ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အဟိရိက အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း အဟိရိက အကြောင်း
325613ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း အဟိရိက အကြောင်းအရှင်ဇနကာဘိဝံသ

အဟိရိက အကြောင်း

မရှက်ခြင်းသဘောသည် အဟိရိကတည်း၊ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစပ်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့--မစင်သည်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်။ မစင်ထဲ၌ လူးကာလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တမျိုးတက်သည်ဟု မှတ်ထင်လေသည်။

ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည် သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန်စက်ဆုပ် ရွံရှာဖွယ်ကောင်း၏။ မတော် တဆပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏ အလယ်မှာ ရှက်ဖွယ်သာ ဖြစ်၏။ သို့သော် အဟိရိက သဘောကား ထိုဒုစရိုက်တို့ကို စက်ဆုပ်ရွံရှာခြင်း လည်းမရှိ၊ ပြုမိသော်လည်းမရှက်တတ်ချေ။ စင်စစ်မှာ အဟိရိကသမား အရှက်မရှိ သူများအလယ်၌ ဒုစရိုက်များများပြုနိုင်သည်ကိုပင် “ကြီးကျယ်သော ဂုဏ်တမျိုး”ဟု မှတ်ထင်နေလေသည်။

မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့် ပညာရှိများပင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေတော့သည်။ ဤစကား မှန်မမှန်ကို ပညာရှိ အခေါ်ခံရသူတိုင်း ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ကြည့်ကြပါလေ။

ဟရိတစဝတ္ထု မှတ်ချက်

မောဟအခန်း၌ ပြခဲ့သော ဟရိတစ ရှင်ရသေ့၏ ပြုမူပုံ၌ ဤအဟိရိက သဘောလည်း ပေါလောပေါ်အောင်ထင်ရှား၏။ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော ပထမတန်း သူတော်ကောင်းကြီးဖြစ်၏။ ပြုကျင့်သော အမှုကလည်း နန်းတော်ကြီး၏ အထက်ထပ်ဝယ် မောင်းမမိဿံတို့၏ အလယ် တကယ်ရှက်စရာ ကောင်းသော ကာမမှုကြီးပေတည်း။ ထိုမျှလောက် မဖွယ်ရာသောကိစ္စကိုပင် မောဟကလည်းဖုံးလွှမ်း၊ အဟိရိကကလည်း မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန်ယွင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရရှာလေတော့သည်။

အကုသိုလ်မှန်လျှင် ရှက်ဖွယ်

မကောင်းမှု ဒုစရိုက်မှန်လျှင် ဤ ကာမမှုသာ ပရိသတ် အလယ်၌ ရှက်ဖွယ် မဟုတ်သေး။ အပြင်းအထန် စိတ်ဆိုးသဖြင့် ဟစ်အော် ငေါက်ငန်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးကိုလေပင့်၍ ဘဝင် မြင့်သော အရူးကဲ့သို့ ထောင်လွှား ကြွတက် သူတပါးကို အဖက်မထင် စိတ်ကြီးဝင်သောမာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ ချင်သော ဣသာမှု စသည်များလည်း စက်ဆုပ် ရွံရှာ ရှက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် ဒုစရိုက် မကောင်းမှုမှန်လျှင် အားလုံးပင် ရှက်ဖွယ်ချည်းဟုမှတ်ပါ။ ဤ အဟိရိကနှင့်အတူဖြစ်သော စိတ်ကိုလည်း “အဟိရိကစိတ်= မရှက်စိတ်”ဟု ခေါ်၍ ဒုစရိုက်အမှုပြုနေသူကိုလည်း “အရှက်မရှိသူ”ဟု ခေါ်ဝေါ်ရလေသည်။