံ့ ဟု ဆို၏။ ထိုမင်းညီနောင်တို့သည် ကောင်းပြီဟု ဆိုလေ၍ ထိုနေ့ ညဉ့်သန်းခေါင်ယံ၌ပင်လျှင် သံချောင်းတို့ကိုယူ၍ မြို့တံခါးလေးမျက်နှာတို့၌ သံတံသင်းတို့ကို မြေ၌စိုက်၍ တည်ကုန်၏။ ထိုခဏ၌ မြည်းသည် မြည်၏။ မြို့သည် ပျံခြင်းငှာအားထုတ်၏။ တံခါးလေးမျက်နှာတို့၌ တည်ကုန်သော မင်းသားတို့သည် လေးခုသော သံချောင်းတို့ဖြင့် ကိုင်ကုန်၍ သံချောင်း၌ ဖွဲ့အပ်သော သံကွင်းတို့ကို သံတံသင်းဖွဲ့ကုန်၏။ မြို့သည် ပျံခြင်းငှာ မတတ်နိုင်။ မင်းညီနောင်တစ်ကျိပ်တို့သည် ထို့နောင်မှ မြို့သို့ဝင်ပြီးလျှင် မင်းကိုသတ်၍ ဒွါရဝတီပြည်ကို ယူကုန်၏။ ဤသို့လျှင် ထိုမင်းညီနောင်တစ်ကျိပ်တို့သည် ဇမ္ဗူဒိပ်ကျွန်းအလုံးဝယ် ခြောက်သောင်း သုံးထောင်သော မြို့တို့၌ ခြောက်သောင်းသုံးထောင်သော မင်းတို့ကို စက်လက်နက်ဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေ၍ ဒွါရဝတီပြည်ကြီး၌ နေကုန်လျက် ပြည်ထောင်အပေါင်းတို့ကို ဆယ်စုစု၍ ခွဲဝေကုန်၏။

နှမတော် အဉ္စနဒေဝီကိုကား မအောက်မေ့မိကုန်။ ထိုနောင်တစ်ဖန် ဆယ့်တစ်စု စု၍ ဝေအံ့ဟု ဆိုသည်ရှိသော် အင်္ကုရမင်းသားသည် အကျွန်ုပ်၏ အစုတစ်စုကို နှမတော် အဉ္စနဒေဝီအား ပေးတော်မူကုန်လော့၊ အကျွန်ုပ်သည် ကုန်သွယ်ခြင်းကိုပြု၍ အသက်မွေးပါအံ့၊ စင်စစ်သော်ကား နောင်တော်တို့သည် မိမိတို့၏ဇနပုဒ်၌ အကျွန်ုပ်အား အခွန်ကိုသာ လွှတ်တော်မူကုန်လော့ဟု ဆို၏။ ထိုနောင်တော်မင်းတို့သည် ကောင်းပြီ ဟု ဝန်ခံကုန်၍ ထိုအင်္ကုရ မင်းသား၏အစုကို နှမတော် အဉ္စနဒေဝီအား ပေး၍ ထိုနှမတော် အဉ္စနဒေဝီနှင့်တကွ ကိုးယောက်ကုန်သော မင်းတို့သည် ဒွါရာဝတီပြည်ကြီး၌ နေကုန်၏။ ညီတော်အင်္ကုရမင်းသားသည်ကား ကုန်သွယ်ခြင်းကိုပြု၏။ ဤသို့လျှင် ထိုမင်းသားညီနောင်တို့သည် နောက်အဖို့၌ သား သမီးတို့ဖြင့် ပွားများကုန်သည်ရှိသော် ရှည်မြင့်စွာသောကာလ လွန်လတ်သော် မယ်တော် ခမည်းတော်တို့သည် သေကုန်၏။

ထိုအခါ လူတို့၏ အသက်တစ်သောင်းရှည်သော ကာလ၌ ဖြစ်သတတ်။ ထိုအခါ ဝါသုဒေဝ မင်းကြီး၏ သားတော်တစ်ယောက်သည် သေ၏။ ဝါသုဒေဝ မင်းကြီးသည် စိုးရိမ်သောက နှိပ်စက်သည်ဖြစ်၍ အလုံးစုံသော အမှုကိစ္စတို့ကို ပယ်၍ ညောင်စောင်းပေါင်၌ဖက်၍ ငိုမြည်တမ်းလျက် လျေင်း၏။

ရူးဟန်ဆောင်၍ မင်းကြီးသောကကို ဖျောက်

ထိုအခါ ညီတော် ဃဋပဏ္ဍိတ မင်းသားသည် ကြံ၏။ ငါ့ကိုထား၍ ငါမှတစ်ပါးသော တစ်စုံ တစ်ယောက်သော သူသည် နောင်တော်မင်းကြီး၏ စိုးရိမ်ခြင်းကို ဖျောက်ခြင်းငှာ စွမ်းနိုင်သောသူ မည်သည်မရှိ၊ သင့်သောအကြောင်းဖြင့် ထိုနောင်တော်မင်းကြီး၏ စိုးရိမ်ခြင်းကို ဖျောက်အံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုဃဋပဏ္ဍိတ မင်းသားသည် သူရူးအသွင်ကိုယူ၍ ငါ့အား ယုန်ကို ပေးကုန်လော့၊ ငါ့အား ယုန်ကို ပေးကုန်လော့ ဟု ဆို၍ ကောင်းကင်သို့ ကြည့်လျက် မြို့အလုံးကို လှည့်လည်၏။ ဃဋပဏ္ဍိတ မင်းသားသည် ရူးသည်ဖြစ်၏ ဟု မြို့အလုံးသည် ချောက်ချား၏။ ထိုခဏ၌ ရောဟိဏေယျအမည်ရှိသော အမတ်သည် ဝါသုဒေဝ မင်းကြီး၏အထံသို့ သွား၍ ထိုဝါသုဒေဝမင်းကြီးနှင့်တကွ စကားကို ဖြစ်စေလိုသည်ဖြစ်၍-

၁၆၅။ ဥဋ္ဌေဟိ ကဏှ ကိံ သေသိ၊ ကော အတ္ထော သုပနေန တေ။
ယောပိ တုယှံ သကော ဘာတာ၊ ဟဒယံ စက္ခုစ ဒက္ခိဏံ။
တဿ ဝါတာ ဗလီယန္တိ၊ ဃဋော ဇပ္ပတိ ကေသဝ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၆၅။ ကေသဝ၊ တင့်တယ်သော ဆံရှိသော။ ကဏှ၊ တဏှာယနအနွယ် ဖြစ်တော်မူသော။ ဒေဝ၊ အရှင်မင်းကြီး။ ဥဋ္ဌေဟိ၊ ထတော်မူဦးလော့။ ကိံ၊ အဘယ်ကြောင့်။ သေသိ၊ အိပ်တော်မူသနည်း။ တေ၊ အရှင်မင်းကြီး။ သုပနေန၊ အိပ်ခြင်းဖြင့်။ ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ သကော ဘာတာ၊ ရှင်မင်းကြီး၏ညီတော်ရင်းဖြစ်သော။ ယောပိ၊ အကြင် ဃဋပဏ္ဍိတ မင်းသားသည်လည်း။ တုယှံ၊ အရှင်မင်းကြီး၏။ ဟဒယဉ္စ၊ နှလုံးသည်းပွတ်နှင့်လည်း တူ၏။ ဒက္ခိဏံ စက္ခုစ၊ လက်ယာမျက်စိတော်နှင့်လည်းတူ၏။ တဿ၊ ထိုညီတော် ဃဋပဏ္ဍိတမင်းသား၏။ ဟဒယံ၊ နှလုံးကို။ ဝါတာ၊ လေတို့သည်။ ယတော၊ အကြင့်ကြောင့်။ ဗလီယန္တိ၊ ပျံလွင့်လွှမ်းမိုးကုန်၏။ တတော၊ ထိုကြောင့်။ ဃဋော၊ ညီတော် ဃဋပဏ္ဍိတ မင်းသားသည်။ ဇပ္ပတိ၊ ငါ့အား ယုန်ကိုပေးလော့ ငါ့အားယုန်ကို ပေးလော့ ဟု မြည်တမ်း၏။

ဝါသုဒေဝ မင်းကြီးလာပြီ

ဤသို့ ရောဟိဏေယျ မည်သောအမတ်သည် လျှောက်သည်ရှိသော် ညီတော် ဃဋပဏ္ဍိတမင်းသား ရူးသော အဖြစ်ကိုသိ၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၁၆၆။ တဿ တံ ဝစနံ သုတွာ၊ ရောဟိဏေယျဿ ကေ သူဝေါ။
တရမာနရယပေါ ဝုဋ္ဌာသိ၊ ဘာတု သောကေန အဍ္ဍိတော။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။

၁၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ကေသဝေါ၊ တင့် တယ်သောဆံပင်ရှိသော။ ဘာတု၊ နောင်တော် ဝါသုဒေဝမင်းကြီးသည်။ ရောဟိဏေယျဿ၊ ရောဟိဏေယျ အမည်ရှိသော။ တဿ၊ ထိုအမတ်၏။ တံဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ သောကေန၊ ညီတော် ဃဋပဏ္ဍိတ၌ စိုးရိမ်ခြင်းသည်။ အဍ္ဍိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ တရမာနရူပေါ၊ အဆောတလျင်။ ဝုဋ္ဌာသိ၊ ထ၏။

ဘာလို့ အော်နေသလဲ

ဝါသုဒေဝ မင်းကြီးသည် ထပြီး၍ လျင်မြန်စွာ ပြာသာဒ်ထက်မှ ဆင်းသက်၍ ညီတော်ဃဋပဏ္ဍိ မင်းသားထံသို့သွား၍ လက်နှစ်ဖက်တို့ကိုင်၍ ဃဋဏ္ဍိတနှင့်တကွ စကားပြောလိုရကား-

၁၆၇။ ကိန္နု ဥမ္မတ္တရူပေါဝ၊ ကေဝလံ နဂရ ဣမံ။
သသော သသောတိ လပသိ၊ ကောနု တေ သသမာဟရိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၆၇။ ကနိဋ္ဌ၊ ညီထွေး ဃဋပဏ္ဍိတ။ ကိန္နု၊ အဘယ့်ကြောင့်လျှင်။ ဥမ္မတ္တရူပေါ၊ ရူးသောသူကဲ့သို့ရှိသည်။ အသိ၊ ဖြစ်သနည်း။ ကိံ နု၊ အဘယ့်ကြောင့်။ ကေဝလံ၊ အလုံးစုံသော။ ဣမံ နဂရံ၊ ဤဒွါရဝတီမြို့ကို။ စရန္တော၊ လှည့်ပတ်လျက်။ သသော သသောတိ၊ ယုန်ပေးပါ, ယုန်ပေးပါဟူ၍။ လပသိ၊ မြည်တမ်းဘိသနည်း။ ကော၊ အဘယ်သူသည်လျှင်။ တေ၊ သင်ညီချစ်၏။ သသံ၊ ယုန်ကို။ အာဟရိ နု၊ ခိုးယူလေသနည်း။

ယုန်ကိုပေးမယ်

ထိုဃဋပဏ္ဍိတမင်းသားသည် နောင်တော် ဝါသုဒေဝမင်းကြီး ဆိုသော်လည်း အဖန်တလဲလဲ ယုန်ပေးပါ, ယုန်ပေးပါဟူသော စကားကိုသာလျှင် ဆို၏။ နောင်တော် ဝါသုဒေဝမင်းကြီးသည်-

၁၆၈။ သောဝဏ္ဏမယံ မဏိမယံ၊ လောဟမယံ ရူပိယာမယံ။
သင်္ခသိလာပဝါဠမယံ၊ ကာရယိဿာမိ တေ သယံ။
၁၆၉။ သန္တိ အညေပိ သသကာ၊ အရညေ ဝနဂေါစရာ။
တေပိ တေ အာနယိဿာမိ၊ ကီဒိသံ သသမိစ္ဆသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၆၈။ ကနိဋ္ဌ၊ ညီထွေး ဃဋပဏ္ဍိတ။ တေ၊ သင်ညီချစ်အား။ သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြီးသော။ သသံ၊ ယုန်ကိုလည်းကောင်း။ မဏိမယံ၊ ပတ္တမြားဖြင့်ပြီးသော။ သသံ၊ ယုန်ကိုလည်းကောင်း။ လောဟမယံ၊ ကြေးဖြင့်ပြီးသော။ သသံ၊ ယုန်ကိုလည်းကောင်း။ အထ၊ ထိုမှ တစ်ပါး။ ရူပိယယံ၊ ငွေဖြင့်ပြီးသော။ သသံ၊ ယုန်ကိုလည်းကောင်း။ သင်္ခသိလာပဝါဠမယံ၊ ခရုသင်း, ကျောက်သလင်း, သန္တဖြင့်ပြီးသော။ သသံ၊ ယုန်ကိုလည်းကောင်း။ ကာရယိဿာမိ၊ ပြုစေအံ့။

၁၆၉။ အညေပိ၊ တစ်ပါးလည်းဖြစ်ကုန်သော။ အရညေ၊ တော၌။ ဝနဂေါစရာ၊ တော၌သာလျှင် ကျက်စားရာရှိကုန်သော။ သသကာပိ၊ ယုန်ငယ်တို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုတော၌နေသော ယုန်တို့ကိုလည်း။ တေ၊ သင်ညီချစ်အား။ အာနယိဿာမိ၊ ဆောင်၍ပေးအံ့။ ကီဒိသံ၊ အဘယ်သို့သဘောရှိသော။ သသံ၊ ယုန်ကို။ တွံ၊ သင်ညီချစ်သည်။ ဣစ္ဆသိ၊ အလိုရှိသနည်း။

လ-ယုန်ကိုပေးပါ

နောင်တော် ဝါသုဒေဝမင်းကြီး၏စကားကို ကြား၍ ညီတော် ဃဋပဏ္ဍိတမင်းသားသည်-

၁၇၀။ န စာဟမေတေ ဣစ္ဆာမိ၊ ယေ သသာ ပထဝိဿိတာ။
စန္ဒတော သသမိစ္ဆာမိ၊ တံ မေ ဩဟရ ကေသဝ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၀။ ကေသဝ၊ ကေသဝအမည်ရှိသော။ အဂ္ဂဇန၊ နောင်တော်မင်းမြတ်။ ပထဝိဿိတာ၊ မြေကိုမှီ၍ နေကုန်သော။ ယေ သသာ၊ အကြင်ယုန်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေ၊ ထိုမြေကိုမှီ၍နေကုန်သော ယုန်တို့ကို။ အဟံ၊ ငါသည်။ န စ ဣစ္ဆာမိ၊ အလိုမရှိ။ စန္ဒတော၊ လမှ။ ယံ သသံ၊ အကြင်ယုန်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ တံ သသံ၊ ထို လ, ကိုမှီသောယုန်ကို။ မေ၊ ငါ့အား။ ဩဟရ၊ ချဆောင်တော်မူလော့။

မရနိုင်တာ မလိုချင်နှင့်

နောင်တော် ဝါသုဒေဝမင်းကြီးသည် ညီတော် ဃဋပဏ္ဍိတ စကားကိုကြား၍ မချွတ်လျှင် ညီတော်သည် ရူးသည်သာလျှင် ဖြစ်ချေပြီဟု နှလုံးမသာခြင်းသို့ ရောက်သည်ဖြစ်၍-

၁၇၁။ သော နူန မဓုရံ ဉာတိ၊ ဇီဝိတံ ဝိဇဟိဿသိ။
အပတ္ထိယံ သော ပတ္ထယသိ၊ စန္ဒတော သသမိစ္ဆသိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၇၁။ ဉာတိ၊ ညီထွေး ဃဋပဏ္ဍိတ။ သော တွံ၊ ထိုညီချစ်သည်။ စန္ဒတော၊ လမှ။ ယံ သသံ၊ အကြင်ယုန်ကို။ ဣစ္ဆသိ၊ တောင့်တ၏။ အပတ္ထိယံ၊ မတောင့်တအပ်သော။ တံ သသံ၊ ထိုယုန်ကို။ ပတ္ထယသိ၊ တောင့်တဘိ၏။ သော တွံ၊ ထိုညီချစ်သည်။ မဓုရံ၊ ကောင်းမြတ်လှစွာသော။ ဇီဝိတံ၊ အသက်ကိုသော်လည်း။ ဝိဇဟိဿသိ နူန၊ စွန့်အပ်ရသည်တကား။ သသံ၊ လ၌ထင်သော ယုန်ကို။ န လဘတိ၊ မရနိုင်လတ္တံ့။

သားကော အသက်ပြန်ရှင်မလား

ဃဋပဏ္ဍိတ မင်းသားသည် နောင်တော် ဝါသုဒေဝမင်းကြီး၏စကားကို ကြားလျှင် မတုန်မလှုပ် ရပ်၍ နောင်မင်းမြတ်သည် လမှ ယုန်ကိုတောင့်တသော အကျွန်ုပ်အား ထိုယုန်ကို မရနိုင်၍သာလျှင် အသက်ကုန်အံ့သောအဖြစ်ကို သိပါလျက် အဘယ့်ကြောင့် သေလေပြီးသော သားတော်ကို စိုးရိမ်ဘိသနည်း ဟု ဆို၍-

၁၇၂။ ဧဝံ စေ ကဏှ ဇာနာသိ၊ ယဒညမနုသာသတိ။
ကသ္မာ ပုရေ မတံ ပုတ္တံ၊ အဇ္ဇာပိ မနုသောစသိ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၇၂။ ကဏှ၊ ကဏှအနွယ်ဖြစ်တော်မူသော။ ရာဇ၊ နောင်တော်မင်းမြတ်။ ဧဝံ၊ ဤသို့။ စေ ဇာနာသိ၊ အကယ်၍ သိအံ့။ ဇာနန္တော၊ သိသည်ဖြစ်၍။ အညံ၊ တစ်ပါးသောသူကို။ ယဒိ အနုသာသတိ၊ အကယ်၍ ဆုံးမသည်ဖြစ်အံ့။ အထ၊ ထိုသို့ဖြစ်ပါလျက်။ ပုရေ၊ ရှေးလေးလအထက်၌။ မတံ၊ သေလေပြီးသော။ ပုတ္တံ၊ သားတော်ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ အဇ္ဇပိ၊ ယခုထက်တိုင်အောင်လည်း။ အနုသောစသိ၊ စိုးရိမ်ဘိသနည်း။

မင်းကြီးကိုတရားပြ

ဤသို့လျှင် ဃဋပဏ္ဍိတမင်းသားသည် ခရီးမူ၍ ရပ်လျက်သာလျှင် နေင်တော မင်းမြတ် အကျွန်ုပ်သည် ထိုမျှလောက် ထင်ရှားသောယုန်ကို တောင့်တ၏။ နောင်တော်မင်းမြတ်သည်မူကား မထင်သော သားတော်၏အကျိုးငှာ စိုးရိမ်ဘိ၏ ဟု ဆို၍ ထိုနောင်တော် ဝါသုဒေဝမင်းအား တရားဟောလိုရကား-

၁၇၃။ ယံ န လဗ္ဘာ မနုဿေန၊ အမနုဿေန ဝါ ပုန။
ဇာတော မေ မာ မရိ ပုတ္တော၊ ကုတော လဗ္ဘာ အလဗ္ဘိယံ။
၁၇၄။ န မန္တာ မူလဘေသဇ္ဇာ၊ ဩသဓေဟိ ဓနေန ဝါ။
သက္ကာ အာနယိတုံ ကဏှ၊ ယံ ပေတမနုသောစသိ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၁၇၃။ ဘာတိက၊ နောင်တော်မင်းမြတ်။ ဇာတော၊ ဖြစ်ပြီးသော။ မေ ပုတ္တော၊ ငါ၏သားသည်။ ပုန၊ တစ်ဖန်။ မာ မရိ၊ မသေပါစေလင့်။ ဣတိ၊ ဤ သို့။ ယံ သဘာဝံ၊ အကြင် မသေအံ့သော သဘောကို။ မနုဿေန ဝါ၊ လူသည်လည်းကောင်း။ အမနုဿေန ဝါ၊ နတ်ဗြဟ္မာသည်လည်းကောင်း။ ယသ္မာ၊ အကြင့်ကြောင့်။ န လဗ္ဘာ၊ မရအပ်ကုန်။ တသ္မာ၊ ထို့ကြောင့်။ အလဗ္ဘိယံ၊ တောင့်တ၍ မရအပ်သော သဘောကို။ ကုတော လဗ္ဘာ၊ အဘယ်မှာ ရနိုင်အံ့နည်း။

၁၇၄။ ကဏှ၊ ကဏှာယနအနွယ် ဖြစ်တော်မူသော။ ဘာတိက၊ နောင်တော်မင်းမြတ်။ တွံ၊ သင်နောင်တော်မင်းမြတ်သည်။ ယံ ပေတံ၊ အကြင် တမလွန်ဘဝသို့ သွားလေပြီးသောသူကို။ အနုသောစသိ၊ စိုးရိမ်ဘိ၏။ တံ ပေတံ၊ ထိုတမလွန်ဘဝသို့ သွားလေပြီးသောသူကို။ မန္တာ၊ မန္တရားဗေဒင်ဖြင့်လည်းကောင်း။ မူလဘေသဇ္ဇာ၊ အမြစ်ပေါင်းဆေးဖြင့်လည်းကောင်း။ ဩသဓေဟိ၊ အထူးထူးသောဆေးတို့ဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာပေးသဖြင့်လည်းကောင်း။ အာနယိတုံ၊ တစ်ဖန် ဆောင်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

ငါ မစိုးရိမ်တော့ပြီ

နောင်တော် ဝါသုဒေဝမင်းကြီးသည် ညီတော ဃဋပဏ္ဍိတမင်းသား၏ စကားကိုကြား၍ ညီချစ် ဃဋပဏ္ဍိတ အမောင့်စကား သင့်လှပေပြီ၊ ငါသည် သတိရပြီ၊ ငါ့အား စိုးရိမ်သောက ဗျာပါရတို့ကို ဖျောက်ခြင်းငှာ သင်ညီချစ်သည် ဤသို့သော အမူအရာကို ပြုပေ၏ ဟု ညီတော် ဃဋပဏ္ဍိတ မင်းသားကို ချီးမွမ်းလိုရကား-

၁၇၅။ ယဿ ဧတာဒိသာ အဿု၊ အမစ္စာ ပုရိသပဏ္ဍိတာ။
ယထာ နိဇ္ဈာပယေ အဇ္ဇ၊ ဃဋော ပုရိသပဏ္ဍိတော။
၁၇၆။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စံ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၇၇။ အဗ္ဗဟီ ဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
၁၇၈။ သောဟံ အဗ္ဗူဠသလ္လောသ္မိ၊ ဝီတသောကော အနဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၇၅။ ဘောန္တော အမစ္စာယော၊ အို အမတ်အပေါင်းတို့။ ယထာ ယေန ကာရဏေန၊ အကြင်သို့သော ဥပမာဖြင့်။ ပုရိသပဏ္ဍိတော၊ ပညာရှိယောကျ်ားမြတ်ဖြစ်သော။ ဃဋော၊ ညီတော် ဃဋပဏ္ဍိတသည်။ အဇ္ဇ၊ ယနေ့။ မံ၊ စိုးရိမ်ခြင်းနှိပ်စက်သော ငါ့ကို။ နိဇ္ဈာပယေ၊ သိစေ၏။ တထာ တေန ကာရဏေန၊ ထိုသို့သော အကြောင်းဥပမာဖြင့်။ ယဿ၊ အကြင်မင်းအား။ ဧတာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ အမစ္စာ ပုရိသပဏ္ဍိတာ၊ အမတ်, ပညာရှိယောကျ်ားတို့သည်။ အဿု-ဘဝေယျုံ၊ ရှိသည်ဖြစ်ကုန်ငြားအံ့။ တဿ၊ ထိုအမတ်, ပညာရှိယောက်ျားနှင့် ပြည့်စုံသောမင်းအား။ ကုတော သောကော၊ အဘယ်မှာ စိုးရိမ်သောက ရှိအံ့နည်း။

၁၇၆။ ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သည်သာလျှင်ဖြစ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္ဇံ ဝိယ၊ သွန်းလောင်း ငြိမ်းစေဘိသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အာဒိတ္တံ၊ သောကတည်းဟူသော မီးလောင်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ ကိုယ်၏ ပူပန်ခြင်း စိတ်၏ပူပန်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။

၁၇၇။ ယော၊ အကြင်ငါ့ညီ ဃဋပဏ္ဍိတသည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သားသေလွန်ခြင်းကြောင့်ဖြစ်သော စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်ဖျောက်၏။ ဟဒယဿိတံ၊ နှလုံးကိုမှီသော။ ယံ သောကသလ္လံ၊ အကြင်စိုးရိမ်ခြင်းတည်းဟူသော ငြောင့်သည်။ အသိ၊ ဖြစ်၏။ မေ၊ ငါ၏။ တံ သလ္လံ၊ ထိုစိုးရိမ်ခြင်းတည်းဟူသော ငြောင့်ကို။ တန ပဏ္ဍိတေန၊ ထိုငါ့ညီ ဃဋပဏ္ဍိတသည်။ အဗ္ဗဟီ ဝတ၊ နုတ်အပ်စွတကား။

၁၇၈။ မာဏဝ၊ ညီတော်ဃဋပဏ္ဍိတ။ တဝ၊ သင်ညီချစ်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရ၍။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်း ဟူသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်ပြီ။ ဝီတသောကော၊ စိုးရိမ်ခြင်းကင်းသည်။ အနာဝိလော၊ မနောက်ကျူသည်။ အသ္မိ၊ ဖြစ်ပြီ။ ဒါနိ၊ ယခု။ န သောစာမိ၊ မစိုးရိမ်။ န ရောဒါမိ၊ မငိုကြွေး။

ပညာရှိမှ သောကကို ဖျောက်နိုင်

အဆုံး၌-

၁၇၉။ ဧဝံ ကရောန္တိ သပ္ပညာ၊ ယေ ဟောန္တိ အနုကမ္ပကာ။
နိဝတ္တယန္တိ သောကမှာ၊ ဃဋော ဇေဋ္ဌံဝ ဘာတရံ။

ဟူသော ဤဂါထာသည် ဘုရားဖြစ်တော်မူပြီးမှ ဟောတော်မူသော ဘုရားဂါထာတော်တည်း။

၁၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ဇေဋ္ဌံ၊ နောင်တော်အကြီးဖြစ်သော။ ဘာတရံ၊ အစ်ကိုဝါသုဒေဝမင်းကြီးကို။ ဃဋော၊ ညီဃဋပဏ္ဍိတသည်။ သောကမှာ၊ စိုးရိမ်ခြင်းမှ။ နိတ္တေတိ ဣဝ၊ နစ်စေသကဲ့သို့။ ယေ၊ အကြင်သူတို့သည်။ သပ္ပညာ၊ ပညာရှိကုန်သည်။ အနုကမ္ပကာ၊ သနားကရုဏာ ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ပညာရှိတို့သည်။ ဧဝံ၊ ဤဃဋပဏ္ဍိတ အတူလျှင်။ ကရောန္တိ၊ ပြုကုန်မြဲတည်း။ သောကမှာ၊ စိုးရိမ်ခြင်းမှ၊ နိဝတ္တယန္တိ၊ နစ်စေကုန်မြဲတည်း။

ကဏှဒီပါယနရသေ့ ကွယ်လွန်ပြီ

ဤသို့လျှင် ညီတော် ဃဋပဏ္ဍိတ မင်းသားသည် အကြောင်း ဥပမာဆောင်၍ ငြိမ်းစေအပ်သော စိုးရိမ်ခြင်းရှိသော နောင်တော် ဝါသုဒေဝမင်းကြီးသည် ပြည်သူအပေါင်းကို ဆုံးမလျက် ရှည်မြင့်သော ကာလကို လွန်သဖြင့် ညီနောင် မင်းတစ်ကျိပ်တို့၏ သားတော်ဖြစ်ကုန်သော မင်းသားတို့သည် ကြံကြကုန်၏။ အရှင်ကဏှဒီပါယနရသေ့ကို ဒိဗ္ဗစက္ခု အဘိညာဉ်ရှိ၏ဟူ၍ ဆိုကုန်၏။ စုံစမ်းကုန်အံ့ ဟု ထိုမင်းသားတို့သည် တစ်ယောက်သော မင်းသားငယ်ကို တန်ဆာဆင်၍ ကိုယ်ဝန်ရှိသော အခြင်းအရာကို ပြု၍ ဝမ်း၌ သားရေကိုဖွဲ့၍ ထိုရှင်ရသေ့၏ အထံသို့ ဆောင်ပြီးလျှင် အရှင်ဘုရာ ဤသူငယ်မသည် အ ဘယ်ကို ဖွားလတ်အံ့နည်းဟု မေးကုန်၏။ ကဏှဒီပါယန ရှင်ရသေ့သည် ဒိဗ္ဗစက္ခုဖြင့် ကြည့်သည်ရှိသော် ညီနောင်တစ်ကျိပ် မင်းတို့၏ ပျက်စီးအံ့သောအခါ ရောက်ပြီ၊ ငါ၏ အာယုသင်္ခါရသည် အဘယ်သို့ သဘောရှိသနည်း ဟု ကြည့်လတ်သော် ယနေ့ပင်လျှင် ငါ့အား သေခြင်းသည် ဖြစ်လတ္တံ့ ဟု သိ၍ မင်းသားတို့ ဤသားဖွားအံ့သော အကြောင်းဖြင့် သင်မင်းသားတို့အား အဘယ်အကျိုးရှိအံ့နည်း ဟုဆို၏။ အရှင်ဘုရား ဆိုတော်မူကုန်လော့ဟု ဆိုသည်ရှိသော် ဤသူငယ်မသည် ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ရှားတုံးကို ဖွားလတ္တံ့၊ ထိုရှားတုံးဖြင့် ဝါသုဒေဝ မင်းမျိုးသည် ပျက်စီးလတ္တံ့၊ စင်စစ်သော်ကား သင်မင်းသားတို့သည် ဖွားလတ္တံ့သော ရှားတုံးကိုယူ၍ မီးဖုတ်ပြီးလျှင် ပြာကို မြစ်ပြင်၌ ချလေကုန်လော့ ဟု ဆို၏။ ထိုသို့ ဆိုသောအခါ၌ ထိုကဏှဒီပါယန ရသေ့ကို မင်းသားတို့သည် ဟယ် စဉ်းလဲသော ရသေ့ ယောကျ်ားသည် သားဖွားသော မည်သည် မရှိတကားဟု ဆို၍ ရက်ကန်ကြိုးဖြင့် ထန်းဖူးစည်း စည်း၍ ညှဉ်းဆဲခြင်း မည်သည်ကို ပြုကုန်၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။

ညီနောင်တို့ သေကြပုံ

မင်းကြီးတို့သည် မင်းသားငယ်ကို ခေါ်စေ၍ အဘယ့်ကြောင့် ရှင်ရသေ့ကို သတ်ကုန်သနည်း ဟု မေး၍ အလုံးစုံသော စကားကို ကြားရလျှင် ကြောက်ကုန်သည်ဖြစ်၍ ထိုသူငယ်အား အစောင့်အရှောက်ကို ပေးပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ ထိုသူငယ်၏ ဝမ်းမှဖွားသော ရှားတုံးကို မီးဖုတ်၍ ပြာကို မြစ်၌ ပစ်ချကုန်၏။ ထိုပြာသည် မြစ်၌ မျောသည်ရှိသော် မြစ်ဝနံပါးတစ်ဖက်၌ တင်လေ၏။ ထို့နောင်မှ ပြိန်မြက်သည် ဖြစ်၏။ ထိုအခါ တစ်နေ့သ၌ မင်းတို့သည် သမုဒ္ဒရာ၌ ကစားခြင်းကို ကစားကုန်အံ့ ဟု မြစ်ဝသို့ သွားကုန်၍ ကြီးစွာသော မဏ္ဍပ်ကို ဆောက်စေပြီးလျှင် တန်ဆာဆင်သော မဏ္ဍပ်၌ စားသောက်ကုန်လျက် ကစားသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သည်ရှိသော် လက်ခြေ ထိပါးကြကုန်သည်ဖြစ်၍ နှစ်ကွဲ ကွဲကြကုန်၍ ကြီးစွာသော ခိုက်ရန်ကို ပြုကုန်၏။

ထိုသို့ ခိုက်ရန်ဖြစ်ကြကုန်လတ်သော် တစ်ယောက်သောသူသည် တစ်ပါးသော ဆောက်ပုတ်ကို မရသည်ဖြစ်၍ ပြိန်းမြက်တောမှ ပြိန်းရွက်ကိုကိုင်၏။ ထိုပြိန်းရွက်သည် ကိုင်မိကာမျှဖြင့်လျှင် ရှားကျည်ပွေ့ ဖြစ်၏။ ထိုယောက်ျားသည် ထိုရှားကျည်ပွေ့ဖြင့် လူအပေါင်းကို ရိုက်ပုတ်၏။ ထို့နေက်၌ တစ်ပါးသော အလုံးစုံသော ပိန်းပင်အပေါင်းတို့သည်လည်း ကိုင်တိုင်း ကိုင်တိုင်း ရှားကျည်ပွေ့တို့သည်သာလျှင် ဖြစ်ကုန်၏။ ထိုလူများအပေါင်းတို့သည်လည်း ကိုင်တိုင်း ကိုင်တိုင်း ကျည်ပွေ့တို့ဖြင့်သာလျှင် ဖြစ်ကုန်၏။ ထိုလူများအပေါင်းတို့သည် အချင်းချင်း ရိုက်ပုတ်ကြကုန်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ဗလဒေဝမင်းသား သေရပုံ

ထိုလူများအပေါင်းသည် ကြီးစွာသော ပျက်စီးခြင်းဖြင့် ပျက်စီးကုန်သည်ရှိသော် ဝါသုဒေဝ မင်းကြီးလည်းကောင်း, ဗလဒေဝမင်းကြီးလည်းကောင်း နှမတော် အဉ္စနဒေဝီလည်းကောင်း, ပုရောဟိတ်ပုဏ္ဏားလည်းကောင်း။ ဤလေးယောက်ကုန်သော သူတို့သည် ရထားစီး၍ ပြေးကြကုန်၏။ ကြွင်းကုန်သော အလုံးစုံသော လူအပေါင်းတို့သည် ပျက်စီးကုန်၏။ လေးယောက်ကုန်သော သူတို့သည်လည်း ရထားတို့ဖြင့် ပြေးကုန်သည်ရှိသော် ကာလမတ္တိကမည်သော တောအုပ်သို့ ရောက်ကုန်၏။ မုဋ္ဌိကမည်သော လက်ပမ်းသည်သည် ဘီလူးဖြစ်၍ စားရလိုသောဟု ဆုတောင်းခြင်းကိုပြု၍ ထိုတောအုပ်၌ ဘီလူးကြီး ဖြစ်၏။ ဗလဒေဝမင်း လာသည်၏ အဖြစ်ကို သိလျှင် ထိုတောအုပ်၌ ဖန်ဆင်း၍ လက်ပမ်းသည်၏ အသွင်ကို ယူပြီးလျှင် အဘယ် သူသည် လက်ဝှေ့ သတ်လိုသနည်း၊ လက်ပမ်းလုံးလိုသနည်း ဟု ကြွေးကြော်ကြုံးဝါးလျက် လက်ပမ်းပေါက်ခတ်လျက် လှည့်လည်၏။ ဗလဒေဝမင်းသားသည် ထိုလက်ပမ်းသည် အယောင် ဆောင်သော ဘီလူးကိုမြင်၍ နောင်တော် ဝါသုဒေဝ မင်းကြီးကို ဆို၏။ ဤလက်ပမ်းသည်နှင့်တကွ လုံးထွေးအံ့ဟု ဆို၍ ဝါသုဒေဝ မင်းကြီးသည် တားမြစ်စဉ်ပင်လျှင် ရထားမှ ဆင်းသက်ပြီးလျှင် ထိုဘီလူးအထံသို့သွား၍ ဟစ်အော်ကြုံးဝါးလျက် လက်ပမ်းပေါက်ခတ်၏။ ထိုအခါ ဗလဒေဝမင်းသားကို ထိုဘီလူးသည် ဆန့်သောလက်၌သာလျှင်ကိုင်၍ ကြာစွယ်ကြာရင်းကိုကဲ့သို့ စား၏။

ဝါသုဒေဝမင်းကြီး သေရပုံ

ဝါသုဒေဝ မင်းကြီးသည် ညီတော် ဗလဒေဝမင်းသား သေသောအဖြစ်ကိုသိ၍ နှမတော် အဉ္ဇနဒေဝီကိုလည်းကောင်း, ပုရောဟိတ်ပုဏ္ဏားကိုလည်းကောင်း ယူ၍ ညဉ့်သုံးယံပတ်လုံး သွား၍ နေထွက်သောအခါ တစ်ခုသော ရွာစွန်အရပ်သို့ ရောက်လျှင် ထမင်းကိုချက်၍ ဆောင်ခဲ့ကုန်လော့ ဟု နှမတော်ကိုလည်းကောင်း ပုရောဟိတ်ကိုလည်းကောင်း ရွာသို့စေလိုက်၍ မိမိသည် တစ်ခုသော ချုံထဲ၌ အိပ်၏။ ထိုအခါ ဝါသုဒေဝမင်းကြီးကို ဇရာမည်သော တစ်ယောက်သော မုဆိုးသည် ချုံလှုပ်သည်ကိုမြင်၍ ဤချုံ၌ ဝက်သည် ရှိသည် ဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့် လှံကို လွှတ်လိုက်၍ ခြေ၌ စူး၏။ အဘယ်သူသည် ငါ့ကို ထိုးသနည်း ဟု ဆိုလတ်သော် လူကို ထိုးမိသောအဖြစ်ကိုသိလျှင် ကြောက်သည်ဖြစ်၍ ပြေးခြင်းငှာ အားထုတ်၏။ ဝါသုဒေဝ မင်းကြီးသည် သတိကို ဆောက်တည်၍ ထပြီးလျှင် ဦးရီး မကြောက်လင့်၊ လာလှည့် ဟု ခေါ်၍ လာလတ်သော ပမုဆိုးကို သင်သည် အဘယ်အမည်ရှိသနည်း ဟု မေး၍ အရှင်အကျွန်ုပ်သည် ဇရာအမည် ရှိသတတ်ဟု ဆို သည်ရှိသော် ဇရာ မည်သောသူသည် ထိုး၍ သေလတ္တံ့ဟု ငါ့ကို ပညာရှိတို့သည် ဟောဖူးကုန်သတတ်၊ မချွတ်လျှင် ယနေ့သည် သေရအံ့၊ ထို့ကြောင့် ဦးရီးသည် မကြောက်လင့်၊ လာလှည့်၊ ခြေကို ကျပ်စည်းပါလော့ ဟု ထိုဇရာမည်သော မုဆိုးကို လှံစူးရာအရပ်ကို ကျပ်စည်းစေပြီးလျှင် ဇရာမည်သာ မုဆိုးကို လွှတ်လိုက်၏။ ဝါသုဒေဝ မင်းကြီးသည် ပြင်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်သည်ရှိသော် ထိုနှမတော် ပုရောဟိတ်တို့သည် ဆောင်အပ်ခဲ့သော အစာကို စားခြင်းငှာ မတတ်နိုင်။ ထိုအခါ ထိုနှစ်ယောက်သော သူတို့ကို ခေါ်၍ ယနေ့ ငါသည် သေရအံ့ ဟု ဆို၍ သင်တို့သည် နူးညံ့သောကိုယ် ရှိကုန်၏။ တစ်ပါးသော အမှုကို ပြု၍ အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်လတ္တံ့၊ ဤအတတ်မန္တန်ကို သင်ကြားကုန်လော့ညဟု တစ်ခုသော မန္တန်ကို သင်စေပြီးလျှင် လွှတ်လိုက်၍ ထိုချုံ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဤသို့လျှင် နှမတော် အဉ္ဇနဒေဝီကိုထား၍ အလုံးစုံသော မင်းညီနောင်တစ်ကျိပ်တို့၏ သားတော် မြေးတော် အစရှိကုန်သော ဒွါရာဝတီ ပြည်ကြီးသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်လေကုန်ပြီ၊ ခပ်သိမ်းကုန်သော တေဘူမက သင်္ခါရတရားတို့သည် အမြဲမရှိကုန်၊ ဆင်းရဲခြင်း၏ အကြောင်းသာလျှင် ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာ ရှေးပညာရှိတို့သည် ပညာရှိတို့၏ စကားကို နာရ၍ မိမိ၏ သားငယ်၌ဖြစ်သော စိုးရိမ်ခြင်းကို ပယ်ဖျောက်ကုန်၏။ သင်ဒါယကာသည် မစိုးရိမ်လင့် ဟု မိန့်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သားသေသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ ရောဟိဏေယျ အမတ် ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဝါသုဒေဝမင်းကြီး ဖြစ်ဖူးပြီ။ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းကျန်သော ညီနောင်စသော ပရိသတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခခါ ငါဘုရားသည်လျှင် ထိုအခါ ဃဋပဏ္ဍိတမင်းသား ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရသေ့ ရဟန်း၊ သတ်ညှဉ်းပန်း၊ ကြငှန်းမင်းနွယ်ပျက်တတ်သည်

တစ်ဆယ့်ခြောက်ခုမြောက်သော ဃဋပဏ္ဍိတဇာတ်သည် ပြီး၏။

*****