ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း မာယာ အကြောင်း
325617ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း မာယာ အကြောင်းအရှင်ဇနကာဘိဝံသ

မာယာ အကြောင်း

တဏှာလောဘကိုပင် တချို့ အရာ၌ “မာယာ”ဟု ခေါ်ရ၏။ ထို့ကြောင့် ဤနေရာဝယ် မာယာ အကြောင်းကိုလည်း ထည့်သွင်း ဖွင့်ပြဦးမည်။ မာယာသည် မျက်လှည့်သည်နှင့် တူ၏။ မျက်လှည့် သမားသည် ကျောက်ခဲကို ကောက်၍ ရွှေတုံး ထင်အောင် လှည့်စားနိုင် သကဲ့သို့၊ ဤ မာယာလည်း လူတဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ “မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟု ဆိုလိုသည်။

မိန်းမာယာ

ရှေးသရောအခါ တက္ကသိုလ် ဆရာကြီးမှာ တပည့် တယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖေါက်ပြား ရှိ၏။ ထိုဖေါက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။ မဖေါက်ပြားသော နေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရှုပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။

မှတ်ချက်

ဤ ဝတ္ထုလာ မိန်းမသည် အခြား ယောက်ျားနှင့် ဖောက်ပြားသော နေ့ဝယ် မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤ မာယာ ပင်တည်း။ ဤ မာယာကို တချို့ အရာ၌ “တင်္ခဏုပ္ပတ္တိဉာဏ်” (ရုတ်တရက် အကြံကောင်းသောဉာဏ်) ဟုလည်း ခေါ်ရပြန်သည်၊ တင်္ခဏ = ထိုတခဏ၌ +ဥပ္ပတ္တိ= ဖြစ်ပေါ်လာသော ဉာဏ်၊ “ဉာဏ်” ဆိုသော်လည်း ဉာဏ်အစစ် မဟုတ်၊ ဉာဏ်အတုသာ ဖြစ်သည်။ ဉာဏ်အစစ်ကား ကောင်းသော အရာ၌သာ ဖြစ်သည်။]

ရုတ်တရက် ဉာဏ်ကောင်းသူ

အိမ်ရှင်မ တယောက်သည် အစေခံ ယောက်ျားကလေးနှင့် ဖေါက်ပြားလေ့ရှိ၏။ အခါတပါးသော် ထိုယောက်ျား ကလေးအား နမ်းနေသည်ကို အိမ့်ရှင် ယောက်ျားမြင်သွားလေသည်။ ထိုသို့ မြင်သွားကြောင်းကိုလည်း အိမ်ရှင်မ ကိုယ်တိုင် သိလိုက် ရကား မိမိ၏ ခင်ပွန်းထံသို့ သွားပြီးလျှင်

“အရှင်...ဒီကောင်ကလေးဟာ မရိုးသားဘူး၊ ယနေ့ ရှင့်ဖို့ ထားသော မုန့်ကို စားပြီး၊ ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်။ ယခု သူ့ပါးစပ် နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်။ မရိုးသား သူကို အိမ်မှာထားလို့ မတော်ဘူး ထင်တယ်”ဟု ပြောလေသည်။

မှတ်ချက်

ဤ ဝတ္ထု၌ အစေခံကို သူက နမ်းမှုသည် လွန်စွာ ဆိုးရွားသော အပြစ်ကြီး ဖြစ်ပါလျက် ထိုအပြစ် မပေါ်အောင် လှည့်ပတ် တတ်သော ရုတ်တရက် အကြံမှာ မာယာပင် ဖြစ်သည်။ ဤ မာယာသည် မိန်းမမှာသာ ရှိသည် မဟုတ်၊ ယောကျ်ားများ၌လည်း ရှိသည်ပင်။

ရသေ့မာယာ

ရှေးသရောအခါ ရွာတရွာ၌ ဒါယကာ တယောက် ကိုးကွယ် ထားသော ရသေ့တဦး ရှိလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိုက္ခတရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထားပြီးလျှင် “အရှင်ဘုရား....သတိပြုလိုက်ပါ”ဟု မှာထားသောအခါ “ဟဲ့-ဒါယကာ... ရသေ့ ရဟန်းကို ယခုလို ကြည့်ရှုရစ်ဖိုရန့် မမှာကောင်းဘူး”ဟု မိန့်လိုက်လေသတဲ့။

ထို့နောက် ရသေ့ အကြံ ဖြစ်သည်မှာ “ရွှေစင်နိက္ခတရာ ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီ” ဤသို့ ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်းမြှုပ်ထား၍ နက်ဖြန်ဆွမ်းစား အပြီးတွင် “ဒကာတို့ကို မှီ၍နေခဲ့သည်မှာ အတော်ကြာပြီ။ ကြာလွန်းတော့ သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်”ဟု ပြောလေရာ ဒါယကာက အခါခါ တားသော်လည်း မရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာသေးသည်။

ထို့နောက် တော်တော်သွားပြီးကာမှ တဖန် ပြန်လာပြီးလျှင် “ဒါယကာ သင်တို့ အိမ်အမိုးက သက်ငယ်မြက် တမျှင် ငါ၏ ဆံကျစ်၌ ငြိပါလာသည်။ ရသေ့ ရဟန်း ဆိုတာ မပေး မလှူ အပ်သောအရာကို မြက်တပင် မယူကောင်း”ဟု ပြောပြလေသော် ရိုးရှာသော ဒါယကာက “သိပ်ပြီး သီလရှိ တာပဲ”ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။

သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏အိမ်မှာ အတော်ပါးနပ်သော ဧည့်သည် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာ့အထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် သွားကြည့်စမ်းပါ”ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့ နောက်သို့ အမြန်လိုက်ခါ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။

မှတ်ချက်

ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှုပေါ်မည်စိုး၍ သက်ငယ် မြက်တပင်ကို ပြန်၍ ပေးခြင်းသည် ဤမာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ် မာယာသည် ရသေ့ ရဟန်း အချို့ တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုလို “အပလီဉာဏ် အလိမ်ဉာဏ်” “မာယာ ပေါသော ကာလ၌ လုံးဝ ပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူနှင့် ပေါင်းသင်းဆက်ဆံမိဖို့အရေးမှာ ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။

မာယာ ပေါများပုံ

မိမိအပြစ်ကို ဖုံးလွှမ်းရာ၌ ပြခဲ့သော ဝတ္ထုများအပြင် မိမိမှာ အပြစ်ကင်းဟန် ခက်ထန်ထန်ဖြင့် ဆောင့်ကြီးကြီး လုပ်၍ "ဖုံးကွယ်ခြင်း၊ အပြစ်တင်မည့်သူ ကြောက်လောက်အောင် ချောက်၍ ဖုံးကွယ်ခြင်း၊ မြှောက်၍ ဖုံးကွယ်ခြင်း စသည်ဖြင့် မာယာ၏အပြစ် ကွယ်ကာနည်းတွေ အမျိုးမျိုး ရှိလေသည်။

လူအများနေသော ကျောင်းတိုက်၊ အိမ် စသည်များ၌ ထိုကဲ့သို့ မာယာ သမားမျိုးကို အများအပြား တွေ့ရတတ်၏။ ဉာဉ့်အခါ၌ မစွန့်ထိုက်သော နေရာဝယ် အညစ်အကြေး စွန့်ထားမိလျှင် စွန့်ထားသူက သူမဟုတ် သလိုဟန်ဆောင်တတ်၏။ ပရိသတ်အလယ် ကိုယ်တွင်းမှ မကောင်းနံ့ လည်သွားလျှင်လည်း ယုန်ထင် ကြောင်ထင် ဖြစ်အောင် သားရေသံနှင့် ရောစပ်တတ်ရုံ မက (လေလည်သံကို သားရေအခင်း၏ အသံ ထင်အောင် ပြုတတ်ရုံမက) သူတပါးအပေါ် အထင်ရောက်အောင်လည်း ကြံဆောင် လှည့်ပတ်တတ်၏။

ဤသို့ စသည်ဖြင့် မာယာသဘောတွေ အလွန် ပေါများနေရကား ရှေးလူကြီးတို့က---“ပရိယာယ် တထောင်၊ မာယာကောင် တသိန်း၊ အပလိန်း အနန္တ၊ သဲကိုးဖြာ မလောက်လို့၊ ရှားကိုးပင်က ရှားရွက်တွေကိုပင် ရောနှောက်၍ ရေတွက်ရသည်”ဟု ပြောစမှတ်ပြုခဲ့ကြလေသည်။ [ထိုစကား၌ “ပရိယာယ်၊ အပလိန်း၊ (အပလီ)” ဟူသည်လည်း ဤ မာယာပင်တည်း။]