ဂင်္ဂေယျဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၀၅။ ဂင်္ဂေယျဇာတ် (၂-၆-၅)


ဒုကနိပါတ်-နတံဒဠှဝဂ်

၅။ ဂင်္ဂေယျဇာတ်

အလှပြိုင် ငါး နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သောဘတိ မစ္ဆော ဂင်္ဂေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဉ္စင်းငယ်နှစ်ယောက်တို့ကို အကြောင်းပြု၍ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေကုန်သော အမျိုးကောင်းသား ဖြစ်ကုန်သော နှစ်ယောက်ကုန်သောရဟန်းတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ အသုဘဘာဝနာကို အားမထုတ်မူ၍ အဆင်းကို ချီးမွမ်းတတ်ကုန်သည်ဖြစ်၍ အဆင်းကို တင့်တယ်စေကုန်လျက် သွားကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တနေ့သ၌ သင်သည် မတင့်တယ် ငါသည်တင့်တယ်၏။ ဤသို့ အဆင်းကိုမှီ၍ ငြင်းခုံခြင်းဖြစ်ကုန်လတ်သော် အနီး၌နေသော တပါးသော မထေရ်အိုကိုမြင်၍ ဤရဟန်းအိုသည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏ အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုရဟန်းအိုသို့ကပ်ကုန်၍ အရှင်ဘုရား ငါတို့တွင် အဘယ်သူသည်လျှင် တင့်တယ်သနည်းဟု မေးကုန်၏။ ထိုရဟန်းအိုသည် သင်တို့, သင်တို့ထက် ငါသည်သာလျှင် လွန်၍ တင့်တယ်၏ ဟု ဆို၏။ ပဉ္စင်းငယ်တို့သည် ဤရဟန်းအိုကား ငါတို့ မေးအပ်သည်ကို မဖြေမှု၍ မမေးအပ်သည်ကို ဆို၏ဟု ထိုရဟန်းအိုကို ဆဲရေးကုန်၍ သွားကုန်၏။ ထိုရဟန်းတို့၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော မထေရ်အိုသည် အဆင်းကိုမှီကုန်သော ထိုရဟန်းငယ်တို့ကို ရှက်စေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် ယခုအခါ၌ သာလျှင် မိမိတို့၏ အဆင်းကို ချီးမွမ်းတတ်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ထိုရဟန်းငယ်တို့သည် မိမိတို့၏ အဆင်းကိုသာလျှင် ချီးမွမ်းကုန်လျက် သွားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဂင်္ဂါမြစ်နား၌ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ ဂင်္ဂါငါး ယမုနာငါး ဤငါးနှစ်ခုတို့သည် ငါသည် တင့်တယ်၏။ သင်သည် မတင့်တယ်ဟု အဆင်းကို အမှီပြုကုန်၍ ငြင်းခုံသည်ရှိသော် အနီးဖြစ်သော ဂင်္ဂါကမ်းနား၌နေသော လိပ်ကိုမြင်ကုန်၍ ဤလိပ်သည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုလိပ်သို့ ကပ်ကုန်၍ အဆွေလိပ် ဂင်္ဂါငါးသည်တည်း တင့်တယ်လေသလော၊ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်းပင် တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏။ ယမုနာငါးသည်လည်း တင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကား ငါသည်သာလျှင် အတိုင်းထက် အလွန် တင့်တယ်၏။ ဤသို့သော အနက်ကို ပြလိုရကား-

၁၀၉။ သောဘတိ မစ္ဆော ဂင်္ဂေယျော၊ အထော သောဘတိ ယာမုနော။
စတုပ္ပဒေါယံ ပုရိသော နိဂြောဓပရိမဏ္ဍလော။

ဤသကာယတဂီဝေါ စ၊ သဗ္ဗေဝ အတိရောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၉။ ဂင်္ဂေယျော မစ္ဆော၊ ဂင်္ဂါမြစ်ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ အထော၊ ထိုမှတပါး။ ယာမုနော၊ ယမုနာ ငါးသည်လည်း။ သောဘတိ၊ တင့်တယ်လှပေ၏။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိထသော။ နိဂြောဓပရိမဏ္ဍလော၊ ပညောင်ပင်၏အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိထသော။ ဤသကာယတဂီဝေါ စ၊ ရထားသံကဲ့သို့ ရှည်သောလည်ရှိထသော။ အယံပုရိသော၊ ဤယောက်ျားသည်ကား။ သဗ္ဗေဝ၊ အလုံးစုံသော သင်တို့ကိုလျှင်။ အတိရောစတိ၊ လွန်၍ တင့်တယ်သေး၏။

ငါးတို့သည် ထိုလိပ်၏စကားကို ကြားကုန်၍ အို... လိပ်ယုတ်မာ ငါတို့သည် မေးအပ်သည်ကို မဖြေမူ၍ တပါးကိုသာလျှင် ဆို၏ဟု ဆိုလို၍-

၁၁၀။ ယံ ပုစ္ဆိတော န တံ အက္ခာသိ၊ အညံ အက္ခာသိ ပုစ္ဆိတော။
အတ္တပ္ပသံသကော ပေါသော၊ နာယံ အသ္မာက ရုစ္စတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၁၀။ အမ္ဘော ပါပ ကစ္ဆပ၊ အို လိပ်ယုတ်မာ။ ပုစ္ဆိတော၊ မေးအပ်သောလိပ်သည်။ ယံ၊ အကြင်ပြဿနာကို။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်၏။ တံ၊ ထိုမေးအပ်သော ပြဿနာကို။ န အက္ခာသိ၊ မဖြေ။ အညံ၊ တပါးကို။ အက္ခာသိ၊ ဖြေဆို၏။ အတ္တပ္ပသံသကာ၊ မိမိကိုယ်ကို ချီးမွမ်းတတ်သော။ အမှေဟိ၊ ငါတို့သည်။ ပုစ္ဆိတော၊ မေးအပ်သော။ အယံပေါသော၊ ဤယောက်ျားသည်။ အသ္မာကံ၊ ငါတို့အား။ န ရုစ္စတိ၊ မနှစ်သက်စေ။

ဤသို့ဆိုကုန်၍ လိပ်၏အပေါ်သို့ ရေကိုပက်ခဲ့ကုန်၍ မိမိတို့၏ နေရာအရပ်သို့သာလျှင် သွားကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ နှစ်ယောက်ကုန်သော ပဉ္စင်းငယ်တို့သည် ထိုအခါ ငါးနှစ်ကောင်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ရဟန်းအိုသည် ထိုအခါ လိပ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဤဆိုအပ်ပြီးသော အကြောင်းကို မျက်မှောက်ပြုခဲ့ရသော ဂင်္ဂါမြစ်နား၌ ဖြစ်သော ရုက္ခစိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရူပအဆင်း၊ ချီးမွမ်းခြင်း၊ အငြင်းပွားကာ ရှက်ရရှာ

ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂင်္ဂေယျဇာတ်သည် ပြီး၏။

*****