ကုဟကဗြာဟ္မဏဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၁၁။ ကုဟကဗြာဟ္မဏဝတ္ထု

၁၁။ အံ့သြဖွယ် ကောက်ကျစ်သောပုဏ္ဏား ဝတ္ထု

ကိံတေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် စုလစ်မွမ်းချွန်တပ်၍ ဆောက်လုပ်သောကျောင်း၌ နေတော်မူ၍ လင်းနို့၏အကျင့်ကို ကျင့်တတ်သော ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောာ်မူလေ၏။

လင်းနို့အကျင့်ဖြင့် စဉ်းလဲသောပုဏ္ဏား

ထိုပုဏ္ဏားသည် ဝေသာလီပြည် မြို့တံခါးအနီး၌ တစ်ခုသော ရေခံတက်ပင်သို့တက်၍ ခြေနှစ်ဖက်တို့ဖြင့် သစ်ကိုင်းကို ချိတ်ဆွဲပြီးလျှင် ဦးခေါင်းစောက်ထိုး တွဲလျားဆွဲလျက် “ငါ့အား ပြောက်ကျားအဆင်းရှိသော နွားတို့၏ တစ်ရာကို ပေးကြကုန်လော့၊ အသပြာတို့ကို ပေးကြကုန်လော့၊ ခြေရင်းအလုပ်အကျွေးကို ပေးကြကုန်လော့၊ အကယ်၍ မပေးကြကုန်သည်ဖြစ်အံ့၊ ဤရေခံတက်ပင်မှကျ၍ သေသည်ရှိသော် မြို့ကို မြို့မဟုတ်သည်ကို ပြုလုပ်အံ့”ဟု ဆိုသတတ်၊ မြတ်စွာဘုရားသည် ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် မြို့တွင်းသို့ ကြွဝင်တော်မူသောအခါ ရဟန်းတို့သည် ထိုပုဏ္ဏားကိုမြင်၍ ထွက်လာသောအခါ၌လည်း ထို့အတူလျှင် တွဲလျားဆွဲလျက်နေသော ထိုပုဏ္ဏားကို မြင်ကြလေကုန်၏။ ပြည်သူပြည်သားတို့သည်လည်း ဤသို့ ကြံကြလေကုန်၏။ “ဤပုဏ္ဏားကား နံနက်အခါမှ စ၍သာလျှင် ဤသို့ တွဲလျားဆွဲလျက်နေဘိ၏။ ကျ၍ သေသည်ရှိသော် မြို့ကို မြို့မဟုတ်အောင် ပြုလုပ်ချေရာ၏”ဟု ကြံပြီးလျှင် မြို့ပျက်စီးအံ့သည်မှ ကြောက်သောကြောင့် အကြင်ဥစ္စာကို ထိုပုဏ္ဏားသည် တောင်း၏။ ထိုအလုံးစုံသောဥစ္စာကို ပေးကြပါကုန်အံ့”ဟု ဝန်ခံ၍ ပေးကြလေကုန်၏။ ထိုအံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားသည် ရေခံတက်ပင်မှ သက်ဆင်းပြီးလျှင် အလုံးစုံသောဥစ္စာကိုယူ၍ သွားလေ၏။ ရဟန်းတို့သည် ကျောင်း၏ဥပစာ၌ နွားကဲ့သို့ အော်မြည်လျက် သွားသောပုဏ္ဏားကို မြင်ကြလျှင် မှတ်မိကြကုန်သည်ဖြစ်၍ “ပုဏ္ဏား- သင်တောင့်တတိုင်း ရလေ၏လော”ဟု မေးကြသောကြောင့် “တပည့်တော် ရခဲ့သည်မှန်ပါ၏”ဟု ဆိုသောစကားကို ကြားကြရသဖြင့် ကျောင်းတွင်း၌ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုသာလျှင် ထိုပုဏ္ဏားသည် ကောက်ကျစ်စဉ်းလဲသော ခိုးသူဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ကောက်ကျစ်စဉ်းလဲသော ခိုးသူဖြစ်ဖူးသည်သာလျှင်တည်း၊ ယခုအခါ၌ကား ဤပုဏ္ဏားသည် မလိမ္မာသောလူအပေါင်းကို လှည့်စား၏။ ထိုအခါ၌ကား ပညာရှိသောသူတို့ကို လှည့်စားခြင်းငှာ မတတ်နိုင်”ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

ဖွတ်ကိုသတ်ရန် အားထုတ်သောရသေ့

လွန်လေပြီးသောအခါ ရွာတစ်ရွာကိုမှီ၍ ရသေ့စဉ်းလဲတစ်ယောက်သည် နေခြင်းကိုပြုလေ၏။ ထိုရသေ့ကို အမျိုးသားတစ်ယောက်သည် လုပ်ကျွေးလေ၏။ နေ့အခါ၌ဖြစ်သော ခဲဖွယ်ဘောဇဉ်မှ မိမိ၏ သားသမီးတို့ကဲ့သို့ ထိုရသေ့အားလည်း တစ်ခုသောအဖို့ကို ပေးလှူ၏။ ညချမ်းအခါ၌ဖြစ်သော အဖို့ကိုထား၍ နှစ်ရက်မြောက်သောနေ့၌ ပေးလှူ၏။ ထို့နောက် တစ်နေ့သ၌ ညချမ်းအခါ ဖွတ်သားကိုရ၍ ကောင်းစွာချက်ပြီးလျှင် ထိုဖွတ်သားဟင်းမှ တစ်ခုသောအဖို့ကိုထား၍ နှစ်ရက်မြောက်သောနေ့၌ ထိုရသေ့အား ပေးလှူကြလေကုန်၏။ ထိုရသေ့သည် အသားကိုစားပြီးလျှင် အရသာ၌ တပ်နှစ်သက်သောတဏှာဖြင့် ဖွဲ့ အပ်သောကြောင့် “ဤအသားသည် အဘယ်အသားမည်သနည်း”ဟု မေးသည်ရှိသော် “ဖွတ်သားဖြစ်ပါသည်ဘုရား”ဟု လျှောက်သောစကားကို ကြားရလျှင် ဆွမ်းအလို့ငှာသွားပြီးလျှင် ထောပတ် နို့ဓမ်း ငရုတ် ဘဏ္ဍာ စသည်တို့ကိုယူသဖြင့် သစ်ရွက်မိုးသော ဇရပ်သို့သွား၍ တင့်အပ်လျောက်ပတ်သောအရပ်၌ ထားလေ၏။ သစ်ရွက်မိုးသောဇရပ်၏ မနီးမဝေးသောအရပ်၌ကား တောင်ပို့တစ်ခုအတွင်း ဖွတ်မင်းသည် နေ၏။ ထိုဖွတ်မင်းသည် ရံခါရံခါ ရသေ့ကို ရှိခိုးခြင်းငှာ လာတတ်၏။ ထိုနေ့၌ကား “ဖွတ်မင်းကိုသတ်အံ့”ဟု တုတ်လှံတံကို ဖုံးလွှမ်းပြီးလျှင် ထိုတောင်ပို့၏ မနီးမဝေးသောအရပ်၌ အိပ်ပျော်ဟန်ဆောင်လျက် နေလေ၏။ ထိုဖွတ်မင်းသည်လည်း တောင်ပို့မှထွက်ခဲ့၍ ရသေ့အထံသို့ လာစဉ်သာလျှင် အမူအရာကိုမှတ်သား၍ “ယနေ့ ငါ့ဆရာရသေ့၏အမူအရာကို ငါမနှစ်သက်”ဟု နှလုံးပြုလျက် ထိုရသေ့ကို မြင်ရာအရပ်မှပင်လျှင် ဆုတ်နစ်ပြန်လည်ခဲ့လေ၏။ ရသေ့သည် ထိုဖွတ်မင်း၏ ဆုတ်နစ်ပြန်လည်သည့်အဖြစ်ကို သိတဲ့၍ ထိုဖွတ်မင်းကို သတ်ခြင်းငှာ တုတ်လှံတံကို ပစ်လိုက်လေ၏။ တုတ်လှံတံသည် ချွတ်ချော်၍ သွားခဲ့လေ၏။

(ဤဓမ္မပဒအဋ္ဌကထာ၌ (ဒဏ္ဍ-တုတ်လှံတံ)၊ စတုက္ကနိပါတ်၊ ဂေါဓရာဇဇာတ်၌ကား (မုဂ္ဂရ-တင်းပုတ်)ဟု ပါရှိ၏။ ချွတ်ချော်သွားသောအခါ ရသေ့က ငါသည် ချွတ်ချော်သွား၏ဟု ဆို၏။ ဖွတ်မင်းက သင်ရသေ့သည် အကျွန်ုပ်ကိုသာ ချွတ်ချော်ပါသည်။ အပါယ်လေးဘုံတို့ကိုကား မချွတ်ချော်ပါဟု ပြန်ပြောကြောင်းလည်း ပါသေး၏။)

ဖွတ်မင်းက ရသေ့အား ကဲ့ရဲ့ပုံ

ဖွတ်မင်းသည်လည်း တောင်ပို့သို့ဝင်ပြီးလျှင် ထိုတောင်ပို့မှ ဦးခေါင်းကိုထုတ်၍ လာခဲ့သော လမ်းခရီးကို ကြည့်ရှုလျက် ရသေ့ကို ဤသို့ဆိုလေ၏။

သမဏံ တံ မညမာနော၊ ဥပဂစ္ဆိမသညတံ။
သော မံ ဒဏ္ဍေန ပဟာသိ၊ ယထာ အသမဏော တထာ။

ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဘောတာပသ၊ အိုရသေ့။ အသညတံ၊ ကိုယ်နှုတ်နှလုံး မစောင့်ထိန်းသော။ တံ၊ သင့်ကို။ သမဏံ၊ မကောင်းမှုငြိမ်းချမ်း မြတ်သော ရသေ့,ရဟန်းဟူ၍။ မညမာနော၊ အောက်မေ့မှတ်ထင်လျက်။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိလေ၏။ အသမဏော၊ မကောင်းမှု မငြိမ်းသောသူယုတ်သည်။ ပဟရတိ ယထာ၊ ပုတ်ခတ်ဘိသကဲ့သို့။ တထာ၊ ထို့အတူ။ သောတွံ၊ ထိုသင်ရသေ့သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။ ပဟာသိ-ပဟရိ၊ ပုတ်ခတ်ဘိ၏။

ဒုမ္မေဓ၊ ပညာနည်းသောရသေ့။ တေ၊ သင်ရသေ့အား။ ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်ရသေ့အား။ အဇိနသာဋိယာ၊ ပခုံးတစ်ဖက် လွှမ်းခြုံယှက်သော သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်အတွင်းသည်။ ဂဟနံ၊ ကိလေသာတင်းကြမ်း ရှုပ်ပြွမ်းလျက်ရှိ၏။

(အဆိပ်ပြည့်သော ဘူးတောင်း၊ မစင်ပြည့်သောတွင်း၊ မြွေဆိုးပြည့်သော တောင်ပို့ကဲ့သို့ ဖြစ်၏ဟူလို။)

ဗာဟိရံ၊ အပဖြစ်သော ကိုယ်သည်။ ပရိမဇ္ဇသိ၊ သန့်ရှင်းဖြူစင်၏။

(အတွင်း၌ ကြမ်းလျက် အပ၌ ပြေပြစ်လှသောကြောင့် ဆင်၏မစင်တုံး၊ မြင်း၏ မစင်တုံးနှင့် တူသည်ဟူလို။)

ရသေ့က ချော့၍ ဖွတ်က ပြန်ပြောပုံ

ထိုအခါ ဖွတ်မင်းကို ရသေ့သည် မိမိ၏ဥစ္စာ အစာအာဟာရဖြင့် ဖြားယောင်းခြင်းအကျိုးငှာ ဤသို့ဆိုလေ၏။

ဧဟိ ဂေါဓ နိဝတ္တဿု၊ ဘုဉ္ဇ သာလီနမောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ ပဟူတံ မယှ ပိပ္ဖလိ။

ဂေါဓ၊ ဖွတ်မင်း။ ဧဟိ၊ လာလှည့်ပါလော့။ နိဝတ္တဿု၊ ပြန်နစ်ခဲ့ပါလော့။ သာလီနမောဒနံ၊ သလေးထမင်းကို။ ဘုဉ္ဇ၊ စားပါလော့။ မေ၊ ငါ့အား။ တေလဉ္စ၊ ဆီသည်လည်းကောင်း။ လောဏဉ္စ၊ ဆားသည်လည်းကောင်း။ အတ္ထိ၊ ရှိပါ၏။ မယှံ၊ ငါ့အား။ ပိပ္ဖလိ၊ ပိတ်ချင်းသည်။ ပဟူတံ၊ များစွာရှိ၏။

(ရှိန်းခို၊ ဇီယာ၊ ချင်းစိမ်း၊ ကြက်သွန်၊ ငရုတ်၊ ပိတ်ချင်းအားဖြင့် အမျိုးမျိုးပြားသော စပ်သောအရသာ ဘဏ္ဍာသည် ငါ့အား များစွာရှိ၏။ ထိုအစပ်မျိုးဖြင့် စီရင်အပ်သော သလေးထမင်းကို လာစားပါဟူလို။)

ထိုရသေ့စကားကို ကြားရလျှင် ဖွတ်မင်းသည် “အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် သင်သည် ဆိုဘိ၏။ ထိုထိုသို့သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ထွက်ပြေးခြင်းငှာ အလိုရှိခြင်းသာလျှင် ဖြစ်၏”ဟု ဆို၍ ဤဂါထာကို ဆိုလေ၏။

ဧသ ဘိယျော ပဝေက္ခာမိ၊ ဝမ္မိကံ သတပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊ အဟိတံ မယှ ပိပ္ဖလိ။

တာပသ၊ အိုရသေ့။ တွံ၊ သင်ရသေ့သည်။ တေလဉ္စ၊ ဆီကိုလည်းကောင်း။ လောဏဉ္စ၊ ဆားကိုလည်းကောင်း။ ကိတ္တေသိ၊ ပြောကြားဘိ၏။ ပိပ္ဖလိ၊ စပ်သော ဘဏ္ဍာဖြစ်သော သင်၏ ပိတ်ချင်းသီးသည်။ မယှံ၊ အကျွန်ုပ်အား။ အဟိတံ၊ အစီးအပွားမရှိ။ ဝါ၊ မလျောက်ပတ်။ ဧသ-ဧသော အဟံ၊ ထိုအကျွန်ုပ်သည်။ သတပေါရိသံ၊ အသူတစ်ရာနက်သော။ ဝမ္မိကံ၊ တောင်ပို့တွင်းသို့။ ဘိယျော၊ လွန်စွာ။ ပဝေက္ခာမိ၊ ဝင်သွားပေတော့အံ့။

(လူတစ်ရပ်ကို တစ်သူဟု ခေါ်သည်။ ပေခြောက်ရာခန့်သို့ ဝင်ပြေးတော့မည် ဟူလို။)

ဤသို့လျှင် ဆိုတဲ့၍ “အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး သင်၌ မကောင်းမှုငြိမ်းချမ်း ရသေ့ရဟန်းဟူသော အမှတ်သညာကို ပြု၏။ ယခုအခါ သင်သည် အကျွန်ုပ်ကို ပုတ်ခတ်ခြင်းငှာ အလိုရှိသောသူ၏ အဖြစ်ဖြင့် တုတ်လှံတံကို ပစ်ခတ်ဘိ၏။ ထိုပစ်ခတ်သော ကာလ၌သာလျှင် ရသေ့ရဟန်းမဟုတ်ခဲ့လေပြီ။ သင်ကဲ့သို့သဘောရှိသော ပညာမရှိသောသူအား ဆံကျစ်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ခွာနှင့်တကွဖြစ်သော သစ်နက်ရေဖြင့် အဘယ်အကျိုးရှိအံ့နည်း။ သင်၏ကိုယ်အတွင်းသည် ကိလေသာဟူသော တောအုပ် ရှုပ်ထွေးလျက်ရှိ၏။ သက်သက် အပြင်အပသည်သာလျှင် သန့်ရှင်းဖြူစင်၏”ဟု ဆိုပြန်လေ၏။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကို ဆောင်တော်မူပြီးလျှင် “ထိုအခါ ဤအံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသောပုဏ္ဏားသည် ရသေ့ဖြစ်ဖူးပြီ၊ ဖွတ်မင်းသည်ကား ငါဘုရားသာလျှင် ဖြစ်၏”ဟု မိန့်တော်မူသဖြင့် ဇာတ်ကိုပေါင်းတော်မူ၍ ထိုအခါ ပညာရှိသောဖွတ်မင်းသည် ရသေ့စဉ်းလဲအား နှိပ်နင်းခြင်းအကြောင်းကို ပြတော်မူလိုရကား ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၉၄] ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဒုမ္မေဓ၊ ပညာမရှိသောရသေ့။ တေ၊ သင်ရသေ့အား။ ဇဋာဟိ၊ ဖွဲ့ထုံးအပ်သော ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်ရသေ့အား။ အဇိနသာဋိယာ၊ ခွာနှင့်တကွ။ ဝါ၊ ခြေသည်းလက်သည်း အမြွှာနှင့်တကွ ဆင်မြန်းအပ်သော ဤသစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ အဗ္ဘန္တရံ၊ ကိုယ်အတွင်းသည်။ ဂဟနံ၊ ရာဂစသော ကိလေသာတောအုပ် ရှုပ်ထွေးလျက်ရှိ၏။ ဗာဟိရံ၊ အပဖြစ်သောကိုယ်သည်။ ပရိမဇ္ဇသိ၊ သန့်ရှင်းဖြူစင်ဘိ၏။

(ခွာနှင့်တကွဟု ဆိုခြင်းကြောင့် သစ်နက်ဟူသည် ခွာရှိသော သမင်, စိုင်, ဆတ်ကဲ့သို့ သားကောင်တစ်မျိုး ဖြစ်၏ဟု ယူဖွယ်ရှိပေ၏။ သို့ရာတွင် လက်သည်း,ခြေသည်း အမြွှာသည် ခွာနေရာ၌ရှိသဖြင့် ၎င်းကိုပင် ခွာဟု ခေါ်ဝေါ်သုံးစွဲလေသည်ဟူ၍လည်း ယူသင့်ပေသည်။ ထို့ကြောင့် “ပုန်းညက်သဖွယ်၊ ပန်းပြောက်ခြယ်သို့၊ သပ္ပာယ်လှတာ၊ ခြေသည်းမြွှာနှင့်၊ အရာမပျက်၊ သစ်နက်အရေ၊ ဆောင်စနေ” ဟု အရှင်မဟာသီလဝံသ မထေရ်မြတ် စပ်ဆိုလေသည်။ မည်းနက်သော ကျားသစ်တစ်မျိုးပင်ဖြစ်သည်။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အံ့သြဖွယ် ကောက်ကျစ်သောပုဏ္ဏားဝတ္ထုပြီး၏။