ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အချုပ်မှတ်ဖွယ်

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း အချုပ်မှတ်ဖွယ်
325649ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း အချုပ်မှတ်ဖွယ်အရှင်ဇနကာဘိဝံသ

အချုပ်မှတ်ဖွယ်

ဤ မေတ္တာ စသော ဗြဟ္မာစိုရ်တရား ၄-ပါးသည် တပါးနှင့်တပါး သတ္တဝါတို့အပေါ်ဝယ် အာရုံပြုပုံချင်း မတူကြချေ။ မေတ္တာသည် သတ္တဝါကို ချစ်စရာ အနေအားဖြင့် အာရုံပြု၏။ ကရုဏာက သနားစရာ အနေအားဖြင့် အာရုံပြု၏။ မုဒိတာကား ဝမ်းမြောက်စရာ အနေအားဖြင့် အာရုံပြု၏။ ဥပေက္ခာမှာ လျစ်လျူရှုစရာ အနေအားဖြင့် အာရုံပြုသည်။ ထို့ကြောင့် သတ္တဝါ အများကိုဖြစ်စေ၊ တယောက်ယောက်ကိုဖြစ်စေ တချိန်တည်း၌ ဗြဟ္မစိုရ် ၄-ပါး လုံးကို အာရုံပြု၍ မဖြစ်နိုင်။ သို့ဖြစ်၍ တကယ် စူးရှအောင် ပို့ရာ၌ မေတ္တာပို့ ဖြစ်လျှင် မေတ္တာသံပါအောင် “အဝေရာဟောန္တု” မှစ၍ “သုခီ အတ္တာနံ ပရိဟရန္တု” တိုင်အောင် ၄-မျိုးကို (ပါဠိလိုဖြစ်စေ-မြန်မာလိုဖြစ်စေ) အသုံးပြုရသည်။

ထို့အတူ ကရုဏာ စသည်ကိုလည်း သူနှင့် ဆိုင်ရာ ပါဠိလို၊ သို့မဟုတ် မြန်မာလို ဆို၍ ပို့ရသည်။ တကယ်စူးရှအောင် ပိုခြင်း မဟုတ်ပဲ မိမိရနေသည်ကို ရွတ်ဆိုနေခြင်း ဖြစ်မူ “သဗ္ဗေ သတ္တာ” က စ၍ “ကမ္မဿကာ” တိုင်အောင် ရွတ်သော်လည်း အထူး စိစစ်ဖွယ် မလိုတော့ပါ။ သို့ရာတွင် ယခုအခါ “ဗုဒ္ဓ ဘာသာဝင်” ဆိုသူတို့၏ ဘာသာရေး အလုပ်များ၌ ဝတ်ကျေတန်းကျေ လုပ်သူ တွေသာ များရကား ဘာသာရေး လေးစားသော နောင်လာနောက်သားတို့က စံနစ်တကျ ဖြစ်အောင် ပြုပြင်ထိုက်ကြပေသည်။