ကိုယ်ကျင့်အဘိဓမ္မာ/နဝမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
နဝမအခန်း


နဝမအခန်း

[ဤအခန်း၌ ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ်ပါသည်။]

ပဋိသန္ဓေခေါ်ပုံ

အဋ္ဌမအခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘဝသစ်၌ ပထမဆုံး စိတ်စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ ထိုပထမဆုံးဖြစ်သော စိတ်စေတသိက် ရုပ်များကိုပင် “ပဋိသန္ဓီ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထိုပဋိသန္ဓေ"ဟူသော ပါဠိစကား၌ ဘဝဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း”ဟု ဆိုလိုသည်။

ပဋိသန္ဓေ ၄-မျိုး

ထို ပဋိသန္ဓေ စိတ်စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုး လိုက်၍ ဩပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုးပြားသည်။

ဩပပါတိက ပဋိသန္ဓေ

ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေတည်း။ နတ် ဗြဟ္မာ ငရဲသူငရဲသား ပြိတ္တာ အသုရကာယ်တို့သည် ဤဥပပတ်ပဋိသန္ဓေ နေရကား မိခင်ဝမ်း၌ အောင်းဖွယ် မလို။ ပဋိသန္ဓေ စိတ် စေတသိက်ရုပ်များ ဖြစ်သည်နှင့်တပြိုင်နက် သူတို့နေရမည့် ဗိမာန် တော တောင် မြစ် သမုဒ္ဒရာကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း ကြီးကြီးမားမား အထင်အရှား ဖြစ်သည်။ ကမ္ဘာဦး လူများလည်း ဤ ဩပပါတိက ပဋိသန္ဓေ နေသူများပင် ဖြစ်ကြသည်။ ဤ ဩပပါတိက ပဋိသန္ဓေကို “ဥပပါတ် ပဋိသန္ဓေ” ဟုလည်း ခေါ်သည်။

သံသေသဇ ပဋိသန္ဓေ

ငြိတွယ်၍ ဖြစ်လောက်သော အရပ်၌ ကပ်ငြိ တွယ်တာ၍ ဖြစ်ရသော ပဋိသန္ဓေတည်း။ ဤ သံသေဒဇ ပဋိသန္ဓေ နေသူကား အလွန် သေးငယ်သော အရွယ်မှ စ၍ တဖြည်းဖြည်း ကြီးပွားရ၏။ ထိုသံသေဒဇမျိုးတွင် ပိုးလောက် စသော သတ္တဝါတို့သည် မစင်ပုပ် ငါးပုပ် စသော ပုပ်နံသော အရာဝတ္ထုများဝယ် ငြိတွယ်၍ ဖြစ်ကြရ၏။ ပဒုမဝတီ မိဖုရားသည် ပဒုမ္မာကြာပန်းဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဝေဠုဝတီ မိဖုရားသည် ဝါးလုံးအတွင်းဝယ် ငြိတွယ်၍ ဖြစ်ရ၏၊ ဘုရားကို စွပ်စွဲသော “စိဉ္စမာန” ဟု ခေါ်သော စိဉ္စမာနဝိကာသည် မန်ကျည်းပင်ဝယ် ငြိတွယ်၍ ဖြစ်ရ၏။ ဤသို့ စသည်ဖြင့် သံသေဒဇ ပဋိသန္ဓေနေသော သန္ဓေသူ လူတွေ အတော်များ ရှိလေသည်။

အဏ္ဍဇပဋိသန္ဓေ

အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက် ငှက် စသော သတ္တဝါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တဝါများတည်း။ ဇာတ်နိပါတ် ရာဇဝင်များ၌ လူအချို့ တိုလည်း နဂါးမနှင့် အကြောင်း ပါ၍ အဏ္ဍဇပဋိသန္ဓေ တည်နေပြီးလျှင် လူသတ္တဝါ ဖွားမြင်ကြောင်းကို အဆိုရှိ လေသည်။

ဇလာဗုဇ ပဋိသန္ဓေ

အမိဝမ်းတွင်း သားအိမ်၌ ဖြစ်ကြရသော လူ မြင်း ကျွဲ နွား စသော သတ္တဝါတို့သည် ဇလာဗုဇ ပဋိသန္ဓေနေရသော သတ္တဝါများတည်း။ ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်ရသော အောက်နတ်တို့တွင် အချို့နတ်များလည်း ဇလာဗုဇ ပဋိသန္ဓေ နေကြရသည်။ [အဏ္ဍဇနှင့် ဤ ဇလာဗုဇ ၂-ပါးကို ဂဗ္ဘသေယျက ပဋိသန္ဓေ နေသူများဟုလည်း ခေါ်၏။ ဂဗ္ဘ= အမိဝမ်း၌+သေယျက =ကိန်းရသူ။]

ပဋိသန္ဓေ နေခြင်း၏ အကြောင်း ၃-ပါး

သံသေဒဇ ဥပပါတ် ပဋိသန္ဓေနေရသူတို့သည် မိဘနှင့် မစပ်ပဲ မိမိတို့၏ ကံသက်သက်ကြောင့် ဖြစ်ရကား ပဋိသန္ဓေ နေရခြင်း အကြောင်းကို ရှာဖွယ်မလို၊ ဂဗ္ဘသေယျက သတ္တဝါတို့မှာ အမိဝမ်း၌ ဖြစ်ကြရသောကြောင့် “ဘယ်လိုအကြောင်း စုံမှ အမိဝမ်း၌ကိန်းအောင်းနိုင်ကြသနည်း”ဟု မေးဖွယ် ရှိ၏။ အဖြေကား... ၁-မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ် စင်ကြယ်ခြင်း၊ ၂-မိဘလောင်း ၂-ဦးတို့ ပျော်မြူး ပေါင်းသင်းခြင်း၊ ၃-သန္ဓေ တည်မည့် သူငယ်လောင်းက ဘဝဟောင်းမှ စုတေခြင်း၊ ဤအကြောင်း ၃-ပါး စုံမှ ပဋိသန္ဓေတည်နေနိုင်သည်။ ဤအရာ၌ မိဘ ၂-ဦးတို့ တကြိမ်တခါမျှ ပျော်မြူးလျှင် ၇-ရက်အတွင်း၊ သို့မဟုတ် ၁၅-ရက်အတွင်း သန္ဓေတည်ခွင့်ရှိသည်ဟု ကျမ်းစာတို့၌ ဆိုကြ၏၊ ဤကား ယခုကာလ အများအပြား ဖြစ်ရသော ပဋိသန္ဓေ တည်နေရိုးတည်း။

အလွန်ထူးဆန်းသော တချို့ အကြောင်း

မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိ ကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ (သုဝဏ္ဏသျှံ)၏ မိခင်သည် ပန်းပွင့် ပြီးခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ပြီးခါစဝယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင်လက်ထက်တော်က ဘိက္ခုနီမ တဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုတ်ယူမိ၍ သန္ဓေ ရ၏။ ရသေ့တဦး၏ သုက်နှင့်ရောသော ကျင်ငယ်ရေကို သမင်မ သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်း များက တခါတရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။

ကလလရေကြည်

ပဋိသန္ဓေစိတ် စေတသိက်နှင့်အတူ ရုပ်ကလေးများပါရှိ၏။ ထိုရုပ်ကလေးများကို “ကလလရေကြည်”ဟု ခေါ်ကြ၏။ “ထို ကလလရေကြည်ကား မြောက်ကျွန်းသူတို့၏ ဆံပင်ကို အလွန်ကြည်သော ဆီတွင် နှစ်၍ ထိုဆံပင်ဖျား၌ ပါလာသော ဆီကြည်ကလေးမျှ ပမာဏရှိ၏”ဟု ဆိုသည်။ ထိုရေကြည်သည် ရှေးကံ၏ အစွမ်းကြောင့် ဖြစ်ရသော ရုပ်ကလေး သာတည်း။ မိဘတို့၏ သုက်သွေးမဟုတ်။ ထိုသုက်သွေးကား ထိုကလလရေကြည် ကလေးကို ထောက်ပံ့ ရုံသာ ဖြစ်သည်။

မိဘသုက်သွေးက ကျေးဇူးပြုပုံ

ဤ ဆိုခဲ့ပြီးသော စကားအရ ရှေးကံ အစွမ်းကြောင့် အမိဝမ်းမှာ ကလလရေကြည် သန္ဓေတည်ရသော်လည်း မိဘ တို့၏ သုက်သွေးက အရေးတကြီး ထောက်ပံ့ လျက်ရှိသည်ဟု သိသာပြီ။ ထိုကလလရေကြည်သည် မျိုးစေ့နှင့် တူ၏။ မိဘတို့၏ သုက်သွေးကား ရွှံ့ညွှန်ရေမြေများနှင့် တူ၏။ ထိုကလလရေကြည်ကိုဖြစ်စေသော ရှေးဘဝ ကံမှာ မျိုးစေ့ကို စိုက်ပျိုးသူနှင့် တူပေသည်။ သို့အတွက် ကလလရေကြည် သန္ဓေတည်နေဖို့ရာ စင်ကြယ်သော သားအိမ်နှင့် အနာရောဂါ အပြစ်အဆာ ကင်းစင်သော သုက်သွေးကောင်းများ အရေးတကြီး လိုလားအပ်ပေသည်။ ဘာ့ကြောင့်နည်း။ သားအိမ်နှင့် သုက်သွေး၌ ရောဂါမကင်းလျှင် ထိုသန္ဓေ သူငယ်သည် ကျန်းကျန်းမာမာနှင့် ကြီးပွါးနိုင်ဖွယ် မရှိသောကြောင့်တည်း။

ထို့ပြင်-မြေနီဘွင်း၌ အောင်းနေရသော ဖွတ်သတ္တဝါ၏ အဆင်းသည် နီ၍၊ မြေနက်တွင်း၌ အောင်းနေသော ဖွတ်သတ္တဝါ၏ အဆင်းသည် နက်သကဲ့သို့၊ မိဘကို သုက်သွေး၌ ငြိတွယ်နေရသော သန္ဓေသူငယ်၌ မိဘတို့၏ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက်ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့်သူငယ်၏ အဆင်းသည် တူကြရိုးပင်ဖြစ်၏။ လက်ခြေပုံသဏ္ဌာန်များလည်း တူတတ်ကြ၏။ အဆင်းပုံသဏ္ဌာန် သာမက၊ မိဘတို့၏ စိတ်နေစိတ်ထား သတ္တိဗျတ္တိ အကြံဉာဏ်များလည်း သားသမီးတို့၌ ကူးစက် ပြန့်ပွါးတတ်သည်။

ဤသို့ စိတ်ဓာတ်ချင်း ကူးစက်လာခြင်းကား သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ ဥတုဇ ရုပ်များက ကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ဖွားမြင် ပြီးနောက် မိဘတို့၏ စိတ်နေစိတ်ထား အပြုအမူများကို တွေ့ရဖန်များသဖြင့် အတုယူမိခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် ကောင်းမြတ် ထက်မြက်သော အမျိုးမှ ကောင်းမြတ် ထက်မြက်သော သားသမီးများ ထွန်းကား၍ မသန့်သောအမျိုးမှ အညံ့စားသားသမီးများဖြစ်ပွါးတတ်သောကြောင့် ၂-ဘက် လုံးပင် အမျိုးကောင်း၍ မိဘ ၂-ဦး၏ အထူး စင်ကြယ်သော သွေးသား၌ ငြိတွယ်ရသော ကလလရေကြည်သည် အဖိုးတန် သားသမီးကလေး ဖြစ်ဖို့ အကြောင်း အကောင်းဆုံး ခန္ဓာကိုယ်ကလေးပင်တည်း။

အမှာ

ရှေးစာအုပ်များ “ငှက်ပျောပင်စိုက် မိလိုက် ဘပါ”ဟု ဥပမာပြု၍ ရေးသားခဲ့သော်လည်း ထိုဥပမာ၏ အဓိပ္ပါယ်မှာ “မင်းမျိုး ဖြစ်သူ၏ ကိစ္စ၌သာ ငှက်ပျောပင် စိုက်ရသည်”ဟု ဆိုလိုသတတ်။ ထို့ကြောင့် ဤနေရာ၌ မသုံးပဲ ထားသည်။

ပုဂ္ဂိုလ် ၄-မျိုး ပြားပုံ

ပဋိသန္ဓေတည်သောအခါ တချို့ ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ [ဒုဂ္ဂတိ=မကောင်းသော ဂတိ(ဘဝ)၌+အဟိတ်=ပဋိသန္ဓေ စိတ်မှာ အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်များ မပါသော ပုဂ္ဂိုလ်။] လူနှင့် လူ့ပြည်၌ ရှိကြသော အချို့ နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏၊ [သုဂတိ=ကောင်းသောဂတိ၌ + အဟိတ်=ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုး မပါသူ။] ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ ပြအံ့။

သုဂတိ အဟိတ်လူ

ထို ပြခဲ့သော “သုဂတိအဟိတ်” လူတို့သည် အလွန်ညံ့သော ကုသိုလ်ကံကြောင့် လူ့ဘဝ၌ ဖြစ်လာရကား အကန်း အအ(စကားမပြီသူ)၊ အဆွံ့(မသွားနိုင်သူ)၊ အထိုင်း (နားထိုင်းသူ)၊ အဖျင်း အညံ့ (အရှေ့ အနောက် တောင်မြောက်၊ ပဲ-မူး-မတ် စသည်ကိုမျှ သင်ပြ၍ နားမလည်နိုင်သူ)၊ နပုံးပဏ္ဍုက် (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ လုံလုံ လောက်လောက် မပါသူ)၊ ဥဘတောဗျဉ်း (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ ၂-မျိုးလုံး ပါနေသူ)၊ ဤသို့ စသည်ဖြင့် လူတမ်းမစေ့ သူများ ဖြစ်ကြလေသည်။

သုဂတိအဟိတ်နမ်များ

ထို နတ်များလည်း သေးသိမ်သော ရှေးကုသိုလ်ကံကြောင့် ဖြစ်ရ၏။ “နတ်” ဆိုရရုံသာ။ တန်ခိုးမရှိ၊ ဘုံဗိမာန် သီးခြားမရှိ၊ ဘုမ္မဇိုဝ်း ရုက္ခဇိုဝ်းဟု ခေါ်သော နတ်ကြီးများကို မှီခို၍ ထိုနတ်ကြီးများ၏ ဗိမာန် အနီးအပါးမှာ နေကြရသည်။ အစားအသောက်များလည်း ကျကျနနမရှိ၊ အစိမ်း တစ္ဆေများကဲ့သို့ ထမင်းလုံး ဟင်းပေါက်ကို ကောက်ယူ စားသောက်ကြရ၏။ တခါတရံ သမာဓိနည်းပါးသော မိန်းမများနှင့် ကလေးများကို ချောက်လှန့် ပူးကပ်၍ ထိုသူတို့ ပစ်အပ်သော တစ္ဆေစာ (ခေါ်စာ)ကိုပင် စားသောက်ကြရသည်။ အမျိုးအစားအားဖြင့် စာတုမဟာရာဇ် နတ်မျိုးပင်တည်း။ လူ့ပြည်၌ လူဆင်းရဲဖြစ်သော်လည်း တချို့မှာ ပညာ အရည်အချင်း ရှိတတ်သကဲ့သို့၊ ထို့အတူ ထိုနတ်ဆင်းရဲများတွင်လည်း သုဂတိ အဟိတ် မဟုတ်ပဲ ပြလတ္တံ့သော ဒွိဟိတ် တိဟိတ် နတ်များလည်း ရှိကြရုံမက ဘုရားရှင်လက်ထက်တော်ကမူ ထိုကဲ့သို့သော နတ်ဆင်းရဲ အများပင် မဂ်ဖိုလ်ကို ရကြပေသေးသည်။

ဒွိဟိတ်ပုဂ္ဂိုလ်

ဒါနခန်း၌ ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်၊ တိဟိတ်ဩမက ကုသိုလ် ဟုပြခဲ့ပြီ။ ထိုကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံမှာ ဖြစ်သော်လည်း ကုသိုလ်ပြုစဉ်က အမောဟခေါ်သော ဉာဏ်ပညာနှင့် ယှဉ်၍ မပြုမိခဲ့သောကြောင့် လည်းကောင်း၊ ဉာဏ်ပညာပါသော်လည်း မထက်သန်၊ ထက်သန်သော်လည်း မိမိ၏ ကုသိုလ်ကို ပြန်၍ စိတ်ပျက်၊ ဤအချက်များကြောင့် သေသော်လည်းကောင်း ပဋိသန္ဓေစိတ်၌ အလောဘ အဒေါသ ဟိတ် ၂-မျိုးသာ ပါသော ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရလေသည်။

ပြခဲ့သော အဟိတ်ပုဂ္ဂိုလ် ၂-မျိုးနှင့် ဤဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေစိတ် ဟူသော မျိုးစေ့က ညံ့ဖျင်းသောကြောင့် ထိုဘဝ၌ ဈာန်မဂ်ဖိုလ်များကို ရခွင့် မရှိကြန်တော့။ သို့သော် ကမ္မဋ္ဌာန်းအားထုတ်လျှင် နောင်ခါ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ဖို့ အကြောင်း ကောင်းမြတ်သော ကုသိုလ်ဖြစ်သည့်အပြင် အထုံပါသဖြင့် ဈာန် မဂ်ဖိုလ်လည်း ရလွယ်နိုင်သောကြောင့် ယခုဘဝ မရသော်လည်း ကြိုးစား၍ အားထုတ်မိအောင် သတိပြုကြရမည်။

တိဟိတ်ပုဂ္ဂိုလ်

ဒါနခန်း၌ ပြခဲ့ပြီးသော တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် စိတ်ကြောင့် လူ့ပြည် နတ်ပြည်ဝယ် ဖြစ်ရသောအခါ ပဋိသန္ဓေ စိတ်၌ (အလောဘ အဒေါသ အမောဟ) ဟိတ် ၃-ပါး ပါသော တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်မျိုးကား တတ်သိနားလည်၏။ ကြိုးစားလျှင် ဈာန်ကို ရနိုင်၏။ ပါရမီပြည့်လျှင် မဂ်ဖိုလ်ကိုလည်း ရနိုင်သည်။ ယခုကာလ၌ တိဟိတ်ပုဂ္ဂိုလ်တို့ ပေါများ၏။ စည်းကမ်းကျအောင် အားမထုတ်ကြ၍သာ တရားထူး မရပဲ ရှိကြရလေသည်။ ဤသို့လျှင် ပဋိသန္ဓေစိတ်ရင်းက ကွဲပြားခဲ့သောကြောင့် ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် အားဖြင့် ပုထုဇဉ် ၄-မျိုးကွဲပြားရသည်။

အရိယာရှစ်ယောက်

ထို တိဟိတ်ပုထုဇဉ်သည်ပင် တရားအားထုတ်၍ သောတာပတ္တိမဂ်-ကို ရလျှင် (၁) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်သည်။ သောတာပတ္တိဖိုလ်ကို ရလျှင် (၂) သောတာပတ္တိဖလဋ္ဌ “သောတာပန် ပုဂ္ဂိုလ် ဖြစ်၏။ ဤနည်းအတိုင်း အထက်မဂ်ဖိုလ်များကို အဆင့်ဆင့်ရလျှင်-

၃။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်၊
၄။ သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊
၅။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်၊
၇။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်၊
၈။ အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ် ဖြစ်၏။

[(၈) နံပါတ် ပုဂ္ဂိုလ်ကို “ရဟန္တာ”ဟု ခေါ်၏။ ပစ္စေကဗုဒ္ဓနှင့် ဘုရားရှင်သည်လည်း ဉာဏ်အထူးရတော်မူသော ဤရဟန္တာများပင် ဖြစ်ပါသည်။]

ကံသာအမိ ကံသာဖ

မိမိပြုသော ကံသည် မိမိကို ပဋိသန္ဓေ စိတ်ရင်းကပင် ကွဲပြားအောင် ပြုရုံသာမက၊ ရုပ်အဆင်း၊ ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာ ဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။ ထင်ရှားစေအံ့-လူတယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန် ပြု၏။ လူတယောက်ကား ကုသိုလ်ကို မပြု၊ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေ နေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်းစပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။

ကုသိုလ်နည်းပါးသူများ ဆင်းရဲသူမဝမ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြဉ်ဖွယ် ဟူသမျှကို ရှောင်ဖို့ရာ။ ဥစ္စာဓန မရှိရှာသောကြောင့် အပူ အစပ် အေးလွန်းသောအစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင်လည်း လောကန္တရိက်ငရဲ၌ ကျရ သလို အေးရရှာတော့၏။ ရုတ်တရက် (ကလျာကယာ) ထိုင်လျက် ထလိုက်လျှင်လည်း ဆွဲ၍ ဆောင့်သလို ပင်ပန်းရှာ၏။ [ဤကား ကျမ်းစာတို့၌ ပြအပ်သော အချို့သော ဒုက္ခများသာ ဖြစ်သေး၏။ သားငယ်၏ ကံမကောင်းမှုကြောင့် အမိဖြစ်သူမှာလည်း မသက်မသောကိုယ်ဝန်ဆောင်ရ၊ ဖွားမြင်ရသည်။]

ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင် ဖွားမြင်ရ၍၊ အပြင်ရောက် သောအခါ နုနယ်သော ဖလံနယ် စသည်တို့ဖြင့် ကျကျနနပြုစုကြသောကြောင့် သက်သာခွင့်ရ၏။ ကုသိုလ် နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်း ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသောအခါ၌လည်း အပြုအစု ကောင်းကောင်း မရ၊ အဝတ်ကြမ်းတို့ဖြင့် ကိုင်ကြသောကြောင့် အနာကို ကြက်တောင်နှင့်ဆူသလို မချိမဆန့်ခံရလေတော့သည်။

ထိုကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံဖြင့် မပြီးသေး၊ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက်ရသည့်ပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေး ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက၊ အဘိုးအဘွား အဒေါ် အရီး ကြီးကြီးငယ်ငယ် စသူတို့က ချော့ကြ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာခွင့် ရတော့၏။ ကုသိုလ်နည်းပါးသော သူငယ်အား မိခင်၏ နို့ရည်ကောင်းကို လည်းမရ၊ ဆေးကောင်း ဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့် အဘိုး အဘွား စသူတို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေး အနားက မခွလိုပါသော်လည်း ကလေးကို အဆာပြေရုံ နို့တိုက်ပြီးနောက် စားရေးသောက်ရေးအတွက် ဈေးလည်၍သော်လည်း ရောင်းရ။ ကူလီသော်လည်း လုပ်ရသဖြင့် လူမမယ် ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။

နိဂုံး

ဤသို့လျှင် ကလေးအရွယ်လူမမယ်ဘဝ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင် သေးခင်က ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားရပုံကို စုံစုံလင်လင်ကြီး သတိထား၍ “မျက်နှာကြီးရာ ဟင်းဖတ် ပါတတ်သော” ဤကမ္ဘာလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ် မြင်၍ မနေသင့်ပေ။ ရှေးရှေးဘဝ၌ ကံပြုစဉ်ကာလက မိမိကိုယ်တိုင် အသိဉာဏ် ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အပြစ်တင်၏။ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင် ဖြစ်အောင် ကြိုးစားကြဖို့ လိုပါသည်။

ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပဲ သူတပါးမျက်နှာကြီးသည်ကို မနာလိုနေ ကြပါလျှင် နောင်ဘဝ အဆက်ဆက်၌ သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိသောကြောင့် ဤကျမ်းစာ ကြည့်ရှုသူများနှင့် ငါ၏ အတွင်းလူ ဟူသမျှကို သန္ဓေကောင်း ရဖို့ရန် ယခုနှယ်က ကြိုးစားကြပါစေသား။

သန္ဓေတည်ခြင်း၊ ဤအခင်းကို ရှင်းလင်းခွဲခြား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ သန္ဓေကောင်းဖို့၊ အကြောင်းလှပေ၊ ငါ့အနေမူ၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ အောက်ကျညံ့ဖျင်း၊ သန္ဓေကင်း၍၊ ထန်ပြင်းလုံ့လ၊ ဉာဏ်ရောင် ရှလျက် ကမ္ဘာ့ထက်ကောင်း၊ နိဗ္ဗာန်ပြောင်းဖို့၊ အကြောင်း ဆင့်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်းတူ၊ သန္ဓေယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

ပဋိသန္ဓေနှင့် စပ်၍ မှတ်ဖွယ် ပြီး၏။