ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ပရိဒေဝ အကြောင်း
325626ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ပရိဒေဝ အကြောင်းအရှင်ဇနကာဘိဝံသ

ပရိဒေဝ အကြောင်း

ငိုကြွေးမှုကို “ပရိဒေဝ”ဟု ခေါ်၏။ ဤ ပရိဒေဝ ဟူသည် “ငိုသံ” ပင် ဖြစ်၏။ သို့သော် ထိုငိုသံဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သား သင့်ပေသည်။ ရာထူး ဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တခုခု ပျက်စီးသောအခါ၊ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ ဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿ သာတည်း။ ထိုဝမ်းနည်း အားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝ-ခေါ် ငိုကြွေးသော အသံတမျိုးပေါ်လာ၏။ “ပရိဒေဝမီး”ဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်း မဟုတ်။ ထိုသို့ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုလည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရား တမျိုးပင်။ ချစ်ခင်သူ၊ သို့မဟုတ် အားကိုးလောက်သူ တယောက် မျက်စိအောက်မှ ရုတ်တရက် ကွယ်ပျောက် သေဆုံး သွားသောအခါ ဝမ်းနည်း ပူပန်ကြသည်မှာ ထုံးစံ ဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာ သည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမှုထက် မိမိကို ဝိုင်း၍ သနားအောင် မာယာဆောင်မှုက များသလို ဖြစ်နေသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေ နိုင်၏။ ချမ်းသာ သုခ ရှိနေသူ အများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သောငိုသံကို တယောက်ကြား ၂-ယောက်ကြား၊ တအိမ်ကြား၊ ၂-အိမ်ကြားမက တရပ်လုံး၊ တရွာလုံး ချောက်ချားအောင် အဘယ့်ကြောင့် ဟစ်အော်ကြွေးကြော်လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တခုတလေမျှ လက်ကိုင် မရှိပ”ဟု ဝန်ခံရာလည်း ရောက်လေတော့သည်။ ထို့ကြောင့် မလွဲသာ၍ ပရိဒေဝမီး တောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန် ငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ ထို့ ထက် ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂ တရားဖြင့် ဖြေသိမ်းထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ်းပုံ

ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တခုသော ဘဝဝယ် ကုဋေများစွာ ကြွယ်ဝသော သဌေးအဖြစ်မှ စည်းစိမ် ဥစ္စာများကို သဘောတူ လှူဒါန်းလျက် ရသေ့ ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မ ကလေး၏ ရုပ်ရည်မှာ လွန်စွာ ထူးခြားသည့်ပြင် ပြုံးရွှင်သလိုနှင့် ခန့်ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ၌ သဌေးမျိုး-သဌေးနွယ် နုနယ်သော ရသေ့မ ကလေးမှာ ရှေးကလိုမွန်မြတ်သောအစာကို မစားရပဲရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ-သစ်သီးနှင့် သူပေး-လူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ဝမ်းသွေး ရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာမြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်းအချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည် မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကို မစောင့်နိုင်ရှာတော့ပဲ ဘဝဇာတ် အသစ်လဲရရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်-မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံ ပြန်လာလေသော်၊ မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလေလျှင် အစွမ်းကုန် ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ကုဋေဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂-ယောက်စာ ခံယူလာသောဆွမ်းကို တပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေဝမီးကို ကြည်လင်အေးမြသော ဩဝါဒရေချမ်းဖြင့် ဆွတ်ဖျန်း ငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမွှာမွေးညီနောင် ဖြစ်ကြသော သားရတနာ ၃-ကျိပ် ၂-ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘ ၂-ဦး၏ သားများ ဖြစ်ကြသည် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဘခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့လူစုနှင့်ပင် ပရိသတ် ကြီးတခုဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ – တနေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ၊ နဂိုကပင် အဆင်ခြင်နည်းသောရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ အဘတစုကို ပရိယာယ်ဖြင့် လည်ဆယ်ကာ အိမ်တဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဘတစုတို့ အသတ်ခံရသည့် ညဉ့်၏ နောက်တနေ့ နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံ ထား၏။ နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဘအားလုံး တပြိုင်နက်ဆုံးကြောင်း” စာကို မလ္လိကာ ရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာကောင်းသော်လည်း မျက်ရည် တစက်မျှ မထွက်စေပဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ဝတ္ထု ၂-ရပ်၌ ဘုရားအလောင်း၏ ပရိဒေဝ မဖြစ်ခြင်းမှာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ မလ္လိကာ၏ ပရိဒေဝမီး ချုပ်တည်းနိုင်မှု အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါပေသည်။ ထို့ကြောင့် အသက်တရာ မနေရသော်လည်း အမှုတရာတွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေဝမီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေဝ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခ မှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။