ကောင်းမှုအကျိုး (ဆရာ)

From Wikisource
Jump to navigation Jump to search
339343ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၀။ ကောင်းမှုအကျိုး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

ကောင်းမှုအကျိုး

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားရှိခိုးခြင်း၊ အမျှဝေခြင်းစသောဘာသာရေးလုပ်ငန်းများကိုနေ့စဉ် လုပ်ဆောင်သင့်ကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ဘုရားရှိခိုးနေသော ကလေးငယ်တစ်ယောက်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံကိုပြ၍ အောက်ပါမေးခွန်းများ မေးပါ။

[သတိပြုရန် 1]

-ရုပ်ပုံထဲက ကလေး ဘာလုပ်နေသလဲ။
-သားတို့၊ သမီးတို့ရော နေ့တိုင်း ဘုရားရှိခိုးတဲ့သူ ရှိလား။
-ဘယ်လို ရှိခိုးဆုတောင်းကြလဲ။
-ဘုရားရှိခိုးပြီးရင် အမျှဝေတဲ့သူရော ရှိလား။
-ဘယ်လိုအမျှဝေပေးသလဲ။
-ဘာကြောင့် အမျှဝေတယ်လို့ ထင်သလဲ။
-အမျှဝေပြီးရင် ဘာလုပ်ကြသလဲ။ (သာဓုခေါ်တယ်)
-ဘာကြောင့် သာဓုခေါ်ကြတာလဲ။

֍ကလေးများ ဖြေတတ်သလို ဖြေကြပါစေ။ ကလေးများဖြေသော အဖြေအားလုံးကို ဆရာက လက်ခံပေးပါ။

֍ပြီးလျှင် “အမျှဝေတယ်ဆိုတာ . မိမိပြုလုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတို့ကို တခြားသူ တွေကို ဝေမျှပေးခြင်းဖြစ်တယ်၊ အဲဒီကောင်းမှုတွေကို “ကောင်းလေစွ”လို့ ဝမ်းမြောက် ဝမ်းသာ ချီးကျူးတာဟာ သာဓုခေါ်တာပဲ ဖြစ်တယ်” စသည်ဖြင့် ရှင်းပြပေးပါ။

֍စနစ်တကျ အမျှဝေတတ်ဖို့အတွက် နောက်စာသင်ချိန်ရောက်လျှင် သင်ပေးမည်ဖြစ် ကြောင်း ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကောင်းမှုအကျိုး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးအရေအတွက်ကို ကြည့်၍ အုပ်စု (၆) စု ဖွဲ့ပါ။ ကလေးများအားလုံး အုပ်စုလိုက် ထိုင်ကြပါစေ။

֍ထို့နောက် အုပ်စုတစ်စုချင်းက အောက်ပါဇာတ်လမ်းကို စာပိုဒ်တစ်ပိုဒ်စီ ဖတ်ကြပါစေ။ (စာပိုဒ်ဖတ်ပြသောအုပ်စုသည် ကျန်သောကလေးများအားလုံး ကြားအောင် ဖတ်ပြရပါမည်။)

֍အုပ်စုတစ်စု ဖတ်ပြပြီးသောစာပိုဒ်ကို ကျန်ကလေးများနှင့် အမေးအဖြေပြုလုပ်ပါ။

ဥပမာ - ဒီဇာတ်လမ်းထဲမှာ ဘယ်သူပါလဲ၊ နောက်တစ်ယောက်က ဘယ်သူလဲ ... စသည်ဖြင့်။

ကောင်းမှုအကျိုး

ဟိုးရှေးရှေးတုန်းက ပင်လယ်ကမ်းခြေ ရွာကလေးတစ်ရွာမှာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို အလွန်ကြည်ညိုတဲ့ မောင်သီလဆိုတဲ့ လူငယ်တစ်ယောက် ရှိတယ်။ သူဟာ နာမည်နဲ့လိုက်အောင် ငါးပါးသီလကို လုံခြုံအောင် အမြဲစောင့်ထိန်းတယ်။ မနက်နဲ့ ည အိပ်ရာဝင်တိုင်းမှာ ဘုရားရှိခိုး၊ တရားထိုင်ပြီး သူ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို သတ္တဝါအားလုံးကို အမျှပေးဝေလေ့ရှိတယ်။

တစ်နေ့မှာ မောင်သီလဟာ သင်္ဘောကြီးနဲ့ ပင်လယ်ခရီး ထွက်ခဲ့တယ်။ ပင်လယ်ထဲ ခုနစ်ရက်မြောက်နေ့မှာ သင်္ဘောပျက်သွားတယ်။ နီးစပ်ရာသစ်တုံးကိုဆွဲပြီး အသက် မသေ အောင် ကြိုးစားကြတယ်။ အဲဒီအချိန်မှာ မောင်သီလ ဆွဲမိတဲ့သစ်တုံးကို မောင်ဗာလ ဆိုသူ ကလည်း ဆွဲမိတာကြောင့် သူတို့နှစ်ယောက်ဟာ သစ်တုံးနဲ့အတူ မျောပါရင်း ကျွန်းတစ်ခု ပေါ်ကို ရောက်သွားခဲ့ကြတယ်။ ကျွန်းပေါ်ကို ရောက်သွားတာနဲ့ မောင်သီလဟာ ရတနာ သုံးပါးကို ရှိခိုးဦးတည်ပြီး .. ကျွန်းစောင့်နတ်တွေကို မေတ္တာပို့သတယ်။ ကျွန်းပေါ်မှာရှိတဲ့ သစ်သီးဝလံတွေကို ဆွတ်ယူစားသောက်တယ်။ မောင်ဗာလကတော့ ကျွန်းပေါ်မှာရှိတဲ့ ငှက် တွေ၊ ယုန်ကလေးတွေကို သတ်ဖြတ်စားသောက်တယ်။ ရတနာသုံးပါးကို ရှိခိုးရမှန်း မသိဘူး။ မောင်သီလဟာ ကျွန်းပေါ်မှာ နေထိုင်ရင်း “အခုအချိန်မှာ ငါ့အတွက် ရတနာသုံးပါးက လွဲပြီး ဘာမှ အားကိုးစရာ မရှိတော့ဘူး”လို့ ဆိုကာ ဘုရားရှိခိုး၊ သီလဆောက်တည်၊ တရားထိုင်ပြီး မေတ္တာပွားနေခဲ့ပါတယ်။ သူ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း အမြဲတမ်း အမျှပေး ဝေတယ်။

အမြဲတမ်း ကုသိုလ်ကောင်းမှုတွေ လုပ်နေတဲ့ မောင်သီလကို ကျွန်းပေါ်မှာနေတဲ့ နဂါးမင်းက သတိပြုမိသွားတယ်။ သူတို့ကို အမြဲတမ်း ကုသိုလ်အမျှ ပေးဝေနေတဲ့အတွက် မောင်သီလကို ချစ်မြတ်နိုးပြီး ကူညီလိုစိတ်တွေ ဖြစ်ပေါ်လာတယ်။ ဒါနဲ့ ပင်လယ်ရေစောင့် နတ်နဲ့ တခြားနတ်တွေကို ပြောပြပြီး မောင်သီလကို အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ကြ တယ်။ နဂါးမင်းက သူ့ခန္ဓာကိုယ်ကို သင်္ဘောအဖြစ် ဖန်ဆင်းလိုက်တယ်။ ပင်လယ်ရေစောင့် နတ်က သင်္ဘောမောင်းသူအသွင် ဖန်ဆင်းလိုက်တယ်။ သင်္ဘောကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အများကြီး ထည့်ပေးပြီး ကျွန်းနားကို ရောက်လာခဲ့တယ်။

မောင်သီလ ကြားနိုင်လောက်တဲ့နေရာမှာ သင်္ဘောရပ်ပြီး “ကျွန်းပေါ်မှာ သင်္ဘောနဲ့ လိုက်ချင်တဲ့သူတွေ ရှိသလား”လို့ လှမ်းအော်လိုက်တယ်။ အဲဒီအသံကြားတဲ့အခါ မောင်သီလ နဲ့မောင်ဗာလတို့ဟာ သူတို့ လိုက်ပါလိုကြောင်းပြောပြီး သင်္ဘောပေါ်တက်ဖို့ ပြင်ကြတယ်။ မောင်သီလ သင်္ဘောပေါ် တက်လာတဲ့အခါ ဝမ်းသာအားရ ကြိုဆိုကြပြီး မောင်ဗာလ တက် လာတဲ့အခါ “သင်ဟာ အကျင့်သီလ မရှိသူ၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရမှန်း မသိသူ ဖြစ်တယ်၊ သင့်ကို တက်ခွင့်မပြုနိုင်ဘူး”လို့ ပြောပြီး ငြင်းပယ်ကြတယ်။ အဲဒီအခါ မောင်သီလဟာ အတူတကွ သင်္ဘောပျက်ပြီး ဒုက္ခရောက်သူဖြစ်တဲ့အတွက် မောင်ဗာလကို ကျွန်းပေါ်မှာ တစ်ယောက်ထဲ မထားခဲ့ချင်ဘူး။ ဒါကြောင့် မောင်သီလဟာ သူ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို မောင်ဗာလကို အမျှပေးဝေလိုက်တယ်။ မောင်ဗာလက သာဓု သုံးကြိမ်ခေါ်ဆိုလိုက်တဲ့အခါ သင်္ဘောပေါ်ကို တက်ခွင့်ရသွားပါတယ်။ ရေစောင့်နတ်မင်းဟာ မောင်သီလနဲ့ မောင်ဗာလတို့ နှစ်ယောက်ကို ကမ်းခြေရွာလေးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မောင်သီလဟာ ကောင်းမှုကုသိုလ်ရဲ့ အကျိုးကျေးဇူးကို ပိုမိုသဘောပေါက် သွားခဲ့သလို မောင်ဗာလလည်း မောင်သီလကို အားကျပြီး ရတနာသုံးပါးကို မမေ့မလျော့ တော့ဘဲ ကုသိုလ်ကောင်းမှုတွေကို တစ်သက်လုံး ပြုလုပ်သွားပါတော့တယ်။

မှီငြမ်း ။ ။ သီလာနိသံသဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၁၇၇။ ဇာ၊ ဋ္ဌ၊ ၂။ ၁ဝ၁။

֍ဇာတ်လမ်းပြောပြပြီးပါက အောက်ပါမေးခွန်းများကို မေးပါ။

-ပင်လယ်ခရီး အတူသွားတဲ့နှစ်ယောက်က ဘယ်သူတွေလဲ။
-မုန်တိုင်းမိပြီး သင်္ဘောပျက်သွားတော့ ဘယ်ကို ရောက်သွားတာလဲ။
-ကျွန်းကိုရောက်တော့ သူတို့နှစ်ယောက် ဘယ်လိုနေထိုင် စားသောက်ကြသလဲ။
-နဂါးမင်းနဲ့ ပင်လယ်ရေစောင့်နတ်က မောင်သီလကို သင်္ဘောပေါ် အလွယ်တကူ တက်ခွင့်ပြုသလား။ ဘာကြောင့်လဲ။
-မောင်ဗာလ လိုက်မဟဲအခါမှာ အလွယ်တကူ လိုက်လို့ရသလား။ ဘာကြောင့်လဲ။
-ဘာလုပ်လိုက်မှ သင်္ဘောပေါ်ကို လိုက်လို့ရသွားတာလဲ။
-နောက်ဆုံးမှာ မောင်သီလကို အားကျပြီး မောင်ဗာလက ဘာတွေ ပြုလုပ်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အမျှဝေ စာသား။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းထဲမှ မောင်သီလကဲ့သို့ မိမိကောင်းမှုပြုပြီးတိုင်း အခြားသတ္တဝါများ၊ နတ်များ ကို အမျှပေးဝေကြရမည်ဖြစ်ကြောင်း ပြောပြီး အောက်ပါအမျှဝေစာသားများကို ရွတ်ဖတ် တတ်ရုံသာ အဓိကရည်ရွယ်လျှက် သင်ကြားပေးပါ။

အမျှဝေ

ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။

မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။ သဗ္ဗေ သတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏ ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှ ကုသိုလ်၊ ပေးဝေလို၏။

ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည် ဖြစ်စေသောဝ်။ ဝသုန္ဓရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသောဝ်။

(အမျှ အမျှ အမျှ ... ယူတော်မူကြပါကုန်လော့။

သာဓု ... သာဓု ...သာဓု ....) (၃ ကြိမ်)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံး စာသင်ခန်း/ဘုရားကျောင်ဆောင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို ပူး ပေါင်း လုပ်ဆောင်ကြပါစေ။

֍ထို့နောက် ကလေးများအားလုံးကို စနစ်တကျထိုင်စေ၍ “ဆရာနဲ့အတူ သားတို့၊ သမီးတို့ အားလုံး လက်တွေ့ ဘုရားရှိခိုးပြီး အမျှဝေကြရအောင်”ဟု ပြောကာ လက်တွေ့ ဘုရားရှိခိုး ပြီး အမျှဝေကြပါစေ။ (သင်ခဲ့ပြီးသော ကလေးများရသည့် ဘုရားရှိခိုးကို အတူတကွ ရှိခိုး ပြီး အမျှဝေကြရမည် ဖြစ်သည်။)

֍ထို့နောက် ကလေးများအားလုံးကို မျက်လုံးမှိတ်နေစေ၍ “သားတို့၊ သမီးတို့သည် ဘုရား ရှိခိုးခြင်း၊ အမျှဝေခြင်း စသော ကောင်းမှုများကို လုပ်ဆောင်တတ်သော၊ လူအပေါင်း၊ နတ်အပေါင်းတို့က ချစ်ခင်သော သားငယ်၊ သမီးငယ်များ ဖြစ်ကြပါစေ”ဟု ဆရာက ဆု တောင်းပေးရင်း စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးငယ်များ၏ စဉ်းစားမှု၊ ထင်မြင်မှု၊ လုပ်ကိုင်မှုတို့ကို ပြောပြ ရာတွင် ဂရုတစိုက် နားထောင်ပေးရန် လိုပါသည်။