ချစ်၍ခေါ်ရာ-ချီ အလိုက်ရတု

From Wikisource
Jump to navigation Jump to search
ချစ်၍ခေါ်ရာ-ချီ အလိုက်ရတု
by စိန္တကျော်သူ ဦးဩ

ချစ်၍ခေါ်ရာ၊ လိုက်ချင်ပါလည်း၊ နော်ဇာရွှေကုံး၊ တစ်ခိုင်ရုံးကို၊ လုံးလုံးမယ်ထွေး၊ မပိုင်သေးခဲ့၊ မဝေးဘူးဆို၊ မြို့မြောက်ဟိုတွင်၊ မြင်းမိုရ်တောင်လောက်၊ ကန်ပေါင်မောက်နှင့်၊ ယင်သောက်ရုံမျှ၊ မြူမကျသား၊ ချမ်းမြရေကြည်၊ ကြာငါးမည်လည်း၊ ထော်ပည်ဟင်းရမ်း၊ ပြိုးပြောက်မြွမ်းလျက်၊ ဆွတ်လှမ်းမလွယ်၊ ကုံးသီသွယ်သို့၊ လွမ်းဖွယ်သာယာ၊ ကန်တော်မှာသည်။ ။ ရောက်ခါမြင်ရပေလိမ့်မည်။

နစ်၍ပေါ်လှာ၊ စည်တော်သာနှင့်၊ ခရာဒုံမင်း၊ စောင်းညှင်းပြွေနှဲ၊ ရေလုံးသဲမျှ၊ အပွဲပွဲအောင်၊ ရာမင်းနောင်လျှင်၊ ဖောင်သက္ကဒါန်၊ သမ္ဗန်ကူရွပ်၊ ပျဉ်စပ်မထင်၊ လက်သင်လှော်ကား၊ အခြားခြားတည့်၊ မင်းသားမင်းညီ၊ တက်ပြိုင်ချီ၍၊ အောင်ပြီဝှဲဝှဲ၊ စံရေပွဲကို၊ ကြုံခဲတောင်းပင်၊ ကြည့်ပါချင်၏၊ မိခင်ဖဝတ်၊ ခွင့်မလွှတ်ခဲ့၊ မိုးနတ်ပျော်ရာ၊ ဆကာမာသည်။ ။ ခြောက်ရွာထင်ရပေလိမ့်မည်။

ဟစ်၍ကျော်ကာ၊ ခေါ်သံသာနှင့်၊ ကြိုးကြာရစ်ဝဲ၊ ဝမ်းဘဲလူးလာ၊ ဟင်းသာတုံ့ပယ်၊ ယက္ကန်းရှယ်သို့၊ ရေဝယ်ဆွတ်လွှား၊ ကြာဝယ်နားလျက်၊ ပျော်စားသည်ကို၊ မောင်မဆိုလည်း၊ မယ့်လိုကိုယ်ထူး၊ ကြည့်ချင်ဦးပင်၊ ကျေးဇူးရှင်က၊ ခွင့်မရခဲ့၊ နတ်ရွာ့မှန်ကူ၊ နန္ဒာဟူလည်း၊ မတူပလေ၊ ရှုတိုင်းဝေမျှ၊ မျက်ခြေထင်ထင်၊ တစ်ခါမြင်က၊ မိခင်တဋ္ဌာန်၊ မေ့ကျန်အိမ်ရာ၊ ကြည့်တွေရှာသည်။ ။ မြောက်မှာရွှင်ရပေလိမ့်မည်။


မှတ်ချက်

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse