ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ကုက္ကုစ္စ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ကုက္ကုစ္စ အကြောင်း
325631ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ကုက္ကုစ္စ အကြောင်းအရှင်ဇနကာဘိဝံသ

ကုက္ကုစ္စ အကြောင်း

နောင်တ တဖန် ပူပန်ခြင်း သဘောသည် ကုက္ကုစ္စတည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တ တဖန်၊ ပူပန် ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤ ကုက္ကုစ္စ၏ နောင်တရမှုသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာမှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ်ကို မပြုခဲ့မိ၍ “မပြုမိတာမှားလေစွ”ဟု လည်းကောင် နောင်တရခြင်း ၂-မျိုး ရှိ၏။

နောင်တရပုံ

“ဒု-သ-န-သော”ဟု အများ ပြောကြသော သဌေးသား ၄-ယောက်သည် လူ့ ဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းဥစ္စာ အလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ”သံရည်ပူငရဲ၌ ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍

“ငါတို့သည် ပစ္စည်းဥစ္စာ ပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိပဲ မှားယွင်းစွာ အသက် မွေးခဲ့ကြတယ်နော်”ဟု ပြောလိုသော စကားများကို စုံလင်စွာ မပြော နိုင်ပဲ “ဒု” ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ ဤသူ၌ ကုသိုလ်ကောင်းမှုကို မပြုခဲ့မိ၍ နောင်တရသော ကုက္ကစ္စ ဖြစ်သည်။

အခြား တယောက်ကလည်း... “ငတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာ မဟုတ်ပါဘူး၊ လူ့ဘဝတုန်းက မကောင်းမှုကို ငါတို့ပြုခဲ့ ကြတယ်နော်”ဟု ပြောလိုရင်း စကားဆုံးအောင် မဟနိုင်ပဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤ သူကား အကုသိုလ်ကို ပြုခဲ့မိ၍ နောင်တရသည်။

ဤကဲ့သို့ နောင်တရမှု၊ နောက်တဖန် ပြန်၍ ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည် မဟုတ်ပါ။ ယခု ဘဝမှာလည်း ထိုသို့ ပူပန်တတ်ကြပါသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲတွင်မက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်လေသည်။

နောင်တမရသင့်ပုံ

အကုသိုလ်ကိုပြုလုပ်ပြီးမှ နောင်တ တဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ ကုက္ကုစ္စ အကုသိုလ်အသစ်ပင်တိုးလာပါသေး၏။ ထို့ကြောင့် နောင်တ တဖန် ပူပန်မနေပဲ ပြုပြီးသမျှ အကုသိုလ်များ နောင်ခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုး နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ရမည်။ ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျိုး “ငါမှာ နောင်အခါ မဖြစ်စေရ”ဟု စိတ်ပါ လက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ် (သိပ်မကြီးကျယ်လျှင်) အကျိုးမပေးပဲ ပပျောက်သွားတတ်ကြောင်းကို (မဟာဝဂ္ဂ သံယုတ်၌) ဟောတော်မူသည်။

အချိန်ရှိခိုက် လုံ့လစိုက်

ငယ်ရွယ်စဉ် အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃-မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်၏။ “မိုးကုန်မှ ထွန်ချ”လျှင် အကျိုးရနည်းရုံမက၊ လုံးလုံးမရပဲလည်း ရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကိုမပြုမိတာ မှားပေါ့”ဟု နောင်တမဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူ များသော လူတို့ထက် အပုံကြီး သာပါသေးသည်။

တမ္ဗဒါဌိက မည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ် ကျသူများကို သတ်ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့၏။ ကောင်းစွာမသတ်နိုင်သော အဘိုးကြီးအရွယ်ရောက်မှ သူသတ်ရာထူးက ထွက်၏။ သေခါနီးဆဲဆဲမှာ အရှင်သာရိပုံနှင့်တွေ့၍ တရားနာရာတွင် သူ လုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ခြား၍ နေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ပဲ ရှိလေသည်။

ထိုအခါ အရှင်သာရိပုတြာ သိတော်မူ၍ “ဒါယကာ..အသင် သတ်ချင်လို သတ်တာလား၊ အသက်မွေးမှုအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရ တာလား”ဟု မေးတော်မူလေရာ၊ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ။ ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း” လျှောက်လေလျှင် “သည်လို ဆိုလျှင် အပြစ် ရှိသေးသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီးနောက် ဆက်လက်၍ တရားဟောတော်မူသောအခါ “မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠ သောတာပန်” (သောတာပန်အငယ်=သောတာပန်အတု) ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ [ဤဝတ္ထု၌ ရှင်ဘုရင် ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ သို့သော် စိတ်သက်သာအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်း ဖြစ်သည်။]

မှတ်ချက်

ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေများစွာ ရှိနေသည်ကား မှန်၏။ သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ၊ ကုက္ကစ္စ ငြိမ်းအေးသွားလေသည်။ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီး အကုသိုလ်အတွက်လည်း မပူပန်ရ၊ ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တ မဖြစ်ကြစေပဲ၊ ပြခဲ့သော နည်းဖြင့် အကုသိုလ်အသစ် မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။

ထိန မိဒ္ဓတို့ အကြောင်း စိတ်ရော ကိုယ်ပါ သွက်လက်ခြင်းမရှိပဲ ထိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “ထိန” ဟုလည်းကောင်း၊ မှိုင်းတိုင်းတိုင်းဖြစ်ခြင်းကို “မိဒ္ဓ” ဟုလည်းကောင်း၏။ ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤ စေတသိက် ၂-ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါး ဖြစ်သည့်အခါ လုံ့လ ဝီရိယ ကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာအလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိပဲ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါး ဖြစ်ပုံသည် အိပ်ပျော်ကာနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။

အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညှိုးနွမ်းမှုကြောင့် ဖြစ်ရသည်။ ထိုအိပ်ချင်မှုမျိုး ရဟန္တာများ၌လည်း ဖြစ်ရလေသည်။ နေပူမိသဖြင့် ညှိုးနွမ်းသော သစ်ပင်များလည်း တွန့်ကာ ရှုံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။ ထို့ကြောင့် အိပ်ချင်တိုင်း ထိန မိဒ္ဓ မဟုတ်။ ထိုထို ကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလုပ် တွန့်ဆုတ်ခြင်း၊ ထိုင်းမှိုင်းခြင်းကိုသာ ထိန မိဒ္ဓဟု မှတ်ပါ။ ယခု ကာလ၌လည်း အလုပ်အကိုင် ပျင်း၍ ထိုင်းမှိုင်းနေသကို “တယ်...ထိန မိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။