ကိုရင်လေးသုမန (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၇။ ကိုရင်လေးသုမန (ကျောင်းသားကိုင်သို့)
339350ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၇။ ကိုရင်လေးသုမန (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

ကိုရင်လေး သုမန

သင်ယူမှုဦးတည်ချက် ။ ။ ကိုရင်လေး သုမနကို အားကျအတုယူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ပထမတန်းမှ ကိုရင်လေးရာဟုလာ သင်ခန်းစာ၊ ကိုရင်ကလေး ရာဟုလာကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ကို ပထမတန်းတုန်းက သင်ခဲ့ပြီးတဲ့ ကိုရင်လေးရာဟုလာအကြောင်း ကို မှတ်မိတဲ့သူရှိလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

֍ကလေးများမှတ်မိသလောက် ပြောပြကြပါစေ။ ကလေးများမေ့နေလျှင် ဆရာက ပြန်လည် ပြောပြပါ။

֍သင်ခန်းစာတွေကို ပြန်နွေးပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ ကိုရင်လေးတွေကို တွေ့ ဖူးကြလား။
-ဘယ်နေရာမှာ တွေ့ ဖူးကြလဲ။
-ကိုရင်လေးတွေ ဘယ်လိုနေထိုင် သွားလာကြသလဲ။

֍ကလေးများသိသမျှ ဖြေတတ်သလိုဖြေကြပါစေ။

֍နောက်ဆုံးတွင် အောက်ပါ ကိုရင်ကလေး ရာဟုလာ ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

ကိုရင်ကလေး ရာဟုလာ

ကိုရင်ကလေး ရာဟုလာ၊
ဘုရားသားတော်ပါ။
ဘုရားသားတော် ဖြစ်ပေမဲ့၊
မမော်ကြွားဘူးကွဲ့။
သူ့လက်ကလေးနဲ့ သဲဆုပ်ကာ၊
ဩဝါဒ မျှော်ရှာ။
ဒီသဲပမာ ဩဝါဒ၊
ရရင် ကောင်းလေစွ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။

ကိုရင်လေး သုမန ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဆရာအပေါ်မှာ အလွန်သိတတ်ပြီး ဆရာကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ ကိုရင်လေး လိုအပ်သောနေရာများတွင် တစ်ပါးအကြောင်းကို ပြောပြပေးမယ်နော်”ဟု အစချီကာ အောက်ပါ ကိုရင်လေး သုမန ရုပ်ပုံများကိုသုံး၍ ပြောပါ။ အကြောင်းကို ပြောပြပါ။

[သတိပြုရန် 2]

ကိုရင်လေး သုမန

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရှင်သုမနလို့ ခေါ်တဲ့ခုနစ်နှစ် အရွယ် ကိုရင်လေးတစ်ပါး ရှိတယ်။ တစ်နေ့မှာ ကိုရင်လေးဟာ သူ့ရဲ့ ဆရာတော်နဲ့အတူ မြတ်စွာဘုရားရှင်ကို ဖူးမြော်ဖို့ ခရီးထွက်လာကြတယ်။ တောကျောင်းလေးတစ်ကျောင်းကို တွေ့တဲ့အခါ ဆရာတပည့်နှစ်ယောက် အဲဒီကျောင်းမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဆရာတော်က တစ်ညလုံးမအိပ်ဘဲ လမ်းလျှောက်ပြီး တရားရှုမှတ်နေခဲ့တယ်။ အဲဒီ အခါမှာပဲ ပြင်းထန်တဲ့ လေနာရောဂါဝေဒနာ ခံစားခဲ့ရတယ်။ ကိုရင်လေး သုမနက သူ့ရဲ့ ဆရာတော် ရောဂါခံစားနေရတာကို စိုးရိမ်စိတ်နဲ့ “ဆရာတော်ဘုရား၊ လေနာရောဂါ အတွက် အရင်က ဘယ်လိုဆေးတွေ ဘုဉ်းပေးခဲ့ပါသလဲဘုရား”လို့ လျှောက်တယ်။ ဆရာ တော်က “နဂါးမင်းကြီးစောင့်တဲ့ ရေအိုင်ကရေနဲ့ ပျောက်ဖူးပါတယ်၊ ဒါပေမဲ့ ကိုရင်လေး ... အဲဒီနဂါးမင်းကြီးဟာ ဒေါသအလွန်ကြီးတယ်။ သူ့အိုင်ထဲကရေကို လွယ်လွယ်နဲ့ မပေး တတ်ဘူး။ ကိုရင်လေး စွမ်းနိုင်မယ်ဆိုရင် နဂါးမင်းဆီက ခွင့်တောင်းပြီး ရေကိုယူခဲ့ပါ”လို့ မှာလိုက်တယ်။

ကိုရင်လေးဟာ နဂါးမင်းကြီးနေတဲ့ ရေအိုင်ကို တန်ခိုးနဲ့ ကြွသွားတယ်။ နဂါးမင်း ကြီးက သူ့ခေါင်းပေါ်ကနေ ကိုရင်လေး ဖြတ်သွားတာ မြင်လိုက်ရတော့ စိတ်ဆိုးသွားတယ်။ ဒါ့ကြောင့် ကိုရင်လေး ရေယူလို့မရအောင် သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ရေအိုင်တစ်ခုလုံးကို ဖုံးထား လိုက်တယ်။

ကိုရင်လေးသုမနက “နဂါးမင်းကြီး၊ ကိုရင့်ဆရာကို ဆေးကုဖို့အတွက် ရေလာ တောင်းတာပါ။ ရေတစ်အိုးစာလောက်ပေးပါ”လို့ ပြောတယ်။ နဂါးကြီးက “ကိုရင် သင့်မှာ အစွမ်းအစရှိရင် ရေကိုယူပါ”လို့ ပြန်ပြောတယ်။ ဒါကြောင့် ကိုရင်လေးက တန်ခိုးနဲ့ ခန္ဓာ ကိုယ်အကြီးကြီး ဖန်ဆင်းလိုက်ပြီး နဂါးကြီးရဲ့ ပါးပျဉ်းပေါ် တက်နင်းလိုက်တယ်။ နဂါးမင်း ကြီး ခေါင်းငိုက်စိုက်ကျသွားပြီး ပါးပျဉ်းအောက်ကနေ ရေတွေ ပန်းထွက်လာတယ်။ ကိုရင် လေးဟာ ကောင်းကင်ကနေ ရေအိုးပြည့်အောင် ရေကို ခံယူလိုက်တယ်။ ကိုရင်လေးဟာ သူ့ဆရာရဲ့ဝေဒနာကို ပျောက်စေချင်လွန်းတဲ့အတွက် အခက်အခဲကြားကနေ ရအောင် ကြိုးစားပြီး ယူခဲ့ပါတယ်။

ကိုရင်လေးသုမန ရေကိုယူပြီး ကျောင်းကို ပြန်သွားတဲ့အခါ နဂါးမင်းကြီးက နောက်မှလိုက်လာပြီး “ဆရာတော်ဘုရား ရေကို မသောက်ပါနဲ့၊ ကိုရင်က တပည့်တော် မပေးဘဲနဲ့ ရေကို လုယူသွားတာပါ”လို့ ပြောတယ်။ ကိုရင်လေးကလည်း “စွမ်းနိုင်ရင် ယူပါ လို့ နဂါးမင်းက ပြောလို့ယူခဲ့တာပါ”လို့ ပြန်ပြောပြတယ်။ ကိုရင်လေး မဟုတ်မမှန် မပြော တတ်မှန်း သိတာကြောင့် ဆရာတော်က ရေကို သောက်လိုက်ပါတယ်။ သောက်ပြီးပြီးချင်း လေနာရောဂါ ပျောက်ကင်းသွားပါတော့တယ်။ ဆရာတော်ကလည်း ဆရာအပေါ်မှာ သိတတ်လွန်းတဲ့ ကိုရင်လေးသုမနအတွက် ဂုဏ်ယူနေပါတယ်။ ဒီလိုနဲ့ပဲ ဆရာတော်နဲ့ ကိုရင်လေးသုမနတို့ ဆရာတပည့်နှစ်ဦးဟာ မြတ်စွာဘုရားကျောင်းတော်ကို ခရီးဆက် ထွက်ခဲ့ကြပါတယ်။

မှီငြမ်း ။ ။သုမနသာမဏေ။ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပဉ္စမတွဲ။ ၁၂၃၊ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၃၈၂။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။

-ဒီဇာတ်လမ်းထဲမှာပါတဲ့ ကိုရင်လေးနာမည်က ဘယ်သူလဲ။
-ကိုရင်လေးတို့ ဆရာတပည့်နှစ်ဦး ဘယ်ကိုသွားတာလဲ။
-ကိုရင်လေးရဲ့ ဆရာက ဘာရောဂါဖြစ်တာလဲ။
-ကိုရင်လေးက နဂါးမင်းကြီးဆီက ရေကို ဘယ်လိုယူခဲ့တာလဲ။
-ကိုရင်လေး ရေရလာတာဟာ ဘာကြောင့်လို့ထင်လဲ။ (ကြိုးစားမှု)
-သားတို့၊ သမီးတို့ဆိုရင်ရော ဆရာတွေကို ဘယ်လိုကူညီပေးချင်ကြလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်လေး သုမန ဇာတ်လမ်းပါ ဖြတ်ဆက်ပြုလုပ်ရန် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံအရေအတွက်ပေါ် မူတည်၍ အုပ်စုဖွဲ့ကာ ရုပ်ပုံဖြတ်ဆက် ပြုလုပ်ကြပါစေ။

֍ဖြတ်ဆက်ပြီးသောအခါ တစ်ဖွဲ့ချင်းစီမှ ရုပ်ပုံပါအကြောင်းအရာများကို အစဉ်အလိုက် ရှင်းပြကြပါစေ။

֍နောက်ဆုံးတွင် ဆရာက ဇာတ်လမ်းအစမှအဆုံးကို အနှစ်ချုပ် ပြောပြပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရဟန်းသာမဏေ တို့ရိုသေ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို ပြန်လည်စတင်ပါ။

-ကိုရင်လေးတွေကို ဘာဖြစ်လို့ ရိုသေရတာလဲ။
-ကိုရင်နဲ့ လူ ဘာကွာခြားသလဲ။
-ကိုရင်တွေက ဘာတွေလုပ်ရလဲ။ (ဆွမ်းခံရတယ်၊ ဘုရားရှိခိုးရတယ်၊ တရားထိုင်ရတယ် ... စသည်ဖြင့်။)

֍ကလေးများပါဝင်ဖြေဆိုပြီးပါက ဒုတိယတန်း၊ သင်ခန်းစာ (၁၃) တွင် သင်ခဲ့ပြီး သော အောက်ပါကဗျာကို အမူအရာနှင့် ရွတ်ဆိုကြပါစေ။

ရဟန်းသာမဏေတို့ရိုသေ

ဘုရားသားတော် ရဟန်းသံဃာ၊
ရိုသေလေးစားမှာ။
လက်အုပ်ချီကာ ဦးနှိမ်ချ၊
အမြဲရှိခိုးကြ။
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊
ထူးတဲ့ ရှင်သာမဏေ။
တို့တစ်တွေ ရှိခိုးလို့၊
ကုသိုလ်ယူကြစို့။

֍ကဗျာရွတ်ဆိုပြီးပါက ကဗျာ၏အဓိပ္ပာယ်ကို ရှင်းလင်း၍ အနှစ်ချုပ်ပေးပါ။

  1. ပထမတန်းမှ ကိုရင်လေး ရာဟုလာ သင်ခန်းစာကို ကြိုတင် ဖတ်ရှုထားရမည်။
  2. လိုအပ်သောနေရာများတွင် ရုပ်ပုံများကိုသုံး၍ ပြောပါ။