ကုံရာသီ တပို့တွဲလဘွဲ့ လူးတား

From Wikisource
Jump to navigation Jump to search
ကုံရာသီ တပို့တွဲလဘွဲ့ လူးတား  (1781) 
by ဦးယာ

နှစ်သိန်းစက်ခန်း၊ ချင့်မှန်းအညီ၊
ရာသီတိန၊ နှင်းကစိုရွှဲ၊ ပေါက်လဲနီတွေး၊
ငှက်ကျေးပျော်မြူး ရင့်ကြူးလေ။ ။

မြိုင်ခြေရိပ်ခွင်၊ ရွက်ရင့်ဝင်၍၊
ဆီးရွှင်နှင်းရွှင်[1]၊ သန်ကြွင်းဆင်သည်၊
ရွှေသွင်နီမြန်း[2]၊ ပေါက်ဆူးပန်းတို့၊
ထူးဆန်းလှတင့်၊ ရိုးတံမြင့်နှင့်၊
ပွင့်ကြစီစီ၊ ကုန်ရာသီဟု၊
နာရီနှစ်ဝ၊ နံနှင့်ပြသော်၊
ပူးလှကျားမင်း[3]၊ နေ့ဘို့ခင်းသည်၊
ညဉ့်တွင်းရီမှောင်၊ ဆင်ပြောင်ခြင်္သေ့[4]
ပျော်မွေ့မြူးသန်း၊ ဓာတ်ဆန်းဝါယော၊
တောင်တောဝန်းကျင်၊ စုံမြိုင်ခွင်တွင်၊
ပျော်ရွှင်ကျေးသား၊ ကုလားကြက်တော[5]
ဥဩောဖိုမ၊ ကြွေးကြော်ကြသား၊
မာသခေါ်မြဲ၊ တပို့တွဲတွင်၊
မိုးထဲတောက်ပ၊ ကြယ်မာဃနှင့်၊
ငွေလယုန်နန်း၊ လှည့်ကြမြန်းသော်၊
ယှဉ်သန်းထွန်းလှာ၊ ချိန်တာရာတို့၊
လျှံဝါလင်းလင်း၊ ဂြိုဟ်မင်းရောင်ရှိန်၊
သူရိန်ရောင်လွန်၊ သရဝဏ်နှင့်၊
လျှင်မြန်လှည့်ကြ၊ ပဉ္စဘဝါး[6]
ဝင်သွားမဇ္ဈေ၊ ရှေ့ရှုနေ၍၊
ရေနတ်မင်းလှ၊ ကသစ်ရသား၊
မာသသည်ခါ၊ သုံးလူ့ချာကို၊
ရှိန်ဝါရောင်ညီး၊ မီးပုံးပူဇော်၊
လှူတော်လှူမြဲ၊ ရာသီပွဲဟု၊
ငွေသဲကျွန်းသောင်၊ ပျို့နေရောင်နှင့်၊
ငှက်မောင်နှံများ၊ ကစားမြူးခုံ၊
သက်တုံဆန်တက်၊ လည်ယှက်မြူးထူး၊
ရင့်ကြူးညံ့အေး[7]၊ မြစ်တွေးသောင်တင်း၊
ရွှေတိမ်ညင်းတို့၊ မကြွင်းဖိုမ၊
ရွှင်ပျော်ကြရှင့်၊ တိနရာသီ[8]
ဖူးတံစီသည်[9]၊ သိင်္ဂီရောင်သန်း၊
ပေါက်ဆူးပန်းနှင့်၊ တိုင်တန်းလျှောက်ဆို၊
မိဘုန်းမိုလျှင်၊ စိတ်လိုရှည့်မှန်း[10]
မြတ်ရာလှမ်း၍၊ ဆောင်ခန်းလယ်ဗွေ၊
ညံ့ပြေပြေနှင့်[11]၊ ပန်စေဆုယူ[12]
ကြာနန်းသူတို့၊ ဖော့အူပန်းလွှာ[13]
မူရာယဉ်ပျောင်း၊ ဖယောင်းပုံတု၊
ကြာဝတ်စုတွင်၊ ယုယုယယ၊
ဖွားမြင်စသို့၊ အလှကြန်ညီ၊
ကုမ္မာရီတို့၊ ရာသီမာသ၊ သည်ကာလကို၊
ချမ်းမြတုန်အေး၊ ပြောက်ခြူးသေးတွင်[14]
စက်ကွေးလွှမ်းခြုံ[15]၊ ဖော်မစုံသည်၊
ရုပ်ပုံကိုယ်ဟန် ကဲ့သို့လေ[16]။ ။

ဆံခွေတည့်နောက်တွဲ ရှုမစဲ။ ။
လဲလုယိမ်းနွဲ့ကိုယ်။ ။
မိုမိုတည့်ရစ်သန်း မူရာဆန်း[17]။ ။
ယဉ်ပန်းလှကညာ။ ။
သံသာတည့်ရွှင်ပြုံး ရွဲမျက်လုံး[18]။ ။

မှတ်ချက်[edit]

  1. မြိုင်ခြေရိပ်ခွင်၊ ရွက်ဟောင်းဆင်၍၊ ညှာပင်ကြွေလှု၊ ရတုရွှင်ရွှင် (မ) (ဟ)
  2. သန့်ရှင်းစင်လျက်၊ ဝါလွင်နီမြန်း (မ) (ဟ)
  3. နာရီနှစ်ခါ၊ ပူးလာကျားမင်း (မ) (ဟ)
  4. ဆင်ပြောင် ညှင်းနေ့ (မ) (ဟ)
  5. လူးလားကြက်တော (မ) (ဟ)
  6. ဧကဘဝါး (မ) (ဟ)
  7. ရင့်ကျူးသီအေး (မ) (ဟ)။ ရင့်ကျူးသံအေး (ဘ)။
  8. မကြွင်းဖိုမ၊ (ရွှင်ပျော်ကြရှင့်၊) တိနရာသီ (မ) (ဟ)
  9. ဖူးစီတန်ဆောင် (မ) (ဟ)
  10. စိတ်လို ရည်မှန်း (မ) (ဟ)
  11. အောင်သပြေနှင့် (မ) (ဟ)
  12. မသွေ ဆုယူ (မ)။ မနေဆုယူ (ဟ)။
  13. ဖော့အူပမာ (မ) (ဟ)
  14. ပြောက်ခြုံသွေးတွင် (ဘ)။ မြောက်လေသွေး၍ (မ) (ဟ)။
  15. စက်ကွေးမလုံ (မ) (ဟ)
  16. ရွှေပုံရုပ်ဟန်ကဲ့သို့လေး (မ) (ဟ)
  17. ပိုပိုလို့ ရစ်သန်း ရှုမခန်း (မ) (ဟ)
  18. မူရာကကြော့ရှင်း ခြောက်ပြစ်ကင်း (မ) (ဟ)


  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.