ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/သတိ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း သတိ အကြောင်း

သတိ အကြောင်း

အောက်မေ့ခြင်း အမှတ်ရခြင်းသဘောသည် သတိတရားတည်း။ ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မှု၊ အမှတ်ရမှုသည် အလွန် များပြား၏။ ရှေးက ကုသိုလ်ကောင်းမှု တခုခုကို ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။ တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမ ဩဝါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်း နှလုံးသွင်းသည့်အခါ အာရုံ ပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။

နက်ဖြန် ပြုရမည့်ကုသိုလ်၊ သို့မဟုတ် နောင် အတော်ကြာမှပြုရမည့်ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။ မိမိဆောက်တည်အပ်သော သီလ သိက္ခာပုဒ်များကို မကျိုး မပေါက်ရအောင် သတိ ထား၏။ လောဘ ဒေါသ မာန်မာန စသည် မဖြစ်ရအောင် သတိ ထား၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။ ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမှုဆိုင်ရာ ကိစ္စကို အမှတ်ရနေခြင်းသာ သတိ အစစ်ဖြစ်၏။ ဤ သတိအစစ်ကို “အပ္ပမာဒ=မမေ့မလျော့ခြင်း” ဟုလည်း ခေါ်၏။ ထို့ကြောင့် ဘုန်းကြီးများ သီလပေးသောအခါ “အပ္ပမာဒေန+ သမ္မာဒေထ = မမေ့ မလျော့သော သတိတရားဖြင့် ကုသိုလ် ကိစ္စတို့ကို ပြည့်စုံကြစေလော”ဟု တိုက်တွန်းရိုး ရှိကြပေသည်။ ဘုရားရှင်လည်း “သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ-ဘိက္ခုတို့..သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။ [“သဒ္ဓါစသည်မှာ လွန်နေတတ်သော်လည်း သတိကား လွန်သွားသည်ဟု မရှိ၊ နေရာတိုင်းမှာ သတိပါစေရမည်”ဟု ဟောတော်မူလိုရင်း ဖြစ်သည်။] ပရိနိဗ္ဗာန် စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန့်တော်မူ၏။

သတိအတု

ဆွေမျိုးကို အောက်မေ့မှု၊ သမီးခင်ပွန်းချင်း ကွဲနေသည့် အခါ အောက်မှု၊ သူငယ်ချင်းချင်း ချိန်းချက်ထားသည်ကို အမှတ်ရမှု၊ မိမိအား ဂရုတစိုက်-အရေးပါလိုက်သည်ကို အမှတ်ရမှု၊ ဤသို့စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမှုများ ရှိ၏။ ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရနေမှု၊ သတ်ချိန် ဖြတ်ချိန်ကို အမှတ်ရနေမှု၊ သွားလာရာ၌ ဘေးရန် အန္တရာယ်ကို သတိထားမှု၊ ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမှုများလည်း ရှိသေး၏။ ထိုအမှတ်ရမှုများ၌ သတိ အစစ် မဟုတ်ပါချေ။ နောက်၌ ပြမည့် အမှတ်အသားကောင်းသော သညာသဘော စဉ်းစား ကြံစည်တတ်သော ဝိဘက် သဘောသာ ဖြစ်လေသည်။