ကုန်းဘောင်ရွှေပြည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"ကုန်းဘောင်ရွှေပြည်" ချီ ရတု
by စန္တကျော်သူ ငဩ
မြေဒူးမင်းသား လက်ထပ်ပွဲတွင် ဆက်သည်

ကုန်းဘောင်ရွှေပြည် ပွင့်လင်းစည်သား ဆယ်မည်သဲသဲ ညံမစဲနှင့် အောင်ပွဲခံခံ နတ်နှယ်စံသည် လေးလှံစကြာ အာဇာမြင်းဆင် ဆယ်စီးရှင်၏ ရွှေရင်တော်သွေး နန်းထက်မွေးသား ဂုဏ်ကျေးဇူးရောင် မြင့်မိုရ်တောင်သို့ အခေါင်မိုးထိ အံ့ဖွယ်ရှိသည် သီရိဓမ္မရာဇာ လဝါနှလုံး လက်ရုံးခြင်္သေ့ ဘုန်းလွေ့လွေ့လျှင် မိထွေ့သည်းအူ နတ်ရည်တူနှင့် ဝေပူမျက်ရှင် ရွှေထက်တင်သို့ သဘင်အုတ်အော် စံရွှင်ပျော်သည် အိမ်တော်သာလှသည်ဘုရား
ဘုန်းရောင်နေခြည် ရွှန်းဝေလည်သား အပြည်ပြည်ရှင် ဘုရင်များပန်း မိန့်တော်ညွှန်းက လေးကျွန်းဗဟို သဲသဲပြိုမျှ မြင့်မိုရ်ကိုယ်စီ ထမ်းရွက်ချီ၍ ပည်းသီသိန်းသန်း မာန်ထိတန်းလည်း မကျန်းဝံ့ဘဲ ကြောက်ရွံ့ရှဲလိမ့် သောင်းပွဲစိုးယူ မင်းချင်းမူကား ပြူဝံ့မည်ထား တင်စကားမျှ မကြားစောင့်စည်း ကြောက်သည်ချည်းတိ ရေကြည်းခွန်ဆွတ် ဆယ်ကျိပ်ထွတ်၏ သည်းပွတ်တော်လတ် နေနတ်မျိုးတော် ဘုန်းလှိုင်ကျော်သည် တိမ်ပေါ်မှာလရည်ဘုရား
နှုန်းဆောင်ဖွေနည် တဆံခြည်မျှ လူ့ပြည်မမြင် ရဲစွမ်းအင်နှင့် စက်မြင်လှံမ ဝင့်တိုင်းကျ၏ ကာကဒိုင်းလွှား လေးဒါးလက်နက် ပစ်ခတ်နိုင်နင်း ဆင်မြင်းစိုင်းနှင် ဘယ်ဝင်ညာသွဲ့ သိကြားကဲ့သို့ သုံးဆဲ့ခုနစ် စီးနည်းလှစ်၍ အသစ်သစ်လှယ် အသွယ်သွယ်ကို ဘယ်ကျမ်းဂန်တွင် တွေ့မထင်ခဲ့ မာတင်မျိုးနွယ် ဖြူစပယ်သို့ စွယ်လက်ျာတော် ရဲဘော်ဇာနည် လက်ရုံးရည်တို့ တွေ့မည်ခဲလှော် ခုကံတော်သည် ကြိမ်မြော်ပါရသည်ဘုရား