ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သဒ္ဓါ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း သဒ္ဓါ အကြောင်း


သဒ္ဓါ အကြောင်း

ယုံကြည်ခြင်း သဘောသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်” ဟူရာ၌ ယုံအတွက် အဓိပ္ပါယ်တရပ်၊ ကြည်အတွက် အဓိပ္ပါယ်တရပ်ဟု ၂-မျိုးခွဲ၍ မှတ်ရမည်။

ယုံပုံ

ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ ကောင်းကျိုး ဆိုးကျိုး မရှိ။ လွန်ခဲ့သော ကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘဝဟောင်းဟူ၍ မရှိ၊ ယခုဘဝ သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘဝသစ်လည်း မရှိ။ ဤဘဝ-ထိုဘဝ ဓမ္မ အားလုံးကို သိနိုင်သော လူ ဘုရား မရှိ၊ တရား မရှိ၊ သံဃာ မရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံ စသည်ကို လုံးဝ မယုံချေ။ ဝိစိကိစ္ဆာ မယုံတဝက် ယုံတဝက်နှင့် ယုံမှားသံသယ ဖြစ်နေ၏။ ဤသဒ္ဓါကား – ကံ-ကံ၏အကျိုး စသော အရာစုကို ဧကန်ရှိ၏”ဟု ယုံသည်။ ဤ ယုံသော သဒ္ဓါကို “သဒ္ဓါမောက္ခ= ယုံသော အားဖြင့် ဆုံးဖြတ်ခြင်း သဘော” ဟုလည်း ကျမ်းဂန်တို့၌ ဆို၏။ ဤသို့ အမှန်ရှိသော အကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါ အစစ် ကုသိုလ်ဖြစ်သည်ဟု မှတ်ပါ။

ကြည်ပုံ

စွန့်ကြဲပေးကမ်း လှူဒါန်းနေရသောအခါ၊ သီလဆောက်တည်၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၊ ထိုထို ကုသိုလ်ဆိုင်ရာ ကိစ္စကို ပြုနေရသောအခါ၊ စိတ်၌ ကြည်လင်သော သဒ္ဓါ ဖြစ်နေ၏။ နောက်ကျုသော ရေခွက်၌ ပတ္တမြားရတနာကို ထည့်လိုက်သောအခါ အနယ် အမှုန်တွေ အောက်ကျ၍ ရေသည် ကြည်လာရသကဲ့သို့၊ စိတ်၌ ပတ္တမြား ရတနာနှင့် တူသော သဒ္ဓါ ဖြစ်ပေါ်လာသောအခါ ဝိစိကိစ္ဆာ စသော ကိလေသာ အနောက် အကျု ကင်းကွာ၍ စိတ်ကြည်လင်လာပေသည်။ ထိုကဲ့သို့ စိတ်ကို ကြည်လင်အောင် ပြုနိုင်သော သဘောကား ဤ သဒ္ဓါပင်တည်း။

ထို့ကြောင့် တချို့ တိရစ္ဆာန်များနှင့် ကလေးသူငယ် စသူတို့မှာ ကံ-ကံ၏ အကျိုး စသည်ကို နားမလည်၍ ယုံသဒ္ဓါ ဖြစ်ဖို့ ခဲယဉ်းပါသော်လည်း လူကြီးများ ပြုမူပုံကို အတုလိုက်၍ ဘုရား သံဃာကို ရှိခိုးနေသောအခါ၊ သူတပါးကို ပေးကမ်းနေသောအခါ၊ သူတပါးအကျိုးဆောင်နေသောအခါများ၌ စိတ်ကို ကြည်လင်စေနိုင်သော ကြည်သဒ္ဓါကား ဖြစ်နိုင်ကြပေသည်။ မိစ္ဆာအယူ ရှိသူများလည်း ဆေးရုံအတွက်၊ သူအိုရုံအတွက်၊ နူနာရုံအတွက်၊ မိဘ မရှိသော ကလေးများအတွက်၊ ကောင်းသော ပညာရေးအတွက်၊ ပေးကမ်း စွန့်လှူကြရာ၌ ကြည်သဒ္ဓါအစစ် ကုသိုလ်ဖြစ်ကြသည်။

အမှာ

ဤ သဒ္ဓါအစစ် ရှိသူ၏ အပြုအမူများကို ပိုမို၍ နားလည်ဖို့ စရိုက် အခန်းမှာ လာမည့် သဒ္ဓါစရိုက်၏ အကြောင်းကို ဆက်လက်၍ ကြည့်ရှုပါကုန်။

သဒ္ဓါအတု

ဤပြခဲ့သော အချက်များကို သတိထား၍ စဉ်းစားပြီးလျှင် “သဒ္ဓါတရား အစစ် ဟူသည် အပြစ်ကင်း၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်း၊ မှန်ကန်သော အရာများကို ယုံခြင်းဟု နားလည်လောက်ပါပြီ။ ဘုရားက ရောင်ခြည်တော် မလွှတ်ပါပဲ “ရောင်ခြည်တော် လွှတ်သည်”ဟု ဘုရားကို မှီစားနေသူတို့က လိမ်ပြောသည်ကို ယုံမှု၊ ဓာတ်တော်အစစ် မဟုတ်ပဲ ဓာတ်တော် အစစ်ဟု ပြောသည်ကို ယုံမှု၊ မိစ္ဆာအယူ ရှိသူများ၏ မိမိတို့ အယူ ဝါဒကို ယုံမှုစသော အလွဲအမှား ယုံမှုများသည် သဒ္ဓါအစစ် မဟုတ်ပါချေ။ ရိုး-အ-ညံ့ဖျင်း-အသိဉာဏ်ကင်းသော မောဟ အကုသိုလ်သာ ဖြစ်လေသည်။

ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ ရုပ်ကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ဝါးကောင်း စသော အကောင်းရှိသည့် ရသေ့ရဟန်းကို “ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် ယောက်ျားအချို့၏ ကြည်ညိုမှုလည်း သဒ္ဓါအစစ် မဖြစ်နိုင်။ ရင်းနှီးမှု တဏှာပေမ မကင်းသော မောဟပင်တည်း။ ထိုကဲ့သို့ သဒ္ဓါအတုမျိုးကို ကျမ်းစာတို့၌ “မုဒ္ဓပ္ပသန္ဓ”ဟု ဆို၏။ [မုဒ္ဓ= ဖျင်းအသော+ပသန္န=ကြည်ညိုမှု။)

သတိပေးချက်

ယခုခေတ်ကား အညာ အဖြန်း ပေါများသောခေတ် ဖြစ်၏။ ဘာသာခြားတို့၌ တရားဆန်းတွေ ပေါများနေ သည့်ပြင်၊ ဗုဒ္ဓဘာသာဆိုသူတို့ အတွင်းမှာလည်း တရားအဆန်း၊ ကမ္မဋ္ဌာန်း အဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် အမျိုးမျိုးဖြန်းကာ ပြခဲ့သော မုဒ္ဓပ္ပသန္နသမား ရိုးရှာသူများကို လှည့်စား ဖြားယောင်းလျက် ရှိသည်။ ထိုပုဂ္ဂိုလ်များကို လှူဒါန်း ပေးကမ်းနေရာ၌ သဒ္ဓါပေး မဟုတ်။ တဏှာအချစ်ပေး၊ အဖျင်း အနပေးသာ များလေသည်။

ဇယာ ဗလဝတိယာ သဒ္ဓါယ သမန္နာဂ အဝိသဒညာဏော၊ သော မုဒ္ဓပ္ပသန္နော ဟောတိ၊ န အဝေစ္စ ပသန္နော၊ တထာဟိအဝတ္ထုသ္မိံ ပသီဒတိ-သေယျထာပိ တိတ္ထိယာ။ [ဧကနိပါတ် အင်္ဂုတ္တရဋီကာ။]

ထို အဆန်းအပြား ဉာဏ်သမားတွေကို ပညာရှိ ပုဂ္ဂိုလ်များက “အရေး မစိုက်လောက်ဘူး”ဟု သဘောထားကြသည့်အတွက် ထိုအဆန်းသမားတွေ အိမ်ဦး တက်လျက် ရှိကြလေပြီ။ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ တရား ဘက် ဆိုင်ရာဝယ် မိန်းမတွေသာ ခေါင်းဆောင်လုပ်နေကြ၏။ ထို့ကြောင့် ဘယ်ကိစ္စမဆို၊ ယုံသင့်-မယုံသင့် နှိုင်းချင့်ဖို့ရာ ဘာသာရေးနှင့် ဆိုင်သော အသိဉာဏ်အလိမ္မာကို ယခုလက်ရှိ အခြေအနေထက် တိုးပွားအောင် (မိန်းမ တွေကစ၍) ကြိုးစားသင့်ကြပါသည်။

သဒ္ဓါနှင့် ပေမရောနှောပုံ

ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့် ပေမ ရောနှောနေသည်ကိုလည်း တွေ့ရ၏။ အနေအထိုင်နှင့် အပြော အဟော အဆုံး အမ ကောင်းမွန်သော ပုဂ္ဂိုလ် အပေါ်တွင် အနေအထိုင်နှင့် အဟောအပြောအတွက် ကြည်ညို၏။ သဒ္ဓါ တရား ဖြစ်၏။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်၏။ ဤသို့ ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည် သဒ္ဓါ၊ ချစ်ခင်ခြင်း သဘောကား ပေမတည်း။ ဘုရားရှင်ကို ကြည်ညိုသော ဝက္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင် ကြည်ညို၏။ ဆန္နအမတ်ဟု အများသိကြသော ငယ်ကျွန်ရင်း ဆန္န မထေရ်လည်း ဘုရားအပေါ်မှာ သခင်ချစ်-ချစ်နေရှာသည်။

ထိုသို့ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ် ဖြစ်သော်လည်း သံယောဇဉ် ပေမမှာ အကုသိုလ်သာတည်း။ ထိုသံယောဇဉ်အတွက် “ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ” အသိ အလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ “အကုသလော ဓမ္မော အကုသိုလ် တရားသည်၊ ကုသလဿ ဓမ္မဿ-ကုသိုလ်တရားအား၊ ဥပနိဿယ ပစ္စယေန-ပကတူပနိဿယ ခေါ်သော ပဋ္ဌာန်းပစ္စည်း တမျိုးဖြင့်၊ ပစ္စယော-ကျေးဇူးပြုနိုင်၏” ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ၊ အကုသိုလ်ကလေးက များစွာသော ကုသိုလ် ကျေးဇူးပြုဖို့ အကြောင်း အကောင်းပင် ဖြစ်၏။ ထိုကဲ့သို့ အကောင်းဖြစ်အောင်လည်း ဆရာသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမ၍၊ တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာမှ အကျိုး ရပေမည်။