ဂီဟိဝိနယပျို့

From Wikisource
Jump to navigation Jump to search
ဂီဟိဝိနယပျို့

ကျက်သရေလျှံလူ ရနံ့ကြူသား ပြိုင်သူမရှိ ဝိသုဒ္ဓိဟု သီရိပရမေ ဘုန်းရှိန်ဝေသည် စိန္တေယျမြတ် သုံးလူနတ်နှင့် အထွဋ်ခေါင်ဖျား တရားသံဃာ ရတနာကိုး ရှိကြာညွတ်တိန်း ဆင်သတ် လိမ်းမှ ခပ်သိမ်းမျိုးပြား လူအများတို့ မှတ်သားဘွယ်မှု နှစ်လုံးရှုလျက် မနုမရင့် ထောက်ချင့်မျှော်ကြည့် နှိုင်းရှည်ဆင်ခြင် ယူငင်သတိ စုံစမ်းညှိ၍ ဂီဟိသုတ ဝိနယကို မြန်မာဘာသာ အလင်္ကာဖြင့် မှတ်နာချင်ဘွယ် ဓိပ္ပာယ်ရောနှော သဘောရှာဖွေ စီကုံးပေအံ့ ကင်းစေအန္တရာယ်ဘေးမျိုးတည်း။

ရတနာဖူးငုံ သုံးပါးစုံကို ရှိမုန်ကာပြန့် ဘေးရန်ဟန့်လျက် စင်သန့်စိတ်ကြည် ဆိုအံ့သည်ကို နားလည်သာလွယ် နိဒါန်းသွယ်၍ နှီးနွယ်မှတ်သား အစဉ်ထားအံ့ ရွင်းပါးဥစ္စာ ပျက်ရာတကွ မိဘနှင့်သား မယားနှင့်လင် အရှင်နှင့်ကျွန် စိတ်မွန်ကြည်စွာ ဆရာတပည့် နှိုင်းရှည်မကွေ့ ဆွေခင်ပွန်းခြင်း ဖြောင့်စင်းသဒ္ဒါ တကာရဟန်း ကျင့်ခန်းတရား ပါယ်လားထက်ကြပ် မအပ်သည့်ကုန် မာန်ဟုန်မျက်ကြုပ် သူယုတ်တရား ထင်ရှားလျှောက်ပတ် သူမြတ်ကျင့်ရာ အင်္ဂါတကွ သီလငါးမည် ဤသည်ကုန်းသဲ နှစ်ဆယ့်နှစ်ပါး မှတ်ရန်များကို မမှားသင့်ရာ မာတိကာဖြင့် မှတ်နာဖွယ်အီ ရွေးချယ်စီသည် ကုံးသည်မုတ္တရွှေကြိုးတည်း။

ပြာလဲ့ပြာလဲ့ ကြာညိုကဲ့သို့ ပြောင်းနွဲ့ချစ်ဘွယ် မေတ္တာ ကြွယ်သည် မျိုးနွယ်ယုတ်လတ် အမြတ်သုံးပါး သမီးသားတို့ ကြီးမားကျေးဇူး ဂုဏ်အထူးဖြင့် ချီးကျူးအံ့ဘွယ် မိဘဝယ်၌ လွှဲဖယ်မပြု ကြည့်ရှုမချွတ် ပြုရာဝတ်ကား ရိုညွတ်နေ့ည ခယ ကြည်ဖြူ ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေး သိမ်းမွေးသုတ်သင် ပြုပြင်ဝပ်စင်း ကျင့်ခြင်းတပါး ထွေပြားကျဉ်းကျယ် မှုကြီးငယ်၌ မတွယ်မငြိ မိမိမှုများ ပစ်စွန့်ထား၍ ကြိုးစားအားထုတ် မယုတ် ကဲလွန် မိဘဝန်ကို အာသန်ဆောက်တည် မဖြည့်မသွေ ဆောင်တွေတချက် နွယ်ဆက်ရှေးက မိဘကျင့်ထုံး စောင့်သုံးတရား ရွင်းပါးတစိ မရှိတတန် မဆန်အာကာ ဆိုတိုင်းနာလျက် ဥစ္စာအမွေ ခံပေထိုက်မှု ပြုသည်တထွေ ကွဲကြေဖောက်ပြန် ခန္ဓာလွန်က ကြဲသွန်ဒါန မွေးမိဘတို့ ရပါလေစ မျှဝေတတိ ဤငါးမည်ကို ရွှေရည်ဖတ်စို သာမယ်ပျိုတို့ ကြည်ညိုလေးမြတ် ကျင့်တွေတတ်က လူနတ်စည်းစိမ် ဗိမာန်အိမ်၌ မွေ့သိမ်စံပ ပျော်ပြီးမှလျှင် ဘဝညာဆံ အဆုံးမှန်သည် နိဗ္ဗာန်မဂ်ဖိုလ် ဝင်လျှိုးတည်း။

တာတွယ်တာတွယ် ချစ်ကြိုးသွယ်၍ အန္တရာယ်ပျောက်ကွာ နေ့တိုင်းသာလျှင် မေတ္တာမြဝတ် ကြဲဖြန့်ဆွတ်လျက် စီခတ်မျက်မွှာ လည်တန်ဆာတို့ စိတ်မှာဖန်လဲ မရောင့်ရဲတည့် ဆကဲကြင်လှ မွေးမိဘတို့ သိင်္ဂဇမ္ဗူ စံရည်တူသား သည်းဦးလျှံညီး သမီးနှင့်သား ထိုနှစ်ပါးအား သနားထောက်ရှု မကောင်းမှုကို မပြုစေရ မြတ်ဒါနနှင့် သီလဘာဝနာ ကောင်းမှုမှာကို သာယာချီးငေါ် နှိုးဆော် မပြတ် အတတ်ပညာ သင်ဘွယ်ယာ၌ လိမ္မာခွဲခြမ်း သိနိုင်စွမ်းအောင် ကြိုးပမ်းသင်စေ ရွယ်ရောက်ပေလည်း မြူတေပြာညက် ကြင်ဘက်ခင်ပွန်း ရည်မှန်းလျောက်ပတ် သင့်မြတ်တော်လျား ထိမ်းမြားရာခြေ အမွေဥစ္စာ ရတနာလည်း လျော်ရာထိုက်ရာ ပေးပါသဖြင့် စီးပွားမြင့်အောင် ပြုသင့်ရာခြေ ဆိုထွေကျမ်းမှာ ဆိုလာမမှား ဤငါးပါးလျှင် ထင်ရှားညွှန်ပြ လမ်းကြောင်းကြသည် မိဘကျင့်စဉ်ကျင့်ရိုးတည်း။

ဂုဏ်ကျက်သရေ ကျေးဇူးဖွေသား ထိပ်ဗွေခေါင်ချာ မြတ်ဆရာ၌ ပညာသောက်စို့ တပည့်တို့လျှင် နှစ်လိုကျင့်ရာ ဝတ်ငါးဖြာကား ဆရာသည်မှ တစ်ပါးကြွ၍ ဌာနသည်ပင် လာသည် မြင်သော် အလျင်ပန်းကြီး လမ်းခရီးက ဆီး၍ကြိုလေ တစ်နေ့ သုံးကြိမ် ဦးဖြင့်နှိမ်လျက် မွေ့သိမ်ဝတ်ပျက် ဆည်းကပ်ထံပါး ခစားနေလေ့ စေ့မွေ့ညွှန်ပြ ဆုံးမသွန်သင် ပဲ့ပြင်ဆိုသည် မိန့်နှုတ် ရည်ကို ယုံကြည်လှစွာ မှတ်နာပြုလေ့ ညဉ့်နေ့ညွတ်တုပ် ခြေဆုပ် ရပ်ခံ ကျိုးနွံမဝေး လုပ်ကျွေးကြည်ညို ရိုသေပြုလေ့ ငြီးငွေ့မရှိ မြဲသတိဖြင့် အသိအမြင် ဂုဏ်အင်လျှံမြူး အထူးပညာ ရဋ္ဌာထဲကြံ ကျက်အံမှတ်သား ကြိုးစားသင်လေ့ မမေ့အသင့် ဤငါးဆင့်ကို မလွင့်စေလှည့် ထိုတပည့်မူ နှစ်ပြည်ရွာတိုင် ကြံ့ကြံ့ခိုင်သို့ မနှိုင်းမကံ ကောင်းညွန့်သန်သည် နှစ်တန်စီးပွားတက်တိုးတည်း။

တပည့်တို့ဝယ် ပြုဘွယ်လက်သုံး ဆရာထုံးကား နှလုံးဖြူစွာ ဆိုဆုံးမလျက် နိစ္စပဲ့ပြင် သွန်သင်တတန် ကျမ်းဂန်ပိဋကတ် အတတ်ပညာ ကောင်းစွာမသွေ သင်စေမြဲတည့် သည်လည်းတစ်ပါး မထားဝမ်းတွင်း တတ်လျှင်တတ်တိုင်း မဆိုင်းမတွ ဖော်ပြလုံခြုံ သင်တုံတမြို့ ထိုသို့တထွေ အဆွေမိတ္တ သမဂ္ဂ၌ ဂုဏကျေးဇူး ချီးကျူးဆောက်နှင်း ဤရင်းတထပ် အရပ်မျက်နှာ သွားလေရာ၌ ပူဇာသက္က လာဘဖြိုးဖြိုး ရွာသည့်မိုးသို့ မညှိုးမမြန်း ညွန့်လန်းဝေဝေ ရှိပါစေဟု ပြုထွေတစ်ချက် ဤငါးချက်ကို ဉာဏ်လက်ကိုင်ဆွတ် ဆရာထွဋ်တို့ လေးမြတ်ကြည်ဖြူ နှလုံးယူလျက် အတူကပ်လျှို့ တပည့်တို့ကို ကောင်းကျိုးဝေဝေ ပြုသင့်ပေသည် မြူတေရောင်လျှံဖြိုးဖြိုးတည်း။

အလှညီသွယ် ခွာပန်းနွယ် ရှုဘွယ်ပြာဖြူ မျိုးအိမ်သူတို့ သည်းဦးကျွမ်းဝင် မိမိလင်၌ မပင်မပန်း ကျင့်ရာခန်းကား ညှိုးမြန်း မရှိ မြဲသတိဖြင့် အချိပေါင်းယု အိမ်ထောင်မှုကို ပြုစုသေချာ ကောင်းစွာကုံတွင် စီရင်ဖန်ဆင်း ပြုခြင်းတစ်ပါး လင်ဖွင့်ထား၏ ဆွေသားမျိုးစဉ် ကျွမ်းဝင်ချစ်ရည် ရောက်လာသည်ကို ကြည်ကြည်ညိုညို နှုတ်ချိုခွန်းသာ ဆီးကမြန်းမေး ကျွေးမွေးရွှင်ဝမ်း ပေးကမ်းလက်ဆောင် မရှောင်မကွင်း ပြုခြင်းတစ်ပါး လင်မြောက်သားမှ အခြားသူတို့ စိတ်မပိုဘဲ နှစ်လိုဖြောင့်စင်း ကိုယ်၏ လင်၌ အိမ်ရှင်ပြာဝင်း သက်လုံးနှင်း၍ လွန်ပြင်းမြတ်လေး လုပ်ကျွေးသမှု ပြုခြင်းတစ်ပါး လင်ရွှေသားလျှင် ကြိုးစားဖွေရှာ မြတ်ဥစ္စာကို မျက်နှာရှုစိမ်း လုံစွာထိန်းလျက် ကလိမ်းကလက် မပျက်စေလျှင် စောင့်ခြင်းတစ်ပါး မှုများဆောင်ဘွယ် ခပ်သည်းဝယ်လည်း ဆန်းကျယ်ပညာ အလိမ္မာဖြင့် မကြာမရွင်း အပျင်း မငွေ့ ဆောင်လေ့တစ်ပါး ဤသည်ငါးကို ပြာတွားရွှေနှစ် အိမ်သူစစ်တို့ မပြစ်မခွာ ကျင့်အပ်ရာသည် မေတ္တာမျှညီကဲမိုးတည်း။

ယိမ်းနွဲ့ဖတ်သို့ လင်မင်းပျိုတို့ သက်လိုချစ်ပွား ဆွေမယား၌ သနားစုံမက် နှစ်သက်ကဲဆ နှမအိမ်ရှင် မိခင်မယ်ထွေး နှုတ်သံပေးလျက် ပျံ့မွေးရိုကြိုး မြတ်နိုးတဏှာ စကားသာဖြင့် ဆိုရာတစ်ကြောင်း ဝွမ်ချောင်းဒေါသ မထထိန်းချုပ် မှုလုပ်ကျွန်ဟန် ပြင်းတန်ခပ်နှက် နှိပ်စက်ညှဉ်းမှု မပြုတစ်ကြောင်း တစောင်းမှုထား အပြင်ချားသို့ မသွားစေရ စိတ်ကိုတွလျက် မယ်လျသက်တူ အိမ်သူချောသက် ပြာဖတ်ဖတ်နှင့် ရင်အပ်မွေ့လျော် ပျော်ရာမလွဲ ပျော်မြဲတစ်ကြောင်း အပေါင်းရတနာ ဥစ္စာခန်းနား ရှိသည်များကို မထားမကဲ ကြွင်းမဲ့လုံးရင်း ဆောက်နှင်းတစ်ကြောင်း နားရောင်းဆံချပ် လက်စွပ်လက်ကောက် ရောင်တောက် ပုတီး လျှံညီးထွေပြား ဝတ်စားတန်းဆာ တင့်တယ်စွာလျှင် ဆင်ပါမစေ့ ပေးထွေတစ်ကြောင်း နွဲ့နှောင်းကြိုင်မျှ လင်လှရွှေစင် ငါးပါးအင်ကို သိနင်ရှောင်လွဲ မရှိဘဲနှင့် အမြဲထပ်လောင်း ကျင့်အပ်ရှောင်းသည် သုံးချောင်းချမ်းသာမစိုးတည်း။

အမျိုးအနွယ် သန့်စင်ကြယ်သား တင့်တယ်ရောင်ဆင်း ဆွေမောင်မင်းနှင့် ပြာဝင်းနွဲ့လျ မယ်နှမတို့ မိတ္တကျင်ချစ် ခင်ပွန်းစစ်လျှင် မွန်းနစ်စည်းစိမ် စိုးရိမ်မကင်း ကျန်းမာနှင်း၍ ပူပြင်းဒုက္ခ သောကဗျာပါ ရှိသောခါမူ ချည်ဝါဗိုင်းမျိုး ပုဆိုးဝတ်စား စပါး ဆန်ရေ ရွှေငွေရတနာ ဥစ္စာနှီးရင်း ပေးခြင်းစေနှံ့ ထောက်ပံ့တတည်း ကြီးသည်ငယ်လျှောက် အရွယ်ထောက်၍ မငေါက် မငေါ် ခေါ်ဝေါ်ရွှင်ရယ် ချစ်ဘွယ်သံချို ပြောဆိုတတည်း မရှည် မညှိုး အကျိုးစီးပွား များစိမ့်မပျက် ဆောင်ရွက်တတည်း ရွှေရည် မျိုးနွယ် နှိုင်းဘွယ်တူမျှ တကွအိမ်နေ စားသောက်ပေလည်း မကွေမကွင်း ပြုခြင်းတတည်း မလည်မအောက် မကောက်မကွေ့ မရွေ့အနေ မသွေမလှန် ဟုတ်မှန်စကား ဆိုငြားတတည်း ဤငါးမည်ကို ချစ်ရည်ဖျန်းဖျန်း ဆွေခင်ပွန်း၌ မယွန်းစိုက်စိုက် ပြုကြထိုက်သည် သမိုက်လူ့ရွာကျော်ဟိုးတည်း။

မေတ္တာရစ်ခွေ မြတ်အဆေ၌ ကျင့်လေအပ်စွာ တကြောင်းမှာလည်း သမာသုက္ခ ဒုက္ခဆွေရင်း သတိကင်း၍ လျှော့မေ့စဉ်တွင် ဘေးရန်မြင်သော် ဆံပင်မြူရှိ မသိစေဘဲ ကာလွှဲပယ်ဖျောက် စောင့်ရှောက်ပေသင့် ပျံ့လွင့်မည်ပျော့ သတိလျှော့၍ ခပ်ပေါ့မှိုင်ထွေ မရှိခြေလည်း မြူတေဘဏ္ဍာ ခမ်းဝါထိုထို မယိုတဆိတ် မဖိတ်တစ စောင်မထိန်းသင့် မင်းနှင့်ရေမီး တသီး ခိုးသူ မဖြူမုန်းထား စသောအားဖြင့် ထွေပြားရန်ငွေ့ ကြုံကြိုက် တွေ့လည်း ခုံဆွေ့ထဲစိတ် မထိတ်တစိ သတိရွက်ဆောင် ရအောင်ပြုသင့် ကြခွင့်လျှော့ဒဏ် ဘေးရန်သေလောက် သူဝယ်ရောက်လည်း လာမြောက်တိုင်ပင် ရှင်ဖော်သေဖော် ကြည့်မျှော်ရပ်တန့် မစွန့်ပေသင့် ငါးဆင့်ထွေဆန်း ဤကျင့်ခန်းကို ရွှင်လန်းကြည်ညွတ် ခင်ပွန်းဝတ်ဟု လူနတ်ထိပ်ချာ မိန့်ခဲ့မှာသည် များစွာရှင်လူ အကျိုးတည်း။

သူကြီးသခင် မြတ်အရှင်တို့ ထွက်ဝင်ခစား ကျေးကျွန်အား၌ သနားသဖြင့် အင်နှင့်ချင့်၍ ဆောင်ခွင့်လုပ်ရန် ကိစ္စဝန်ကို အမှန် မသွေ ခိုင်းသင့်ပေ၍ ဆန်ရေရိက္ခာ အစာဝတ်စား မရှားစေရ ကုန်လောက်ငအောင် နိစ္စမြဲနေ ပေးသင့်ပေ၏၊ ထိုဝေဒနာ ရောဂါယှဉ်မှီ မအီမကျန်း ပြောင်းညှိုးမြန်းက အရန်အတား သမားထက်ကြပ် ကုသစေခြင်း ကိုသားရင်းသို့ မရွင်းစေ့စေ့ မမေ့ရာခြေ ပြုသင့်ပေ၏၊ ကောင်းထွေဘောဇဉ် ချိုချဉ်ရသာ ဩဇာ ကြိုင်မြူး အစာထူးကို ဝမ်းနူးခင်ပွတ် ညီညွတ်ဝေဖန် မကျန်ရစေ စားသင့်ပေ၏၊ နားနေအချိန် သံရှိန်ချွမ်းချွမ်း ခံပွဲလမ်းနှင့် ဘေးဗျန်းရောဂါ ရောက်သောခါ၌ လုပ်ရန်ဆောင်မှု မပြုစေရ နေပါပစေ လွှတ်သင့်ပေ၏၊ ဉာဏ်မွေထောက်စာ ဤငါးဖြာကို ဝမ်းမှာသွင်းသွင်း ကျင့်ကုံလျှင်းက သတင်းကျေးဇူး မျက်လျှံမြူးသို့ မြင့်ဖြူးထိပ်ခေါင် နတ်နန်းဆောင်သည် ဂုဏ်အင်လနေရိုးရိုးတည်း။

လူးလာလူးလာ တစ်သက်ခါ၌ မချာနေ့ရက် ဝင်ထွက်ထံပါး ခစားစေခံ လုပ်ကြံကပ်လျှို့ ကျေးကျွန်တို့လျှင် ကောင်းဖို့မျှော်မြင် ကျင့်ငါးအင်ကား အရှင်ရှင်ပီပီ မထမီက ချစ်ညီနောင်မင်း မပျင်းလုံ့လ စောစောထ၍ ကိစ္စများမြောင် ပြီးပြေအောင်လျှင် ဆောင်ပေစကောင်း မပျောင်းမသန်း လုပ်ငန်းမှုမျိုး အပို့သေသေ မနေဆောင်မျောက် အရှင့်နောက်မှ ဝင်ရောက်ခမ်းရိပ် အိပ်ပေစကောင်း ထိန်းကြောင်းသိုထား ခမ်းနားထွေလာ ရှင်ဥစ္စာ၌ မိစ္ဆာတမျှင် ချည်မျှင်တသွယ် သက်ကယ်တပျစ် ဝါးသစ်တခက် လဘက်တရိုး ဆေးတအိုးမျှ အစိုးပိုင်သ မပေးတမူ မယူစကောင်း တိမ်းစောင်းကွေ့ကောက် မျက်မှောက်တသွယ် မျက်ကွယ်တခြား ထူးခြားမပြု ကိုယ်မှုအဟန် အရှင့်ဝန်ကို ကဲလွန်ပြီးမှု ပြုပေစကောင်း ပျံ့လောင်းမွှေးရွှင် ကိုယ့်အရှင်၏ ဂုဏ်အင်ကျေးဇူး အထူးထူးကို ထိမ်မြုမထား ကြားပေစကောင်း လန်းကြောင်းစင်စီ ဤငါးလည်ကို ကုန်သည်ထိစွန် ပန်းသည်ကျွန်၌ မှုဝန်ပိုင်ခြင်း ကိုယ့်အရှင်တို့ ကြည်လင်မျက်နှာ ရေဖြန်းကြာသို့ မေတ္တာကဲဆင့် ကဲဆင့်တည်း။

သီလဂုဏ်ဝန် ကျော်စောထွန်၍ ကောင်းမွန်ဖြောင့်တန်း ကျေးဇူးထွန်းသည် ရဟန်းပုဏ္ဏား ဆရာများ၌ သနားမေတ္တာ ကရုဏာရူရူ ပြုအပ်ဆိုအပ် အောက်မေ့အပ်ခြင်း ဝပ်စင်းကြည်ညို ရိုသေပြုအပ် ဖြူလှပ်သဒ္ဒါ စေတနာဖြင့် ဝမ်းသာဆွတ်ဆွတ် ရက်မချွတ်လျှင် ယုတ်မြတ်များနည်း အင်နှင့်ရည်လျက် ပစ္စည်း လေးပါး စသောအားကို ကြိုးစားမပမ်း လှူဒါန်းပေအပ် ဤငါးထပ်ကို လေးအပ်မျိုးဖော် သူတော်အများ ယောက်ျားမိန်းမ ဟူသမျှတို့ ဂုဏမထိန်း လေးနက်ညိမ်းသား မွေ့သိမ်ကျင့်မြတ် ဆရာထွဋ်၌ ခင်ပွတ်စုံမက် ပီတိသက်၍ နေ့ရက်မညောင်း ပြုအပ် ရှောင်းသည် နတ်ကြောင်းမြဲခွင့်မြဲခွင့်တည်း။

ရွှင်ပျော်ရွှင်ပျော် နိဗ္ဗာန်ရော်၍ ကောင်းမျော်ကျင့်ခန်း ကျင့်မပန်းတည့် ရဟန်းပုဏ္ဏား သူတော်များတို့ ကျိုးပွားနွယ်နွယ် နှစ်လိုရွယ်လျက် ကိုးကွယ်ရောက်လာ ဒါယကာ၌ ပါဏာတိပါတ် စသည်ညစ်ကျု မကောင်းမှုကို မပြုစေနှင့် တားသင့်ပေစွ ပုည ကောင်းကျိုး တက်ပွားတိုးအောင် ဆော်နှိုးမပြတ် ရွတ်ရွတ် တိုက်တွန်း ညွှန်းသင့်ပေစွ နေ့ညမချာ ပဋ္ဌာနဖြင့် ချမ်းသမချို မေတ္တာမျိုးကို ပို့သင့်ပေစွ ဓမ္မထွေပြား မကြားဘူးတောင်း ထုံးဟောင်းစကား မြတ်တရားကို ကြားသင့်ပေစွ ရှေးကစိုက်စိုက် ကြားလိုက်ဘူးသည် တရားရည်ကို နားလည်စင်ကြယ် မှတ်လွယ် သဘော နှီးနှောကြံရှာ ပြောရာပေစွ သုခသုံးပြား မြတ်ချမ်းသာကို ရရာမငြို့ ကုသိုလ်ပျို့ဧ ကျွေးသင့်ပေစွ ဤမျှခြောက်ပါး ကျင့်-တရားကို ထွဋ်ဖျားမြတ်ကျော် မိန့်ခဲ့ဖော်သည် သံတော်ချွဲရင့် ချွဲရင့်တည်း။

သူရွာမျက်မြင် လောကတွင်၌ ဆင်ခြင်ကုန်ပါ မရောင်းရသား ကျမ်းလာမိန့်ထွက် ထိုငါးချက်မူ လက်နက်လေးမြား လှံဓားသေနတ် ပစ်ခတ်ပြင်းဝှန့် စူးချွန်သန စသည်ထွေပြား မရောင်းငြားနှင့် ကျွဲနွားဆိတ်ဝက် ကြက်ငှက်စသည် အတည်တည်ကို မကြည်မေတ္တာ မစားလတ်လတ် သတ်၍အသား မရောင်းငြားနှင့် သနားမဲ့မူ လူချင်းလူကို ဆောင်ယူသွတ်လွယ် ကိုသွယ်ဖောက်ကား မရောင်းငြားနှင့် ငါးပါးရစ်မျိုး သေရက် ဆိုးကို အကျိုးမရှိ ကြဉ်ဘိရှောင်ရှား မရောင်းငြားနှင့် ယွင်းပါး ဖိတ်စင် ဝိညာဉ်သမ်းညှိုး အဆိပ်မျိုးကို သင့်နိုးထင်မှား မရောင်းငြားနှင့် ရောင်းစားခြေတုံ ပါယ်လေးဘုံသို့ ခြေစုံလွားလွား ဝင်လိမ့်ငြားသည် တံခါးဆွဲဖွင့်ဆွဲဖွင့်တည်း။

ဖြစ်ခဲတုံစွာ ဤလူ့ရွာ၌ ကြိုက်လာကံခေတ် ဖြစ်တုံသော်လည်း မမျှော်ဘက်ကွာ မနှိုင်းသာသည် ရတနာသုံးစုံ ကျေးဇူးမူကို ယုံကြည်လေးမြတ် မမှတ်သည့်သူ မွှေးကြူလှိုင်ပြ သီလငါးမည် မတည့်သည်သူ မမိုက်မူမိုက်ရာ နတ်မိစ္ဆာကို ရတနာသုံးထွဋ် မကမြတ်ဟု စွဲမှတ်အာရုံ ကြည်ယုံသည့်သူ မတူကျိုးကွဲ ဆင်းရဲ ချမ်းသာ ပြုတတ်စွာသား ကြမ္မာနှစ်ပါး ကံတရားကို လားလား ပါယ်တုံ မယုံသည့်သူ အယူဖောက်ပြန် မိစ္ဆာဉာဏ်နှင့် ကျင့်ဟန်-သောသွမ်း ရမ္မက်လွမ်းသည့် ညစ်ညမ်းစွာဘိ တိတ္ထိတို့ကို ကြည်ညိုဆက်ဆံ အလှူခံဟု ကျိုးနွံမှတ်မှန်း လှူဒါန်းသည့်သူ ဤသို့ဟူသား ဤသူငါးယောက် ခုမျက်မှောက်လည်း ညှိုးခြောက် သေသုတ် လနှယ်ဆုတ်၍ သူယုတ်သူညစ် သူကြမ်းဖြစ်ရှင့် စင်စစ်ကြိမ်ဖန် တမလွန်ဘဝ ဖြစ်သမျှလည်း လေးဝပါယ်ထဲ ပင်တိုင်မြဲလျက် ဆင်းရဲပြင်းစွာ နှိပ်စက်လာသည် ချမ်းသာလွဲနှင့် လွဲနှင့်တည်း။

သုံးမည်ရတနာ ဂုဏ်ဝါကြိုင်မြူး မြတ်ကျေးဇူး၌ အထူး မှတ်ကြုံ ယုံကြည်သည့်သူ စင်ဖြူစွတွား ငါးပါးသီလ နိစ္စစောင့်ထိန်း လိမ်းပေးသည့်သူ အယူယုတ်မှာ နတ်မိစ္ဆာကို ရတနာဟု မရှုကြည့်ပဲ လွဲပေးသည့်သူ စေတူညစ်ကျ် တိတ္ထိတို့အား ပယ်ရှား ခွာခွာ ကံကိုသာလျှင် ယုံပါသည့်သူ သုံးဆူရတနာ သည်ဝယ်သာလျှင် လှူဒါခံထိုက် နှလုံးပိုက်၍ စိုက်စိုက်ကြည်နူး ဖြောင့်စူး တန်းတန်း လှူဒါန်းသည့်သူ ကောင်းလူညွန့်ရှင် ကောင်းကျိုးမြင်-၍ ကောင်းပင်ယူယူ သို့သည်သူကို စိတ်ဖြူစင်ကြယ် တင့်တယ်လျောက်ပတ် သူတော်မြတ်ဟု ကြည်ညွတ်လူဗိုလ် သမုတ်ဆို လျက် မဂ်ဖိုလ်တိုင်တိုင် ကျေးဇူးလှိုင်သည် ကြံ့ခိုင်ရဲတင့်ရဲတင့် တည်း။

သူတော်သူတော် ကျေးဇူးကျော်အောင် လေးပေါ်ဂေါတ္တ စောင့်အပ်လှသည် ဓမ္မရသာ ကျင့်ငါးဖြာကား ရှောင်ပါဆယ်ဆက် သူအသက်ကို မပျက်သင့်ချေ စောင့်ပါလေလော့ များထွေ လျော့နည်း မှတ်သိမ်းဆည်းသား ပစ္စည်းသမ္ဘာ သူ့ဥစ္စာကို ပိုင်ပါသည့်သူ မပေးမူကား မယူသင့်ချေ စောင့်ပါလေလော့ ပြားချေရည်မှိန်း မိခင်ထိန်းသည် မင်းမိန်းမက စသည်ပျော့ပျောင်း နှစ်ကျိပ်ပေါင်းကို တူလျောင်းရှည်ပူး လွန်ကျူးသမှု မပြုသင့်ချေ စောင့်ပါလေလော့ ယုံစေသူအား ဖျက်လှည့်ဖျားဖြင့် မုသားထာမ်စွဲ ချွတ်လွဲဆိုထွေ စောင့်ပါလေလော့ မေရယငါး သူရာငါးကို လျှာဖျားတစိ မထိသင့်ချေ စောင့်ပါလေလော့ မြူတေ တောက်ပ ဇောတရသို့ သီလငါးတန် စောင့်စိန်းဟန်က သီးသန့် မရှုတ် စာရင်းကုတ်လျက် အချုပ်ဒေဝိန် ဓောနရိန်သို့ ဝတိံသာဖျား ရွှေတိုက်ထားမှ တိမ်ကြားမောက်မောက် နတ်နန်းဆောက်၍ လာထောက်ရှာနေ ခန့်ထားပေသည် ပြီးစေခွဲလင့်ခွဲလင့်တည်း။

ပါဏာတိပါတ် သတ်ခတ်အင်္ဂါ မှတ်ခြင်းရာကား ဝိညာ အာယု အစုမပျက် တည်လျက်ရှိစေ သက်ရှိပေဟု စွဲနေမပြတ် အမှတ်ရှိစေ မသွေကျယိုး သေစေလိုသား ထဲသို့ယွင်းဖိတ် စိတ်လည်းရှိစေ သေစိမ့်လုံ့လ ပယောဂဖြင့် တောက်ပလွန်ပြင်း အားထုတ်ခြင်းလည်း မယွင်းရှိစေ မနေကြံလှိုင်း အားထုတ်တိုင်းလည်း ဖြတ်ပိုင်းသေစေ စေရေမှတ်စွာ အင်္ဂါငါးမည် ပြည့်စုံတည်က မလည်မဖောက် ကံထောက်မြောက်သည် တောင်ထောက်နွဲဘင့်နွဲဘင့်တည်း။

မိစ္ဆာစာရ တတိယ၌ မုက္ချရစ်တွယ် ကံမြောက်ဖွယ်ကား နှစ်ဆယ်ကျမ်းလာ ဆင်းဝါပျို့ပျို့ မိန်းမတို့တွင် ပြာညိုနတ် အောက် တစ်ယောက်ယောက်လျှင် မဖောက်မလွဲ အမြဲဖြစ်စေ ကိလေသာစက် ထုံးယှက်နှောင်တွဲ စိတ်ဝယ်စွဲလျက် မှီဝဲလိုစေ နှောက်မွှေတဏှာ စေတနာမယုတ် အားလည်းထုတ်စေ မရှုတ် မချ ယောဂဖြင့် တကွယှဉ်နွှဲ မှီဝဲမှီစေ လေးထွေစဉ်စီ အင်္ဂါညီက ဝေရီကဲဆိုး ဖဲခွေတိုးလွယ် ကောင်းကျိုးဖြစ်ပြစ် မုန်တိုင်းလှစ်သို့ လူဖြစ်ခပ်နှမ်း ရူးသော့သွမ်း၍ ပါယ်လမ်းကျုံ့ကျုံ့ ဝင်လျှိုးငုံ့သည် ခေါက်တုံဝဲလွင့် ဝဲလွင့်တည်း။

မုသားဆိုရာ အင်လေးဖြာကို လင်္ကာပြညွတ် အကြောင်း ပြန်အံ့ အမှန်ပြတ်လို ဝတ္ထုကိုလျှင် ဆိုခြင်းတရပ် မအပ်လှည့်ဖျား ညစ်မှုတားနှင့် မုသားဆိုအံ့ မစွန့်ထိပ် စိတ်လည်းတရပ် မကွပ် မဆင် ကြံတိုင်းပင်တည်း မဝင်မချိပ် ထိုသိစိတ်ဖြင့် မဖိတ်မသို မြွက်ဆိုစကား မမှားတရပ် ဩတ္တကင်းကင်း ပြောချင်စကား ဆိုသည်များကို အခြားသူလျှင် အကယ်ထင်၍ ဝမ်းတွင်ခန့်ရည် ယုံကြည်တရပ် မနတ်စီးပွား ပျက်မုသား၌ ထင်ရှားဤသို့ ပြည့်စုံ မြို့က မချို့ကံမြောက် အပြစ်ရောက်လျှင် နောက်သံသာမူ လောလောပူသည် ဝှန်ဆူထဲနှင့်ထဲနှင့်တည်း။

သူရာပါဏာ ကံအင်္ဂါ၌ မှတ်ရာမှတ်ခန်း လင်္ကာဖျန်းအံ့ ပင်ပန်းလျှောလွတ် ခွေ့ခွေ့ညွတ်သား ရစ်ထံသေရက် ဆက်ဆက် မှန်စွာ သောက်ပါလိုငြား စိတ်ထွားလေဘိ ရှိသည်မှန်စွာ ကြိုးကာလုံ့လ ထကြွပြီးမှု ပြုသည်မှန်စွာ နှုတ်လျှားဝမ်းတွင်း သွတ်သွင်းမျိုသောက် ဝင်ရောက်မှန်စွာ ကျမ်းလာမှတ်ရည် ဤလေးမည်နှင့် မဖြည်ဖြောင့်သား ပြည့်စုံငြားက သောက်စား သည်ကံ ဖွဲ့ဆက်ဆံလိမ့် ကြောက်ရွံ့လူပေါင်း ရှောင်လေကောင်းသည့် နှစ်ကြောင်းကွဲခြင်း တွဲခြင်းတည်း။

ရွှင်ပြရွှင်ပြ လင်္ကာပြသား ဓမ္မနတ်ကြံ ကျင့်ထုံးစံကို ရေလျှံထိပ်ဖျား ဇမ္ဗူသားသို့ ထောင်နားပြန့်သင်း နှလုံးသွင်း၍ ဖြောင့်စင်းအယူ ကျင့်ပါမူကား ဤလူမျက်မြင် လောကတွင်၌ ဂုဏ်အင် ကျေးဇူး အထူးထူးလည်း ထိန်မြူးဝင်းပ ဝေပူမြသို့ လွလွတက်ဝှန်း ကဲကဲထွန်းလျက် ဘေးဒဏ်ရောဂါ ကင်းစင်ကွာလိမ့် ဥစ္စာရွှေငွေ ဆန်ရေစပါး ကျွဲနွားဆင်မြင်း ကျွန်သင်းချွေရန် ပြည်ဖြိုးလျှံရှင် မနွံပင်စည် သက်ရှည်ချမ်းသာ သံသရာ၌ နတ်ရွာနတ်မင်း လူဘုံဆင်းသည် ပြိုကင်းမောက်မောက် ဘုန်းလျှံမြောက်သား ပြိုင်ထောက်စကြာ ရတနာနှင့် လေးဖြာဒီပ အာဏာရှင်သည် ပရစောစစ် အမှန်ဖြစ်မှ နောက်ပစ္ဆိမ မဂ်လေးဝနှင့် ဖလနီရော် ဖူးတွေ့မျှော်၍ ကြေညော်ကွာလိမ့်ကွာလိမ့်တည်း။

ရတနာညွန့်လန်း မျက်စုံစမ်းသည် ရွှေနန်းသိင်္ဂါ ဖြူရိပ်သာမှ အညာမထောင်း နောက်ခပ်စောင်းတွင် သာခေါင်ကျယ်ဝန်း မြေတလင်း၌ ဖန်ဆင်းသင့်တင့် မနိမ့်မြင့်သား ဆင်းလည်းဝါးမှန် ကျမ်းလည်းဝါးသာ နေရောင်ကလည်း ချပ်လွှာဝါးပင် မွေးညတ် စင်သည် အချင်ဝါးသွယ် ဝါးညှပ်တွယ်၍ ရနယ်ဝါးမျိုး ဝါးအမိုးနှင့် ခေါက်ချိုးသွယ်တန်း ပြင်လက်ရန်းလည်း ဝုစ်သန်းကာမီး ဝါးဖြင့် ပြီးရှင့် ပိတ်ဆီးဖိတုံ ဝါးခြမ်းရုံးလည်း ဖွားပြိုမရှိ ချောတိတိလျှင် စိစိကြပ်ကြပ် ကြိမ်နွယ်သပ်နှင့် မြဲကွပ်ခွေတြိပ် ကြေးနန်းချိပ်သို့ တဆိတ်မဟ ပြေပြစ်လှလျက် ရှုကြမညောင်း မသာတောင်းတည့် ရွှေကျောင်းပုဗ္ဗ ဝေါဟာရဖြင့် စိမ်းမြခွံညို လဲ့လဲ့စိုသည် ပင်ပျို သစ်သစ် ဝါးတိဖြစ်ထား အနှစ်သာလန်း ရိပ်ထဲခန်းတွင် ပျော်မြန်း နေစဉ် ငြီးငွေ့ရှင်သော် ဖြေဖြည်ချုပ်ထား ကျိုးလည်းပွားဟု မှတ်သားနာဘွယ် အဓိပ္ပာယ်နှင့် နှီးနွယ်ကျမ်းလာ ဆိုလိုက်ပါသား ဤစာသာရ ဂေါသီတကို မိန်းမယောက်ျား သူတော်များတို့ ထောင်နားကြည်ရှိန်း ချိုးသောက်လိမ်းက မတိမ်းမရှား အကျိုးပွားသည် အပါးလာပိန့်လာပိန့်တည်း။

ကာမရာဂ ဤသို့စာသား မာရစစ်သည် လက်နက်မည်နှင့် ရဲရည်ခက်ခက် ပေါင်းဆယ်ချက်ကို ချိုးဖျက်ခပ်ပုတ် ကြွင်းကြွင်း နှုတ်၍ အငုတ်မကျန် တွန်းလွင့်လှန်လျက် မဂ်ဉာဏ်မသိမ်း အလျှံထိပ်သား စိန်အသွားညွန် ထိတိုင်းတွန့်သည် ဘုန်းကွန့် ဂုဏ်မြင့် တို့ထိပ်ဆင့်လျက် နောင်ခွင့်မိန့်မှာ သာသနာကို သင်္ချာ ကိန်းမှု ဂဏန်းပြုသော် မသျှုစန္ဒာရ သောမဟိန္ဒဂူ သင့်ယူခန့်ထောက် ကာလမြောက်ဖြင့် ကောက်ကောဇာရေး ဧကေဧက ဇယျသတွင် မာသခေါ်ညီ ရာသီမိန့်ဆန်း တောင်လေဖြန်းလျက် စုံခမ်းမြိုင်ဝ ရွက်ညောင်းခ၍ ရှည်ထမကွာ ဥတ္တရာဟု အာဏာ ရောင်ဘုန်း ဆယ့်တစ်လုံးနှင့် ချိန်သုံးပြီးလျက် မြတ်သိုးရက်တိ စက်သူရဇ္ဇ တူပိုကြသည် တကွရှည်လိမ့် ဥဒါသိမ်းတွင် မတိမ်း ကျမ်းလာ ကျင့်ထုံးစာကို သေချာချောမွတ် အပြီးသတ်၍ ကမ္ပတ် ရုံးရုံး အုပ်ကာဖုံးသည် နိဂုံးသာငြိမ့်တည်း။

ဂီဟိဝိနယပျို့ ပြီး၏၊

မှတ်ချက်။ ။ စာရေးသူ စသည့်ကို မသိရှိပါ။ သိတဲ့သူများ ပြန်လည်ပြင်ဆင်ပေးနိုင်ပါသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse