ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဟိရီနှင့် ဩတ္တပ္ပတ္တိ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း ဟိရီနှင့် ဩတ္တပ္ပတ္တိ အကြောင်း

ဟိရီနှင့် ဩတ္တပ္ပတ္တိ အကြောင်း

မကောင်းမှုဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟိရီဖြစ်၍၊ ကြောက်လန့်ခြင်းသဘောကား ဩတ္တပ္ပဖြစ်သည်။ ထို့ကြောင့် “ဒုစရိကို ဟိရီ ရှက်စွ၊ လန့် ဩတ္တနှင့်”ဟု ဆိုခဲ့သည်။ ဤ ဟိရီဩတ္တပ္ပ ၂ ပါးဟိုတွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ ရှိသူတို့၌ ဟိရီတရား ထင်ရှားသကဲ့သို့၊ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ ဩတ္တပ္ပတရား ထင်ရှား ပေသည်။

ချဲ့ဦးအံ့-“ငါသည် အမျိုးကောင်းတယောက် ဖြစ်၏။ ငါ့လိုအမျိုး ကောင်းသူက မကောင်းမှုကိုပြုနေလျှင် (ဥပမာ-တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုကို ပြုရမည်မှ ရှက်၏။ ပညာတတ်သူကလည်း “ငါ့လို ပညာရှိတယောက်က အောက်ကျသော မကောင်းမှုကို ပြုနေလျှင် (သူ့ဥစ္စာကို မတရားယူလျှင်) ရှက်စရာဖြစ်မည်”။ အသက်ကြီးသူကလည်း “ငါ့လိုအဘိုးကြီးက မကောင်း မှုကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်”။ ဤသို့ စသည်ဖြင့် မိမိမှာရှိသော ဂုဏ်တခုခုကို လေးစားသူ၌ ဟိရီတရား ထင်ရှားလေသည်။

ငါတယောက်က မကောင်းမှုကို ပြုလိုက်လျှင် မိဘ ဆွေမျိုးများ (ဆရာသမားများ) သူတပါး၏ အကဲ့ရဲ့ကို ခံရ၍ “တံထွေးခွက် ပက်လက်မျော”ကာ “ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်” ရှာကြလိမ့်မည်။ ဤသို့ စပ်ဆိုင်သူများကို သွားတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော ဩတ္တပ္ပတရားဖြစ်လေသည်။ မိမိ ဂုဏ်သိက္ခာကိုလည်း မငဲ့၊ ဆရာသမား မိဘဆွေမျိုးများကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့ သူ၌ကား ဟိရီ ဩတ္တပ္ပ ၂-မျိုးလုံးကင်း၍ ဒုစရိုက်အမှုတွေ ပြည့်တင်းနေလေတော့သည်။

ထို့ကြောင့် ဤ ဟိရီနှင့် ဩတ္တပ္ပ တရား ၂-ပါးသည် ကမ္ဘာသူ ကမ္ဘာသား လူအများကို သားနှင့် အမိ မောင်နှင့် နှစ်မ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် “လောကပါလ = ကမ္ဘာစောင့်တရား”ဟု လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ= ဖြူစင်သောတရား” ဟုလည်းကောင်း နာမည်ရသည်။ လူ့လောက၌ ဤတရား ၂-ပါးသာ မရှိပါမူ တိရစ္ဆာန်တို့နှင့် မထူးခြားပဲ မှားချင်တိုင်းမှား၍ မကြားကောင်း မနာသာဖြစ်ရာ၏။ ယခုအခါမှာပင် ဟိရီဩတ္တပ္ပ ကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရသဖြင့် အဝတ် အစား အနေ အထိုင် အသွား အလာမှစ၍ လျှပ်ပေါ်လော်လီကာ အမြင်မတော်စရာတွေ များလှချေပြီ။ ဤအတိုင်းသွားလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မည်။

ဟိရီဩတ္တပ္ပအတု

ရှက်မှု ကြောက်လန့်မှုကို ဟိရီ-ဩတ္တပ္ပဟု ဆိုသော်လည်း တွေ့ကရ ရှက်ကြောက်မှုတွေကို ဟိရီ ဩတ္တပ္ပအစစ်ဟု မမှတ်ရ။ ဒုစရိုက် မကောင်းမှုတို့ ပြုရမည်မှ ရှက်ခြင်း ကြောက်ခြင်းကိုသာ ဟိရီဩတ္တပ္ပ အစစ်ဟု မှတ်ရမည်။ ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရား သွားရမှာကို ရှက်မှု၊ ပရိသတ် အလယ်မှာ စာဖတ် စကားပြော တရားဟော ရမှာကို ရှက်မှု-(အစာပြတ်၍ ငတ်သေရမည်ကို မရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်လည်း မရှက်ပဲ) အောက်ကျသည်ဟု ထင်သော အလုပ် တခုခု လုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းချင်း တွေ့သောအခါ ရှက်နေမှုများသည် ဟိရီအစစ်မဟုတ်၊ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီး ပန်ကြီး လုပ်ခြင်း ဖြစ်၏။ အဘိဓမ္မာအလိုအားဖြင့် တဏှာ သဘောပင်တည်း။

မရှက် ၄-ပါး

လောကီ အကျိုးစီးပွားကို ပြသော နီတိကျမ်းများ၌ ၁-ရောင်းဝယ်ဖောက်ကား အတိုးအပွား ပေးသောအခါ၊ ၂-ဆရာ အထံ ချဉ်းကပ်၍ အတတ်ပညာ သင်သောအခါ၊ ၃-အစာ စားသောအခါ၊ ၄-သမီးခင်ပွန်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ၊ ဤအခါများ၌ အရှက်ကို ဖယ်ထားရမည်ဟု ညွှန်ပြလျက်ရှိသည်။ ထိုအရှက်မရှိမှုများ၌ ကုသိုလ်ဖြစ်-မဖြစ်ကို ပြောလိုရင်း မဟုတ်၊ မိမိအကျိုးရှိမည့် အရာ၌ မရှက် ရဟု ပြောလိုရင်း ဖြစ်သည်။]

ထို့ပြင် တရားရုံးစသည်၌ တရားသူကြီးကို ကြောက်ခြင်း၊ ရထား-သင်္ဘော မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာ မသွားဝံအောင် ကြောက်ခြင်း၊ လူတယောက်နှင့်တယောက် ဖြစ်စေ၊ ချေဧသော တိရစ္ဆာန်များကို ဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဘူးသော အရပ်သို့ ခရီးသွားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောက်ျားကလေး မိန်ကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊ ဆရာမိဘ လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့၏ ရှေ့၌ စကားမပြောဝံ့အောင်ကြောက်ခြင်း၊ ဤသို့စသော ကြောက်ခြင်းများလည်း ဩတ္တပ္ပအစစ် မဟုတ်။ သတ္တိညံ့ဖျင်းမှု (တရားသောအားဖြင့်) ဒေါမနဿ ပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်လေသည်။

အလယ်အလတ်

ဤပြခဲ့သော စကားအစဉ်ကိုကြည့်၍အကုသိုလ်မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟု နားလည် ကြပြီ။ သို့သော် မရှက် မကြောက်ပဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ ထိုလူမိုက် အားကိုး အရဲမျိုးသည် တဘက်သားကို မလေးစားသော အဂါရဝဒေါသ မာန တရားဖြစ်၍၊ မိုက်ရူးရဲမှာ မောဟ ဒေါသတို့သာ အဖြစ်များသည်။ ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်း တောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့် ဆရာ မိဘလူကြီးသူမတို့၌ မရိုသေ မလေးစားမှု အဂါရဝမျိုးကို မဖြစ်စေပဲ အလိမ္မာဉာဏ် ဖက်၍ မိမိ၏ စိတ်စက်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက် မကြောက်ခြင်းမျိုးကိုသာ အလိုရှိထိုက်ကြသည်။ [အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ = လောက၌ လူတို့သည် မတက်ရမည့်နေရာ၌ ကြောက်ကြ၏။ ကြောက်ရမည့် မကောင်းမှု၌ကား မကြောက်ကြ။-တရားတော်။]