ကောကိလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၃၁။ ကောကိလဇာတ် (၄-၄-၁)

စတုက္ကနိပါတ် - ကောကိလဝဂ်

၁။ ကောကိလဇာတ်

နှုတ်စွာသံချဲ့ အကျိုးမဲ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ ကာလေ အသမ္ပတ္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောကိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို တက္ကာရိယဇာတ်၌ ချဲအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်းကို ဆုံးမတတ်သော အမတ် ဖြစ်၏။ မင်းသည် စကားများ၏။ ဘုရားလောင်းသည် ထိုမင်း၏ စကားများသောအဖြစ်ကို တားမြစ်အံ့ဟု တခုသော ဥပမာကို ရှာလျက် သွား၏။ ထိုအခါ တနေ့သ၌ မင်းသည် ဥယျာဉ်သို့ သွား၍ မင်္ဂလာ ကျောက်ဖျာ၌ နေ၏။ ကျောက်ဖျာ၏ အထက်၌ သရက်ပင်သည် ရှိ၏။ ထိုသရက်ပင်ဝယ် တခုသော ကျီးသိုက်၌ ဥဩမသည် မိမိ၏ဥကိုထား၍ သွား၏။ ကျီးမသည် ဥဩဥကို စောင့်ရှောက်၏။ နောက်ဘို့၌ ထိုဥမှ ဥဩငယ်သည် ပေါက်၏။ ကျီးမသည် ငါ့သားဟူသော အမှတ်ဖြင့် နှုတ်သီးဖြင့် အစာကို ဆောင်၍ ဥဩငယ်ကို မွေး၏။ အတောင်မရောက်သေးသော ထိုဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ကျီးမသည် ဤငှက်ငယ်ကား ယခုကပင်လျှင် တပါးသောအသံကို မြည်၏။ ကြီးသော် အသို့ပြုလတ္တံ့နည်းဟု နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ ထိုဥဩငယ်သည် မင်း၏ ခြေရင်း၌ ကျ၏။

မင်းသည် ဘုရားလောင်းကို အဆွေ ဤအကြောင်းကား အသို့နည်းဟု မေး၏။ ဘုရားလောင်းသည်ကား မင်းကို မြစ်အံ့သောငှါ တခုသော ဥပမာကိုရှာ၏။ ယခု ထိုဥပမာကို ရပြီဟု ကြံ၍ မြတ်သောမင်းကြီး အလွန် နှုတ်ကြမ်းကုန်သောအခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ရကုန်၏။ မြတ်သောမင်းကြီး ကျီးမသည် မွေးမြူအပ်သည်ဖြစ်၍ အတောင်မပေါက်သေးသော ဤဥဩငယ်သည် အခါမဟုတ်မီကလျှင် ဥဩသံကို မြည်၏။ ထို့ကြောင့် ဤဥဩငယ်ကို ကျီးမသည် ဤငှက်ကား သားမဟုတ်ဟု သိ၍ နှုတ်သီးဖြင့် ထိုးသတ်၍ အသိုက်မှ ချ၏။ လူဖြစ်စေ တိရစ္ဆာန် ဖြစ်စေ အခါမဟုတ်သည်၌ စကားများကုန်သော သူတို့သည် ဤသို့သဘောရှိသော ဆင်းရဲကို ခံရကုန်၏ဟု ဆို၍-

၁၂၁။ ယော ဝေ ကာလေ အသမ္ပတ္တေ၊
အတိဝေလံ ပဘာသတိ။
ဧဝံ သော နိဟတော သေတိ၊
ကောကိလာယိဝ အတြဇော။

၁၂၂။ န ဟိ သတ္ထံ သုနိသိတံ၊
ဝိသံ ဟလာဟလမိဝ။
ဧဝံ နိကဋ္ဌေ ပါတေတိ၊
ဝါစာ ဒုဗ္ဘသိတာ ယထာ။

၁၂၃။ တသ္မာ ကာလေ အကာလေ ဝါ၊
ဝါစာ ရက္ခယျ ပဏ္ဍိတော။
နာတိဝေလံ ပဘာသေယျ၊
အပိ အတ္တသမမှိ ဝါ။

၁၂၄။ ယော စ ကာလေ မိတံ ဘာလေ၊
မတိပုဗ္ဗော ဝိစက္ခဏော။
သဗ္ဗေ အမိတ္တေ အာဒေတိ၊
သုပဏ္ဏော ဥရဂါမိဝ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ကာလေ၊ ပြောသင့်ရာ ကာလသည်။ အသမ္ပတ္တေ၊ မရောက်မီ။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍လည်း။ ပဘာသတိ၊ ဆို၏။ ကောကိလာယ၊ ဥဩမ၏။ အတြဇော၊ သားသည်။ နိဟတော၊ သေ၍။ သေတိ ဣဝ၊ အိပ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ သော၊ ထိုသူသည်။ နိဟတော၊ သေ၍။ သေတိ၊ အိပ်ရ၏။

၁၂၂။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ယထာ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို ယအတူ။ သုနိသိတံ၊ ကောင်းစွာ သွေးအပ်သော။ သတ္ထံ၊ ဓားသည်။ န ပါတေတိ၊ မသတ်တတ်။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ဆိုအပ်သော။ ဝါစာ၊ စကားသည်။ နိကဋ္ဌေ၊ ခဏခြင်း။ ပါတေတိ ဣဝ၊ သတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံ၊ အဆိပ်သည်။ န ပါတေတိ၊ မသတ်တတ်။

၁၂၃။ တသ္မာ၊ ထို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ ကာလေ ဝါ၊ ပြောသင့်ရာ ကာလ၌၎င်း။ အကာလေ ဝါ၊ ကာလမဟုတ်သည်၌၎င်း။ ဝါစံ၊ စကားကို။ ရက္ခေယျ၊ စောင့်ရာ၏။ အပိ၊ စင်စစ်။ အတ္တသမမှိ ဝါ၊ မိမိနှင့်တူသော သူ၌ လည်း။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍။ န ပဘာသေယျ၊ မဆိုရာ။

၁၂၄။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဥရဂံ၊ နဂါးကို။ အာဒေတိ ဣဝ၊ ဖမ်းယူသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မတိပုဗ္ဗော၊ ပညာရှေ့သွားရှိသော။ ယောစ ဝိစက္ခဏော၊ အကြင် ပညာရှိသည်ကား။ ကာလေ၊ ပြောဖို့ရာ လျောက်ပတ်သောကာလ၌။ မိတံ၊ နှိုင်းယှဉ်အပ်သော စကားကို။ ဘာသေ၊ ဆို၏။ သော ဝိစက္ခဏာ၊ ထိုပညာရှိသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ အာဒေတိ၊ ဖမ်းယူနိုင်၏။

မင်းသည် ဘုရားလောင်း၏ တရားကိုနာရ၍ ထိုအခါမှစ၍ အတိုင်းအရှည်ရှိသော စကားကို ပြောဆို၏။ ဘုရားလောင်းအား စည်းစိမ်ကိုလည်း ပွားစေ၍ များစွာပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ကောကာလိကသည် ထိုအခါ ဥဩငှက်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိ အမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချိန်မကျ၊ မပြောရ၊ ပြောက ဘေးတွေ့မည်

ရှေးဦးစွာသော ကောကိလဇာတ်သည် ပြီး၏။

*****