ခေမာထေရီဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၅။ ခေမာထေရီဝတ္ထု
325466ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ် — ၅။ ခေမာထေရီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၅။ ခေမာထေရီဝတ္ထု

ယေ ရာဂရတ္တာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ခေမာအမည်ရှိသော ဗိမ္ဗိသာရမင်းကြီး၏ မြတ်သော အဂ္ဂမဟေသီ မိဖုရားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အဆင်း၌ မာန်ယစ်သော ခေမာမိဖုရား

ထိုခေမာမိဖုရားသည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေရင်းတော်၌ တောင့်တအပ်သော ဆုတောင်းခြင်းရှိသည်ဖြစ်၍ အလွန်လျှင် အဆင်းလှသည်, ကြည်လင်နှစ်သက်ဖွယ်ရှိသည် ဖြစ်သတတ်။ မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ပြောသတတ်ဟူသော စကားကို ကြားရဖူးသောကြောင့် ဘုရားရှင်၏ အထံတော်သို့ သွားခြင်းငှာ အလိုမရှိ၊ ဗိမ္ဗိသာရမင်းကြီးသည် ထိုခေမာမိဖုရား၏ အဆင်းကိုမှီ၍ မာန်ယစ်မေ့လျော့သည့်အဖြစ်ကို သိရလျှင် ဝေဠုဝန်ဥယျာဉ်၏ တင့်တယ်ခြင်း ဂုဏ်ကျေးဇူးနှင့်စပ်သော သီချင်းရတုတို့ကို သီကုံးစေပြီးလျှင် ကချေသည်မိန်းမ စသည်တို့အား ပေးစေလေ၏။ ထိုသီချင်းရတုတို့ကို သီဆိုကြကုန်သော ကချေသည်မတို့၏အသံကို ကြားရလျှင် ထိုခေမာမိဖုရားကြီးအား ဝေဠုဝန်ဥယျာဉ်ကို မမြင်ဖူးသကဲ့သို့ပင် ဖြစ်လေ၏။ ခေမာမိဖုရားကြီးက “အဘယ်ဥယျာဉ်ကို ရည်မှန်း၍ သီကုံးကြကုန်သနည်း”ဟု မေးသဖြင့် “အရှင်မိဖုရား- အရှင်မိဖုရားကြီးတို့၏ ဝေဠုဝန်ဥယျာဉ်ကြီးကိုသာလျှင် ရည်မှန်း၍ သီကုံးကြပါသည်”ဟု တင်လျှောက်သည်ရှိသော် ဥယျာဉ်သို့သွားခြင်းငှာ အလိုရှိသည် ဖြစ်လေ၏။

မြတ်စွာဘုရားသည် ထိုခေမာမိဖုရား၏ လာခြင်းကို သိတော်မူ၍ ပရိသတ်၏အလယ်၌ နေထိုင်သီတင်းသုံးတော်မူလျက် တရားဟောတော်မူစဉ်သာလျှင် ထန်းရွက်ယပ်ဝန်းကို ကိုင်ယူ၍ ကိုယ်တော်မြတ်၏နံပါး၌ ထားပြီးလျှင် ယပ်လေခတ်နေသော အလွန်အဆင်းလှသော မိန်းမကို ဖန်ဆင်းထားတော်မူလေသောကြောင့် ခေမာမိဖုရားသည်လည်း ဝင်လျှင်ဝင်ချင်းသာလျှင် ထိုမိန်းမကို မြင်ရလျှင် “မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ဟောပြောတော်မူလေ၏ဟု ပြောကြကုန်၏။ ဤမိန်းမသည်လည်း ထိုမြတ်စွာဘုရား အထံတော်၌ ယပ်လေခတ်လျက် တည်ဘိ၏။ ငါသည် ဤမိန်းမ၏အဆင်းကို တစ်ဆယ့်ခြောက်စိတ်,စိတ်၍ တစ်စိတ်မျှသို့လည်းမရောက်၊ ငါသည် ဤသို့သဘောရှိသော မိန်းမ၏အဆင်းကို မမြင်ရစဖူးပါတကား။ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲကြကုန်သည် ထင်၏”ဟု ကြံ၍ မြတ်စွာဘုရား၏ ဟောတော်မူသော ဒေသနာ ဂါထာသံကိုမျှလည်း နှလုံးမသွင်းနိုင်ဘဲ ထိုမိန်းမကိုသာလျှင် ကြည့်ရှုကာ ရပ်နေလေ၏။

ခေမာမိဖုရား သောတာပန်တည်ခြင်း

မြတ်စွာဘုရားသည် ထိုမိန်းမ၏ အဆင်း၌ဖြစ်သော လွန်စွာမြတ်နိုးသည့်အဖြစ်ကို သိတော်မူ၍ ထိုအဆင်းကို ပထမအရွယ် စသည်တို့၏အစွမ်းဖြင့် ပြလျက် ဇနပဒကလျာဏီ၊ ရူပနန္ဒာထေရီမ ဝတ္ထုတို့၌ ဆိုအပ်ပြီးသော နည်းအားဖြင့်သာလျှင် အဆုံး၌ အရိုးမျှသော အကြွင်းရှိသည်ကိုပြု၍ ပြတော်မူလေ၏။ ခေမာမိဖုရားသည် ထိုဖောက်ပြန်သောအခြင်းအရာကို မြင်ရလျှင် “ဤသို့သဘောရှိသည်မည်သော ထိုအဆင်းသော်မှလည်း တစ်ခဏချင်းဖြင့်သာလျှင် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ဘိ၏။ ဤအဆင်း၌ အနှစ်သာရမရှိခဲ့လေစွတကား”ဟု ကြံစည်လေ၏။ ဘုရားရှင်သည် ထိုခေမာမိဖုရား၏ စိတ်အကြံကို ကြည့်ရှုတော်မူ၍ “ခေမာမိဖုရား- သင်သည် ဤအဆင်း၌ အနှစ်သာရရှိ၏ဟု ကြံဘိ၏။ ယခု ထိုမိန်းမ၏အဆင်း၌ အနှစ်သာရမရှိသည်အဖြစ်ကို ကြည့်ရှုလေလော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။

ခေမေ၊ ခေမာမိဖုရား။ အာတုရံ၊ အမြဲအစဉ် နာကျင်ခြင်းသဘော ရှိထသော။ အသုစိံ၊ မစင်ကြယ်သော သဘောရှိထသော။ ပူတိံ၊ အပုပ်အတိသဘောရှိထသော။ ဥဂ္ဃရန္တံ၊ အထက်သို့လျှံတက် အန်ထွက်ခြင်းသဘောလည်း ရှိထသော။ ပဂ္ဃရန္တံ၊ ကိုးပါးသော ဒွါရမှ တတွေတွေယိုစီးခြင်းသဘောလည်း ရှိထသော။ ဗာလာနံ၊ မလိမ္မာသောသူတို့၏။ အဘိပတ္ထိတံ၊ အလွန်တောင့်တ နှစ်သက်အပ်ထသော။ သမုဿယံ၊ ရုပ်နာမ်စုဆောင်း ခန္ဓာငါးပါးအပေါင်းကို။ ပဿ၊ ကြည့်ရှုလေလော့။

ထိုခေမာမိဖုရားသည် ဂါထာဒေသနာကို ဟောတော်မူပြီးသည့်အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထို့နောင်မှ ခေမာမိဖုရားကို မြတ်စွာဘုရားသည် “ခေမာမိဖုရား ဤသတ္တဝါတို့သည် ရာဂဖြင့်တပ်ခြင်း ရှိကြကုန်၏။ ဒေါသဖြင့် ပြစ်မှားခြင်း ရှိကြကုန်၏။ မောဟဖြင့် တွေဝေမိန်းမောခြင်း ရှိကြကုန်၏။ မိမိ၏ တဏှာဟူသော အလျဉ်ကို ကောင်းစွာလွန်မြောက်ခြင်းငှာ မတတ်နိုင်ရှာကြကုန်၊ ထိုတဏှာဟူသော အလျဉ်၌သာလျှင် ကပ်ငြိကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၄၇] ယေ ရာဂရတ္တာနုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

ယေ၊ အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ၊ ရာဂဖြင့် တပ်နှစ်သက်ကြကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ မက္ကဋကော၊ ပင့်ကူသည်။ သယံကတံ၊ မိမိပြုအပ်သော။ ဇာလံ၊ ပင့်ကူမျှင် ကွန်ရက်ကို။ အနုပတတိဣဝ၊ အစဉ်ကျ၍နေသကဲ့သို့။ သယံကတံ၊ မိမိပြုအပ်သော။ သောတံ၊ တဏှာဟူသောအလျဉ်ကို။ အနုပတန္တိ၊ အဖန်တလဲလဲ ကျကုန်၏။

(ပင့်ကူသည် ချည်မျှင်ကွန်ရက်ကို ပြု၍ အလယ်နေရာ ချက်ဝန်း၌ နေလျက် အစွန်း၌ ကျရောက်လာသော ပိုးနှံကောင်ကိုလည်းကောင်း၊ ယင်ကောင်ကိုလည်းကောင်း လျင်မြန်စွာ သွားတဲ့၍ ထိုးဖောက်ပြီးလျှင် ထိုပိုးကောင်၏ အဆီအရသာကို စုပ်ယူသောက်မျိုသဖြင့် တစ်ဖန်ပြန်သွား၍ ထိုနေရာ၌သာ နေသကဲ့သို့ ထို့အတူ အကြင်သတ္တဝါတို့သည် ရာဂဖြင့် နှစ်သက်ကြကုန်လျက် ဒေါသဖြင့် ပြစ်မှားကြကုန်လျက် မောဟဖြင့် တွေဝေကြကုန်လျက် ကိုယ်တိုင်ပြုအပ်သော တဏှာရေယဉ်ကြောသို့ အဖန်ဖန် ကျရောက်ကြကုန်၏။ ထိုသတ္တဝါတို့သည် ဖဲသွားခြင်းငှာ မတတ်နိုင်ကုန်၊ ဤသို့လျှင် လွန်မြောက်ခဲ၏ဟူလို။)

ဓီရာ၊ ပညာရှိတို့သည်။ ဧတံပိ၊ ဤတဏှာဟူသောအဖွဲ့ကိုလည်း။ ဆေတွာန၊ ဖြတ်တောက်၍။ အနပေက္ခိနော၊ ငဲ့ကွက်တွယ်တာခြင်း မရှိကြကုန်သည်ဖြစ်၍။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲကို။ ပဟာယ၊ မဂ်ဉာဏ်ဖြင့် ပယ်စွန့်၍။ ဝဇန္တိ၊ သွားကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ခေမာမိဖုရားသည် အရဟတ္တဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို “မြတ်သောမင်းကြီး- ခေမာမိဖုရားကြီးအား ရဟန်းပြုခြင်းငှာလည်းကောင်း၊ ပရိနိဗ္ဗာန်ပြုခြင်းငှာလည်းကောင်း သင့်၏”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုခေမာမိဖုရားကြီးကို ရဟန်းပြုပေးတော်မူကြပါဘုရား၊ ပရိနိဗ္ဗာန်ပြုခြင်းဖြင့် မသင့်လျော်ပါဘုရား”ဟု လျှောက်လေသောကြောင့် ထိုခေမာမိဖုရားသည် ရဟန်းပြု၍ မြတ်သောတပည့်မ ဖြစ်လေ၏။

(လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ထိုနေ့၌ပင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း စံရ၏။ ရဟန္တာအဖြစ်သည် ယုတ်ညံ့သော လူဝတ်နှင့် မထိုက်တန်သောကြောင့်ဟူလို။)

ခေမာထေရီဝတ္ထုပြီး၏။