ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အဒေါသ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း အဒေါသ အကြောင်း

အဒေါသ အကြောင်း

မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်ထန်”ဟု ဆိုခဲ့သည်။ ဤ အဒေါသလည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော မြွေနှင့် တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေ သဘောထား အေးမြသဖြင့် သူတပါးက ဒေါနှင့် မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင် ကြ၏။ စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့ မျက်နှာထားတင်း သလောက် အဒေါသ သမားတို့၏ မျက်နှာအနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင် လှပ၍ ပသာဒ ရှိသည့်အပြင် ချိုသာသော စကားအသုံးအနှုန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက် ရှိကြ ပေသည်။ အဒေါသ ဓာတ်ခံသည် သို့ကလောက်ပင် အကျိုးကြီးမား၏။ တလောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤ အဒေါသပင် ဖြစ်ပေသည်။ [မေတ္တာအကြောင်းကို နောက်၌ တွေ့ရလုပြီ။]

အလောင်းတော်၏ အလောဘ အဒေါသ

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်သော သားတော် မဟာပဒုမမင်းသားကို အိမ်ရှေ့ ထားလေသည်။ အခါတပါးဝယ် သူပုန်များ ထ၍ ဘုရင့်ကိုယ်တိုင် နှိမ်နင်းရန်ထွက်ခွာသွားစဉ် အိမ်ရွှေမင်းသားက ထီးနန်း ကိုစောင့်ရှောက်ရစ်ရလေသည်။ သူပုန်ရန်ငြိမ်းအေး၍ ခမည်းတော်မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တမြို့လုံး တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း သံတော်ဦးတင်ဖို့ရန် မိထွေးတော်အထံသို့ သွား၍ “ပြုဖွယ်ကိစ္စရှိက အမိန့် ပေးပါရန်” သံတော်ဦးတင်လေသော်...

မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏ လက်ကိုဆွဲ၍ သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ၊ မင်းသားက ပယ်ရှားလေသည်။ ၃ ကြိမ်တိုင်အောင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲ ပယ်နေလေရာ “ကောင်းပြီ အလိုသို့ မလိုက်တဲ့ မင်းသားကို မင်းတရား လာမှ သိစေမယ်”ဟု “ငဖယ်လန်က ပြောင်းပြန်” သူကပင် မာန်လိုက်လေ သေးသည်။ မင်းသားက “ပြုချင်သလိုသာပြုတော့”ဟု ပြော၍ ထွက်သွား သောအခါ သူ့အပြစ်ကို ကာကွယ်ဖို့ရာ သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို မင်းသား၏ အစော်ကား ခံရလေယောင် အားငယ်ဟန် ဆောင်နေလေသည်။

ဘုရင်မင်းလည်း မြို့တော်သို့ ရောက်လျှင် ရောက်ခြင်းပင် သူ့မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရား အခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦး တင်ကြသဖြင့် မိဖုရားအဆောင်သို့ ကြွရောက်လေသည်။ ထိုအခါ မိဖုရားက လေးက ကုတ်ဖဲ့ထားသော အရာများကိုပြလျက် အိမ်ရှေ့မင်းသားက သူ့အား အတင်းကြံပုံ၊ သူက အလိုမပါသောကြောင့် ကုတ်ဖဲ့ ပုံပါ(မည်သည့်ဆရာ့အထံ၌ နည်းမခံရပဲ) ဝမ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရှိုက်ကြီးတငင် သံတော်ဦးတင်လေသည်။

ထိုအခါ ဘုရင်သည် လွန်စွာ ရာဇမာန်ရှသဖြင့် “မယားထိက ဓါးကြည့်” ဟူသော ပြောရိုးစကားနှင့် ညီစွာ ဘာကိုမှ မစဉ်းစားတော့ပ် မင်းသားကို ရှေ့တော်သွင်း၍ ချက်ခြင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။ ထို့နောက် တိုင်းပြည်က ချစ်ကြည် နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသောကြောင့် အာဏာသားများနှင့် အတူ ကိုယ်တိုင် ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာ တန်ခိုးကြောင့် တောင်စောင့်နတ် ကယ်မသဖြင့် အသက်ချမ်းသာရာ ရတော်မူလေသည်။

ဝတ္ထုမှတ်ချက်

ဤဝတ္ထုဝယ် မိဖုရားနှင့် မင်းသား တွေ့ခန်း၌ မိဖုရားမှာ တဏှာလောဘစိတ် ပြင်းထန်နေ၏။ မင်းသားမှာ မလိုချင်မှု အလောဘစိတ် ထင်ရှားသည်။ ထို့နောက် မိဖုရား၌ သူ့ အပြစ်ကို ကွယ်ကာသော မာယာစိတ်၊ ရှင်ဘုရင့်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ် (မုသာဝါဒကံ) ဖြစ်၏။ ရှင်ဘုရင်၌ ကြားသည်က စ၍ တောင်ပေါ်မှ ပစ်ချသည် အထိ ပြင်းပြသော ဒေါသစိတ်များ ဖြစ်နေ၏။ မင်းသား၌ကား မိဖုရား ကလေးကို မတပ်မက်သော အလောဘစိတ်၊ မိဖုရားနှင့် ရှင်ဘုရင့်အပေါ်၌ ရန်ငြိုးမထားသော အဒေါသစိတ်၊ သည်းခံနိုင်သော ခန္တီစိတ်၊ မေတ္တာထား နိုင်သော မေတ္တာစိတ်၊ အဒေါသစိတ်များ ဖြစ်သည်။ ဤဝတ္ထု၌ မင်းသားကလေးသည် ဘုရားအလောင်း၊ မိဖုရားကား စိဉ္စမာနခေါ်သော စိဉ္စမာနဝိကာ အလောင်း၊ ရှင်ဘုရင်ကား ရှင်ဒေဝဒတ် အလောင်းတည်း။

ကာလဝိပါက် နောက်ပိုးတက်

ထိုသို့သော ကိစ္စများဖြစ်ပျက်ပြီးနောက် မင်းသားကလေးကို နဂါးမင်း ဆောင်ယူ၍ နဂါးပြည်၌ တနှစ် စံစေသည်။ ထို့နောက် လူ့ပြည်သို့ပြန်၍ ရသေ့ရဟန်းပြုသောအခါ မုဆိုးနှင့်တွေ့သောကြောင့် ဘုရင့်အထံသို့ သံတော်ဦးတင်လေရာ၊ ရှင်ဘုရင် ထွက်တော်မူလာ၍ အဖြစ်မှန်ကို သိသောအခါ သားတော်ကို ပြန်၍ ခေါ်သော်လည်း မရ၊ မိဖုရားကိုလည်း မိမိကို မှားယွင်းအောင် ပြုသည့်အတွက် စိတ်နာလှသောကြောင့် “ကာလဝိပါက် နောက်ပိုးတက်ရန်” တောင်ထိပ်မှ ပစ်ချသည်ကို မိဖုရားကလေးခံလျက် နတ်ရွာမစံပဲ တလူးလူးတလဲလဲနှင့် ငရဲခံ ရလေသည်။