ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မေတ္တာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
တတိယအခန်း မေတ္တာ အကြောင်း

မေတ္တာ အကြောင်း

“မေတ္တာ” ဟူသော နာမည်ဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသစေတသိက်ကိုပင် သတ္တဝါများ၏ စီးပွား ချမ်းသာ လိုလား ချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူ ချစ်ငြား၊ မေတ္တာ ပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုး စီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီး ခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်က လိုလားကြ၊ ကူညီ စောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူ့အပေါ်၌ “မေတ္တာရှိသည် ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတပေမ=အိမ်၌မှီသောအချစ်”တည်း။

ရှေးတုန်းက ဒါယကာ တယောက်သည် “မေတ္တာ ပွားများသောအခါ မည်သူကစ၍ ပွားများရပါသနည်း”ဟု သူ၏ ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်”ဟု မိန့်သဖြင့် ညဉ့်အခါ အိပ်ခန်း အပြင်ဘက်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင်၊ ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကား ချက်ချင်း ထ၍ ဇနီးအထံ သွားလေသည်။ သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ဝင်ခွင့် မရသောကြောင့် နံရံကို ဦးခေါင်းဖြင့်ဝှေ့ကာ မေတ္တာ၏ အကျိုးကို ခံစား နေရရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။

နွားမကြီး၏ မေတ္တာ

ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါ၌ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်”ဟု မဆိုထိုက် ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သော အခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာ တန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ

ကောသမ္မီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီဟု မိဖုရား ၃-ယောက် ရှိသည်။ သာမာဝတီသည် ရတနာ ၃-ပါးကို ကြည်ညို၏၊ မာဂဏ္ဍီကား မိဖုရား မဖြစ်ခင် အပျိုစင်ဘဝကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမ ကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲ အပြစ် ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူ ဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ် တလှည့်စီ စံစားကာ စောင်းတီး ဝါသနာပါသော ဘုရင်တဦးတည်း။

အခါတပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကို မှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ပြီးမှ ဘုရင့်ထံ သွား၍ အိပ်မက် ရာမက် မကောင်းသောကြောင့် သာမာဝတီ၏အောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦး တင်လေသော်၊ ဘုရင်က ဂရုမစိုက်ပဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန် ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူ ပိတ်ဆို့ ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသောမြွေသည် အလွန် စိတ်ဆိုးနေရကား ရှူးကနဲ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော်၊ အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစုံကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်လည်း သူ့စကားကို နားမထောင်သဖြင့် ယခုလို ဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီ စီစဉ်သမျှကို လုံးဝ နားမလည်ခြင်းကြောင့် လွန်မင်း ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတိုမျက်စောင်း အကြောင်း မရွေး” တော့ပဲ ကိုင်နေကျ လေးကို တင်ကာ သာမာဝတီတို့ အစုကို စီတန်း စေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် ထိပ်ထားကလေးက သူ၏ မောင်းမ မိဿံများကို ဩဝါဒ ပေးသည်မှာ-

“အမိတို့ .... မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာမှတပါး အားကိုးစရာမရှိပေဘူး။ အမိတို့ ပွားများနေကျဖြစ်သော မေတ္တာ ကိုသာ မောင်တော်နှင့် မာဂဏ္ဍဂီတို့ အပေါ်မှာ ကြိုးစား၍ ပွားများကြပါ”

ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယ် ယဉ်ကျေးပြီးသော မောင်းမများ ဖြစ်သည့်အတွက် နီးကပ်နေသော အသက်ဘေးကို အရေးတကြီး မစဉ်းစားပဲ မေတ္တာကိုသာပွားကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ၊ မေတ္တာ၏ တန်ခိုးကြောင့် မြားအရှိန် ရွှေမတိုးပဲ ပစ်သူ့ အထံမှာပြန်၍ ခလေသော်၊ ဥတေနမင်း သတိရ၍ မိဖုရားခြေက်ရင်း၌ ထိုင်ကာ သည်းခံဖို့ရန်တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ် ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များ ဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမ အများနှင့်တကွ သာမာဝတီ ထိပ်ထားကား ရန်သူ့ အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။

နည်းယူဖွယ်

ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာ မစ္ဆရိယများသူကိုပင် အတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါ လက်ပါ ဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာ လက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။ [မေတ္တာသည် ရေနှင့်တူ၏။ ဒေါသသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။ ထို့ ကြောင် ဒေါသနည်းအောင် မောတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။]