ဂန္ဓာရီ လေးချိုးကြီး

From Wikisource
Jump to navigation Jump to search
ဂန္ဓာရီ လေးချိုးကြီး
by သခင်ကိုယ်တော်မှိုင်း
ဒဂုန်တာရာ၏ ဧရာဝတီ ယန်စီ ဗော်လဂါ စာအုပ်မှ ကူးယူဖော်ပြပါသည်။

၁။ သြော် - စံဌာနီ စံဌာနီနှင့်၊ သံသရာလည်ခဲ့တဲ့၊ မြန်မာပြည် ဗရုတ်ဗရက်၊ ပြုတ်ပျက်နန်းဆီက၊ ဂန္ဓာရီ တရုတ် တရက် ကြငှန်းဆီသို့၊ နှုတ်ဆက်စမ်းမယ်လို့၊ ကမ္မဌာန်း ရတုအတိုင်းပေကိုး၊ (အိုကွယ်) ရုတ်တရက် လှမ်းခဲ့ပါတဲ့ ဘန်းတစု မှိုင်းရွှေကိုယ်။

၂။ သြ - ယဉ်စစ အနှူးတွေပေါ့၊ သခင်ဘဦး သခင်လွင်ရဲ့ပြင်၊ အယဉ်တွင် ယှဉ်မရနိုင်တဲ့၊ ခင်လှကလေး တပြောင်ပြောင် စွန်းသူနဲ့၊ မောင်ထွန်းမြင့် ဆိုသူ အမတ်တရှဉ်းရဲ့ပြင်၊ ဒြပ်လင်းသဟာ ဒဂုန်တာရာနှင့်၊ မဖြုံ ရန်တကာ မအောင်သမျှ တင်းမဟဲ့ဆိုတဲ့၊ မောင်လှဝင်း တက္ကသိုလ်ဇာနည်တို့နဲ့၊ တို့ဗမာပြည် ဝေဟင်ယံမှ၊ လေယဉ်ပျံ ကောင်းကင်စခန်းပေပ၊ ဒေါင်းယဉ်ပမာလို မြန်းခဲ့၊ စခန်းတမျိုး သာသာယာယာနှင်၊ တို့ဗမာ အလံအောက်ပေပ၊ ဗန်ကောက် တဆိတ်ဆင်းပြီး၊ အင်္ဂလိပ်ပိုင် ရွှေဟောင်ကောင်မှ၊ ထို့နောင်သော် တလောတဖုံ ခေတ်ဆိုတဲ့၊ အိုး ကောဠုမ္ပရာဇ် တခါဝင်တဲ့ပြင်၊ ရာဇာဘုရင် အလီလီသနင်းတွေရဲ့၊ ပီကင်းဗိုလ်ဝင်ခံကြပြီး၊ ဟို အရင်ယမန် လူ့တခွင် လွမ်းလောက်တဲ့၊ ဗဟိုပလ္လင်ပျံ မုခဒင်စခန်းရဲ့အပြင်၊ လူ့သဘင် တနန်း တည်ရန် ထင်လောက်သည့်၊ တီယန်ဆင် တထောက်မြန်းပြီး၊ ချောက်ကမ်း ကမ္ဘယံဝင်းတွေနှင့်၊ မြောက်နန်းအလံ ခင်းမည်ဟု၊ နန်ကင်းတဖန် ဆိုင်းခဲ့ပြီး၊ ရှံဟိုင်း သာနဂိုရဲ့အပြင်၊ ရာဇဂြိုဟ် ယမန် အဟောင်းကဲ့သို့သော၊ ဟန်ချောင်းမှာ တအားကိုးမဟဲ့လို့၊ ဘုရာပုထိုး ရှိရှဉ်ခိုးပြီး၊ ကျွန်မျိုးခေတ် တခါမကြုံဘို့လို့၊ ပတ္တနာအစုံ ညွတ်ကာပျောင်းတဲ့ပြီး၊ 'မော်စီတုန်း' ဆိုတာ ထိုရာဇာဟာ မဟော် အရည် တနှုန်းလိုသာ ကောင်းပါစေလို့၊ ဒေါင်းရတု မြန်ဗဟိုမှာနော်ကွယ်၊ အပေါင်းတစု အကြောင်းကြောင်းရှုပြီး တောင်းဆုပန်ဆို။

၃။ အနှီစံရာ ဘေးမကင်းတကင်း အရောက်နော် မြန်းခဲ့သော်လည်း၊ ပြည်ဂန္ဓာ သွေးရင်းပေါက်ဖော်တို့ လွမ်းရာက၊ နန်းဆက်၌ စနေခို၊ ရွှေဘိုနှင့် ရတနာပုံအဆင်း၊ (အိုကွယ်) နေညိုညိုမှာဖြင့်၊ ဆရာ အာရုံမကင်း။

၄။ သို့ရာတွင်၊ တို့ဗမာဇာတာတခွင်၌၊ ဒသာ မမြင် ပြောင်းချိန်သင့်ပြီမို့၊ ဒေါင်းအရှိန် ကောင်းချိန် ဝင့်ပါလိမ့်၊ အခွင့်အခါဟုတ်ပြီမို့၊ အများအစီအရီ၊ တအားညီညီ ထုတ်ကြပေတော့၊ (အမယ်မင်း) အနုတ်စုတ် ဂုတ်စုတ် အပြည်လုခဲ့တဲ့၊ ထာဝရအသင်းတည်းဟူသော၊ ကမ္ဘာဒမြ ရှင်းပေမည့်၊ (သြော်) ကျွန်ပ် အကြည်တစု တို့နှင့်တကွ၊ တရုတ်ပြည်သူ့ မဟာသမတမင်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.