ချိုချိုသာသာ ပြောဆိုပါ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၃။ ချိုချိုသာသာ ပြောဆိုပါ (ကျောင်းသားကိုင်သို့)
339366ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၃။ ချိုချိုသာသာ ပြောဆိုပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

ချိုချိုသာသာ ပြောဆိုပါ

သင်ယူမှုဦးတည်ချက် ။ ။ ဝစီဒုစရိုက် (၄) ပါးကို သိရှိစေရန်နှင့် စကားပြောဆိုရာတွင် ချိုချိုသာသာ ပြောဆိုတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ယဉ်ကျေးကြစို့ ကဗျာ၊ ဂိမ်းကစားရန် ပါဆယ်ထုပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍စကားပြောဆိုရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်စေရန် ဒုတိယတန်း၊ သင်ခန်းစာ (၂၇) တွင် သင်ခဲ့ပြီးဖြစ်သည့် အောက်ပါ ယဉ်ကျေးကြစို့ ကဗျာကို ရွတ်ဆိုကြပါစေ။

ယဉ်ကျေးကြစို့

စကားပြောဆို နားဝင်ချို၊
သိမ်မွေ့ ကြစေလို။
လိမ်ညာတာကို တို့ရှောင်ရှား၊
မမှန်တဲ့ မုသား။
ထောင်လွှားမာန အပြစ်တွေ၊
မဖြစ်ကြအောင်နေ။
ရိုသေထိုက်သူ ရိုသေလို့၊
ယဉ်ကျေးကြပါစို့။

֍ထို့နောက် အောက်ပါ ပါဆယ်မုဆိုး ကစားနည်းကို စုပေါင်းကစားကြပါစေ။

֍ပထမဦးစွာ ကလေးတစ်ဦးအား ပါဆယ်မုဆိုးအဖြစ် ရွေးချယ်ပြီးလျှင် မျက်စိမှိတ်၍ နေပါစေ။

֍ကျန်ကလေးများအား စက်ဝိုင်းပုံ မတ်တတ်ရပ်နေစေ၍ လက်များကို နောက်ပစ်ထားကြ ပြီး ပခုံးချင်းထိ၍ စိပ်စိပ်ရပ်နေကြပါစေ။

֍စက်ဝိုင်းပုံ မတ်တတ်ရပ်နေသော ကလေးများက အထက်ပါ ယဉ်ကျေးကြစို့ ကဗျာကို ရွတ်ဆိုရင်းဖြင့် မိမိလက်ထဲမှ ပါဆယ်ထုပ်ကို ညာဘက်ရှိလူထံသို့ နောက်ကျောမှ လက် ဆင့်ကမ်း ပေးပါစေ။

֍ကဗျာဆုံးသွားချိန်တွင် ပါဆယ်ထုပ်လက်ဆင့်ကမ်းခြင်းကို ရပ်ထားရမည်။

֍ဝိုင်းအလယ်ရှိ ပါဆယ်မုဆိုးက မည်သူ့ထံတွင် ပါဆယ်ထုပ်ရှိနေကြောင်းကို ခန့်မှန်းပြော ဆိုပါစေ။

֍ခန့်မှန်းမှုမှန်လျှင် အဆိုပါ ပါဆယ်ထုပ် လက်ဝယ်ရှိသူမှ ပါဆယ်မုဆိုးအဖြစ် ဆက်လက် သရုပ်ဆောင်ပြီး အချိန်ပေါ်မူတည်၍ ကစားပွဲကို ဆက်လက်ကစားနိုင်ပါသည်။ အကယ်၍ ပါဆယ်မုဆိုးသည် ခန့်မှန်းမှုမမှန်လျှင် ယဉ်ကျေးကြစို့ ကဗျာကို အမူအရာနှင့် တကွ ရွတ်ဆိုစေပြီး ကစားပွဲကို ဆက်လက်ကစားနိုင်ပါသည်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ချိုချိုသာသာ ပြောဆိုပါ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ရှုကြပါစေ။

֍ပြီးနောက် ဆရာက ဇာတ်လမ်းအား စိတ်ဝင်စားဖွယ်ဖြစ်အောင် ထပ်မံပြောပြပါ။

ချိုချိုသာသာ ပြောဆိုပါ

ဘုရားရှင်လက်ထက်မှာ မင်းကြီးတစ်ပါးရှိခဲ့တယ်။ မင်းကြီးရဲ့ မိခင်ဟာ စကားပြော ဆိုရာမှာ ရုန့်ရင်းကြမ်းတမ်းတဲ့အတွက် ဘယ်သူကမှ မလေးစားကြ၊ မချစ်ခင်ကြဘူး။ ဒါကြောင့် မင်းကြီးလည်း စိတ်မချမ်းသာဘူး။ မိခင်ကြီးကို စကား ချိုချိုသာသာ ပြောတတ် တဲ့သူ ဖြစ်စေချင်တယ်။ ဒါပေမဲ့ မိခင်ဖြစ်နေတဲ့အတွက် “စကားကို ချိုချိုသာသာပြောပါ” ဆိုပြီး အမိန့်ပေးလို့လဲ မဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းကြီးဟာ မိခင်ကို နည်းပရိယာယ်သုံးပြီး သဘောပေါက်အောင် ပြောဖို့အတွက် ဥပမာ၊ သာဓကပြစရာတစ်ခုကို စဉ်းစားနေခဲ့တယ်။

တစ်နေ့မှာ မင်းကြီးဟာ ဥယျာဉ်ထဲကို အပန်းဖြေဖို့ ထွက်လာခဲ့တယ်။ မင်းကြီးနဲ့ အတူ မိခင်ကြီးလည်း ပါလာတယ်။ ဥယျာဉ်ထဲမှာ အပန်းဖြေနေတုန်း သစ်ပင်တစ်ပင်ပေါ် မှာ တစ်တီတူးငှက်တစ်ကောင်က အော်နေတယ်။ ရောင်စုံအမွေးတွေနဲ့လှပတဲ့ တစ်တီတူး ငှက်ရဲ့ အသံဟာ အလွန်ကို နားဝင်ဆိုးလှတယ်။ ဘယ်သူမှ သည်းမခံနိုင်ကြတော့ မင်းကြီး ရဲ့အခြွေအရံတွေက “ဟဲ့ ငှက်ယုတ် ... ကျက်သရေတုံးတဲ့ အသံကြီးနဲ့ မအော်စမ်းပါနဲ့”လို့ မောင်းထုတ်ကြတယ်။ ဒီလိုနဲ့ ရှေ့ ဆက်သွားကြရင်း တစ်နေရာရောက်တော့ နောက်ထပ် သစ်ပင်တစ်ပင်ပေါ်မှာ အမွေးမည်းမည်းနဲ့ ရုပ်ဆိုးလှတဲ့ ဥဩငှက်တစ်ကောင်ရဲ့ တွန်သံကို ကြားလိုက်ကြတယ်။ အဲဒီဥဩငှက်ရဲ့ အသံကိုလည်းကြားရော မင်းကြီးရဲ့ အခြွေအရံတွေ က နှစ်သက်သဘောကျလွန်းလို့ “အို ... ဥဩငှက်ကလေးရယ် မင်းရဲ့ သာယာလှတဲ့ အသံလေးနဲ့ တို့အားလုံးကို ဖျော်ဖြေပါဦးလို့ ဝိုင်းပြောကြတယ်။

အဲဒီအဖြစ်အပျက်နှစ်ခုကို မင်းကြီးသိလိုက်ရတော့ မိခင်ကြီးကို သတိပေးဖို့ ဥပမာ ရပြီဆိုပြီး ဝမ်းသာသွားတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ အသံရှိတဲ့ တစ်တီတူးလို ငှက်မျိုးကို ဘယ်သူမှမချစ်ကြဘဲ အရုပ်ဆိုးပေမဲ့ အသံသာတဲ့ ဥဩငှက်ကလေးကိုတော့ လူတိုင်းက ချစ်ခင်ကြတယ်လို့ ဥပမာပေးပြီး မိခင်ကြီးကို ပြောပြလိုက်တဲ့အခါ မိခင်ကြီးက အသိတရား ရသွားတော့တယ်။ အဲဒီအချိန်ကစပြီး မိခင်ကြီးဟာ ဘယ်သူ့ကိုမဆို ချိုချိုသာသာ ပြောဆို ဆက်ဆံတော့တယ်။ အားလုံးကလည်း မိခင်ကြီးကို ချစ်လာခင်လာကြပါတယ်။ မိခင်ကြီး ဟာ ခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း မင်းကြီးကိုပြောပြီး သားအမိနှစ် ယောက် အရင်ကထက် ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားကြပါတယ်။

မှီငြမ်း ။ ။ သုဇာတဇာတ်၊ ပုံတော်စုံငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ။ ၅။ ဇာ၊ ဋ္ဌ၊ ၂၊ ၃၁၃။

֍ဇာတ်လမ်းပြောပြီးလျှင် အောက်ပါမေးခွန်းများကိုမေးပါ။

-မင်းကြီးရဲ့ မိခင်ဟာ စကားပြောရင် ဘယ်လိုပြောတတ်သလဲ။
-မင်းကြီးရဲ့ မိခင်ကို လူတွေချစ်ကြသလား။ ဘာကြောင့်လဲ။
-တစ်တီတူးငှက်လေးဟာ ဘယ်လိုအရောင်နဲ့ ဘယ်လိုအသံ ရှိသလဲ။
-ဥဩငှက်လေးကရော ဘယ်လိုအရောင်နဲ့ ဘယ်လိုအသံ ရှိသလဲ။
-ဘယ်ငှက်သံကို လူတွေက ကြိုက်သလဲ။ ဘာကြောင့်လဲ။
-မင်းကြီးက မိခင်ကြီးကို ဘယ်လိုဥပမာပေးပြီး ပြောသလဲ။
-မိခင်ကြီးဟာ အသိတရားရသွားပြီး ဘယ်လိုပြောင်းလဲပြောဆိုသလဲ။
-အဲဒီလို ပြောင်းလဲပြောဆိုလိုက်တော့ နန်းတွင်းသူ/သားတွေက သူ့အပေါ်ကို ဘယ်လိုဖြစ်လာလဲ။
-သားတို့၊ သမီးတို့အနေနဲ့ရော စကားကို ဘယ်လိုပြောချင်ကြလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဝစီဒုစရိုက်တရား (၄) ပါး၏ အနက်အဓိပ္ပာယ် ရေးထားသောကတ်ပြား (၂ဝ) ခု။

သင်ယူမှုလုပ်ငန်းစဉ်

֍“ သားတို့၊ သမီးတို့က ဇာတ်လမ်းကိုလည်း နားထောင်ပြီးပြီဆိုတော့ ဆရာ အခုမေးမယ့် မေးခွန်းလေးတွေကို ဖြေကြည့်ကြမယ်နော်” စသည်ဖြင့်ပြောပြီး အောက်ပါ မေးခွန်းများ ကို မေးပါ။

[သတိပြုရန် 1]

-စကားပြော ချိုသာတဲ့သူနဲ့ စကားပြော ကြမ်းတမ်းတဲ့သူမှာ ဘယ်သူ့ကို လူတွေက ပို ချစ်ခင်ကြသလဲ။
-ရုပ်ဆိုးပြီး စကားပြော ချိုသာတဲ့သူနဲ့ ရုပ်ချောပြီး စကားပြောကြမ်းတမ်းတဲ့သူမှာရော ဘယ်သူ့ကို လူတွေက ပိုချစ်ခင်ကြမယ် ထင်သလဲ။

֍ကလေးများ ဖြေဆိုပြီးသောအခါ “စကားပြောကြမ်းတမ်းတဲ့သူကို ဘယ်သူမှ မချစ်ချင်ကြဘူး။ အဲဒီလို စကားကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာကို ပါဠိလိုဆိုရင် “ဖရုသဝါစာ”လို့ ခေါ်တယ်။ သားတို့၊ သမီးတို့ကို မကောင်းမှုများရှောင်ရှားမယ် သင်ခန်းစာမှာ ကိုယ်နဲ့ပြု လုပ်တဲ့မကောင်းမှု ကာယဒုစရိုက် (၃) ပါးအကြောင်းကို ပြောခဲ့ပြီးပြီ။ အခု နှုတ် (ပါးစပ်) နဲ့ပြုလုပ်တဲ့ ဝစီဒုစရိုက် (၄) ပါးအကြောင်းကို ပြောပြမယ်။ စောစောကပြောတဲ့ ဖရုသ ဝါစာက အဲဒီဝစီဒုစရိုက်(၄) ပါးထဲမှာ ပါတယ်” စသည်ဖြင့်ပြောကာ အောက်ပါ ဝစီ ဒုစရိုက် (၄) ပါးကို ပါဠိ၊ အနက်အဓိပ္ပာယ်၊ ဥပမာများနှင့်တကွ တစ်ချက်ချင်း ရှင်းပြ ပေးပါ။

ဝစီဒုစရိုက် (၄) ပါး

၁။ မုသာဝါဒ (လိမ်ညာပြောဆိုခြင်း)
၂။ ပိသုဏဝါစာ (ကုန်းတိုက်စကား ပြောဆိုခြင်း)
၃။ ဖရုသဝါစာ (စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်း)
၄။ သမ္ဖပ္ပလာပဝါစာ (အကျိုးမရှိသောစကား ပြောဆိုခြင်း)

[သတိပြုရန် 2]

֍ရှင်းပြပြီးသောအခါ ကလေးများအား အုပ်စု (၅) စုဖွဲ့ပါ။ အုပ်စု (၁)၊ အုပ်စု (၂)၊ အုပ်စု (၃)၊ အုပ်စု (၄)၊ အုပ်စု (၅) ဟူ၍ အုပ်စုအမည်များ အသီးသီး ပေးထားပါ။

֍ပထမဦးစွာ ဆရာက သင်ပုန်းပေါ်တွင် အောက်ပါအတိုင်း ကြိုတင်ရေးသားထားပါ။ ဝစီ ဒုစရိုက်တရား (၄) ပါး၏ အနက်အဓိပ္ပာယ်ကို ရေးထားသောကတ်ပြား (၂ဝ) ကို အတန်း ရှေ့စားပွဲပေါ်တွင် မှောက်လျက်ချထားပါ။

မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပဝါစာ
အုပ်စု (၁)
အုပ်စု (၂)
အုပ်စု (၃)
အုပ်စု (၄)
အုပ်စု (၅)

֍ထို့နောက် ကစားနည်းကို အောက်ပါအတိုင်း ရှင်းပြပါ။

“အုပ်စုကိုယ်စားလှယ်တစ်ဦးစီ အတန်းရှေ့ကို ထွက်လာရမယ်။ ဆရာက “စ” လို့ ပြော လိုက်တာနဲ့ စားပွဲခုံပေါ်က ကတ်ပြားတွေထဲက ဝစီဒုစရိုက် (၄) ပါးလုံး ပြည့်စုံတဲ့ ကတ် ပြား (၄) ခုကို ရွေးချယ်ပြီး သင်ပုန်းပေါ်မှာ နေရာမှန်အောင် ကပ်ပေးရမယ်။ သင်ပုန်းမှာ ပြထားတဲ့အတိုင်း ကိုယ့်အုပ်စုနာမည်ရှိတဲ့ နေရာမှာပဲ ကပ်ပေးရမယ်နော်။ ဆရာက “ရပ်” လို့ ပြောတဲ့အချိန်မှာ အားလုံးက ရပ် လိုက်ရမယ်။ လုံးဝ ဆက် ကပ်လို့မရဘူးနော်။ ကတ်ပြား (၄) ခုလုံးကို မှန်အောင်ကပ်နိုင်ရင် အမှတ် (၄) မှတ်ရမယ်။ သုံးခုဆိုရင် (၃) မှတ်၊ နှစ်ခုဆို (၂) မှတ် ရမယ်နော်။ အချိန်ရသလောက် ကစားသွားကြမယ်။ ကစားပြီး တဲ့အခါ အမှတ်တွေအားလုံးကို ပေါင်းပြီးတော့ ဘယ်အဖွဲ့က အမှတ်အများဆုံးရလဲ ဆိုတာကို ကြေညာပေးမယ်။ အနိုင်ရတဲ့အဖွဲ့ကို တခြားအဖွဲ့တွေက လက်ခုပ်တီးပြီး အားပေးရမယ်။

֍ကစားနည်းကို ရှင်းပြပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီကို အလှည့်ကျ အတန်း ရှေ့သို့ ထွက်စေပြီး ကစားကြပါစေ။

֍နောက်ဆုံးတွင် ဝစီဒုစရိုက် (၄) ပါးကို ပါဠိနှင့်မြန်မာတွဲလျက် ရွတ်ဆိုခြင်းဖြင့် စာသင်ချိန် ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဝစီဒုစရိုက်(၄)ပါးဖြစ်တဲ့ စကားကို လိမ်ညာပြောဆိုတာ၊ ကုန်းတိုက်စကားပြောတာ၊ ကြမ်းကြမ်းတမ်းတမ်းပြောတာ၊ အကျိုးမရှိတဲ့ စကားပြောတာတွေကို သားတို့၊ သမီးတို့ ကိုယ်တိုင် ပြောဆိုဖူးတာရှိလား၊ ဒါမှမဟုတ် ဘယ်သူတွေ အဲဒီလို ပြောဆိုနေတာကို တွေ့ဖူး၊ ကြားဖူးကြသလဲဟု မေးကာ ကလေးများကိုယ်တိုင် ပြောဆိုဖူးသည်များ သို့မဟုတ် တွေ့ကြုံဖူးသည်များကို ပြန်လည်ပြောပြကြပါစေ။

[သတိပြုရန် 3]

֍ထို့နောက် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတိုင်းက စကားကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုခြင်းကြောင့် နောက်ဆက်တွဲအနေ ဖြင့် မည်ကဲ့သို့သောဆိုးကျိုးများ ဖြစ်လာစေနိုင်ကြောင်းကို စဉ်းစားဆွေးနွေးကြပါစေ။

֍စဉ်းစားပြီးလျှင် အုပ်စုတိုင်းက မိမိတို့ စဉ်းစားဆွေးနွေးထားသည်များကို ပြောပြကြပါစေ။

֍နောက်ဆုံးတွင် ဇာတ်လမ်းနှင့် ပြန်လည်ချိတ်ဆက်ပြောပြ၍ နှုတ်နဲ့ပြုလုပ်တဲ့ မကောင်းမှု ဆိုတဲ့ ဝစီဒုစရိုက် (၄) ပါးကို ရှောင်ကြဉ်ပြီး စကားပြောတဲ့အခါ မှန်မှန်ကန်ကန်၊ ချိုချို သာသာနဲ့ အကျိုးရှိအောင် ပြောဆိုသင့်ကြောင်း ဆုံးမစကား ပြောဆိုပေးပြီး စာသင်ချိန် ကို အဆုံးသတ်ပါ။

  1. ကလေးအားလုံး ပါဝင် ဖြေဆိုကြပါစေ။
  2. သမ္ဖပ္ပလာပ (သမ်ဖတ်ပလာပ) ဟုဖတ်ပါ။
  3. ကလေးအားလုံး ပါဝင်နိုင် ရန် ဆရာက စီစဉ်ပေးပါ။