ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉

From Wikisource
Jump to navigation Jump to search
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉  (2022) 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
[1]

လုံခြုံရေးကောင်စီ၏ ၉၂၃၁ ကြိမ်မြောက် အစည်းအဝေး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်-

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တွင် မြန်မာစစ်တပ်မှ ချမှတ်ခဲ့သော အရေးပေါ်အခြေအနေ နှင့် မြန်မာနိုင်ငံပြည်သူများအပေါ် ထိုချမှတ်မှု၏ဆိုးရွားစွာ သက်ရောက်မှုရှိနေသည့်အပေါ် အလွန်စိုးရိမ်ကြောင်းဖော်ပြလျက်၊

မိမိ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထုတ် SC/14986၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် SC/14785၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် SC/14430 ဟူသော သတင်းထုတ်ပြန်ချက်များနှင့် ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် S/PRST/2021/5၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် S/PRST/2017/22 ဟူသော ဥက္ကဋ္ဌမှထုတ်ပြန်ချက်များကို ပြန်လည်ထောက်ပြလျက်၊

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုပုံစံအားလုံးနှင့် ပညာရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူပိုင်ပစ္စည်းများကို တိုက်ခိုက်ခြင်းတို့အပေါ် အလွန်စိုးရိမ်ပူပန်လျက်၊

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းအပေါ် ရှုတ်ချမှုကို ပြန်လည်ထောက်ပြလျက်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အခြားခြားသောသူတို့ကိုပါ မတရားဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် စိုးရိမ်ကြောင်း ထပ်လောင်းပြောကြားလျက်၊

တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားလျက်၊ တာဝန်ခံမှု၏အရေးပါမှုကိုလည်း အလေးပေးဖော်ပြလျက်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် သတင်းမီဒီယာသမားများအပေါ် ကန့်သတ်ချုပ်ချယ်မှုများအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း အလေးပေးပြောကြားလျက်၊

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် အရေအတွက် တိုးများလာနေမှုနှင့် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် ထိခိုက်လွယ်သော အခြေအနေများအောက်ရှိ လူသားများတွင် လူသားချင်းစာနာထောက်ပံ့ရေးလိုအပ်မှုတို့ သိသိသာသာတိုးလာမှုတို့အပေါ် အလွန်စိုးရိမ်ပူပန်လျက်၊ လူနည်းစုအုပ်စုများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း အလေးပေးဖော်ပြလျက်၊ အလွန်အမင်း ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းတို့ကို သတိပြု၍၊ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သော အရင်းအမြစ်များ စုဆောင်းရန် အရေးတကြီး လိုအပ်ကြောင်းပြောကြားလျက်၊

လိုအပ်နေသော လူသားများအားလုံးထံ အပြည့်အဝ၊ ဘေးကင်းပြီး အတားအဆီးမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမီမှုအတွက် လိုအပ်ကြောင်း ထပ်လောင်းဖော်ပြလျက်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အပြည့်အဝကာကွယ်မှု၊ ဘေးကင်းရေးနှင့် လုံခြုံရေးတို့အတွက်လိုအပ်ကြောင်း အလေးပေးပြောကြားလျက်၊

မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို ပံ့ပိုးပေးရန်လိုအပ်ကြောင်း အလေးပေးပြောကြားလျက်၊

အကြမ်းဖက်မှုများ လျော့ချရန်နှင့် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းမှုသို့ ရောက်ရှိရန် ငြိမ်းချမ်း၍၊ စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်လိုအပ်ကြောင်း အလေးပေးဖော်ပြ၍၊ အမျိုးသမီးများအပြင် လူ့အဖွဲ့အစည်း နှင့် နိုင်ငံရေးအုပ်စုများမှ ကဏ္ဍပေါင်းစုံ မတူကွဲပြားသော ကိုယ်စားလှယ်များပါ တန်းတူညီမျှ အဓိပ္ပာယ်ပြည့်ဝစွာ ပူးပေါင်းပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်မျိုးမျိုး လိုအပ်ကြောင်း အလေးပေးဖော်ပြလျက်၊

မြန်မာပြည်သူများနှင့် ၎င်းတို့၏ စားဝတ်နေရေး အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောအဖြေကို ရှာဖွေပံ့ပိုးပေးရာတွင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို ပြည့်ပြည့်ဝဝ ထောက်ခံကြောင်း ထပ်လောင်းပြောကြား၍၊ အာဆီယံသဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တို့၏ ကြိုးပမ်းအားထုတ်မှုများအပြင် သက်ဆိုင်ရာများအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ အဆင်ပြေချောမွေ့စွာ ဖြစ်ပေါ်လာ‌စေရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုလျက်၊

အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အကန့်အသတ်ဖြင့်သာ တိုးတက်လာမှုအပေါ် အထူးစိုးရိမ်၍ ထိုဘုံသဘောတူညီချက်ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည်ဖော်ရန် ခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန် ၎င်း၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားလျက်၊

ဘုံသဘောတူညီချက်ငါးရပ်သည် ခိုင်လုံသောရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေပြီး လုံးလုံးအကောင်အထည်ဖော်သင့်သည်ဟု ထပ်လောင်းအတည်ပြုထားသည့် အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ကြိုဆို၍ ထိုဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ကုလသမဂ္ဂနှင့် အာဆီယံ၏ ပြင်ပမိတ်ဖက်များကို အာဆီယံ၏တောင်းဆိုမှုကို သတိပြုလျက်၊

မြန်မာနိုင်ငံဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်အား သူမ၏ တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် ထောက်ခံကြောင်း ထပ်လောင်းပြောကြား၍ အာဆီယံအထူးသံတမန်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြကာ ပါဝင်သူအားလုံးနှင့် စေ့စေ့စပ်စပ် ထိတွေ့ဆက်ဆံပြီး ထိုဆက်သွယ်ရေးကို ထိန်းသိမ်းရန် တိုက်တွန်း၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် လိုအပ်ကြောင်း ထပ်လောင်းဖော်ပြလျက်၊

မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပေါ်လာမှုများသည် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအနေဖြင့် ဆန္ဒရှိစွာ၊ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည်နေရပ်ပြန်နိုင်ရန်အတွက် ပြဿနာများဖြစ်ပေါ်နေကြောင်းကို အလွန်စိုးရိမ်၍ ရိုဟင်ဂျာအခြေအနေသည် ကျယ်ပြန့်သည့်ဒေသအတွင်း ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များကို အလေးပေးပြောကြားလျက်၊

စစ်တပ်မှမကြာသေးမီက အကျဉ်းသားများလွှတ်ပေးမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်က ထုတ်ပြန်သည့် ကြေငြာချက်တို့ကိုကြိုဆို၍ အဆိုပါကြေငြာချက်မှ ဆက်လက်၍မတရား ဖမ်းဆီထိန်းသိမ်းခံနေရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားမှုကိုဖော်ပြ၍၊

ကုလသမဂ္ဂ၊ ၎င်းတို့၏ မိတ်ဖက်များနှင့် အခြားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများကို ဘေးကင်းမှု၊ ခုံလှုံမှုနှင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာ၌ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုလျက်၊

မြန်မာပြည်သူပြည်သားများကို ထောက်ခံရေးသာမက မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးအရလွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ခိုင်မာသော ကတိကဝတ်များကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုလျက်

၁။ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရန်နှင့် တင်းမာမှုများကိုလျှော့ချရန် တောင်းဆိုသည်။
၂။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာစစ်တပ်ကို တိုက်တွန်းသည်။
၃။ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ပေးရန် ၎င်း၏တောင်းဆိုချက်များကို ထပ်လောင်းပြောကြားသည်။
၄။ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဥပဒေများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအားလုံးကို တိုက်တွန်းသည်။
၅။ မြန်မာနိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူတို့၏အကျိုးနှင့်အညီ ငြိမ်းချမ်းသောအဖြေကို ရှာဖွေရာတွင် အာဆီယံ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြု၍ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား အာဆီယံဦးဆောင်သည့် ယန္တရားနှင့်လုပ်ငန်းစဉ်များတွင် ထောက်ခံအားပေးလိုသည်။
၆။ စစ်တပ်၏ အာဆီယံခေါင်းဆောင်များအပေါ် ကတိကဝတ်များကို ဂရုပြုလျက်၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်အားလုံးမှ သဘောတူညီခဲ့သော အာဆီယံ၏ ငါးအချက်ပါသဘောတူညီချက်ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် ခိုင်မာ၍ထိရောက်သည့် ဆောင်ရွက်ချက်များကို တောင်းဆိုသည်။ အထွေထွေအတွင်းရေးမှူးချုပ် သို့မဟုတ် ၎င်း၏ အထူးသံတမန်မှတစ်ဆင့် အာဆီယံအထူးသံတမန်နှင့် ညှိနှိုင်းဆောင်ရွက်ကာ လုံခြုံရေးကောင်စီသို့ ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အချက်ငါးချက်ပါ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးကို ကုလသမဂ္ဂမှ ထောက်ပံ့သည့်ကိစ္စကို နှုတ်ဖြင့်အစီရင်ခံတင်ပြရန် တောင်းဆိုသည်။
၇။ အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ထောက်ပံ့ကူညီနိုင်ရေးတို့အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအားလုံးနှင့် အပြည့်အဝပါဝင်သော ကိုယ်စားလှယ်ဆွေးနွေးပွဲများ ဖြစ်မြောက်မှုကို မြှင့်တင်ရေးအတွက် အာဆီယံအထူးသံတမန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားသည်။ ဤသို့ဖြစ်မြောက်ရေးအတွက် ကုလသမဂ္ဂ အထူးသံတမန်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန် အားပေးတိုက်တွန်းသည်။
၈။ မြန်မာပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီမည့် အဖြေကိုရှာဖွေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ စတင်နိုင်ရန်အလို့ငှာ အာဆီယံ၊ အထူးသံတမန်၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့နှင့် အပြုသဘောဆောင်၍ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံရှိ အင်အားစုများအားလုံးကို တိုက်တွန်းသည်။
၉။ အပြည့်အဝ ဘေးကင်းလုံခြုံပြီး အတားအဆီးမဲ့သော့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ခွင့်အတွက် လိုအပ်ကြောင်း ထပ်လောင်းပြောကြား၍ မြန်မာနိုင်ငံရှိ လူသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတိုင်းအတာတစ်ခုအထိ လိုအပ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အကာအကွယ်နှင့်လုံခြုံမှုကို အပြည့်အဝရရှိလိုကြောင်းတို့ကို အလေးပေးဖော်ပြလိုသည်။
၁၀။ ရခိုင်ပြည်နယ်ရှိ အကျပ်အတည်း၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်လိုအပ်ကြောင်းနှင့် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၏ ဆန္ဒရှိစွာ၊ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည်နေရပ်ပြန်နိုင်ရေးတို့အတွက် လိုအပ်သောအခြေအနေများ ဖန်တီးပေးရန် အလေးပေးဖော်ပြလိုသည်။ ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သက်ဆိုင်သူများ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို အားပေးသည်။ ဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့သူများအတွက် အကာအကွယ်နှင့်အကူအညီများ ဆက်လက်ပေးအပ်ခြင်း၏ အရေးပါမှုကိုလည်း ထပ်လောင်းအလေးပေးဖော်ပြသည်။
၁၁။ ဤကိစ္စနှင့်ပက်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်။