ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပုပ္ဖဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၁။ ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု
324813ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပုပ္ဖဝဂ် — ၁၁။ ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၁။ ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထု

တေသံ သမ္ပန္နသီလာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဂေါဓိကမထေရ်၏ ပရိနိဗ္ဗာန်စံယူတော်မူသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာန်စံယူခြင်း

ထိုအရှင် ဂေါဓိကမထေရ်သည် “မဒုမဒေဝီသား ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် တောင်ကြီး၏ လိုဏ်ခေါင်းတွင်းသို့ သီတင်းသုံးရန် ဝင်သွားသည်ကို မြင်ရသောသူတို့က “ပစ္စေကဗုဒ္ဓါတို့ကို ဤတောင်ကြီးသည် မျို၏”ဟု ဆိုစမှတ်ပြုသဖြင့် ဣသိဂိလိဟု အမည်တွင်သော” တောင်ယံနံပါးဝယ် ညိုသောအဆင်းရှိသော ကာဠသိလာမည်သော ကျောက်ဖျာ၌ သီတင်းသုံးနေတော်မူစဉ် မမေ့မလျော့ဘဲ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိလျက် ဧကဂ္ဂတာသမာဓိကြောင့်ဖြစ်သော နီဝရဏမှ ကင်းလွတ်သောဈာန်တရားသို့ ရောက်စေပြီးလျှင် အစဉ်မပြတ်ကိန်းသော တစ်ခုသော အနာရောဂါ၏အစွမ်းအားဖြင့် ထိုရအပ်သောဈာန်မှ ဆုတ်ယုတ်ခြင်း ဖြစ်ခဲ့လေ၏။ ထိုဂေါဓိကမထေရ်သည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း ခြောက်ကြိမ်တိုင်အောင် ဈာန်ကိုဝင်စားပြီးလျှင် ထိုဈာန်မှ ဆုတ်ယုတ်လေ၏။ ခုနစ်ကြိမ်မြောက်သောအခါ၌ ဈာန်ကိုဖြစ်စေပြီးလျှင် ဤသို့ ကြံစည်လေ၏။ “ငါကား ခြောက်ကြိမ်တိုင်အောင် ဈာန်မှဆုတ်ယုတ်ခဲ့၏။ ဆုတ်ယုတ်သောဈာန်ရှိသောသူအား လားရာဂတိသည် အမြဲမရှိနိုင်သည်သာလျှင်တည်း။ ယခုပင် လက်နက်ကို ဆောင်အံ့၊ ကိုယ့်ကိုယ်ကို သတ်သေအံ့”ဟု ဆံရိတ်သင်ဓုန်းကိုယူ၍ ရေမျိုလည်ချောင်းကိုဖြတ်ခြင်းငှာ ညောင်စောင်း၌ အိပ်စက်လေ၏။ မာရ်နတ်သည် ထိုဂေါဓိကမထေရ်၏ စိတ်အကြံတော်ကိုသိ၍ “ဤရဟန်းသည် လက်နက်ကို ဆောင်ခြင်းငှာ အလိုရှိ၏။ လက်နက်ကိုဆောင်ကုန်သောသူတို့သည်လည်း စင်စစ်အားဖြင့် အသက်၌ ငဲ့ကွက်ခြင်း ကင်းကုန်၏။ ထိုသို့ အသက်၌ ငဲ့ကွက်တွယ်တာ ညှာတာခြင်းမရှိသော သူတို့သည် ဝိပဿနာကိုပွားစေ၍ ရဟန္တာအဖြစ်သို့လည်း ရောက်တတ်ကုန်၏”ဟု ဆင်ခြင်၍ မာရ်နတ်သည် “ငါသည် ဤရဟန်းကို အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ ငါ၏စကားကို နာယူခြင်းမပြုဘဲ ရှိပေလိမ့်မည်။ ဆရာဖြစ်သော မြတ်စွာဘုရားကို တားမြစ်စေအံ့”ဟု မထင်ရှားသောအသွင်ဖြင့် မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မဟာဝီရ မဟာပည၊ ဣဒ္ဓိယာ ယသသာ ဇလံ။
သဗ္ဗဝေရဘယာတီတ၊ ပါဒေ ဝန္ဒာမိ စက္ခုမ။
သာဝကော တေ မဟာဝီရ၊ မရဏံ မရဏာဘိဘူ။
အာကင်္ခတိ စေတယတိ၊ တံ နိသေဓ ဇုတိန္ဓရ။
ကထံ ဟိ ဘဂဝါ တုယှံ၊ သာဝကော သာသနေ ရတော။
အပ္ပတ္တမာနသော သေက္ခော၊ ကာလံ ကယိရာ ဇနေ သုတာ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ မဟာပည၊ ကြီးသော ပညာရှိတော်မူသော မြတ်စွာဘုရား။ ဣဒ္ဓိယာ၊ တန်ခိုးအားဖြင့်လည်းကောင်း။ ယသသာ၊ အခြံအရံအားဖြင့်လည်းကောင်း။ ဇလ၊ ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား။ သဗ္ဗဝေရဘယာတီတ၊ အလုံးစုံသော ရန်ဘေးအပေါင်းကို လွန်မြောက်တော်မူသော မြတ်စွာဘုရား။ စက္ခုမ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်, အာသယာနုသယဉာဏ်ဟူသော ဗုဒ္ဓစက္ခု, အောက်မဂ်ဖိုလ်ဉာဏ်ဟူသော ဓမ္မစက္ခု, သဗ္ဗညုတဉာဏ်ဟူသော သမန္တစက္ခု, ဒိဗ္ဗစက္ခု အဘိညာဉ်ဟူသော ဒိဗ္ဗစက္ခု, ပုဗ္ဗေနိဝါသအဘိညာဉ်စသော ဉာဏစက္ခုအားဖြင့် စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ ပါဒေ၊ ခြေတော်အစုံတို့ကို။ ဝန္ဒာမိ၊ ရှိခိုးပါ၏။

မဟာဝီရ၊ ကြီးသောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော ဂေါဓိကမထေရ်သည်။ မရဏာဘိဘူ၊ သေခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍။ မရဏံ၊ သေခြင်းကို။ အာကင်္ခတိ၊ တောင့်တ၏။ စေတယတိ၊ လုံ့လမြှောက်ကော် စေ့ဆော်အားထုတ်၏။ ဇုတိန္ဓရ၊ တောက်ပသော တန်ခိုးခြည်ရောင် ဆောင်တော်မူသော မြတ်စွာဘုရား။ တံ၊ ထိုသေခြင်းကို တောင့်တ၍ အားထုတ်ကြိုးစား ရှင်တော်မြတ်တပည့်သားကို။ နိသေဓ၊ တားမြစ်တော်မူပါဘုရား။

ဇနေသုတာ၊ လူအပေါင်း၌ ထင်ရှားတော်မူသော။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တုယှံ၊ ရှင်ပင်မြတ်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်သော။ သာဝကော၊ တပည့်သည်။ အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်မူ၍။ သေက္ခော၊ သီလ, သမာဓိ, ပညာဟူသော သေက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော မဂ်ပုဂ္ဂိုလ် လေးယောက်, အောက်ဖိုလ်ပုဂ္ဂိုလ် သုံးယောက် ပေါင်း-ခုနစ်ယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော သေက္ခပုဂ္ဂိုလ်သာဖြစ်လျက်။ ကထံဟိ၊ အဘယ်အကြောင်းကြောင့်လျှင်။ ကာလံ၊ စုတေခြင်းကို။ ကယိရာ၊ ပြုရာအံ့နည်း။

ထိုသို့ ဘုရားရှင်အား မာရ်နတ်လျှောက်ကြားဆဲဖြစ်သော ခဏ၌ မထေရ်သည် လက်နက်ကို ဆောင်အပ်လေသတည်း။ မြတ်စွာဘုရားသည်လည်း “ဤလျှောက်ထားလာသောသူသည်ကား မာရ်နတ်တည်း”ဟု သိတော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဧဝံ ဟိ ဓီရာ ကုဗ္ဗန္တိ၊ နာဝကင်္ခန္တိ ဇီဝိတံ။
သမူလံ တဏှမဗ္ဗုယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ဧဝံဟိ၊ ဤသို့လျှင်။ ဓီရာ၊ ပညာရှိသောသူတို့သည်။ ကုဗ္ဗန္တိ၊ ပြုကြကုန်၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းကို။ နာဝကင်္ခန္တိ၊ အလိုမရှိကြ မတောင့်တကြကုန်။ ဂေါဓိကော၊ ဂေါဓိကမထေရ်သည်။ သမူလံ၊ အမြစ်အရင်းနှင့်တကွ ဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗုယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုလေပြီ။

မာရ်နတ် လိုက်လံရှာဖွေခြင်း

ထိုသို့မိန့်တော်မူပြီးသောအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်တကွ မထေရ် လက်နက်ကိုဆောင်လျက် လျောင်းစက်ရာဖြစ်သော ညောင်စောင်းသို့ ကြွသွားတော်မူလေ၏။ ထိုခဏ၌ ယုတ်မာသော သဘောရှိသော မာရ်နတ်သည် “အဘယ်အရပ် အဘယ်ဘုံ၌ ဤဂေါဓိကမထေရ်၏ ပဋိသန္ဓေဝိညာဉ်သည် သန္ဓေဆွဲမှီ တည်နေဘိသနည်း”ဟု ကြံ၍ မီးခိုးအစုကဲ့သို့လည်းကောင်း၊ အမိုက်မှောင် အစုကဲ့သို့လည်းကောင်း ဖြစ်၍ အလုံးစုံသော အရပ်မျက်နှာတို့၌ လှည့်လည်ပြေးသွားလျက် မထေရ်၏ ပဋိသန္ဓေဝိညာဉ်ကို အစဉ်လိုက်ကာ ရှာ၏။ မြတ်စွာဘုရားသည်လည်း ထိုမီးခိုးအမိုက်မှောင်၏အဖြစ်ကို ရဟန်းတို့အားပြ၍ “ချစ်သားရဟန်းတို့- ဤမီးခိုးစု အမိုက်မှောင်ထုကား ယုတ်မာသော သဘောရှိသော မာရ်နတ်ပေတည်း။ ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဝိညာဉ်ကို အစဉ်လိုက်ကာ ရှာမှီး၍ နေလေသတည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်အရပ်, အဘယ်ဘုံ၌ ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဝိညာဉ်သည် တည်နေပါသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ချစ်သားရဟန်းတို့- ပဋိသန္ဓေတည်နေခြင်း ကင်းသည်သာလျှင်ဖြစ်သော ဝိညာဉ်ဖြင့် ဂေါဓိကမည်သော အမျိုးကောင်းသား ရဟန်းသည် ပရိနိဗ္ဗာန်ပြုလေပြီ”ဟု မိန့်တော်မူလေ၏။ မာရ်နတ်သည်လည်း ထိုမထေရ်၏ ဝိညာဉ်တည်ရာအရပ်ကို မြင်ရစိမ့်သောငှာ မတတ်နိုင်ရကား သတို့သားငယ်၏အသွင်ကို ပြုပြင်ဖန်ဆင်းပြီးလျှင် ဖျော့တော့သော ဥသျှစ်သီးမှည့် အဆင်းရှိသော ဗေဠုဝနတ်စောင်းကို ပိုက်ယူလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤဂါထာဖြင့် မေးလျှောက်လေ၏။

ဥဒ္ဓံ အဓောစ တိရိယံ၊ ဒိသာ အနုဒိသာသွဟံ။
အနွေသံ နာဓိဂစ္ဆာမိ၊ ဂေါဓိကော သော ကုဟိံ ဂတော။

ဘန္တေ၊ မြတ်စွာဘုရား။ ဥဒ္ဓံ စ၊ အထက်၌လည်းကောင်း။ အဓော စ၊ အောက်၌လည်းကောင်း။ တိရိယံ ဒိသာ အနုဒိသာသု စ၊ ဖီလာအရပ်လေးပါး, အထောင့်အရပ်လေးပါးတို့၌လည်းကောင်း။ အနွေသံ အနွေသန္တော၊ အစဉ်လိုက်ကာ ရှာမှီးပါသော။ အဟံ၊ အကျွန်ုပ်သည်။ နာဓိဂစ္ဆာမိ၊ မတွေ့မထင် မသိမြင်ရပါ။ သော ဂေါဓိကော၊ ထိုဂေါဓိကမထေရ်သည်။ ကုဟိံ၊ အဘယ်အရပ် အဘယ်ဘုံသို့။ ဂတော၊ သွားရှာလေသနည်း။

ထိုအခါ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူလေ၏။

ယော ဓီရော ဓိတိသမ္ပန္နော၊ ဈာယီ ဈာနရတော သဒါ။
အဟောရတ္တံ အနုယုဉ္ဇံ၊ ဇီဝိတံ အနိကာမယံ။
ဇေတွာန မစ္စုနော သေနံ၊ အနာဂန္တွာ ပုနဗ္ဘဝံ။
သမူလံ တဏှမဗ္ဗယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ယော ဂေါဓိကော၊ အကြင်ဂေါဓိကရဟန်းသည်။ သဒါ၊ အခါခပ်သိမ်း။ ဓီရော၊ ပညာရှိ၏။ ဓိတိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံ၏။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိ၏။ ဈာနရတော၊ ဈာန်၌ မွေ့လျော်၏။ အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။ အနုယုဉ္ဇံ၊ အားထုတ်ခြင်းရှိ၏။ ဇီဝိတံ၊ အသက်ကို။ အနိကာမယံ၊ တောင့်တခြင်းမရှိ။

သော ဂေါဓိကော၊ ထိုဂေါဓိကရဟန်းသည်။ မစ္စုနော၊ သေမင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဇေတွာန၊ အောင်မြင်၍။ ပုနဗ္ဘဝံ၊ တစ်ဖန်ဖြစ်သော ဘဝသစ်သို့။ အနာဂန္တွာ၊ မသွားမူ၍။ သမူလံ၊ အမြစ်အရင်းနှင့် တကွဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်ပြုလေပြီ။

မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူသည်ရှိသော်-

တဿ သောကပရေတဿ၊ ဝီဏာ ကစ္ဆာ အဘဿထ။
တတော သော ဒုမ္မနော ယက္ခော၊ တတ္ထေဝန္တရဓာယထ။

သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ တဿ၊ ထိုမာရ်နတ်၏။ ကစ္ဆာ၊ လက်ကတီးကြားမှ။ ဝီဏာ၊ ဗေဠုဝစောင်းသည်။ အဘဿထ၊ လွတ်၍ကျလေ၏။ တတော၊ ထို့နောင်မှ။ ဒုမ္မနော၊ မကောင်းဖျင်းချာ မသာယာသော စိတ်နှလုံးရှိသော။ သော ယက္ခော၊ ထိုမာရ်နတ်သည်။ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။ အန္တရဓာယထ၊ ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည်လည်း “မာရ်ယုတ်- ဂေါဓိကမည်သော အမျိုးကောင်းသားရဟန်း၏ ဖြစ်ရာအရပ်ဖြင့် (ဖြစ်ရာအရပ်ကို သိရသဖြင့်) သင့်အား အဘယ်အကျိုး ရှိအံ့နည်း။ ထိုဂေါဓိကရဟန်း၏ ပရိနိဗ္ဗာန်စံယူရာအရပ်ကို သင်ကဲ့သို့သဘောရှိသောသူတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း ရှာဖွေကြည့်ရှု၍ ထင်မြင်ခြင်းငှာမတတ်ကောင်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၅၇] တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

သမ္ပန္နသီလာနံ၊ ပြည့်စုံသောသီလရှိကြကုန်သော။ အပ္ပမာဒဝိဟာရိနံ၊ သတိမကင်း မမေ့မလျော့ခြင်းဖြင့် နေလေ့ရှိကြကုန်သော။ သမ္မာ၊ သင့်သော အကြောင်းဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တာနံ၊ ငါးပါးသော ဝိမုတ္တိတို့ဖြင့် လွတ်ပြီးကုန်ထသော။ တေသံ၊ ထိုဂေါဓိကရဟန်းကဲ့သို့ နိဗ္ဗာန်စံပြီး မြတ်သော ရဟန္တာကြီးတို့၏။ မဂ္ဂံ၊ သွားရာခရီးကို။ မာရော၊ မာရ်နတ်သည်။ မဂ္ဂံ မဂ္ဂန္တောပိ၊ အစွမ်းကုန် ရှာသော်လည်း။ န ဝိန္ဒတိ၊ မရအပ်။ ဝါ၊ မသိမမြင်နိုင်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထုပြီး၏။