ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း မက္ခ အကြောင်း
325623ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း မက္ခ အကြောင်းအရှင်ဇနကာဘိဝံသ

မက္ခ အကြောင်း

ဒေါသနှင့်စပ်၍ အများဖြစ်တတ်သော မက္ခ-ပဠာသ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသကို သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ” ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသ တမျိုးတည်း။ ငယ်ရွယ်စဉ်ကစ၍ မိဘကျေးဇူး၊ ဆရာသမားကျေးဇူး မိတ်ဆွေကောင်း ကျေးဇူး စသည်ဖြင့် သူတပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟု မထင်၊ ကျေးဇူးလည်း မတင်နိုင်ပဲ “ငါ့မှာ သူ့ကျေးဇူး ဘာရှိလို့ လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူး ကန်းတတ်ကြလေသည်။

အချို့ကား ကျေးဇူးကန်းရုံတင်မက၊ သားရေပေါ်အိပ်ပြီး သားရေနား စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ ထိုသူမျိုးကို “မိတ္တဒုဗ္ဘိ ဒု-မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ် ဆိုလေသည်။ “သူတပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတမျိုးတည်း။ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည့်နေ့၊ ဆပ်ခွင့်ကြသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။

တရားတော်

အကြင် သစ်ပင်၏ အရိပ်၌ ထိုင်နေ-အိပ်နေအံ့၊ ထိုသစ်ပင်၏အခက် မချိုးပါနှင့်။ အရိပ်နေနေ-အခက်ချိုချို၊ မိတ်ဆွေ ပြစ်မှားသော ထိုလူမျိုးဟာ လူယုတ်မာ ဖြစ်သည်။

ကျေးဇူးသိတတ်သော သားအကြောင်း

တခုသောမြို့၌ မုဆိုးမ မိခင်ကို ကူလီထမ်း၍ ကြိုးကြိုး အတင်း ပမ်းပမ်း ပြုစုလုပ်ကျွေးနေသော လုလင်တယောက် ရှိသည်။ ထိုသူ၏မိခင်ဖြစ်သူကား မိခင်ပီပီ မတည်ကြည်၊ အခြားယောက်ျားနှင့် တိတ်တိတ်ပုန်း ဖေါက်ပြားနေ၏။ သားကို အားနာ၍ အထင်အရှားလည်း နေဝံ့ဟန်မတူ။ ထိုဖေါက်ပြားပုံကို သိကြသော မိတ်ဆွေ များက (ရိုးရိုးသားသားနှင့် ပြုစုနေသော လုလင်ကို သနား၍) လုလင်အား အကြောင်းစုံ တိုင်ကြားလေသော် “အမေ ပျော်သလို နေပါစေဗျာ၊ အမေ စိတ်ချမ်းသာလျှင် ပြီးရော၊ ကျွန်တော့်အတွက်မှာ အမေ ဘာလုပ်လုပ်ပြုစုဖို့ ပါပဲ”ဟု ပြောရှာလေသတဲ့။ သားကောင်း သမီးကောင်း ရှားသလောက် မိဘကောင်းလည်း ရှားသည်ပင်။

မှတ်ချက်

ဤ ဝတ္ထု၌ မိခင်၏ယုတ်မာမှုမှာ မိခင်၏တာဝန်သာ ဖြစ်သည်။ ပြုစုဖို့ကား သား၏တာဝန်သာ ဖြစ်သည်။ ထိုကဲ့သို့ ယုတ်မာသော မိခင်ကို ပြုစုရာ၌ မိခင်အဖြစ်နှင့် ပြုစုသည်ဟု သဘောမထားရ။ ကျေးဇူးရှင်ကို ကျေးဇူးကြွေး မကျန်အောင် ပြန်၍ ဆပ်နေသည်ဟု သဘောထားရမည်။ ဤသို့လျှင် ခုရောနောင်ပါ သံသရာအရေး မျှော်တွေးတတ်သူ လူကောင်း သူကောင်းမှန်လျှင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်မိအောင် ကြိုးစားသင့်ပေသည်။ ဘုရားအလောင်းကား တိရစ္ဆာန်ဘဝ၌ ဖြစ်ရခိုက်မှာပင် ကျေးဇူးဆပ်လေ့ရှိခဲ့ပါသည်။ [မျက်မမြင် မိခင်ဖြစ်သော ဆင်မကြီးကို ပြုစုနေသော ဆင်ဖြူကလေးကို ရှင်ဘုရင်က ဖမ်းသွားရာ၌ အစာမစားပဲ ဆန္ဒပြကာ မိခင်အကြောင်းကို ပြောပြသဖြင့် ပြန်၍ လွတ်ခဲ့ရလေသည်။]